Chapter 11
Viewers 279

🏠 Chapter 11

ရတနာ



ဖန်ရှောင်ချန် : "မင်းဘာတွေပြောနေတာလဲ...အဝတ်လျှော်လိုက် သစ်ခုတ်လိုက်ရှိုးက ပေါ့သေးသေးရှိုးမဟုတ်ဘူးကွ...သူ့ရဲ့ နာမည်ကိုက 'ကျေးလက်ဒေသသို့ အလည်သွားခြင်း' လေ..."


"ငါ ဘယ်ဟာကိုပြောနေလဲ မင်းသိရင် ပြီးတာပဲလေ...ကူညီပါကွာ...မင်းကို တစ်ရက် ညစာလိုက်ကျွေးမယ်လေ..."


ဖန်ရှောင်ချန်က ထိုရှိူး၏ ပရိုဂျူဆာများနှင့် အဆက်အသွယ်ရှိ၍ ခင်လည်းခင်သည်။ ထို့ကြောင့် ထိုရှိုး၌နေရာရရန် အမြန်ဆုံးနည်းလမ်းမှာ ဖန်ရှောင်ချန်ကို ဆက်သွယ်ရန်သာဖြစ်သည်။ 


အေးဂျင့်များအားလုံးက အချင်းချင်း အကုန်သိနေကြကာ ထိုကဲ့သို့ အဆက်အသွယ်မပြတ်စေရန်လည်း သတိထားကြသည်။ တစ်ယောက်က တစ်ယောက်အပေါ်သို့ ကျေးဇူးကြွေးတင်သွားလျှင် ထိုကျေးဇူးထက်ပိုကြီးသော အရာဖြင့် ပြန်၍ ကျေးဇူးဆပ်တတ်ကြသည်။ ထို့ကြောင့် ယဲ့လီက အခြားအေးဂျင့်များကို အလွယ်တကူ အကူအညီမတောင်းမိစေရန် သတိကြီးစွာ ထားတတ်သည်။ 


ယခုတွင် ရှဲ့လုယွီအတွက် ဖန်ရှောင်ချန်က နေရာများကို လုနေစရာမလိုပေ။ ရှိုးများကသာ ရှဲ့လုယွီကို ပါပေးရန် တောင်းတောင်းပန်ပန်နှင့် ဖိတ်ခေါ်နေရခြင်းဖြစ်သည်။


ဒါဆိုရင် ယဲ့လီက ငါ့အပေါ် ကျေးဇူးကြွေးတင်နေတော့မှာပဲ...ကောင်းတယ်...နောက် လိုတဲ့တစ်နေ့မှ သူ့ဆီက အကူအညီပြန်ယူလိုက်ရုံပဲ...


ဖန်ရှောင်ချန်က ယဲ့လီ၏တောင်းဆိုချက်ကို ပျော်ရွှင်စွာပင် လက်ခံလိုက်သည်။ 


ထို့နောက် ဖန်ရှောင်ချန်က ဖုန်းကိုချ၍ ဘေးမှ ရှဲ့လုယွီကို လှည့်ကြည့်လိုက်ရာ အစောပိုင်းတုန်းက အပျော်လေးများက အလျင်အမြန်ပင် ပျောက်ကွယ်သွားကြသည်။ ရှဲ့လုယွီကို ကြည့်ရုံနှင့်ပင် ဖန်ရှောင်ချန်၏ခေါင်းများ ကိုက်လာမိသည်။


ရှဲ့လုယွီက ဆိုဖာပေါ်၌ ကျောမှီ၍ ဘာအရေးတကြီးကိစ္စမှ လုပ်စရာမရှိသည့်ပုံဖြင့် လျော့တိလျော့ရဲထိုင်နေလေသည်။ 


"မင်း အင်တာနက်ပေါ်မှာ တစ်နေကုန် ရန်ထိုင်ဖြစ်နေတာကို ရပ်ပေးလို့မရဘူးလား...နောက်ဇာတ်ကားတစ်ကားရိုက်ဖို့ နေရာတစ်ခုခု မြန်မြန်ရွေးတော့လေ..."


"ရွေးပြီးပြီလေ...ရိုက်ကူးရေးက နောက်ခြောက်လလောက်နေမှ စမှာကို...အခု ဘာမှလုပ်စရာမှမရှိဘဲ...ပြီးတော့ ကျွန်တော် တစ်နေကုန်ကြီးလည်း လိုင်းပေါ်မှာ ရန်ဖြစ်မနေပါဘူး...ဒီတိုင်း ပရိသတ်တွေကိုကြည့်ချင်လို့ တစ်ခါတစ်လေလေးပဲ လိုင်းပေါ်တက်တာပါ..."


ဖန်ရှောင်ချန် ဘာပြောရမည်မသိဖြစ်သွားသည်။ 


"ဘာကို ပရိသတ်တွေကို ကြည့်တာလဲ...အဲဒီ မင်းရဲ့ချစ်လှစွာသော ပရိသတ်တွေနဲ့ မင်းပဲ တစ်နေ့ တစ်နေ့ ရန်ထိုင်ဖြစ်နေတာမဟုတ်ဘူးလား..."


ရှဲ့လုယွီက လက်ထဲမှ ပန်းသီးကို မြှောက်၍ ကစားနေသည်။


"အခုခေတ်ကလေးတွေက စိတ်ဓာတ်တွေက သိပ်ကောင်းမနေလို့လေ...ကျွန်တော်က ကျွန်တော့်ရဲ့ပရိသတ်တွေကို လူကောင်းလေးတွေဖြစ်စေချင်လို့ ပြုပြင်ပေးနေတာပါ..."


ဖန်ရှောင်ချန်က သူ့ရင်ဘတ်ပေါ်သို့ လက်တင်ကာ ခုံပေါ်ထိုင်ချလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ လက်ကို ဝှေ့ရမ်းပြလိုက်သည်။


"တော်...တော်...တော်စမ်း...မင်းရဲ့ အလိမ်အညာစကားတွေကြားရတာ ငါ နှလုံးတောင်ရပ်တော့မယ်..."


ရှဲ့လုယွီလည်း သက်ပြင်းချ၍ ပါးစပ်ပိတ်နေလိုက်သည်။ ခဏနေမှ ကလေးတစ်ယောက်ကို ချော့သည့်အသံမျိုးဖြင့် ပြောလိုက်သည်။

"ထားပါတော့...ကျွန်တော့်အတွက် ရှိုးတစ်ခုခုသာ ရှာပေးတော့..."


ဖန်ရှောင်ချန်က ချက်ချင်းထခုန်လိုက်သည်။

"မင်းစပြောတာနော်...ပြီးမှ မလုပ်တော့ဘူး မလုပ်နဲ့..."


ဖန်ရှောင်ချန်က ပျော်ရွှင်စွာတွေးလိုက်သည်။ Mango ရုပ်သံက သူတို့၏ "ကျေးလက်ဒေသသို့ အလည်သွားခြင်း" ရှိုးအတွက် ရှဲ့လုယွီကို ဖိတ်ခေါ်ထားကာ ရမည့်ပိုက်ဆံကလည်း မဆိုးပေ။ ရှဲ့လုယွီအတွက် အပိုင်းတစ်ပိုင်းယူရင်း ယဲ့လီတောင်းထားသောနေရာအတွက်ပါ ပြောပေးလိုက်လျှင် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားတော့မည်ဖြစ်လေသည်။


×××××


ယဲ့လီတစ်ယောက် အလွန်တက်ကြွနေမိကာ ကုချင်းချီ၏ နောက်တစ်နှစ်အတွက် အချိန်ဇယားများကိုပင် ကြိုဖြည့်ရန် စဉ်းစားနေမိသည်။ 


ယဲ့လီက သူ့ခေါင်းထဲ ‌ပေါ်လာသမျှ အကြံများ၊ အစီအစဉ်များကို အကုန် ပါးစပ်မှ တတွတ်တွတ်ပြောသွားသောကြောင့် ကုချင်းချီပင် လိုက်မမီဖြစ်သွားသည်။ 


"အင်း ငါစဉ်းစားလိုက်ဦးမယ်...ပရိသတ်တွေက မင်းအပေါ် စိတ်ဝင်စားမှုမလျော့သွားအောင် ရသစုံရှိုးထဲမှာတော့ မင်းအတွက် တစ်နေရာယူထားလိုက်ပြီ...အဲဒီလိုရှိုးတွေကလည်း မင်း ဘာမှသေချာစဉ်းစားနေစရာမလိုပါဘူး...ရယ်စရာတွေ မပြောတတ်ရင်တောင် ကိစ္စမရှိဘူး...ဘာမှပြောစရာမရှိရင် ဘေးနားမှာ ဒီတိုင်းရပ်နေလိုက်ရင် အဆင်ပြေတယ်..."


ရက်အနည်းငယ် စကားပြောဆက်ဆံပြီးသောအခါ ယဲ့လီက ကုချင်းချီ၏ စိတ်နေစိတ်ထားကို အနည်းငယ်သိလာပြီဖြစ်သည်။ 


ကုချင်းချီက သု့ဘာသာသူ တိတ်တိတ်ဆိတ်ဆိတ်နေတတ်၍ စကားလည်း များများစားစားမပြောကာ အပြင်လောကကိုလည်း ဂရုမစိုက်လှပေ။ ကြောင်တစ်ကောင်ကဲ့သို့ထောင့်တစ်ခု၌သာ တစ်သီးတစ်သန့် ခွေနေချင်သူဖြစ်သည်။ 

မဟုတ်သေးပါဘူး...ကုချင်းချီမွေးထားတဲ့ ကြောင်လေးကတောင်မှ သူ့ထက် တက်တက်ကြွကြွရှိဦးမယ်...


ကုချင်းချီက ထိုကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ်နေလွန်းသောကြောင့်သာ ယခုမှ နာမည်ကြီးလာခြင်းဖြစ်သည်။ ထိုသို့မှမဟုတ်လျှင် သူ့မျက်နှာကဲ့သို့ အလွန်လှပသော မျက်နှာမျိုးနှင့်ဆိုလျှင် ယခင်တည်းက နာမည်အလွန်ကြီးနေလောက်ပြီဖြစ်သည်။ 


ယခုက ကုချင်းချီကိုယ်တိုင်က အနုပညာလောကကိုသာမက နာမည်ကြီးရန်ကိုပါ စိတ်မဝင်စားခြင်းဖြစ်သည်။


ယဲ့လီက ကုချင်းချီနှင့် စာချုပ်ချုပ်နိုင်လိုက်ခြင်းမှာလည်း အလွန်ကံကောင်းသွားသောကြောင့်သာဖြစ်သည်။


ယဲ့လီက အနောက်တိုင်းစားသောက်ဆိုင်သို့ သွားစုံစမ်းလိုက်စဉ်က ကုချင်းချီက အလုပ်မလုပ်တော့၍ ပိုက်ဆံ အရေးတကြီး လိုအပ်နေခဲ့သောကြောင့် စာချုပ်ချုပ်၍ရသွားခြင်းဖြစ်သည်။ 


ကုချင်းချီ၏ စိတ်နေစိတ်ထားက အေးအေးဆေးဆေးရှိ၍ စကားနားထောင်သောကြောင့် ယဲ့လီအတွက် အဆင်ပြေသော်လည်း အနုပညာလောကထဲ၌မူ ဝင်ဆန့်ရန် အဆင်မပြေလောက်ပေ။ 


ဟာသဉာဏ်ရှိ၍ စကားကို ဝေဝေဆာဆာပြောနိုင်သော အနုပညာရှင်ဆိုလျှင် နာမည်ကြီးနေသော ရသစုံရှိုးများ၌ ပါဝင်၍ နာမည်ရလာရန် မခက်ခဲပေ။ 


ဒါလည်း ပြဿနာအကြီးကြီးမဟုတ်ပါဘူး...

ယဲ့လီကလည်း ကုချင်းချီကို ရသစုံရှိုးများမှတစ်ဆင့် နာမည်ကြီးလာရန် မမျှော်လင့်ထားပေ။ ထိုရှိုးများ၌ ပါဝင်ခြင်းက ကုချင်းချီကို အောင်မြင်မှုဆီသို့ရောက်ရန် အနည်းငယ်ပံ့ပိုးပေးနိုင်သော လှေကားထစ် တစ်ထစ်သာ ဖြစ်သည်။ 


ထိုရှိုးများက လှေကားထစ် တစ်ထစ်သာဖြစ်သော်လည်း ယဲ့လီ့က ပေါ့ပေါ့တန်တန်သဘောမထားပေ။ သူရှာနိုင်သမျှ အကောင်းဆုံးနေရာများ၊ ရှိုးများကို ရှာပေးထားသည်သာဖြစ်သည်။


"ကျေးလက်ဒေသသို့ အလည်သွားခြင်း" ရှိူးကလည်း ယခုလောလောဆယ်၌ နာမည်ကြီးနေသောရှိုးဖြစ်သည်။ ပင်တိုင်အနုပညာရှင်များက အလွန်နာမည်ကြီးသော လူများဖြစ်ကာ ဧည့်သည်သရုပ်ဆောင်များကလည်း နာမည်ကြီးများသာဖြစ်သည်။ 


ယဲ့လီကို မန်နေဂျာအဖြစ်ရထားရခြင်းက အခြားလူများ ရအောင် ခက်ခက်ခဲခဲရုန်းကန်နေရသော အရာများကို ကုချင်းချီက အလွယ်တကူ ရနိုင်နေမည်ဖြစ်သည်။ 


ဒါတွေနဲ့မရသေးဘူး...


ယဲ့လီက စိတ်ကို ငြိမ်ငြိမ်ထား၍ တွေးလိုက်သည်။ 

ရသစုံရှိုးလိုရှိုးတွေမှာက နေရာက အဆက်အသွယ်ကောင်းကောင်းရှိရင်ကို ရဖို့က လွယ်နေတာ...ဒီ့ထက်ပိုကောင်းတဲ့နေရာတွေ ရှာရမယ်...


သူတို့၏ အနုပညာလောကထဲမှ ခရီးစဉ်က ယခုမှ အစသာရှိသေးလေသည်။ 


နောက်ဆုံး၌ ယဲ့လီလည်း ပါးစပ်မှ တတွတ်တွတ်ပြောနေသည်ကိုရပ်၍ စားပွဲပေါ်မှ ရေခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။


ယဲ့လီ စကားပြောရပ်သွားသည်ကိုမြင်မှပင် ကုချင်းချီလည်း အနည်းငယ်တွန့်ဆုတ်ဆုတ်နှင့်ပြောလိုက်သည်။

"ကျွန်တော် ပြောသင့်လား မပြောသင့်လားမသိပေမယ့် ပြောချင်တာတစ်ခုရှိလို့..."


ယဲ့လီက ဆက်ပြော ဆိုသည့်အမူအရာပြလိုက်သည်။


ကုချင်းချီက ဖြည်းဖြည်းချင်းဆက်ပြောလိုက်သည်။

"ကျွန်တော် လက်ထပ်ခဲ့ဖူးတယ်..."


ယဲ့လီက ပါးစပ်ထဲမှ ရေများကို အကုန်ထွေးထုတ်လိုက်လိုက်မိသည်။ ထို့နောက်တွင်မှ ခွက်ကို စားပွဲပေါ်ပြန်တင်ကာ ခပ်ရှက်ရှက်ဖြင့် ခေါင်းကိုမော့လိုက်သည်။ 


"ဘာ..."


"ကျွန်တော် လက်ထပ်ခဲ့ဖူးတယ်‌လို့...လွန်ခဲ့တဲ့နှစ်နှစ်က..."

ကုချင်းချီက မျက်လုံးကိုလှန်၍ ယဲ့လီကို မော့ကြည့်လိုက်သည်။ ကုချင်းချီက အလင်းရောင်ကို ကျောပေး၍ ရပ်ထားသောကြောင့် ယဲ့လီ၏အမြင်၌ ကုချင်းချီ၏ မျက်လုံးများက ကြယ်ရောင်ကဲ့သို့ တောက်ပနေကြလေသည်။ 


"ခင်ဗျားက အရင်က မမေးခဲ့လို့လေ...ကျွန်တော် အခုမှ ပြောဖြစ်တာ..."


ကုချင်းချီက အစတည်းက ထိုလက်ထပ်ထားသည့်ကိစ္စကို ကြီးကြီးမားမားပြဿနာဟု မထင်ထားခဲ့ပေ။ ယဲ့လီက ရည်းစားရှိလျှင် သူ့ကိုပြောရမည်ဟု ပြောသည့်အခါမှသာ ထိုကိစ္စကို ပြန်သတိရသွား၍ ပြောသင့် မပြောသင့်စဉ်းစားကာ ပြောလိုက်ခြင်းဖြစ်သည်။


ယဲ့လီကမူ အတော်လေးစိတ်ဆင်းရဲသွားမိသည်။ အနုပညာလောကထဲ၌ ဘာမှပင် သေချာမလုပ်ရသေးဘဲ လက်ထပ်ထားသည်ဆိုခြင်းက အရာရာကို ခက်ခဲသွားစေသည်။ 


ထို့အပြင် ကုချင်းချီက လက်ထပ်ထားသည်ဆိုသောကိစ္စကိုလည်း တော်တော်လေးလက်ခံရန် ခက်နေသည်။ ကုချင်းချီ လက်ထပ်ချင်မည့်လူမျိုးကို ယဲ့လီစဉ်းစားမရချေ။ ယဲ့လီ စိတ်ညစ်ညစ်နှင့် နားထင်ကို ပွတ်လိုက်မိသည်။


"မင်းပြောတော့ မင်းမှာ ရည်းစားတောင် မရှိဘူးဆို..."


"ဟုတ်တယ်...ကျွန်တော် ဒီနှစ်စမှာပဲ ကွာရှင်းလိုက်ပြီလေ...နွေဦးပွဲတော်အချိန်နားလောက်မှာပဲ..."


ထိုအခါမှသာ ယဲ့လီလည်း အနည်းငယ် စိတ်သက်သာရာရသွားသည်။

ကုချင်းချီက "လက်ထပ်ခဲ့ဖူးတယ်" လို့ပြောနေတာပဲ...အခု လက်ထပ်ထားတာမှမဟုတ်တာ...


"အခုရော အဆက်အသွယ်ရှိလား..."


ကုချင်းချီက ခေါင်းခါလိုက်သည်။

"ကျွန်တော်တို့က နှစ်နှစ်ပဲ လက်ထပ်ခဲ့တာ...ပြီးတော့ အခုအချိန်အထိ ဘာအဆက်အသွယ်မှ မရှိတော့ပါဘူး..."


"တစ်ဖက်လူကရော...မင်းဆီ ပြန်လာပြီး နှောင့်ယှက်တာတွေ ဘာတွေ လုပ်နိုင်မလား..."


နာမည်ကြီးလာသည်နှင့်အမျှ ဆွေမျိုးများ၊ သူငယ်ချင်းများကြောင့် နာမည်ပျက်သွားရသော၊ မွဲပြာကျသွားရသော အနုပညာရှင်များစွာကို ယဲ့လီ တွေ့ဖူးထားပြီးသားဖြစ်သည်။


"သူကလည်း သူ့ဟာနဲ့သူ အဆင်ပြေနေပြီး တော်တော်လည်း ချမ်းသာပါတယ်...ကွာရှင်းဖို့ကလည်း သူ့ဘက်က အရင်စတောင်းဆိုတာမို့လို့ နောက်ပိုင်းတွေလည်း ဘာမှလာမနှောင့်ယှက်လောက်ပါဘူး..."


ပြောရင်းနှင့် ကုချင်းချီ၏စိတ်များက ထိုင်းမှိုင်းလာမိသည်။ ထိုလွန်ခဲ့သော နှစ်နှစ်က ကုချင်းချီအတွက် ထောင်ကျသလို ခံစားခဲ့ရသော အချိန်များဖြစ်သောကြောင့် ဖြစ်နိုင်လျှင် ထိုအကြောင်းကိုပြန်လည်းမတွေးချင် ပြန်လည်းမပြောချင်ပေ။


ယဲ့လီက စိတ်ပြန်ငြိမ်သွားပြီဖြစ်သော်လည်း ဦးနှောက်ကမူ အရှိန်အဟုန်နှင့် အလုပ်လုပ်နေသည်။


"ဒါဆိုရင် အိမ်ထောင်မရှိတာနဲ့ တူတူပဲပေါ့...မင်း ဒီအကြောင်းကို တခြားလူတွေကို လုံးဝပြန်ပြောလို့မဖြစ်ဘူးနော်...ပရိသတ်တွေအမြင်မှာ မင်းက လူလွတ်ပဲ ဖြစ်နေရမယ်..."


ထို့နောက် ယဲ့လီက ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး...အာ...ငါပြောချင်တာက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဝမ်းနည်းမနေနဲ့တော့ လို့..."


ကုချင်းချီ၏စကားများအရ ချမ်းသာသောမိသားစုထဲသို့ အလိုမတူဘဲ ဝင်ရောက်ခဲ့ရပြီး ရက်စက်စွာ စွန့်ပစ်ခံလိုက်ရသော လူငယ်လေးတစ်ယောက်ကို ယဲ့လီ မြင်ယောင်ကြည့်နေမိသည်။ 


ထို့အပြင် ကုချင်းချီကို ယဲ့လီစတွေ့စဉ်က ကောင်လေးက ယိုယွင်းပျက်စီးနေသော တိုက်ခန်းလေး၌ နေနေခြင်းဖြစ်သည်။ စတုရန်းမီတာ ၄၀ ၊ ၅၀ သာကျယ်သော အခန်းလေး၌ အခြား လူ လေး ငါးယောက်နှင့် တူတူနေနေရကာ အလုပ်လည်း ပြုတ်၍ လမ်းပေါ်မှကယ်ထားသော လေလွင့်လေးကြောင်တစ်ကောင်ကိုလည်း ကျွေးမွေးပြုစုနေရသေးသည်။ 


ကုချင်းချီလက်ထပ်ခဲ့သော ချမ်းသာသည့် တစ်ဖက်လူကမူ ဘာမှမဖြစ်ဘဲ ကုချင်းချီကို ဘာပစ္စည်းမှလည်း ခွဲဝေပေးခဲ့ပုံမပေါ်ချေ။ 


အနုပညာရှင်တော်တော်များများက ချမ်းသာသူများနှင့် လက်ထပ်ကြသည်ကို ယဲ့လီမြင်ဖူးသည်။ 


အချို့က တကယ်ချစ်၍ လက်ထပ်ကြခြင်းဖြစ်သော်လည်း အချို့ကမူ အခြားအကြောင်းအရာများကြောင့် ဖြစ်သည်။ ချမ်းသာသူများကလည်း လက်ထပ်ရန် မလွယ်ကာ တုံးအသူများလည်း မဟုတ်ကြချေ။ သူတို့က သူတို့၏ပိုင်ဆိုင်မှုများကို တစ်ဖက်လူ အချောင်မရစေရန် လက်မထပ်ခင် စာချုပ်များစွာ ကြိုတင်လက်မှတ်ထိုးခိုင်းထားတတ်ကြသည်။ 


သို့သော်လည်း ပုံမှန်ဆိုလျှင် ကွာရှင်းသည့်အတွက် နစ်နာကြေး ပေးတတ်ကြသည်။


ကုချင်းချီကမူ နှစ်နှစ်ကြာအောင် အခွင့်အရေးယူခံခဲ့ရ၍ ကွာရှင်းသည့်အခါတွင်လည်း ဘာမှရခဲ့ဟန်မတူချေ။ ထိုကဲ့သို့သောအဖြစ်အပျက်မျိုးက ရှားပါးလှသည်။


ယဲ့လီက စိတ်ထဲမှနေ၍ ကုချင်းချီ၏ ယောင်္ကျားဟောင်းကို တိတ်တဆိတ်ကျိန်ဆဲလိုက်မိသည်။ 


ဘယ်‌လောက်တောင် အမုန်းတရားတွေရှိနေလို့ ဒီလိုလုပ်ရတာလဲ...ကုချင်းချီနဲ့ တူတူအိပ်ပြီး ပန်းကိုလည်း အညှာခြွေပြီးပြီမဟုတ်ဘူးလား...အနည်းဆုံးတော့ တစ်နေရာရာမှာ အခြေတကျလေးနေနိုင်ဖို့ သူ့ရဲ့ ဆုံးရှုံးသွားတဲ့ ငယ်ရွယ်မှုတွေဖို့ နစ်နာကြေးတော့ ပေးသင့်တယ်မဟုတ်ဘူးလား...ဒီလို လက်ချည်းသက်သက် အိမ်ပေါ်မှ နှင်ချလိုက်တာကတော့ လွန်လွန်းပါတယ်...


ထို့အပြင် ယဲ့လီနားမလည်သည်က မည်သို့သောလူက ကုချင်းချီကဲ့သို့ လှပချောမောလှသူကို ဖိနပ်အစုတ်တစ်ရံကဲ့သို့ စွန့်ပစ်ခဲလဲ ဆိုသည်ကိုပင် ဖြစ်သည်။


ကုချင်းချီလိုလူမျိုးကို ရထားပြီဆိုရင် သူ့ကို လိုသလို အသုံးချလို့ရနေပြီ မဟုတ်ဘူးလား...သူ့လို လိမ္မာတဲ့ကလေးက သူ့ယောင်္ကျားအကြိုက် လိုက်နေပေးမှာပဲလေ...


ဒီလို ရတနာမျိုးက လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားရမှာ...လုံခြုံတဲ့နေရာတစ်နေရာမှာ သိမ်းပြီး နဂါးကသူ့ရဲ့ ရတနာတွေကို စောင့်သလို နေ့ရော ညပါ စောင့်ကြည့်နေရမှာ...


ကုချင်းချီကိုရထားရတယ်ဆိုတာ ကမ္ဘာပေါ်က အလှပဆုံးနှင်းဆီက ကိုယ့်ရဲ့ ပန်းခြံထဲမှာ လာပွင့်နေတာမျိုး...


ကမ္ဘာပေါ်က အတောက်ပဆုံးကျောက်မျက်ရတနာက ကိုယ့်ရတနာသေတ္တာထဲရောက်နေတာမျိုး...


အသံအသာယာဆုံး တေးဆိုငှက်က ကိုယ့်လှောင်အိမ်ထဲရောက်နေတာမျိုး...


ကောင်းကင်က အတောက်ပဆုံးကြယ်က ကိုယ့်လက်ထဲ ကြွေကျလာတာမျိုး...


ဂေယာရဲ့ ရွှေပန်းသီးတွေကို ပိုင်ဆိုင်ထားရတာမျိုး...


အဲဒီလို အဖိုးတန်ရတနာလေးကို နေ့ရော ညပါ စောင့်ရှောက်နေရမှာလေ...ဖိနပ်အစုတ်လို ပစ်လိုက်ရမှာမဟုတ်ဘူး...


ဘယ်သူကများ ဒီလိုရတနာကို ရပြီးကာမှ နည်းနည်းလေးတောင် မတုံ့ဆိုင်းဘဲ လွှင့်ပစ်လိုက်ရတာပါလိမ့်...



🏠🏠🏠


[T/N: ကုချင်းချီနဲ့တွေ့မှပဲ အေးဂျင့်ကြီးယဲ့လီလည်း ကဗျာဆရာဖြစ်သွားရပါပြီ။]