Chapter 12
Viewers 270

🏠 Chapter 12

နောက်ကျမှရောက်လာခြင်း



ဖန်ရှောင်ချန်က "ကျေးလက်ဒေသသို့အလည်သွားခြင်း" ရှိုးကို တောသို့သွားရမည်ဟု ပြောသော်လည်း တကယ်တမ်းကမူ နေရာက အတော်လေးသာယာသောနေရာလေးဖြစ်သည်။ အနည်းငယ်ခေါင်သော်လည်း တစ်ဖက်၌ တောင်တန်းများရှိ၍ တစ်ဖက်၌ ရေကန်တစ်ခုရှိသည်။ ပြင်ဆင်ထားမှုကလည်း ဥရောပတိုက်မှ မြက်ခင်းလွင်ပြင်များနှင့်တူနေကာ လှပနေသည်။ 


ရိုက်ကူးရေးလုပ်မည့်‌အဆောက်အဦးက နှစ်ထပ်ရှိ၍ အောက်ထပ်က ဧည့်ခန်းဖြစ်သည်။ ဝင်ဝင်ချင်း၌ပင် တံခါးဝဘေး၌ ဘားကောင်တာတစ်ခုရှိ၍ ကြမ်းပြင်ကလည်း သစ်သားကြမ်းခင်းများဖြစ်ကာ တစ်ဖက်ခြမ်း၌ စင်တစ်ခုရှိသည်။ စင်ပေါ်၌ တစ်ခုလုံးကို သစ်သားဖြင့်သာလုပ်ထားသော ရှေးခေတ်ပုံစံ စန္ဒယားတစ်လုံးလည်းရှိနေသည်။ 


အထဲ၌ အလင်းရောင်က အလွန်မကောင်းလှသော်လည်း ထိုအဆောက်အဦးပိုင်ရှင်က အတွင်းပိုင်းကို ရှေးဟောင်းအလယ်ခေတ်ပုံစံပေါက်အောင် ပြင်ဆင်ထားသည်။ 


ရိုက်ကူးရေးလုပ်ရန်ရှိ၍လားမသိသော်လည်း ထိုအဆောက်အဦးထဲ၌ လိုအပ်သောပရိဘောဂများမှလွဲ၍ အခြားဘာမှမရှိဘဲ ရှင်းလင်းနေသည်။  


ဒုတိယထပ်တွင်မူ အိပ်ခန်းငါးခန်းရှိသည်။ တစ်ခန်းက ပင်မအိပ်ခန်းဖြစ်၍ ကျန်အိပ်ခန်းများကမူ ရိုးရိုးအိပ်ခန်းများဖြစ်ကြသည်။


ဧည့်သည်သရုပ်ဆောင်များက တံခါးမှဝင်လာသည်နှင့် ရိုက်ကူးရေးစတင်တော့သည်။ ရိုက်ကူးရေးကို လုံးဝသဘာဝကျစေရန် ရိုက်ကွင်းနေရာ၌ ကင်မရာများသာရှိသည်။ ရှိုး၌လုပ်ရမည့်အစီအစဉ်များကို ပြောချိန်မှလွဲ၍ ရိုက်ကူးရေးဝန်ထမ်းများက အတတ်နိုင်ဆုံး ရိုက်ကွင်းသို့ မလာမိစေရန် သတိထားနေကြသည်။ 


အိပ်ခန်းနှင့် ရေချိုးခန်းအိမ်သာများမှလွဲ၍ တစ်အိမ်လုံး၏ ချောင်ကြိုချောင်ကြားများတွင်မူ လျှို့ဝှက်ကင်မရာများကို နေရာအပြည့်တပ်ဆင်ထားကြသည်။ ရိုက်ကူးရေးအဖွဲ့က ပြဿနာဖြစ်မည်ကိုမကြောက်ဘဲ ရိုက်ကွက်ကောင်းများလွတ်သွားမည်ကိုသာ ပိုကြောက်ကြသည်။ 


ဧည့်သည်သရုပ်ဆောင်များက ကင်မရာများကို မတွေ့ရလျှင် နေရာအနှံ့လိုက်ရှာနေမည်စိုးသောကြောင့် ဧည့်ခန်းအလယ်နှင့် လူသွားလမ်းတွင် ကင်မရာနှစ်လုံးကိုလည်း သိသာစွာ ချထားသေးသည်။ 


ရှိုး၏စီစဉ်မှုများက အမှန်တကယ်ပင် သေသပ်၍ အခြားရှိုးများနှင့်မတူဘဲ ဆန်းသစ်တီထွင်မှုများလည်းရှိသည်။ အပိုင်းသစ်တိုင်း၌ ဧည့်သည်သရုပ်ဆောင်အသစ်များခေါ်ကာ ရိုက်ကွင်းနေရာများကိုလည်း တစ်ခုနှင့် တစ်ခု မထပ်စေဘဲ အစီအစဉ်များကိုလည်း အမြဲတမ်း‌သစ်လွင်နေစေရန် စီစဉ်ပေးထားသည်။ 


ရိုက်ကူးရေးအဖွဲ့က ပထမဆုံးအပိုင်းစရိုက်ရန် ဧည့်သည်များ အကုန်စုံအောင် စောင့်နေကြသည်။ ယခု၌ လူသုံးယောက် ရောက်နေကြပြီးဖြစ်၍ သုံးယောက်လုံး ဧည့်ခန်းထဲ၌ ထိုင်နေကြသည်။ 


ရိုက်ကူးရေးအဖွဲ့ကမူ သူတို့ရှိနေမှန်း အလွန်မသိသာစေရန် ပထမထပ်၏ ထောင့်တစ်နေရာ၌ရှိသော အခန်းကျဉ်းလေးထဲ၌ ‌ရှိနေကြသည်။ 


ဧည့်သည်သရုပ်ဆောင်များကလည်း အပိုင်းတစ်ခုချင်းစီ၌ မည်သူများပါလာမည်ကို မသိကြချေ။


အဖွဲ့ခေါင်းဆောင်နှစ်ယောက်က ဧည့်သည်သရုပ်ဆောင်များစာရင်းကို ကြည့်၍ ဆွေးနွေးနေကြသည်။


"ဒီအပိုင်းမှာ ရှဲ့လုယွီကို လာအောင်ဖိတ်နိုင်တာ ယုံနိုင်မယုံနိုင်ဘူး...ဒီတစ်ခေါက်တော့ rating တွေပြန်တက်တော့မှာ သေချာတယ်..."


"ရှဲ့လုယွီပါရင် ကြည့်ရှုနှုန်းတက်မှာ ပြောစရာမလိုပါဘူး...ဒါပေမယ့် ငါနားမလည်တာ ဒီ ကု ဘာလဲ...သူက ဘယ်ကရောက်လာတာလဲ...ငါ သူ့ကို အရင်က တစ်ခါမှလည်း မကြားဖူးဘူး..."


"အင်း...သိပ်လည်း စိတ်ပူမနေပါနဲ့...ငါတို့လည်း ဇာတ်ညွှန်းအတိုင်းရိုက်သွားရုံပဲကို...ပြီးတော့ ဒီကို လာတတ်တဲ့လူတွေကလည်း တခြားဘယ်သူရှိလို့လဲ...အားယားနေတဲ့ သူဌေးသားတစ်ယောက်ယောက်...ဒါမှမဟုတ် ဖြတ်လမ်းနည်းလိုက်ချင်တဲ့ မင်းသားအသစ်တစ်ယောက်ယောက်ဖြစ်မှာပေါ့..."


"အဲဒီတစ်ယောက်က ရှိုးကို တစ်ခုခုဒုက္ခပေးမှာပဲ စိုးတာပါ..."


"အခုပဲ ငါ့ဆီဖုန်းဝင်လာတယ်...အဲဒီ ကုကောင်လေးကို သွားကြိုတဲ့ကားက လမ်းမှာပျက်သွားတယ် တဲ့..."


တစ်ဖက်အသင်းခေါင်းဆောင်က ဧည့်သည်စာရင်းကို ကိုင်၍ ဆက်ပြောလိုက်သည်။ 


"ရှဲ့လုယွီက သူ့ကားနဲ့သူလာမှာဆိုတော့ ခဏနေရင် ရောက်လာတော့မှာ...ဒါဆိုရင် ဒီ ကုကောင်လေးက နောက်ဆုံးရောက်လာမယ့်လူ ဖြစ်သွားတော့မယ်...အခု အထဲမှာ ရောက်နေကြတဲ့လူတွေက တော်တော်လေး ပြောရဆိုရခက်တဲ့ကလေးတွေ...သူတို့က ငယ်ကလည်းငယ် နာမည်ကလည်းကြီးနေကြတော့ သူတို့လုပ်ချင်တာပဲ လုပ်နေကြမှာ...အဲဒါကြောင့် အဲဒီ ကုကောင်လေးအတွက် ဆက်ဆံရတာ အဆင်ပြေမှာမဟုတ်ဘူး...သူ့မှာ နောက်ခံရှိရင်တောင် ရမှာမဟုတ်ဘူး...အဲဒါကြောင့် အဲဒီသုံးယောက်နဲ့ တူတူရှိနေရင် ဒီရှိုးကို သူ ဒုက္ခပေးလို့မရပါဘူး..."


ထိုအချိန်၌ ရိုက်ကွင်းသို့ ရောက်နှင့်ပြီးသားဖြစ်သော ဧည့်သည်သရုပ်ဆောင်သုံးယောက်က ဧည့်ခန်း၌ထိုင်၍ စကားပြောနေကြသည်။ သူတို့သုံးယောက်လုံးက ငယ်ရွယ်၍ နာမည်ကလည်း အတော်အသင့်ကြီးကြကာ အားလုံးက B အဆင့် အနုပညာရှင်များဖြစ်ကြသည်။ 


ဆံပင်ကို ခပ်မြင့်မြင့်စုစီးထားသော သရုပ်ဆောင်ကောင်မလေးနာမည်က ချန်ယွဲ့ရန်ဖြစ်သည်။ ချန်ယွဲ့ရန်က မျက်နှာချို၍ သဘောကောင်းသည့်ပုံပေါက်ကာ သူရယ်သည့်အခါ ဘယ်ဘက်ပါးပေါ်မှ ပါးချိုင့်လေးက ပေါ်လာတတ်သည်။ 


ဆံပင်ကောက်ကောက်နှင့် ဧည့်သည်သရုပ်ဆောင်က ကျိုးယင်းယင်းဖြစ်သည်။ ကျိုးယင်းယင်းက စကတ်တိုတိုလေးနှင့် ဒေါက်ဖိနပ်ကို ဝတ်ထားသည်။


နောက်ဆုံးတစ်ယောက်က မကြာသေးခင်ကပင် စွမ်းရည်ပြပွဲတစ်ခုမှ အနိုင်ရပြီး ပွဲဦးထွက်ထားသော ဟွမ်ဟန်ယွီ ဖြစ်သည်။ သူက ခေါင်းအစ ခြေအဆုံး နာမည်ကြီးတံဆိပ် အဝတ်အစား အသုံးအဆောင်များဖြင့် တစ်ကိုယ်လုံးကို ဆင်ယင်ထားသည်။  


ယွမ်ဟန်ယွီက ဆိုဖာကို ကျောမှီ၍ စိတ်မရှည်သည့်ပုံဖြင့် လက်ကိုပိုက်ထားသည်။ 

"ဟေး...ကျန်တဲ့ ဧည့်သည်နှစ်‌ယောက်က ဘယ်သူတွေလဲ...အခုထိလည်း မရောက်ကြသေးဘူး..."


ဟွမ်ဟန်ယွီက ထိုစကားပြောပြီးပြီးချင်းမှာပင် အခန်းတံခါးက ပွင့်သွားသည်။ ဝင်လာသူက တံခါးနှစ်ချပ်လုံးကို တွန်းဖွင့်ကာ သူ့ကိုယ်ပိုင်အိမ်ထဲသို့ ဝင်လာသကဲ့သို့ အေးဆေးစွာပင် ဝင်လာသည်။ 


"အခန်းက မှောင်လိုက်တာ...အလင်းဝင်အောင် တံခါးလေးဘာလေး ဖွင့်ကြစမ်းပါ..."


ချန်ယွဲ့ရန်က အံ့ဩသွားကာ အသံသေးသေးလေးဖြင့် အော်လိုက်သည်။

"ရှဲ့လောင်ရှီး..."


အခန်းထဲမှ လူငယ်အနုပညာရှင်သုံးယောက်လုံးက တစ်ပြိုင်နက် မတ်တပ်ရပ်လိုက်ကြသည်။ 


ရှဲ့လုယွီက သူ့အဝတ်အစားသေတ္တာကိုဆွဲ၍ လျှောက်လာသည်။ သူက ဂျင်းဘောင်းဘီအပြဲနှင့် လက်ပြတ် ခေါင်းစွပ်အင်္ကျီကိုသာ ပေါ့ပေါ့ပါးပါးဝတ်ထားသည်။ ရှဲ့လုယွီဝတ်ထားသော အဝတ်အစားများက ဘာမှ ထူးထူးဆန်းဆန်းမရှိဘဲ လက်ပြတ်ခေါင်းစွပ်အင်္ကျီကြောင့်သာ သူ၏ ကြွက်သားများနှင့် လက်မောင်းများကို သေချာမြင်နေရသည်။ 


ရှဲ့လုယွီက အခြားသာမာန်လူငယ်များကဲ့သို့ပင် ဝတ်ထားကာ သူ့ကိုကြည့်ရသည်မှာလည်း အေးအေးဆေးဆေးရှိလှသည်။ 


ပုံမှန်ဆိုလျှင် အမျိုးသားအနုပညာရှင်များက ဆံပင်ကို ပုံသွင်းရလွယ်စေရန် အနည်းငယ်ရှည်ရှည်ထားလေ့ရှိသည်။ 


သို့သော် ရှဲ့လုယွီက နောက်ဆုံးရိုက်ခဲ့သော ရုပ်ရှင်အတွက် ဆံပင်ကို ကတုံးဖြစ်လုနီးပါး စစ်သားကေ ညှပ်ထားရသောကြောင့် ယခုထိ ပြန်မရှည်သေးပေ။ သို့သော် ရှဲ့လုယွီ၏ မျက်နှာအချိုးအစားက ထောင့်ကျ၍ ထင်ရှားလွန်းသောကြောင့် ထိုစစ်သားကေက သူနှင့် အလွန်လိုက်ဖက်နေသည်။ 


ရှဲ့လုယွီ၏ ကိုယ်ရောင်ကိုယ်ဝါများက ယခင်ကထက်ပင် ထင်းလင်းနေကာ သူ့အကြည့်များဖြင့် တစ်ချက် စူးရှစွာ လှမ်းကြည့်ခံလိုက်ရလျှင်ပင် သေသွားနိုင်သည်။ 


မကြာသေးခင်ကပင် ထိုဆံပင်ပုံစံအသစ်ကြောင့် ရှဲ့လုယွီက ထ၍ နာမည်ကြီးသွားသေးကာ နာမည်ကြီးတံဆိပ် အသုံးအဆောင်များအတွက် ကြော်ငြာများပင် ရိုက်လိုက်ရသေးသည်။ 


ထိုနာမည်ကြီးဘရန်း၏ ဒီဇိုင်နာက ရှဲ့လုယွီ၏ စတိုင်ကို ကြိုက်လွန်းသောကြောင့် ရှဲ့လုယွီသာ မော်ဒယ်မလုပ်နိုင်ပါ ဟု အတင်းမငြင်းခဲ့လျှင် ဤဖက်ရှင်ရာသီ၏ အဖွင့်ပွဲတွင် စင်ပေါ်တက်၍ လျှောက်နေရမည်ဖြစ်သည်။


ဤတစ်ခေါက်တွင်မူ ရှဲ့လုယွီက ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားသည်။ 


သို့သော် ထိုကဲ့သို့ ဝတ်ထားသည့်တိုင်အောင် သူ့မြင့်မားသောအရပ်နှင့် ချောမောသော မျက်နှာတို့ကြောင့် မဂ္ဂဇင်းမျက်နှာဖုံးပေါ်မှ မော်ဒယ်တစ်ယောက်နှင့်တူနေသည်။


"မင်းတို့က ဘာဖြစ်လို့ မတ်တတ်တွေရပ်နေကြတာလဲ...ထိုင်ကြလေ..."


ရှဲ့လုယွီက အခြားလူများထက် အသက် ဘယ်လောက်မှကြီးသည်မဟုတ်ပေ။ အလွန်ဆုံး ၄ နှစ် ၅ နှစ်‌ခန့်သာ ကြီးမည်ဖြစ်သည်။ သို့သော် အနုပညာလောကထဲမှ သူတို့၏ အဆင့်အတန်းများက အလွန်ကွာခြားနေကြ၍ ရှဲ့လုယွီကိုယ်တိုင်ကလည်း အလိုလိုနေရင်း ကိုယ်ရောင်ကိုယ်ဝါထွက်နေသည်ဖြစ်သောကြောင့် ဘေးလူများက ရှိန်နေကြခြင်းဖြစ်သည်။ 


ထိုသုံးယောက်လုံးကလည်း သိသိသာသာပင် အမူအရာများက ယဉ်ကျေးသွားကြသည်။ ရှဲ့လုယွီမရောက်လာခင်က ဆောင့်ကြွားကြွားပုံနှင့် သူ့ကိုယ်သူ အလွန်မိုက်သည့်ပုံဖမ်းနေသူမှာ ဟွမ်ဟန်ယွီဖြစ်သည်။ အစောပိုင်းတုန်းက သူက ဆိုဖာပေါ်၌ပင်မထိုင်ဘဲ ဆိုဖာနောက်မှီကိုသာ မှီ၍ မတ်တတ်ရပ်နေခြင်းဖြစ်သော်လည်း ရှဲ့လုယွီက ထိုင်ခိုင်းလိုက်သောအခါ ချက်ချင်းပင် ရိုကျိုးစွာ ထိုင်ချလိုက်သည်။


ရှဲ့လုယွီကမူ သူ့အိမ်သို့ရောက်နေသကဲ့သို့ပင် အေးအေးဆေးဆေးနှင့် ဆိုဖာပေါ်ထိုင်ချလိုက်သည်။


ချန်ယွဲ့ရန်၏ မျက်နှာက နီရဲနေသည်။

"ရှဲ့လောင်ရှီး...ကျွန်မက လောင်ရှီးရဲ့ ပရိသတ်..."


ရှဲ့လုယွီက လက်ကာပြလိုက်သည်။ 

"မင်းက ငါ့ရုပ်ရှင်တွေကိုကြည့်ပြီး ကြီးလာတာလို့ ပြောမလို့မလား...လေကုန်မခံနေပါနဲ့...မင်းကို ငါ လက်ဆွဲနှုတ်ဆက်ပြီး လက်မှတ်ထိုးပေးမယ်ဟုတ်ပြီလား...မင်းတို့က ငါ့ကို တွေ့တိုင်း ငါ့ကို အဖိုးကြီးကောလို ဆက်ဆံနေကြတယ်...ငါက အခုခေတ်မင်းသားလေ...အဖိုးကြီးကောနဲ့ငါက သူငယ်ချင်းဖြစ်နေပေမယ့် အသက်က ကွာနေတာကို..."


ရှဲ့လုယွီပြောနေသော အဖိုးကြီးကောဆိုသူမှာလည်း မင်းသားတစ်ဦးဖြစ်သည်။ အဖိုးကြီးကောက အသက် ၄၀ ကျော် ၅၀ နားနီးနေပြီဖြစ်၍ အတွေ့အကြုံများစွာရှိသူဖြစ်သည်။ ရှဲ့လုယွီ နှင့် အဖိုးကြီးကောတို့မှာ မတည့်အတူနေသော မိတ်ဆွေများဖြစ်သည်။ အဖိုးကြီးကော ကလည်း စကားပြောကောင်းသောကြောင့် သူတို့နှစ်ယောက်ဆုံကြလျှင် စကားရည်လုပွဲသို့ရောက်နေကြသကဲ့သို့ ဖြစ်နေတတ်သည်။ 


ထို့နောက်တွင် ဧည့်ခန်းထဲမှ အခြေအနေက အေးအေးဆေးဆေးပြန်ဖြစ်သွားသည်။ လူငယ်အနုပညာရှင်သုံးယောက်ကလည်း ပို၍ စကားများပြောလာကာ အချင်းချင်း စနောက်နေကြသည်။ တကယ်တမ်းကလည်း ရှိုးက ရသစုံဖြစ်ရပ်မှန်ရှိုးဖြစ်သောကြောင့် ကင်မရာများက နေရာအနှံ့ရှိနေရာ ပရိသတ်များရင်ထဲရောက်စေရန် ကောင်းကောင်းမွန်မွန်သရုပ်ဆောင်ရမည်ဖြစ်သည်။


မကြာခင်တွင် ရိုက်ကူးရေးဝန်ထမ်းတစ်ဦးက ဝင်လာ၍ မစ်ရှစ်များ ဦးဆောင်စီစဉ်သော အခြားဝန်ထမ်းတစ်ဦးနားသွား၍ ခပ်တိုးတိုးပြောလိုက်သည်။


မစ်ရှစ်များကို စီစဉ်သော ဝန်ထမ်းက အဖြူရောင်လက်အိတ်များဝတ်ကာ မစ်ရှစ်ကတ်ကို ကိုင်ထား၍ ကြေညာလိုက်သည်။ 


"နောက်ဆုံးကျန်နေတဲ့ ဧည့်သည်က လမ်းမှာ နည်းနည်းဒုက္ခကြုံနေလို့ နာရီဝက်လောက်နေမှ ရောက်ပါမယ်...ကျွန်တော်တို့ အခု နောက်ကဏ္ဍတစ်ခုဆီ ဆက်သွားလိုက်ပါမယ်..."


ဝန်ထမ်းက လက်ဝှေ့ယမ်းပြ၍ ဧည့်သည်များကို ဒုတိယထပ်သို့ ခေါ်သွားသည်။ 

"အခုကတော့ အခန်းရွေးရမယ့်အချိန်ပါ..."


ဒုတိယထပ်၌ စုစုပေါင်း အခန်းငါးခန်းရှိ၍ တစ်ခန်း ပင်မ အိပ်ခန်းဖြစ်၍ ကျန်လေးခန်းက ရိုးရိုးအိပ်ခန်းများဖြစ်သည်။ ထိုရိုးရိုးအိပ်ခန်းများထဲမှ နှစ်ခန်းက နေဘက်ကို မျက်နှာမူ၍ ကျန်နှစ်ခန်းက နေရှိရာဘက်နှင့် ဝေးသည်။ 


နေနှင့် ဝေးသော အိပ်ခန်းများထဲမှ တစ်ခန်းက အိမ်သာနှင့်လည်း ပိုနီးသည်။ 


ဝန်ထမ်းက အိပ်ခန်းများကို တစ်ခန်းပြီးတစ်ခန်း ပြသနေသည်။ သူက ရေချိုးခန်းအိမ်သာ တွဲပါသော အိပ်ခန်းကို ဦးစွာဖွင့်ပြလိုက်သည်။


"ဒီအခန်းက နေအလင်းရောင်လည်း ရပြီး နေရာကလည်း အကျယ်ဆုံးပဲ... ခုတင်ကလည်း ကြီးပြီး ကိုယ်ပိုင် ရေချိုးခန်း အိမ်သာ ပါတယ်..."


ရှဲ့လုယွီက ဘာမှ မပြောရသေးခင်မှာပင် ကျန်သော သုံး‌ယောက်က ထပြောလိုက်ကြသည်။

"ဒီအခန်းက ရှဲ့ကောပဲ ရသင့်တာပေါ့..."


ရှဲ့လုယွီလည်း ငြင်းမနေတော့ပေ။ သူငြင်းလိုက်လျှင် ကျန်သုံးယောက်က ထိုအခန်းကို ရရန် လုနေရတော့မည်ဖြစ်သည်။ 


ထို့အပြင် ဝန်ထမ်းက ဤအခန်း၌ ရေချိုးခန်း အိမ်သာ တွဲလျက်ပါကြောင်း သေချာပြောနေရာ အခြားအခန်းများ၌ မပါလောက်မည်ဖြစ်ကြောင်း ရှဲ့လုယွီ ခန့်မှန်းမိသည်။ 


ရှဲ့လုယွီ၌ လိုအပ်ချက်ဟူ၍ များများစားစားမရှိချေ။ အခန်းကလည်း ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ ရှဲ့လုယွီအတွက် အရေးမကြီးသော်လည်း ကိုယ်ပိုင် ရေချိုးခန်း အိမ်သာ ရှိရမည်ဖြစ်သည်။ 


အခြားလူများနှင့် ရေချိုးခန်း အိမ်သာကို ရှဲ့လုယွီ တွဲမသုံးနိုင်ချေ။ ဤတစ်သက်လုံး တွဲသုံးနိုင်မည်မဟုတ် ဟုလည်း ရှဲ့လုယွီ ယုံကြည်ထားသည်။ 


ဝန်ထမ်းက အခြားအခန်းများကို ဆက်ပြနေသည်။ 


"နေကို မျက်နှာမူနေတဲ့ အခန်းနှစ်ခန်းကတော့ အကုန်နီးပါး တူတူလောက်ပါပဲ...သူတို့နှစ်ခန်းလုံးမှာ သန့်စင်ခန်းတွဲလျက်ပါတယ်...နေနဲ့ဝေးတဲ့ နှစ်ခန်းကလည်း တူတူပဲ...ဒါပေမယ့် သူတို့ကတော့ သန့်စင်ခန်းတွဲလျက် မပါဘူးပေါ့..."


ဟွမ်ဟန်ယွီက သူ့ဘက်မှပင်စ၍ ပြောလိုက်သည်။ 

"ကဲ အမျိုးသမီးတွေက ရေချိုးခန်း အိမ်သာ တွဲလျက်ပါတဲ့အခန်းက ပိုအဆင်ပြေမယ်ထင်တယ်...ကျွန်တော်ကတော့ ဟိုဘက်က အခန်းကိုပဲ ယူလိုက်ပါမယ်..."


ဟွမ်ဟန်ယွီက အိမ်သာမပါသော အခန်းနှစ်ခန်းကို ပြောနေခြင်းဖြစ်သည်။


အိမ်သာနှင့် အနီးဆုံးအခန်းက ထောင့်တစ်နေရာ၌ ဖြစ်သည်။ မည်သည့်အခန်းကို ရွေးရမည်ကို ဟွမ်ဟန်ယွီ သွားကြည့်စရာပင် မလိုပါချေ။ 


ထိုအချိန်၌ ပထမထပ်မှ ဝန်ထမ်းတစ်ဦးက အပေါ်သို့ ပြေးတက်လာသည်။


"နောက်ဆုံးဧည့်သည်ရောက်လာပါပြီ...ဧည့်သည်တွေ ဒုတိယအပိုင်းအတွက် အောက်ပြန်ဆင်းလို့ရပါပြီ..."


ရှဲ့လုယွီက ထွေထွေထူးထူးမစဉ်းစားဘဲ အောက်ထပ်သို့ အရင်ဆင်းသွားလိုက်သည်။


ရှဲ့လုယွီထွက်သွားသည်နှင့် ပြုံးနေသော ကျိုးယင်းယင်း၏မျက်နှာက တည်သွားသည်။ ထို့နောက် နှုတ်ခမ်းကို မဲ့ပြီး ပြောလိုက်သည်။

"အဲဒီတစ်ယောက်က အခုမှရောက်လာတာ ယုံတောင်မယုံနိုင်ဘူး...သူ့ကိုယ်သူ ဘာထင်နေတာလဲမသိဘူး..."


အခြားနှစ်ယောက်က ဘာမှမပြောသော်လည်း သူတို့မျက်နှာများက‌မူ ကျိုးယင်းယင်း၏စကားကို ထောက်ခံနေကြသည့်ပုံ ပေါ်နေကြလေသည်။



🏠🏠đŸ