Chapter 13
Viewers 271

🏠 Chapter 13 

ပြစ်ဒဏ်ပေးခြင်း



"မစ္စတာကု...ကျွန်တော်တို့ ရောက်ပါပြီ..."


လမ်းပေါ်၌ အချိန်အတော်ကြာသွားသောကြောင့် ကုချင်းချီ အနည်းငယ် အိပ်ချင်နေမိသည်။ ထို့ကြောင့် စိတ်က ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေကာ ပတ်ဝန်းကျင်ကိုလည်း သေချာ မကြည့်လိုက်မိပေ။ ကားပေါ်မှ ဆင်းလိုက်သည့်အချိန်မှပင် အပြင်၌ မိုးဖွဲဖွဲလေးရွာနေသည်ကို သတိထားလိုက်မိသည်။ အေးစက်သော မိုးရေစက်လေးများက ကုချင်းချီ၏ မျက်နှာကို လာမှန်နေကြသည်။ 


ကုချင်းချီ ကားထဲမှ ထွက်လိုက်လိုက်ချင်းမှာပင် လာကြိုသော ဝန်ထမ်းထဲမှ တစ်ယောက်က ထီးမိုးပေးလိုက်သည်။


ကုချင်းချီက အရှေ့၌ မြင်နေရသော အိမ်ကိုကြည့်၍ ခြေလှမ်းကို ရပ်လိုက်မိသည်။

"ကျေးဇူးတင်ပါတယ်..."


ဝန်ထမ်းက ချက်ချင်းပြန်ဖြေလိုက်သည်။

"ရပါတယ်...အပန်းမကြီးပါဘူး..."


ကုချင်းချီက ကားနောက်ဖုံးဆီသို့ လျှောက်သွားလိုက်သည်။


သူက ပစ္စည်းများများစားစားမယူလာသောကြောင့် လက်ဆွဲသေတ္တာအသေးလေးတစ်လုံးသာ ပါလာသည်။ 


ကုချင်းချီက လက်ဆွဲသေတ္တာကို မ,မည်အလုပ်တွင် ဝန်ထမ်းနောက်တစ်ယောက်က အမြန်လှမ်းယူကာ ကားထဲမှ ဆွဲထုတ်လိုက်သည်။

"ကျွန်တော့်ဘာသာသယ်ပါ့မယ်...ကျွန်တော်သယ်နိုင်ပါတယ်..."


ကုချင်းချီက လူများနှင့်ဝေးရာ၌ နေနေသည်မှာ ကြာပြီဖြစ်၍ အရာရာကို ကိုယ်တိုင်လုပ်ရသည်မှာ အသားကျနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ သူများက လုပ်ပေးခြင်းခံရသည်ကို တစ်မျိုးဖြစ်နေသည်။ သို့သော် တစ်ဖက်သားက ကူညီပေးနေသည်ကို အတင်းမတားလိုက်ပေ။ 


ယခုကဲ့သို့ အသေးအဖွဲ့လေးကအစ ဂရုစိုက်ခံနေရသည်မှာလည်း တစ်မျိုးဆန်းနေသည်။ သို့သော် ကိုယ့်ဘာသာကိုယ် လုပ်ရခြင်းကိုလည်း ကုချင်းချီ မငြိုငြင်မိပေ။ 

ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်...


ဂရုစိုက်ခံနေရခြင်းအပေါ် ရှိုးတိုးရှန့်တန့်မဖြစ်မိသလို ဂရုစိုက်မခံရလျှင်လည်း ကုချင်းချီ ဘာမှဖြစ်မည်မဟုတ်ချေ။ 


ထိုကဲ့သို့သော စိတ်ဓာတ်ကြောင့် အပြင်လောက၌လည်း ကုချင်းချီက အရာရာအပေါ် တုံ့ပြန်မှုနှေးနေခြင်းဖြစ်သည်။ 


ဘာပဲဖြစ်ဖြစ်...ငါဂရုမစိုက်တော့ဘူး...


အောက်ထပ်သို့ ပထမဆုံးရောက်လာသူမှာ ရှဲ့လုယွီဖြစ်သည်။ အောက်ထပ်သို့ရောက်၍ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဧည့်ခန်းထဲ၌ ရိုက်ကူးရေးဝန်ထမ်းများသာရှိသောကြောင့် ရှဲ့လုယွီက မေးလိုက်သည်။

"သူဘယ်မှာလဲ...မင်းတို့ပြောတော့ နောက်ဆုံးကျန်နေတဲ့ ဧည့်သည်ရောက်ပြီဆို..."


ဝန်ထမ်းတစ်ဦးက ဝင်ဖြေလိုက်သည်။

"အခုပဲ ကားက အပေါက်ဝကိုရောက်နေပါပြီ...ခဏနေရင် ရောက်လာပါလိမ့်မယ်..."


ထိုအချိန်၌ ကျန်နေသော ဧည့်သည်သုံးဦးကလည်း အောက်ထပ်သို့ ရောက်လာကြသည်။ ဝန်ထမ်း၏စကားကိုကြားလိုက်သော ကျိုးယင်းယင်းက မနေနိုင်ဘဲ ဟွန့် ဟူသော အသံလုပ်လိုက်သည်။ 


ရှဲ့လုယွီက ကျိုးယင်းယင်းကို လှည့်ကြည့်လိုက်သော်လည်း ဘာမှ မပြောချေ။ 


ထိုသုံးယောက်လုံးက အလွန်ငယ်သေး၍ အတွေ့အကြုံလည်း ဘာမှမရှိကြသေးချေ။ ယခုမှ တက္ကသိုလ်မှ ဘွဲ့ရပြီး လူ့လောကထဲသို့ စဝင်လာကြ‌သူများဖြစ်သည်။ ထို့ကြောင့် အကုန်လုံးက မနူးမနပ်များဖြစ်နေကြသည်။ အထူးသဖြင့် ကျိုးယင်းယင်းဖြစ်သည်။ ကျိုးယင်းယင်းက ရုပ်လေးကလည်း ချောကာ မိသားစုနောက်ခံကလည်း ကောင်းသောကြောင့် မွေးတည်းက ယခုအချိန်အထိ လူတကာ၏ ချီးကျူးခြင်းကိုသာ ခံလာရသူဖြစ်သည်။ 


ထိုအကြောင်းအရာများကို ရှဲ့လုယွီ စဉ်းစားစရာပင် မလိုချေ။ သူတို့သုံးယောက်လုံးကို ကြည့်ရုံနှင့် ခန့်မှန်း၍ရနေသည်။


ရိုက်ကူးရေးအဖွဲ့က ဧည့်သည်များကို မည်သည့်အချိန်ရောက်ရမည်ဟု အချိန်အတိအကျ သတ်မှတ်ပေးထားခြင်းမရှိဘဲ ရောက်ရမည့်ရက်ကိုသာ ပြောထားခြင်းဖြစ်သည်။ ထိုနေ့ မကုန်ခင် ရောက်လာလျှင် ရပြီဖြစ်သောကြောင့် ယခု နောက်ကျနေသည့် ဧည့်သည်မှာလည်း တကယ်တမ်းကမူ နောက်ကျသည်ဟု မဆိုနိုင်ပေ။ 


ရှဲ့လုယွီက ဘာမှရှည်ရှည်ဝေးဝေးစဉ်းစားမနေချေ။ ဤရှိုးသို့လာရခြင်းကို ခရီးထွက်သည်ဟု သတ်မှတ်၍ လာခဲ့ခြင်းဖြစ်သောကြောင့် အဝတ်အစားများ ထုတ်ပြီးပြီးခြင်း ထွက်လာခဲ့ခြင်းဖြစ်သည်။ စောရောက်သည်ဖြစ်စေ နောက်ကျမှရောက်သည်ဖြစ်စေ ရှဲ့လုယွီအတွက် ဘာမှမထူးချေ။


ထိုကဲ့သို့ အသေးအဖွဲ့ကိစ္စများကို ရှဲ့လုယွီ ဂရုမစိုက်သော်လည်း အခြားလူများ၏ အတွေးကိုမူ သူမထိန်းချုပ်နိုင်သည့်အပြင် ထိန်းချုပ်ရန်လည်း အာရုံမရှိချေ။ 


တကယ်တမ်း၌ ဤအနုပညာလောကတွင် ထိုကဲ့သို့ ကိစ္စအသေးအဖွဲလေးကအစ ညည်းညူအပြစ်တင်နေတတ်သော လူအနည်းငယ်က ရှိနေတတ်သည်သာ ဖြစ်သည်။ 


ထိုကဲ့သို့လူများကလည်း များသောအားဖြင့် B အဆင့် C အဆင့် အနုပညာရှင်များဖြစ်တတ်သည်။ ထိုလူများက အနည်းငယ် အောင်မြင်ကျော်ကြားလာသည်နှင့် တစ်ပြိုင်နက် ပြဿနာကိုလည်း မီးထွန်းရှာတတ်လာကြသည်။ 


ယခု ဧည့်သည်သုံးယောက်လုံးကလည်း ထိုအမျိုးအစားထဲ ပါနေကြလေသည်။ 


အသစ်ရောက်လာသောဧည့်သည်က ကံကောင်းခဲ့လျှင် မကျေနပ်သော အကြည့်တစ်ချို့ဖြင့် အကြည့်ခံရပြီး ရှိုးတစ်လျှောက် အနည်းငယ် ပယ်ထားခြင်းခံရလိမ့်မည်။ ကံမကောင်းလျှင်မူ ဤရှိုးရိုက်ကူးရေးတစ်လျှောက်လုံးက သူ့အတွက် အလွန်ခက်ခဲတော့မည်ဖြစ်သည်။ ထိုအသစ်ရောက်လာသူကို ဒုက္ခရောက်အောင် လုပ်ရန် အခွင့်အရေးများက များစွာရှိနေသည်။ 


သို့သော်လည်း ထိုကိစ္စက ရှဲ့လုယွီနှင့် မဆိုင်ချေ။ သူက ဤသို့ အနားယူရန်သက်သက်ရောက်လာသူသာ ဖြစ်သည်။


ထို့ကြောင့် ရှဲ့လုယွီက ထိုအသစ်ရောက်လာသောဧည့်သည်အတွက် ဝင်၍ စိတ်ပူမနေချေ။ သူကိုယ်တိုင်ကလည်း "အသန်မာဆုံးလူသာ ရှင်သန်နိုင်မည်" ဟူသော စကားကို လက်ကိုင်ထားသူဖြစ်သည်။ 


အိမ်ထဲသို့ ပထမဆုံးဝင်လာသူက ရိုက်ကူးရေးဝန်ထမ်းဖြစ်သည်။ ဝန်ထမ်းက လက်တစ်ဖက်၌ ခရီးဆောင်လက်ဆွဲသေတ္တာကို ကိုင်ထား၍ တစ်ဖက်က သူ့နောက်မှလူအတွက် တံခါးကို ဖွင့်ပေးထားလိုက်သည်။


ဟွမ်ဟန်ယွီက တောက်ခနဲ လျှာခေါက်လိုက်သည်။ တမင်လုပ်သည်လား သူ့ဘာသာသူ လုပ်နေကျဖြစ်သည်လားကိုမူ မည်သူမှမသိနိုင်ချေ။ 


"တော်တော်လေးလည်း ဇီဇာကြောင်နိုင်တာပဲနော်...သူ့ကိုယ်သူ ရှဲ့ကောထက်ပိုပြီး အရေးကြီးတယ်ထင်..."

ဟွမ်ဟန်ယွီကပြောနေသော စကားကိုပင် ဆုံးအောင်မပြောနိုင်တော့ဘဲ ကျန်နေသော စကားများက လည်ချောင်းထဲ တစ်သွားသည်။ 


အခန်းထဲသို့ ဝင်လာသူက ခေါင်းငုံ့ထားရာမှ မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက တည်ငြိမ်နေကြသော်လည်း ဟွမ်ဟန်ယွီကမူ ဖျားချင်သလိုလိုပင် ဖြစ်သွားမိသည်။ 


ရိုက်ကူးရေးဝန်ထမ်းများ အရှေ့၌တစ်ယောက် အနောက်၌ တစ်‌ယောက် ခြံရံ၍ ဝင်လာသော ကုချင်းချီက ဟွမ်ဟန်ယွီပြောသမျှကို ရှင်းရှင်းလင်းလင်း ကြားသွားပြီး ဖြစ်သည်။ 


သို့သော် ခေါင်းကိုမော့၍ ဘာစကားကိုမှ မကြားခဲ့သလို အခန်းထဲမှလူများကို ကြည့်လိုက်သည်။

"နောက်ကျသွားလို့ တောင်းပန်ပါတယ်..."


အနောက်မှ ဝန်ထမ်းက ကုချင်းချီကို ဆောင်းပေးလာသော ထီးကို ခေါက်သိမ်းနေရင်းက ကုချင်းချီ၏ တောင်းပန်သံကိုကြားသောအခါ ဝင်ရှင်းပြလိုက်သည်။ 

"အဲဒါ ကျွန်တော်တို့ အပြစ်ပါ...မြေပြိုပြီး လမ်းကပိတ်နေတော့ မစ္စတာကုကို ကြိုဖို့ကိစ္စက နောက်ကျသွားတာ..."


ဒါရိုက်တာက လက်ကို ရမ်း၍ ကင်မရာကို ကုချင်းချီနား သွားရိုက်ရန် အချက်ပြလိုက်သည်။ 


ကင်မရာကိုင်သူကလည်း ကျွမ်းကျင်စွာဖြင့် ကုချင်းချီကို အဓိကချိန်ကာ ရိုက်နေလိုက်သည်။ 


ကုချင်းချီ၏ ဆံပင်များက အနည်းငယ်ရှည်နေကြပြီဖြစ်၍ အရှည်ဆုံးဆံပင်များက မေးစေ့နားထိ ရောက်နေကြပြီဖြစ်သည်။ ထို့ကြောင့် ကုချင်းချီက ထိုရှည်နေသော အပိုင်းများကို ခေါင်းစည်းကြိုးဖြင့် စည်းထား၍ အနည်းငယ်တိုနေသော ဆံပင်များက စည်းရန်မမိဘဲ ဝဲကျနေကြသည်။ ထိုကဲ့သို့ ကယိုကယိုစည်းထားပုံလေးက အလွန် လှပနေသည်။


လှတယ်...ဒါပေမယ့် မိန်းမလည်းမဆန်ဘူး...


ကုချင်းချီက ဆံပင်စည်းထားသည်မှာ အလှစည်းထားခြင်းမဟုတ်ဘဲ အလုပ်ရှုပ်သက်သာစေရန် စည်းထားခြင်းသာဖြစ်သည်။ ယခင်ကမူ ကုချင်းချီက ဆံပင်ကို သူ့ဘာသာသူ ညှပ်သော်လည်း ယခု၌ ယဲ့လီက ထိုကဲ့သို့ လျှောက်မလုပ်ရန် ပြောထားသောကြောင့် မညှပ်ရဖြစ်နေသည်။ ယဲ့လီက နောက်မှ ဆံသဆရာကောင်းကောင်းနှင့် ညှပ်ပေးမည်ဟု ပြောထားသည်။


အစက ယဲ့လီက ကုချင်းချီကိုပြင်ဆင်ပေးရန် အလှပြင်အဖွဲ့တစ်ဖွဲ့လုံးကို ငှားထားသော်လည်း ကုချင်းချီက သူ့ဆံပင်များကို ကယိုကယို ဆွဲချည်ထားသည်ကို မြင်ပြီးသောအခါ ထိုအဖွဲ့ကို မငှားတော့ဘဲ ခေါင်းစည်းကြိုးဘူးတစ်ဘူးကိုသာ ကုချင်းချီလက်ထဲ ထိုးထည့်ပေးထားလိုက်တော့သည်။ 


ကုချင်းချီဝတ်ထားသော အဝတ်များကလည်း ရိုးရိုးရှင်းရှင်းသာဖြစ်သည်။ အချိုးအစားကျန၍ သပ်ရပ်နေသော ဘောင်းဘီအမည်း၊ ရင်ဘတ်၌ အမည်းရောင်အဝိုင်းပုံစံများပါသော တီရှပ်အဖြူနှင့် ကုတ်အင်္ကျီတို့သာဖြစ်သည်။ 


အခြားအလှအပပစ္စည်းဟူ၍ လက်ကောက်ဝတ်၌ဝတ်ထားသော အမည်းရောင်လက်ပတ်တစ်ခုသာ ရှိသည်။ 


သို့သော် ကုချင်းချီက မွေးတည်းက မော်ဒယ်ဖြစ်ရန် မွေးလာသူကဲ့သို့ ချောမောလှပနေသောကြောင့် ထိုကဲ့သို့ ရိုးရိုးရှင်းရှင်းသာဝတ်ထားသော်လည်း manga ထဲက ထွက်လာသူကဲ့သို့ အလွန်အချိုးအစားကျန မိမိုက်နေလေသည်။ 


ကင်မရာရိုက်သူကလည်း တစ်ချိန်လုံး ကင်မရာကို ကုချင်းချီဘက်ကိုသာ ချိန်ထား၍ ရိုက်ရင်းနှင့်လည်း သက်ပြင်းများ ချနေမိလေသည်။


ဟွမ်ဟန်ယွီက ကုချင်းချီကို ပြုံးပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ 

"ငါက ဟွမ်ဟန်ယွီပါ...ဟိုဘက်က ယင်းယင်းနဲ့ ယွဲ့ရန်...ရှဲ့ကောကိုတော့ မင်းသိပြီးသားဖြစ်မှာပဲဆိုတော့ မိတ်မဆက်ပေးတော့ဘူး...ကြိုဆိုပါတယ်..."


ရှဲ့လုယွီက မည်သူပင်လာလာ ဂရုမစိုက် ဟူသော ပုံစံက သူ့မျက်နှာ၌ အထင်းသားပေါ်နေသော်လည်း ထိုအချိန်၌ ဟွမ်ဟန်ယွီက အသစ်ရောက်လာသူနှင့် စကားပြောနေသည်ကို နားစွင့်နေမိသည်။ 


ကုချင်းချီက သူ့ကို အားတက်သရော နှင့် ဖက်လဲတကင်း ဆက်ဆံသည်များကို အသားကျနေပြီဖြစ်သည်။ သူနှင့် တွေ့သမျှ လူတော်တော်များများကလည်း ကုချင်းချီကိုတွေ့သည်နှင့် ထိုကဲ့သို့ ဆက်ဆံတတ်ကြသည်။ သို့သော် ကုချင်းချီကမူ သူ့နဂိုပုံစံအတိုင်း အေးအေးဆေးဆေးသာ ပြန်တုံ့ပြန်တတ်သည်။ သူ့ကို အခြားတစ်ယောက်က ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ ခေါင်းထဲသိပ်မရှိ‌လှ‌ချေ။ 


ဤကမ္ဘာ၌ နေနေရသော်လည်း အခြားလူများအားလုံးနှင့် ကုချင်းချီကြားထဲ၌ စည်းတစ်ခုခြားနေသကဲ့သို့ ဖြစ်နေသည်။ 


ထို့ကြောင့် ကုချင်းချီက သူ့ဘာသာသူ သီးသန့်နေသော ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ကောင်းသူဖြစ်စေ၊ ဆိုးသူဖြစ်စေ၊ မည်သူဖြစ်နေပါစေ အနားသို့ ကပ်လာသည်နှင့်တစ်ပြိုင်နက် ကုချင်းချီက အဝေးသို့ ထွက်ပြေးရန်သာ အဆင်သင့်ဖြစ်နေတော့သည်။


ထိုကဲ့သို့ ကြောင်လေးနားသို့ ကပ်ချင်လျှင် သူ့ဘေးနား၌ ကာဆီးထားသော အကာအရံများကို ဖြည်းဖြည်းချင်း ကွာကျလာစေရန် စောင့်ရမည်ဖြစ်သည်။ မဟုတ်လျှင် သင်သည်လည်း သူ့အတွက် အခြားလူများနှင့် ဘာမှမထူးခြားသော လူတစ်ယောက်သာ ဖြစ်သွားမည်ဖြစ်သည်။ 


ကုချင်းချီက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

"ကုချင်းချီပါ..."


အခန်းတစ်ဖက်၌ ရှဲ့လုယွီက ကုချင်းချီ သူ့ကိုယ်သူ မိတ်ဆက်နေသံကို သေချာအာရုံစိုက်နားထောင်နေမိသည်။ ထိုနာမည်ကိုလည်း အထပ်ထပ်အခါခါ စဉ်းစားနေမိသည်။


ဤအကြိမ်နှင့်ဆိုလျှင် ရှဲ့လုယွီနှင့် ကုချင်းချီတို့ တွေ့သည်မှာ သုံးကြိမ်ရှိပြီဖြစ်၍ တွေ့သည့်အခါတိုင်းလည်း ကုချင်းချီက ရှဲ့လုယွီ၏ စိတ်ထဲ၌ အမှတ်ရစရာတစ်ခုခု ထားခဲ့စမြဲဖြစ်နေသည်။ 


ရှဲ့လုယွီက သူ့ကိုယ်သူ အပေါ်ယံဆန်သူဟု မထင်သော်လည်း ချောမောလှပသူများကို ကြည့်ရသည်မှာ မကြိုက်သူဟူ၍ မရှိပေ။ ရုပ်ရည်ကို ဂရုမစိုက်ဟု ပြောသူများမှာ လိမ်နေသူများသာဖြစ်သည်။


အနုပညာလောကထဲ၌ ရုပ်ရည်ချောမော၍ ဆွဲဆောင်မှုရှိသူများစွာ ရှိသည်။ 


ပုံမှန်ဆိုလျှင် ထိုချော‌မောသူများကို ရှဲ့လုယွီက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ဖြင့် ကြည့်လေ့ရှိသည်။ တစ်ဖက်လူက သူနှင့် ရင်းနှီးသူဆိုလျှင် စနောက်၍ပင် စကားပြောလေ့ရှိသေးသည်။


သို့သော် ကုချင်းချီရှေ့တွင်မူ ထိုသတ္တိများက ပျောက်ချင်းမလှပျောက်ကုန်ကြသည်။ ကုချင်းချီရှေ့တွင် ရှဲ့လုယွီက ယခုမှ လူပျိုဖော်ဝင်စ ကောင်လေးကဲ့သို့ ခံစားနေရသည်။ 


EQ ဆိုတာ ဘာလဲ...ဟာသဉာဏ်ဆိုတာဘာလဲ...

ထိုအရာများက ကုချင်းချီရှေ့ရောက်လျှင် အားလုံးပျောက်ကွယ်ကုန်ကြသည်။ ကုချင်းချီက သူ့ရှေ့တည့်တည့်ရောက်နေပြီဆိုလျှင် ရှဲ့လုယွီက ကောင်းကင်သို့ကြည့်လျှင်ကြည့် ကြမ်းပြင်သို့ကြည့်လျှင်ကြည့်၊ မဟုတ်လျှင် ကုချင်းချီမှလွဲ၍ အခြားနေရာများကိုသာ ကြည့်နေမိလေသည်။ 


ရှဲ့လုယွီက သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်အဝရှိသောကြောင့် အခြားသူများကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ အခြားလူ‌များရှေ့၌လည်း မည်သည့်အခါတွင်မှ ရှိုးတို့ရှန်းတန်းမဖြစ်ဖူးချေ။ သူ့ထက် ကြီးသူဖြစ်စေ ငယ်သူဖြစ်စေ လူတိုင်းနှင့် ရင်းနှီးအောင် ပေါင်းသင်းနိုင်သည်။ 


ထို့ကြောင့် ရှဲ့လုယွီနှင့် ကုချင်းချီတို့က အနည်းငယ် ဆင်တူသည်ဟု ဆိုနိုင်သည်။ ရှဲ့လုယွီကလည်း မည်သူနှင့်တွေ့သည်ဖြစ်စေ ဂရုမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် သူက လူတိုင်းထက် ပို၍ အရိုင်းဆန်နေသောကြောင့် ဖြစ်သည်။ 


တက်သစ်စအချိန်ကဆိုလျှင် ရှဲ့လုယွီလည်း ဒါရိုက်တာများထံမှ မျက်နှာကောင်းရစေရန် မျက်နှာချိုသွေးရသည်များရှိခဲ့သည်သာဖြစ်သည်။ 


ထိုစဉ်က ရှဲ့လုယွီ၌ ဘာဆုမှလည်း မရှိ၊ ရိုက်ထားသောရုပ်ရှင်များကလည်း မယ်မယ်ရရ လက်ဆုပ်လက်ကိုင်ပြစရာမရှိသေးသော်လည်း သူ၏ ချောမောသော မျက်နှာနှင့်ပင် ပွဲဦးထွက်သည်နှင့် တစ်ပြိုင်နက် လူအများ၏ စိတ်ဝင်စားမှုကို ရခဲ့သည်။ ထို့အပြင် ရှဲ့လုယွီ၏ ထိန်းမရသော ဒေါသက လူအများပြောစရာတစ်ခုဖြစ်လာကာ အတင်းအဖျင်းသတင်းများကလည်း ရှဲ့လုယွီကို ဆောင့်ကြွားကြွားနှင့် ဒေါသကြီးသူတစ်ယောက်အဖြစ် ရေးကြသည်။ 


နောက်ပိုင်းတွင် ရှဲ့လုယွီက အလွန်နာမည်ကြီးလာ၍ သူ့ကို မကြိုက်သောဖန်ပရိသတ်များလည်း အလွန်များပြားလာသည်။ နာမည်ကြီးလာသောကြောင့် ဆောင့်ကြွားကြွားနိုင်ခြင်းကို အပြစ်ပြော၍ မရတော့သောကြောင့် ရှဲ့လုယွီကို ခေါင်းမာ၍ တဇွတ်ထိုးလုပ်တတ်ခြင်းအပေါ် ပြောင်း၍ တိုက်ခိုက်ကြသည်။ ရှဲ့လုယွီကြောင့်သာ အတင်းအဖျင်းသတင်းဂျာနယ်များ၌ ရေးစရာရနေခြင်းဖြစ်သည်။ 


ယခုတွင်မူ မွေးတည်းက မည်သူ့ကိုမှ ဂရုမစိုက်ခဲ့သော ရှဲ့လုယွီတစ်‌ယောက် ပထမဆုံးအကြိမ်အဖြစ် စိတ်လှုပ်ရှားကြောက်ရွံ့မှုကို ခံစားနေရတော့သည်။ ဆရာမက အမှတ်ကြေညာတော့မည်ကို စောင့်နေရသည့် ကျောင်းသားတစ်ယောက်ကဲ့သို့ ခံစားနေရသည်။ စာမေးပွဲကျတော့မည်အထင်နှင့် ဘာမှလည်း မပြောရဲ မလုပ်ရဲဖြစ်နေသည့် ကျောင်းသားလေးဖြစ်နေသည်။ 


ဒီလို မဖြစ်သင့်ဘူးလေ...

ရှဲ့လုယွီလည်း သေချာလေးလေးနက်နက်စဉ်းစားပြီး ယခုကဲ့သို့ ခံစားနေရခြင်းကို ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိ၍ လိပ်ပြာမလုံဖြစ်နေသောကြောင့် ဟု သတ်မှတ်လိုက်သည်။ သူ ကုချင်းချီနှင့် ပထမဆုံးအကြိမ်တွေ့စဉ်က ကုချင်းချီ၏ အင်္ကျီမပါသော ခန္ဓာကိုယ်အပေါ်ပိုင်းကို မြင်ခဲ့ကာ ထွက်ပြေးသွားခဲ့မိသောကြောင့် သူ့ကိုယ်သူ စိတ်မသန့်ဖြစ်နေခြင်းဟု ယူဆလိုက်တော့သည်။ 

လိပ်ပြာမလုံဖြစ်နေရတယ်ဆိုတာ ဒါမျိုးကိုး...


ထိုကဲ့သို့ တွေးလိုက်ပြီးသောအခါတွင်မူ ရှဲ့လုယွီ စိတ်အေးသွားတော့သည်။ 


ဧည့်ခန်းထဲသို့ ကုချင်းချီရောက်လာပြီးသောအခါ ပထမဆုံးအကြိမ်အဖြစ် ဧည့်သည်ငါးယောက်လုံး စုံသွားပြီဖြစ်သည်။ 


ထို့နောက် ရိုက်ကူးရေးဝန်ထမ်းက ပထမဆုံးအပိုင်းကို ဆက်သွားရန် ပြင်လိုက်သည်။

"ကောင်းပါပြီ...အခု လူစုံပြီဆိုတော့ ကျွန်တော်တို့ လူတိုင်းရဲ့ လက်ဆွဲသေတ္တာကို စစ်ပါမယ်...ဒီမှာ ပိုက်ဆံ၊ ဘဏ်ကဒ်တွေနဲ့ အပြင်အစားအသောက်တွေကို လုံးဝခွင့်မပြုပါဘူး...တွေ့တာနဲ့ ချက်ချင်းသိမ်းပါမယ်..."


ထိုအ‌ကြောင်းကို ရှိုးမစခင်တည်းက အသိပေးပြီးဖြစ်သောကြောင့် ဧည့်သည်များက ပြင်ဆင်လာကြပြီးသားဖြစ်သည်။


ဟွမ်ဟန်ယွီနှင့် မိန်းကလေးနှစ်ယောက်တို့ကို စစ်ဆေးခြင်းက လျင်မြန်စွာပင် ပြီးသွားသည်။ သူတို့၏ ပစ္စည်းအများစုကလည်း အဝတ်အစားများ၊ အလှပြင်ပစ္စည်းများသာဖြစ်သည်။ ခိုးယူလာကြသော မုန့်ထုပ်များအနည်းငယ် ပါနေသောကြောင့် အသိမ်းခံလိုက်ရသေးသည်။ 


ထို့နောက် ရှဲ့လုယွီက သူ့ခရီးဆောင်သေတ္တာကို ရှေ့သို့ တွန်းလာ၍ ပြောလိုက်သည်။


"ပြီးရင် ငါ့ဟာကို စစ်လိုက်..."


ရှဲ့လုယွီက ခရီးဆောင်သေတ္တာနှစ်လုံးနှင့် အိတ်တစ်လုံးပါလာ၍ အားလုံးကလည်း တော်တော်ကြီးကြသည်။ အခြားဧည့်သည်များနှင့် ယှဉ်လျှင် ရှဲ့လုယွီပါလာသော ပစ္စည်းများက အများဆုံးဖြစ်သည်။ 


ဝန်ထမ်းက ရှဲ့လုယွီတစ်ယောက်တည်း၏ ပစ္စည်းများကိုစစ်ရန် ဆယ်မိနစ်ခန့် အချိန်ယူလိုက်ရသည်။ အထဲတွင်မူ တားမြစ်ထားသောပစ္စည်းဟူ၍ ဘာမှမတွေ့ချေ။ သို့သော် ပြဿနာဖြစ်လာသည်က ထိုအိတ်ထဲပါနေသော လျှိုရှန်းခြင်ဖျန်းဆေးဘူး ဖြစ်နေသည်။ 


[T/N: လျှိုရှန်းခြင်ဆေးဘူးက တရုတ်အိမ်တိုင်းလိုလိုမှာရှိတတ်တဲ့ လက်ဟောင်းခြင်းဘေးဘူးတစ်ခုပါ။]


ထိုခြင်ဆေးဘူးဘေးတွင်က လက်ပတ်နာရီတစ်လုံးဖြစ်သည်။ ထိုလက်ပတ်နာရီကလည်း ပေါ့သေးသေးမဟုတ်ဘဲ ဈေးအလွန်ကြီးသောတံဆိပ်တစ်ခုဖြစ်သည်။


သို့သော် ခြင်ဆေးဘူးကို အိတ်၏ အလယ်၌ သေသေချာချာထည့်ထား၍ ထိုဈေးကြီးသောလက်ပတ်နာရီကမူ ဘေးနား၌ ပစ်စလတ်ခတ် ထည့်ထားပုံအရ ထိုခြင်ဆေးဘူးက ရှဲ့လုယွီအတွက် မည်မျှအရေးကြီးမှန်းသိသာနေသည်။ 


အစိမ်းရောင်ခြင်ဆေးဘူးက အိတ်ထဲ၌ သိသိသာသာ ထင်းထွက်နေသောကြောင့် ကင်မရာရိုက်သူကလည်း အနီးကပ်ဆွဲပြလိုက်သည်။


ရှဲ့လုယွီက ဝင်ပြောလိုက်သည်။

"ခြင်ဆေးသယ်လာလို့မရဘူး လို့ မင်းတို့မပြောထားဘူးလေ...ဒီနေရာက တောင်တွေနဲ့ ဒီလောက်ကပ်နေတာ ခြင်တွေပေါမှာသိလို့ ယူလာတာ..."


ဝန်ထမ်းက ဘူးကို အိတ်ထဲ ပြန်ထည့်လိုက်သည်။

"ယူလို့တော့ရပါတယ်...ဒါပေမယ့် ဒီရှိုးကို လာတဲ့လူတိုင်း ဘယ်သူကမှ ဒီလို ခြင်ဆေးဘူးကြီး မယူလာဖူးလို့..."


ထိုအခါမှပင် ရှဲ့လုယွီလည်း စိတ်အေးသွားတော့သည်။ ရှဲ့လုယွီက ခြင်ကြိုက်ခံရသူတစ်ဦးဖြစ်သည်။ ဘေးမှလူများက အေးအေးဆေးဆေးဖြစ်နေ၍ မည်သည့်ခြင်မှအကိုက်မခံရသော်လည်း ရှဲ့လုယွီကိုမူ ခြင် ၇ ကောင် ၈ ကောင်ခန့်က ကိုက်နေတတ်သူဖြစ်သည်။ 


ရှဲ့လုယွီက ခြင်မကိုက်ခံရစေရန် အခြား နာမည်ကြီး၍ ဈေးလည်းကြီးသော ခြင်ဖျန်းဆေးအမျိုးမျိုး ပြောင်းသုံးခဲ့သော်လည်း နောက်ဆုံးတွင်မူ လျှိုရှန်းဆီသို့သာ ပြန်ရောက်လာခဲ့ရသည်။ ဤလျှိုရှန်းခြင်ဆေးဘူးက သူ့အသက်ကယ်ဆေးဖြစ်သောကြောင့် မည်သည့်နေရာသွားသွား ယူနေရခြင်းဖြစ်သည်။


နောက်ဆုံးက ကုချင်းချီအလှည့်ဖြစ်သည်။ ကုချင်းချီက ဧည့်သည်များထဲတွင် အထုပ်အပိုးအနည်းဆုံးဖြစ်သည်။ သူ၏ တစ်ခုတည်းသော လက်ဆွဲသေတ္တာထဲ၌ အဝတ်အစားအနည်းငယ်သာ ပါလာသည်။ 


ထိုအဝတ်အစားများကိုလည်း ယဲ့လီက စီစဉ်၍ ထည့်ပေးလိုက်ခြင်းဖြစ်သည်။ အားလုံးက ရိုးရှင်းသော်လည်း ခေတ်မီသော ပုံစံများဖြစ်သည်။ ထူးထူးဆန်းဆန်းပုံစံများမပါဘဲ ယခု ကုချင်းချီဝတ်ထားသောပုံစံနှင့် ခပ်ဆင်ဆင်များသာဖြစ်သည်။


စစ်ဆေးခြင်းများပြီးဆုံးသွားသောအခါ ရိုက်ကူးရေးဝန်ထမ်းက ပြောလိုက်သည်။ 

"ပုံမှန်ဆိုရင်တော့ ပထမဆုံးနေ့က ဘာမှမလုပ်ရဘဲ ဧည့်သည်တွေကို အနားယူခိုင်းတဲ့နေ့ပါ...ဒါပေမယ့် ဒီတစ်ခေါက်ကတော့ အရင်ကနဲ့ မတူတော့ဘူး...ပထမဆုံးမစ်ရှစ်ကို ဒီနေ့တည်းက ကျွန်တော်တို့ စကြေညာပါတော့မယ်..."


ဝန်ထမ်းက ကတ်တစ်ကတ်ကို ထုတ်ကာ ခပ်ကျယ်ကျယ်ဖတ်ပြလိုက်သည်။ 

"မစ်ရှစ်ကိုလုပ်ရမယ့်လူကတော့...ကုချင်းချီဖြစ်ပါတယ်..."


"ဒီမစ်ရှစ်က နောက်ကျတဲ့အတွက် အပြစ်ပေး..."


ဝန်ထမ်း၏စကားမဆုံးခင် ဟွမ်ဟန်ယွီက ဝင်ပြောလိုက်သည်။

"ကုချင်းချီနောက်ကျတာက သူ့ကို အပြစ်တင်လို့မရဘူးလေ...လမ်းမှာ မတော်တဆဖြစ်တဲ့ကိစ္စက ဘယ်သူမှတားလို့မှမရဘဲ...အပြစ်ပေးတာကတော့ များပါတယ်..."


ကျိုးယင်းယင်းက မကျေနပ်သည့်အသံလုပ်၍ လက်ပိုက်လိုက်သည်။

"ဒါပေမယ့် သူ နောက်ကျတာက နောက်ကျတာပဲလေ..."


ဝန်ထမ်းက ဒါရိုက်တာနှင့် ရိုက်ကူးရေးအဖွဲ့ရှိသောနေရာသို့ တစ်ချက်လှမ်းကြည့်၍ သူတို့၏ ‌သဘောထားအခြေအနေကြည့်ပြီး ပြန်ပြောလိုက်သည်။


"အခြေအနေက မတော်တဆဖြစ်တာမို့လို့ အပြစ်ဒဏ်ကိုလည်း လွယ်တဲ့ အပြစ်ဒဏ်ပဲ ရွေးထားပါတယ်..."


"မစ်ရှစ်ကတော့ "စတိုင်ပြောင်းမယ်...ပြောင်းမယ်...ပြောင်းကြမယ်..." ပဲဖြစ်ပါတယ်...ဧည့်သည်က သူယူလာတဲ့ အဝတ်အစားတွေကို လုံးဝဝတ်ခွင့်မရှိတော့ပါဘူး...ဒီအပိုင်းမှာ ပရိုဂရမ်ရဲ့ စပွန်ဆာက ပေးထားတဲ့ အဝတ်တွေကိုပဲ ဝတ်ရမှာပါ..."


ထိုဝန်ထမ်းပြောနေဆဲမှာပင် အခြားဝန်ထမ်းတစ်ဦးက လက်ဆွဲ‌သေတ္တာတစ်လုံးဖြင့် အနားရောက်လာသည်။ ထိုသေတ္တာက ကုချင်းချီယူလာသောလက်ဆွဲသေတ္တာထက် ကြီး၍ အမည်းရောင်ပေါ်၌ ကြယ်ပုံစံ လိုဂိုတစ်ခုလည်း ပါသည်။ 


ထိုဘရန်းက ကုမ္ပဏီတစ်ခု၏ လက်အောက်ခံဖြစ်၍ အတော်အသင့်နာမည်ကြီးသည်။ အဓိကအားဖြင့် ခေတ်ပေါ်အဝတ်အစားပုံစံများကို ထုတ်လုပ်တတ်သည်။ ထို့ကြောင့် သူတို့၏ အဝတ်အစားများက ရဲတင်း၍ ခေတ်ရှေ့ပြေးသောပုံများဖြစ်သည်။ Punk ဒီဇိုင်းနှင့် ဖက်ရှင်ဘလော့ဂါများကြားတွင် နာမည်ကြီးသောတံဆိပ်ဖြစ်၍ ထိုတံဆိပ်နှင့် အဝတ်အစားများကို ဝတ်၍ အပြင်ထွက်လျှင် လူကြားထဲ ထင်းထွက်နေမည်မှာ အသေအချာပင်ဖြစ်သည်။


တိုတိုပြောရလျှင် ထိုအဝတ်အစားများမှ ယဲ့လီက ကုချင်းချီအတွက်ပြင်ပေးလိုက်သော အဝတ်အစားများနှင့် မတူသည့်အပြင် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေလေသည်။



🏠🏠đŸ