Chapter 15
Viewers 277

🏠 Chapter 15

ထင်းခုတ်ခြင်း



ကုချင်းချီက အခန်းထဲသို့ ပြန်သွား၍ အိပ်ရာဆီသို့ လျှောက်သွားနေစဉ်တွင် အဝတ်အစားများကို ချွတ်ပစ်လိုက်သည်။ ပထမဆုံး လည်စီးကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် ရှပ်အင်္ကျီ၊ ခါးပတ် နှင့် နောက်ဆုံး ‌ဘောင်းဘီ အားလုံး ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။ 


ထိုအကျင့်က ကုချင်းချီ၏ အကျင့်ဆိုးတစ်ခုဖြစ်သည်။ ထိုအကျင့်ကြောင့် နောက်တစ်နေ့တွင် အမြဲအခက်တွေ့ရသော်လည်း ကုချင်းချီက မပြင်နိုင်ဖြစ်နေသည်။ 


အဝတ်အစားများကို ကြမ်းပြင်ပေါ်သို့ ချွတ်ချလိုက်ရခြင်းက ကုချင်းချီကို လုံးဝ လွတ်လပ်သွားစေသည်။ ပိုးအိမ်ထဲမှ လွတ်မြောက်လာကာ တောင်ပံကို ဖြန့်ကျက်လိုက်ကသော လိပ်ပြာတစ်ကောင်ကဲ့သို့ ခံစားရစေသည်။ 


ထို့နောက် ကုချင်းချီ ခုတင်ပေါ်သို့ လှဲချလိုက်သည်။ 


ဤရိုက်ကွင်းသို့ စရောက်သည့်အချိန်တည်းက ကုချင်းချီ ရှဲ့လုယွီကို မှတ်မိနေခဲ့ခြင်းဖြစ်သည်။ 


မမှတ်မိတာကမှ ထူးဆန်းနေမှာမလား...

ကြော်ငြာဘုတ်များပေါ်မှ ရှဲ့လုယွီ၏ကြော်ငြာများစွာကို ကုချင်းချီ မမြင်ချင်မှအဆုံးဖြစ်သည်။ ရထားများပေါ်၌လည်း ရှဲ့လုယွီ၏ ကြော်ငြာများဖြင့်သာ ပြည့်နေသည်။ 


ဒီကမ္ဘာက တကယ်ကို ထူးဆန်းတာပဲ...


ကြော်ငြာများကို ပြတင်းပေါက်မှ ငေးကြည့်ရင်းဖြင့်သာ မြင်ရနိုင်သည့် လူက ယခုတွင် ရှေ့၌ သက်ရှိထင်ရှား ပေါ်လာနေပြီဖြစ်သည်။


ယခင်က အတွေးဖြင့်သာ ပုံဖော်နိုင်ခဲ့သော ရှဲ့လုယွီက ယခု အကောင်အထည်လိုက် ထင်ရှားစွာ ပေါ်လာပြီဖြစ်သည်။ 


အတိတ်က ကုချင်းချီအတွက် ရှဲ့လုယွီက ဖုန်းထဲမှ နံပါတ်တစ်ခုသာဖြစ်ခဲ့သည်။ ကုချင်းချီခေါ်သမျှ ဖုန်းတိုင်းကို မည်သောအခါမှမကိုင်၊ စာပို့သမျှကိုလည်း ပြန်မဖြေခဲ့သော်လည်း ထိုနံပါတ်က ပျောက်ကွယ်သွားသည်ဟူ၍ မရှိခဲ့ချေ။


ရှဲ့လုယွီက ကုချင်းချီအတွက် အကျဉ်းခန်းတစ်ခုအပြင် မီးပြတိုက်တစ်ခုလည်း ဖြစ်ခဲ့သည်။ 


ကုချင်းချီသာ ခရုတစ်ကောင်ဆိုလျှင် ရှဲ့လုယွီက ကုချင်းချီကို လေးပင်လှသော ဝန်ထုပ်လည်းပေး၍ အကာအကွယ်လည်း အပြည့်အဝပေးသော ခရုခွံတစ်ခု ဖြစ်ပေသည်။


ရှဲ့လုယွီက ကုချင်းချီအတွက် အရေးပါသော လူသားတစ်ယောက်ဖြစ်ခဲ့သည်။


ထို့ကြောင့် ယခု ရှဲ့လုယွီကိုပြန်တွေ့သောအခါ အခြားလူများကို ဆက်ဆံသကဲ့သို့ မည်သည့်ခံစားချက်မှမရှိဘဲ သာမာန်အတိုင်းဆက်ဆံရန်မှာ ကုချင်းချီအတွက် လုံးဝမဖြစ်နိုင်ချေ။ 


အရာအားလုံးကို ချန်ထားခဲ့ပြီး ရှေ့ဆက်သွားရန် ကြိုးစားနေသည့်တိုင်အောင် ယခု ကိုယ်တိုင်ကြုံလာရသောအခါ မလုပ်နိုင်ဖုစ်နေသည်။


ဒါပေမယ့်လည်း အရေးမကြီးပါဘူးလေ...အတိတ်ကနေ အသက်ရှင်လျက် ရုန်းထွက်လာနိုင်ပြီပဲကို...


အခက်ခဲဆုံးနေ့တွေကို ကျော်ဖြတ်လာပြီးပြီလေ...


ကျန်တာတွေက ဘယ်လောက်တောင် ခက်ခဲနိုင်မှာမို့လို့လဲ...


[T/N - ရှုပ်သွားကြမှာစိုးလို့ နည်းနည်းရှင်းပြချင်လို့ပါ၊ လွန်ခဲ့တဲ့ 2နှစ်က ဇာတ်ကြောင်းစဆုံးမပြီးသေးတဲ့အချိန်ဆိုတော့ ရှဲ့လုယွီက ကုချင်းချီကိုသိလည်း သူနဲ့လက်ထပ်ထားတဲ့ အိမ်ထောင်ဖက်အဖြစ်ပဲသိပြီး မျက်နှာကို မသိတာမျိုး ဖြစ်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ အစပိုင်းမှာပါပါတယ် သူ့မူရင်းဇာတ်ကြောင်းမပြီးသေးခင်အချိန်အတောအတွင်း ကုချင်းချီက ဘယ်သူနဲ့ပဲ ခင်ခဲ့ခင်ခဲ့ နောက်ရက်ကျရင် အဲ့လူတွေက သူ့ကိုပြန်မေ့သွားတယ်ဆိုတာ အဲဒါကြောင့်မို့ ရှဲ့လုယွီက သူ့ကိုတွေ့တော့ မျက်နှာကိုမသိတာဖြစ်မယ်၊ ဒါပေမဲ့ ကုချင်းချီကတော့ ရှဲ့လုယွီကို သိနေခဲ့ပါတယ်🥹 ]


...


နောက်တစ်နေ့၌ ရိုက်ကူးရေးအဖွဲ့က မနက်ခင်းစောစောစီးစီးမှာပင် ရိုက်ကူးရေးစတော့သည်။ မနက် ၉ နာရီတွင် ဧည့်သည်များ၏အခန်းတံခါးများကို လိုက်ခေါက်နေကြပြီဖြစ်သည်။


ထမင်းစားခန်းထဲသို့ ရှဲ့လုယွီရောက်လာချိန်တွင် ဟွမ်ဟန်ယွီနှင့် မိန်းကလေးနှစ်ယောက်က ရောက်နေကြပြီဖြစ်သည်။ 


စားပွဲပေါ်၌ မနက်စာပန်းကန် ငါးပွဲရှိနေသည်။ မနက်စာက နို့တစ်ခွက်နှင့် sandwich ပေါင်မုန့်တစ်ခုဖြစ်သည်။ ‌နို့နှင့် ပေါင်မုန့်က စတိုးဆိုင်မှ ဝယ်ထားသော အသင့်စားပုံစံဖြစ်နေ၍ စားချင်စဖွယ်မရှိလှချေ။


သို့သော် ဤအစားအစာမှာ လေးရက်တာရိုက်ကူးရေးအချိန်ကာလအတွင်း အဖွဲ့မှပေးမည့် တစ်ခုတည်းသော အစားအစာဖြစ်သည်။ နောက်ပိုင်းတွင် ပါဝင်ကြသူများက ကိုယ့်အားကိုယ်ကိုးပြီး စားစရာလုပ်ကြရတော့မည်ဖြစ်သည်။ 


ရှဲ့လုယွီကို မြင်သောအခါ ချန်ယွဲ့ရန်၏မျက်လုံးများက တောက်ပသွားကြသည်။ အပြင်၌ ထုတ်မပြသော်လည်း တကယ်တမ်းကမူ ချန်ယွဲ့ရန်က ရှဲ့လုယွီ၏ ပရိသတ်အကြီးစားဖြစ်သည်။ ရှဲ့လုယွီကို နေ့တိုင်း အင်တာနက်ပေါ်၌ စောင့်ကြည့်၍ အားပေးရန် ပိုက်ဆံများစွာ အကုန်အကျခံသော ပရိသတ်မျိုးဖြစ်သည်။ သို့သော် ပိုက်ဆံကို အတိုင်းအတာနှင့် သုံးသည်။ 


ပိုက်ဆံသုံးသော်လည်း ခြေလွန်လက်လွန်မဖြစ်ရခြင်းအကြောင်းက ရှဲ့လုယွီက ယခင်တည်းက သူ့ဘာသာသူ အရည်အသွေးသာမက ဝမ်းစာပါ ပြည့်နေသူဖြစ်သောကြောင့်ဖြစ်သည်။


ရှဲ့လုယွီက သူမ၏ အိုင်ဒေါဖြစ်သောကြောင့် ချန်ယွဲ့ရန်ကလည်း သရုပ်ဆောင်ဖြစ်ရန် ရည်မှန်းချက်တစ်ခုတည်း ထားခဲ့ခြင်းဖြစ်သည်။ 


ယခုလောလောဆယ်၌ သူမ ပိုက်ဆံဖြုန်းနေမိသော အရာက ရှဲ့လုယွီ၏ ရုပ်ရှင်လက်မှတ်ဖိုးများသာ ဖြစ်သည်။ တစ်ခါတစ်ရံ၌ လက်မှတ်ကို အမြန်မဝယ်နိုင်သောကြောင့် ရောင်းကုန်သွားကြသည်ကလည်း အခါခါပင်ဖြစ်သည်။ 


အခြားဘက်မှကြည့်လျှင်လည်း ရှဲ့လုယွီ၏ ပရိသတ်ဖြစ်နေခြင်းမှာ ဘာမှအပြစ်ပြောစရာမရှိချေ။ ချန်ယွဲ့ရန်၏ မိဘများကပင် လိုလိုချင်ချင် အားပေးနေကြခြင်းဖြစ်သည်။


ရှဲ့လုယွီလိုလူမျိုးကို ဘယ်သူက အားမပေးဘဲ နေနိုင်မှာလဲ...


ရှဲ့လုယွီက ထိပ်ဆုံး၌ နတ်ဘုရားတစ်ဆူကဲ့သို့ ရပ်နေသူဖြစ်သည်။ လူတိုင်းက ချစ်ကြောက်ရိုသေရသူဖြစ်သည်။ 


ချန်ယွဲ့ရန်ကမူ ယခုမှ အနုပညာလောကထဲသို့ ဝင်လာကာစ မင်းသမီးဖြစ်သည်။

ဒါပေမယ့် ဒါက ရှဲ့လုယွီလေ...ငါ့ရှေ့ကို ရှဲ့လုယွီအစစ်ကြီးရောက်နေတာလေ...


ချန်ယွဲ့ရန်က အလွန်စိတ်ကျေနပ်သွားကာ သူ့ဘဝကလည်း ချက်ချင်း ပြီးပြည့်စုံသွားသကဲ့သို့ ခံစားလိုက်ရသည်။


ချန်ယွဲ့ရန်က သူ တစ်ကိုက်ကိုက်ပြီးသား ပေါင်မုန့်ကို ပြန်ချပြီး ရှဲ့လုယွီအတွက် ထိုင်ခုံ ဆွဲထုတ်ပေးလိုက်သည်။ တမင်သက်သက်ပင် သူ့ဘေးမှ ထိုင်ခုံကို ဆွဲထုတ်ပေးလိုက်ခြင်းဖြစ်သည်။

" ရှဲ့ကော...လာထိုင်လေ..."


ရှဲ့လုယွီက ရယ်လိုက်သည်။ 

"ဒီလိုတွေ လုပ်မနေပါနဲ့...တော်ကြာ မင်းဦးဆောင်ပြီး ငါ့ကို ကိုးကွယ်ကြတဲ့ ဘာသာရေးဂိုဏ်းကြီးထောင်မိလို့ ငါ ထောင်ထဲရောက်နေဦးမယ်..."


ကျန်နေသောလူများကလည်း ရှဲ့လုယွီစကားကြောင့် ရယ်လိုက်ကြကာ စကားများ ဝင်ပြောလာကြသည်။


ရှဲ့လုယွီရောက်ပြီး မကြာမီမှာပင် ရိုက်ကူးရေးဝန်ထမ်းတစ်ယောက်၏ အံ့ဩတကြီး ပင့်သက်ရှိုက်လိုက်သံကို ကြားလိုက်ရသည်။ 


စကားပြောနေသံများကလည်း ချက်ချင်းတိတ်ဆိတ်သွားကြသည်။ တိတ်ဆိတ်သွားသော အခန်းထဲ၌ ရှဲ့လုယွီက ဖန်ခွက်ကို စားပွဲပေါ်ချလိုက်သံနှင့် ကင်မရာသံများသာ ရှိနေသည်။ 


ထို့နောက် လှေကားပေါ်မှ တစ်စုံတစ်ယောက်ဆင်းလာသံကို ကြားလိုက်ရသည်။ ခြေသံက အလျင်လိုနေသောပုံမပေါက်ဘဲ ခြေကြွသံညီညီဖြင့် အေးအေးဆေးဆေးလျှောက်လာနေပုံရသည်။ ထိုခြေသံကို နားထောင်ရုံနှင့်ပင် ခြေသံပိုင်ရှင်က စိတ်လွတ်လက်လွတ်ဖြင့် လှေကားပေါ်မှ တစ်ထစ်ချင်းနင်းကာ ဆင်းလာနေသည်ကို ပုံဖော်၍ရနေသည်။ 


ရှဲ့လုယွီက ဘာမှပင် သေချာမစဉ်းစားဘဲ ခေါင်းကိုလှည့်ကြည့်လိုက်ရသည်။


ကုချင်းချီက ဆံပင်များကို ယမန်နေ့ကကဲ့သို့ပင် စုစည်းထားသည်။ 


အဝတ်အစားက လည်ပင်းညှပ်ရိုး၊ ပခုံးများနှင့် လည်ပင်းကို ပေါ်လွင်စေနေသော အမည်းရောင်တီရှပ်လက်ပြတ် ခပ်ပွပွကို ဝတ်ထားသည်။ တီရှပ်၏အရှေ့၌ အဖြူရောင်အရိုးခေါင်းပုံရှိ၍ ဘေးနှစ်ဖက်၌လည်း ကွဲကြောင်းများရှိနေသောကြောင့် အထဲက ဖြူဖွေးသောအသားအရေကို ရိုးတိုးရိပ်တိတ်မြင်နေရသည်။ 


ဘောင်းဘီများကလည်း အမည်းရောင်ပင်ဖြစ်သည်။ ဘောင်းဘီများက ကုချင်းချီ၏ ရှည်သွယ်‌ဖြောင့်စင်းသော ခြေသလုံးများနေရာ၌ ခပ်ကျပ်ကျပ်ဖြစ်နေကြသော်လည်း ပေါင်နေရာတွင်မူ အနည်းငယ် ပွသွားကြသည်။ ခါးပတ်နားတွင်မူ သံနှင့် လုပ်ထားသော အဆင်တန်ဆာများစွာ ရှိနေသည်။ ထိုအဆင်တန်ဆာများကို ဖယ်လိုက်လျှင်ပင်မှ ချိန်းကြိုး နှစ်ကြိုး သုံးကြိုးက ကျန်နေဦးမည်ဖြစ်သည်။ ထိုဘောင်းဘီနှင့်အတူ ခြေကျင်းဝတ်အထိမြင့်သော ဖိနပ်ကို ဝတ်ထားသည်။ 


ထိုအဝတ်အစားများနှင့် အဆင်တန်ဆာများအားလုံးက စပွန်ဆာကုမ္ပဏီမှ ဆင်ပေးထားခြင်းဖြစ်သည်။


ကုချင်းချီ၏ လည်တိုင်၌လည်း ကြိုးကို ယက်ထားသော ဆွဲကြိုးတစ်ခုကို ဆွဲထားသည်။ ထိုကြိုးထဲ၌ မိစ္ဆာမျက်လုံးကဲ့သို့ တောက်ပနေသော အညိုရောင်ကျောက်မျက်တစ်ခုကို ထည့်ထားသည်။ 


ကုချင်းချီက လက်နှစ်ဖက်လုံးကို ဘောင်းဘီအိတ်ထဲသို့ ထည့်၍ ‌လှေကားကို ငုံ့ကြည့်ရင်း ဖြည်းဖြည်းချင်း ဆင်းလာသည်။ ဆွဲချည်ထားရာမှ မမိသော ဆံပင်အချို့က နားရွက်နား၌ အနည်းငယ် လှုပ်ခါနေကြသည်။ 


ထမင်းစားခန်းထဲသို့ ကုချင်းချီ ဝင်လာသောအခါ သူ့အင်္ကျီနောက်ဘက်၌လည်း အပေါက်တစ်ပေါက်ပါနေသည်ကို ရှဲ့လုယွီ သတိထားမိလိုက်သည်။ ကုချင်းချီလှုပ်လိုက်လျှင် အနောက်မှ ပခုံးကြွက်သားများကို အနည်းငယ်မြင်နေရသည်။ အင်္ကျီအောက်ဘက်ကလည်း အပေါ်တက်နေသောကြောင့် ကုချင်းချီ၏ ကျောပြင်တစ်ခုလုံးနီးပါးက ပေါ်နေကာ အလွန်ပင် ဖြူဖွေးလှပနေသည်။ 


ယ‌မန်နေ့က ကုချင်းချီက ညဘက်မှသာ ပန်းခြံထဲ၌ တိတ်တဆိတ်ပွင့်လန်း၍ သူ၏နွေးထွေးမှုကို အမှောင်ထဲတွင် ဖုံးကွယ်ထားသော နှင်းဆီပန်းတစ်ပွင့်နှင့် တူနေခဲ့သည်။ ထိုအမှောင်ထဲမှ နှင်းဆီကဲ့သို့ လူများသတိမထားမိစေရန် သိုသိပ်စွာနေနေသော်လည်း ကြည့်မိလိုက်သည်နှင့်တစ်ပြိုင်နက် အကြည့်လွှဲ၍မရဖြစ်သွားခဲ့ရသည်။


ယနေ့တွင်မူ ကုချင်းချီက အခန်းထဲသို့ ဝင်ဝင်လာချင်းပင် လူအများ၏ အာရုံစူးစိုက်မှုကို ချက်ချင်းဖမ်းစားလိုက်နိုင်သော နေရောင်အောက်မှ တလက်လက်တောက်ပနေသော စိန်တစ်ပွင့်နှင့်တူနေသည်။ 


လူတိုင်းက ကုချင်းချီကို အံ့ဩမင်သက်စွာ ငေးကြည့်နေကြသော်လည်း မည်သူကမှ တိုက်ရိုက် အနားမကပ်ရဲဖြစ်နေကြသည်။ ကုချင်းချီ၏ ချောမောလှပမှုက ဓားသွားတစ်ခုနှင့်တူနေသည်။ မြင်ရသူများက ခေါင်းများ ငုံ့ပြီး သူ့အလှအပအောက်သို့ လျှိုဝင်ရုံမှလွဲ၍ အခြား ဘာမှမလုပ်နိုင်ကြတော့ချေ။ 


အခြားလူများက ထိုကဲ့သို့ ဖြစ်နေကြသော်လည်း ကုချင်းချီကိုယ်တိုင်ကမူ သူ့ကိုယ်သူ ဤမျှချောမောနေသည်ကို သတိမထားမိသည့်ပုံနှင့် အေးအေးဆေးဆေးသာဖြစ်နေသည်။ 


ကုချင်းချီက ထိုင်ရန် ခုံကို ဆွဲထုတ်လိုက်သောအခါ ခုံနှင့် ကြမ်းပြင်ပွတ်တိုက်သံက တိတ်ဆိတ်မှုကို ဖြိုခွဲသွားသည်။


ထိုအခါမှသာ လူတိုင်းက ရုတ်တရက် နိုးသွားပုံနှင့် အချိန်ထဲ၌ ရပ်တန့်ပိတ်မိနေရာမှ လွတ်သွားကြကာ သူတို့ လုပ်နေကြသည်များကို ဆက်လုပ်ကုန်ကြသည်။ 


ထို့နောက်တွင် တစ်ဖွဲ့လုံးက မနက်စာကို တိတ်ဆိတ်စွာ စားနေကြတော့သည်။


ကုချင်းချီက ပေါင်မုန့်ကို သေချာမစားသော်လည်း နို့ကိုမူ အကုန်သောက်လိုက်သည်။


ချန်ယွဲ့ရန်က တိတ်ဆိတ်မှုကို ပထမဆုံးဖြိုခွဲလိုက်သည်။ သူ့မျက်နှာကရဲသွားပြီး လက်တစ်ဖက်ကို လက်သီးသေးသေးလေးဆုပ်လိုက်သည်။


ချန်ယွဲ့ရန်က တစ်ချိန်လုံး ရင်ထဲမှ တိတ်တဆိတ်အော်နေမိခြင်းဖြစ်သည်။ သူမ ယမန်နေ့က တစ်နေ့လုံး ကုချင်းချီနှင့် ရှဲ့လုယွီ၏ပုံများကို ခိုးရိုက်နေခဲ့ခြင်းဖြစ်သည်။ ထို့နောက် ခဏတာ ခက်ခက်ခဲခဲစဉ်းစားပြီးသောအခါ နှစ်ယောက်လုံး၏ ပုံများကို ညီတူညီမျှရိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ 


သို့သော် သူမ၏ အိုင်ဒေါက အိုင်ဒေါသာဖြစ်သည်။ ချန်ယွဲ့ရန်၏ အဖေ၊ အမေနှင့် အခြားမိသားစုဝင်များကပင် ရှဲ့လုယွီ၏ လက်မှတ်ကို တောင်းပေးရန် ပြောထားကြခြင်းဖြစ်ငည်။


သို့သော် ယနေ့တွင်မူ ချန်ယွဲ့ရန်၏ နှလုံးသားက အခြားတစ်ယောက်ထံသို့ လုံးလုံးလျားလျားပါသွားတော့သည်။ 


ရှေ့မှ ပြောင်နေပြီဖြစ်သော ပန်းကန်ကို ကြည့်ရင်း ချန်ယွဲ့ရန်က သူမ၏အိုင်ဒေါကို ရင်ထဲမှ တိတ်တဆိတ်တောင်းပန်လိုက်သည်။

တောင်းပန်ပါတယ် ရှဲ့ကော...ကျွန်မ တခြားတစ်ယောက်ကိုပဲ ပြောင်းကြိုက်တော့မယ်...


ထို့နောက် နေကြာပန်းကဲ့သို့ တောက်ပစွာ ပြုံးပြီး ကုချင်းချီဘက်သို့ လှည့်လိုက်တော့သည်။ 


ချန်ယွဲ့ရန်က အနည်းငယ် စိတ်လှုပ်ရှားနေ၍ သူမမျက်နှာ၌လည်း သူမ ဘာသာပင် သတိမထားမိသော စိုးရိမ်မှုများ အနည်းငယ်ပေါ်နေသည်။


ချန်ယွဲ့ရန်က ယခင်တည်းက သဘောကောင်းသူဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ ပေါင်းရသင်းရလွယ်ပုံပေါက်၍ ပျော်ပျော်နေတတ်သူလည်းဖြစ်သည်။ ထို့ကြောင့် ချန်ယွဲ့ရန်၌ သူငယ်ချင်းများစွာရှိသည်။ လူတစ်ယောက်ကို သူငယ်ချင်းဖွဲ့ရန် သေချာကြိုးစားရသည်မှာ ဤတစ်ခေါက်က ပထမဆုံးဖြစ်သည်။ 


"ကျွန်မ ရှင့်ကို ရှောင်ချီလို့ခေါ်လို့ရလားဟင်..."

ထို့နောက် ဆက်ပြောလိုက်သည်။

"ကျွန်မကိုလည်း ရှောင်ရန် ဒါမှမဟုတ် ရှောင်ယွဲ့လို့ခေါ်လို့ရတယ်နော်...ရှောင်ချန်လို့ခေါ်လည်းရတယ်...ဒါပေမယ့် ရှောင်ချန်ကျတော့ နည်းနည်း သူစိမ်းဆန်လားလို့လေ....ရှောင်ရန်လို့ခေါ်တာတော့ အကြိုက်ဆုံးပဲ..."


ကုချင်းချီက ဘာမှပြန်မပြောရသေးခင်မှာပင် ရှဲ့လုယွီက ချန်ယွဲ့ရန်ကို အင်္ကျီကော်လံမှဆွဲ၍ အဝေးသို့ ဆွဲခေါ်သွားသည်။


"ဘာကို သူစိမ်းဆန်တယ်တွေပြောနေတာလဲ...မင်းတို့က အခုမှစတွေ့တာကို နည်းနည်း စိမ်းနေတာ သာမာန်ပဲ မဟုတ်ဘူးလား...ပြီးတော့ ငါတို့က နောက်တစ်ပတ်လောက် တူတူရိုက်ကူးရေးလုပ်နေရမှာ...သူ့နားအရမ်းမကပ်နဲ့...ကောလဟာလတွေ ထွက်အောင်မလုပ်နဲ့...မင်း အိမ်ပြန်ရောက်ရင် မင်းအမေ ဆူမှာ မကြောက်ဘူးလား..."


ချန်ယွဲ့ရန်က ယမန်နေ့ကမူ သူမ၏ သရုပ်ကို မပျက်စေဘဲ အလွန်ယဉ်ကျေးသိမ်မွေ့၍ တိတ်ဆိတ်သော ‌မိန်းကလေးအဖြစ် နေနေခဲ့သော်လည်း ယနေ့၌ သူ့ဗီဇလေးများက အနည်းငယ် ပေါ်လာကြသည်။ 


ရှဲ့လုယွီက နောက်နေမှန်းသိသောကြောင့် ချန်ယွဲ့ရန်ကလည်း အားကျမခံ ရှဲ့လုယွီလက်ထဲမှ ရုန်းထွက်လိုက်သည်။ 


"ရှောင်ချီနဲ့ ကောလဟလထွက်ရင်လည်း ကျွန်မ နာမည်ကြီးသွားဖို့ပဲရှိမှာပေါ့...သူ့လိုလူမျိုးနဲ့တွဲရရင် အမေက ဆူမှာတောင်မဟုတ်ဘူး...သူ့လိုလူမျိုးကို ရအောင်ယူနိုင်လို့ ဖက်ထုပ်တွေတောင် လုပ်ကျွေးနေဦးမှာ...အသားဖက်ထုပ်..."


ချန်ယွဲ့ရန်က ပြောရင်း လေထဲ၌ လက်များကို ဝှေ့ရမ်းလိုက်သည်။ 

"ကျွန်မကို မတားနဲ့...သူက လူအစစ်လား နတ်သားလား သေချာသိရအောင် လက်လေးကို ကိုင်ကြည့်မှဖြစ်မယ်...'


ထို့နောက် လေထဲ၌ ဝှေ့ရမ်းနေသော လက်က သွယ်လျသော လက်ချောင်းများကို ဆုပ်ကိုင်လိုက်သည်။


ကုချင်းချီက လက်တစ်ဖက်ဖြင့် မေးထောက်ထား၍ နောက်တစ်ဖက်က ချန်ယွဲ့ရန် လှမ်းကိုင်လိုက်သောကြောင့် အနည်းငယ် ယိုင်သွားသည်။


ထို့နောက် ခေါင်းကို အနည်းငယ်စောင်းကာ ချန်ယွဲ့ရန်ကို လှည့်‌ကြည့်လိုက်သည်။ ကုချင်းချီ၏ မျက်လုံးများနှင့် မျက်ခုံးများက အနည်းငယ်ကွေးနေကြ၍ ပြုံးယောင်သမ်းနေပြီး ခဏအကြာတွင် ချန်ယွဲ့ရန်လက်ထဲမှ သူ့လက်ကို ပြန်ဆွဲယူလိုက်သည်။ 


ချန်ယွဲ့ရန်လည်း ဆွံ့အသွား၍ သူ့လက်ကိုယ်သူ ပြန်ကြည့်လိုက်သည်။


ထို့နောက် ထိုနေရာ၌ပင် ငိုချမိတော့မတတ်ဖြစ်သွားသည်။

အူးဝူး...သူက ဘာဖြစ်လို့ ဒီလောက်တောင်ချောနေရတာလဲ...အမေရေ...သမီးလက်ထပ်ချင်တဲ့လူကို ရှာတွေ့ပြီ...


သူတို့ အချင်းချင်း စနောက်ပြီးသွားကြသောအခါ ရိုက်ကူးရေးဝန်ထမ်းတစ်ယောက်က မစ်ရှစ်များပေးရန် ရောက်လာငည်။


စားပွဲပေါ်၌ စုစုပေါင်း ကတ်လေးကတ် ရှိနေသည်။


ဝန်ထမ်းက ထိုကတ်များကို တစ်ခုပြီးတစ်ခု လှန်ပြလိုက်သည်။ 


"ပထမဆုံးမစ်ရှစ်က ထင်းခုတ်ဖို့...ဒီမစ်ရှစ်က လူတစ်‌ယောက်လိုတယ်...ဒုတိယမစ်ရှစ်က ဟင်းသီးဟင်းရွက်ခြံကို ရေလောင်းဖို့...ဒါလည်း လူတစ်ယောက်လိုပါတယ်...ဒုတိယမစ်ရှင်က ဧည့်ခန်းနဲ့ ထမင်းစားခန်းကို သန့်ရှင်းရေးလုပ်ဖို့...ဒါလည်း လူတစ်‌ယောက်လိုတယ်..."


‌"နောက်ဆုံးမစ်ရှစ်က နေ့လယ်စာနဲ့ ညစာအပါအဝင် ထမင်းဟင်းချက်ဖို့ပါ...ဒီဟာက လူ ၂ ယောက်လိုပါတယ်..."


ကျိုးယင်းယင်းက ဟင်းချက်မစ်ရှစ်ကတ်ကို ဦးစွာလှမ်းယူပြီး ပြုံးလိုက်သည်။

"ကျွန်မတို့က မိန်းကလေးတွေဆိုတော့ ထင်းခုတ်တာတို့ ရေလောင်းတာတို့တော့ မလုပ်တော့ဘူးလေ...ဒါပေမယ့် ဟင်းတော့ချက်ပေးပါမယ်..."


ကျိုးယင်းယင်း၏စကားကို မည်သူကမှ မကန့်ကွက်ကြချေ။ ဟင်းချက်ခြင်းနှင့် သန့်ရှင်းရေးအလုပ်များကလည်း လွယ်ကူသောအလုပ်များဖြစ်ကြသည်။


ထို့နောက် နောက်ထပ်ရွေးရမည့်လူက ရှဲ့လုယွီဖြစ်သော်လည်း သူက ကုချင်းချီနှင့် ဟွမ်ဟန်ယွီတို့ဘက်သို့ လက်ထိုးပြလိုက်ကာ သူတို့ကို အရင်ရွေးခိုင်းလိုက်သည်။


ဟွမ်ဟန်ယွီက ဟင်းသီးဟင်းရွက်ခြံရေလောင်းသည့်အလုပ်ကို ရွေးလိုက်သည်။

"ဒါက ပျော်ဖို့ကောင်းမယ်ထင်တာပဲ...ချင်းချီ...မင်းရော ဘာရွေးမှာလဲ..."


ကုချင်းချီက ဘာမှမပြောဘဲ ထင်းခုတ်သည့်ကတ်ကို ရွေးလိုက်သည်။ 


ရှဲ့လုယွီမျက်လုံးပြူးသွားသည်။

ဒီကောင်လေးက ငါ့ကို ခေါင်းကိုက်စရာတွေ ပေးနေတာပဲ...


ရှဲ့လုယွီက ကုချင်းချီကို သန့်ရှင်းရေးအလုပ်ပေးရန် ကြံနေခြင်းဖြစ်သည်။

အဲဒါက လွယ်တယ်လေ...


သို့သော် ကုချင်းချီက ထင်းခုတ်သောကတ်ကို ရွေးလိုက်ပြီဖြစ်လေသည်။



🏠🏠đŸ