Chapter 16
Viewers 262

🏠 Chapter 16

ကြောင်ကလေး



ရိုးရိုးသားသား ဆိုရလျှင် ကုချင်းချီ အိမ်အလုပ် လုပ်ရသည်ကို မုန်းလေသည်။ သို့သော်လည်း သူက ပစ္စည်းများစွာကို ပိုင်ဆိုင်ထားခြင်း မရှိသည့်အပြင် သူ့ဆီမှာ ရှိသည့် ပစ္စည်းများသည်လည်း အတော်အတန် ရှင်းလင်းရလွယ်ကူသည်။ သို့ဖြစ်၍ သူ၏အားနည်းသော ဤအချက်မှာ သိပ်မသိသာလှချေ။


များမကြာမီ၌ အဖွဲ့သားတစ်ဦး ပြင်ဆင်ပေးလာသော

ပစ္စည်းကိရိယာများဖြစ်‌‌သည့် မျက်နှာသုတ်ပုဝါအဖြူ‌နှင့် သစ်သားလက်ကိုင်ဖြင့် ပုဆိန်တစ်လက်ကို သူရရှိလိုက်သည်။


သူ ထင်းသွားခုတ်ရမည့် နေရာမှာ ခြံဝင်းတစ်ခုထဲ၌ဖြစ်သည်။ အလယ်၌ ကြီးမားသောသစ်သားငုတ်တိုတစ်ခုက မတ်မတ်ရပ်နေခဲ့သည်။ ၎င်းကို

ကြည့်ရသည်မှာ ထိုနေရာ၌ နှစ်များစွာကြာအောင်

ရှိနေခဲ့ပုံရ၏။


ဘေးမှာ သစ်သားအပုံလိုက် ရှိနေတာပဲ...


ကုချင်းချီ သူ့လည်ပင်းတစ်ဝိုက်မှ မျက်နှာသုတ်ပုဝါကို တွဲလောင်းချိတ်လိုက်ပြီး သစ်ငုတ်တိုပေါ်မှ သစ်သားအပိုင်းဆီ နေရာယူလိုက်သည်။ ထို့နောက် သစ်ငုတ်တို၏ အဖျားနားကို ခြေတစ်ဖက်တည်းဖြင့် နင်းချ၍ ကိုင်းညွှတ်လိုက်ကာ မြေပြင်ပေါ်စိုက်ကျသွားသည်အား ကြည့်နေသည်။


သူက ကြောင်ကြောင်ကျားကျားပုံစံ ဝတ်စားထားသော်လည်း သူ့လက်ထဲ၌ ပုဆိန်တစ်လက်နှင့် သူ့လည်ပင်း၌ ပုဝါတစ်ထည်က ရှိနေသည်။


သို့တိုင်အောင် အပေါ်ယံအဝတ်စားအပေါ် သက်ရောက်မှုများက ဆိုးရွားမနေချေ။ ၎င်းမှာ ထူးဆန်းလှသည့် အဆက်စပ်မျိုးပင်ဖြစ်၍ နေ‌လေသည်။


ကုချင်းချီ သစ်လုံးကို ကြည့်နေခြင်းက အချိန်တစ်ခုရှိပြီ ဖြစ်ပြီး အလွန်လေးနက်နေပုံရသည်။ နောက်ဆုံး၌ သူကပုဆိန်ကို မြှောက်လိုက်ပြီး သူ၏ ခါးနှင့် လက်မောင်း‌များကို ဖြောင့်ဖြောင့်ထားကာ ၎င်းကို လွှဲခုတ်လိုက်သည်။


သူ ခါးကို လှုပ်လိုက်တိုင်း သူ၏ ဘောင်းဘီပေါ်မှ

သတ္တုအဆောင်ယောင်များအား တကြွပ်ကြွပ်တချွင်ချွင်မြည်အောင် ပြုလုပ်နေမိသည်။


မမျှော်လင့်ထားစွာပင် မည်သည့်အခက်အခဲ ပြဿနာမှ

မဖြစ်လာခဲ့ချေ။ ထင်းချောင်းက ချောမွေ့စွာတစ်ဝက်ပိုင်းပြတ်သွားသည်။


ကုချင်းချီ သစ်ငုတ်တိုပေါ် တက်နင်းကာ သူ့နံဘေးမှ

ထင်းချောင်းအပုံလိုက်ကို နက်နက်နဲနဲငေးစိုက်ကြည့်လိုက်သည်။


ကိစ္စများမှာ ကုချင်းချီအတွက် ချောမွေ့နေလေသည်။ တူညီစွာပင် ဟွမ်ဟန်ယွီ၏ မစ်ရှင်သည်လည်း မည်သည့်အခက်အခဲမှ မရှိဘဲ အခြေအနေတိုးတက်နေသည်။ အမှန်တွင် ဤမစ်ရှင်က အလွန်လွယ်ကူလွန်းသည့်အတွက် အခြားဧည့်သည်များ သိရှိပါက သူ့ကိုပင် မနာလိုဖြစ်စေနိုင်သည်။


ပရိုဂရမ်အဖွဲ့က သူ့အတွက် ပြင်ဆင်ထားသည့်ကိရိယာက ရေပုံးတစ်ခုသာဖြစ်သည်။ 

ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ငါ့ကို တခြားဘာကန့်သတ်ချက်မှ မပေးလာဘူးလေ...ဒါကြောင့် ငါ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်...


ဟွမ်ဟန်ယွီက အိမ်နီးချင်းတစ်ယောက်က အပင်များကို ‌ပိုက်ဖြင့် ရေလောင်းနေသည်အားတွေ့သွားသည့်အတွက် ရေသွားသယ်ရန် သွားလိုက်သည်။ သူက သူ့ရေပုံးကိုကိုင်ထားပြီး အိမ်နီးချင်းမှ အပင်များကို ရေ‌လောင်းနေသည်အား ကြောင်တောင်တောင်လေး ကြည့်နေခဲ့ရလေသည်။

ဘေးခြံက ဦးလေးကြီးက သူ့ကိုမြင်သွားပြီး သူ စောင့်ရှောက်ရန် တာဝန်ကျသည့် အသီးအရွက်ခြံကို ဖျတ်ခနဲကြည့်လာသည်။


"ငတုံးလေး ဘာတွေလုပ်နေတာလဲကွ... အဲဒါ ဘာမှမကောင်းဘူး...မင်းဘယ်လိုလုပ် အချိန်တွေကုန်အောင်လုပ်နေရတာလဲ...မင်းကိုယ်မင်း ‌‌သေတဲ့ထိ ပင်ပန်းအောင်လုပ်နေတာပဲကွ.. ဒီကိုလာ..ဒီကိုလာ ဦးလေးကပဲ မင်းကို ရေပိုက်ပေးလိုက်တော့မယ်..."


ထို့ကြောင့် ဟွမ်ဟန်ယွီက သူ့ရေပုံးကို ပျော်ရွှင်စွာ

ပစ်ချလိုက်ပြီး ဘေးအိမ်ကိုသွားကာ ရေပိုက်တစ်ခုကို ငှားရမ်းခဲ့လေသည်။ သို့နှင့် သူက စိုက်ခင်း၏

အစွန်အဖျား၌ ထိုင်လျက် သူ၏တစ်ခုတည်းသော တာဝန်မှာ မြေကြီးပေါ်ကို တပွက်ပွက်ထနေမည့်ရေများ စီးဆင်းသွားမည်ကို စောင့်ကြည့်နေရသည်သာဖြစ်သည်။


တစ်ဖက်တွင်မူ ရှဲ့လုယွီက ကိရိယာများ သိုလှောင်ထားသည့် အခန်းထဲမှ ကြိုက်ရာရွေးယူနေသည်။ သူ အပြင်ထွက်လာ‌သောအခါ အေပရွန်အဖြူ၊ သူ၏နှာခေါင်းနှင့် ပါးစပ်ကိုဖုံးကာရန် လည်စည်း နှင့် လက်အစွပ်များ အပြည့်စုံဖြင့် ထွက်လာခဲ့သည်။


သူက အရမ်းကျွမ်းကျင်ပုံရတယ်...


သူ၏ လှုပ်ရှား‌မှုများကလည်း အလွန်ကို ကျွမ်းကျင် ပိုင်နိုင်ပုံရနေသည်။ သူ့အားမြင်လိုက်သည့် မည်သူမဆို "အာ...ဒီတစ်ယောက်က သန့်ရှင်းရေးမှာတကယ်တော်တဲ့သူပဲ" 

ဟူ၍ တွေးကြလိမ့်မည်။


မည်သို့ဖြစ်စေ တကယ့်လက်တွေ့၌ သူ ကြမ်းတိုက်ခဲ့သော ကြမ်းပြင်က ယခင်ကထက် ပို၍ပင် ညစ်ပတ်လာ၏။ သူက ရေမထည့်မီ ကြမ်းပြင်ကို မလှည်းကျင်းခဲ့‌သောကြောင့် ယင်းက ရွှံ့ဗွက်များပင် စဖြစ်လာခဲ့ပြီး ထိုအရာကို ယခုချိန်ပြန်ပြင်ရန်လည်း အလွန်နောက်ကျသွားပြီ ဖြစ်သည်။


ရှဲ့လုယွီ နောက်လှည့်ကြည့်ပြီး သူလုပ်ထားသည့် အရှုပ်များကို မြင်လိုက်ရသည့်အခါ တောင့်ခဲသွားသည်။


သူ၏ ကိုယ်ဟန်အနေထားနှင့် စိတ်နေစိတ်ထားကြောင့်သာလျှင် ကျွမ်းကျင်ပုံမြင်ရခြင်းဖြစ်သည်။


အဆုံး၌ ဟန်ဆောင်တုပခြင်းက သရုပ်ဆောင်များ၏

အတော်ဆုံးအရာပင်ဖြစ်သည်။ သို့သော်ငြား သူ၏

အတွေ့အကြုံမရှိမှုကို တစ်ယောက်တည်းသရုပ်ဆောင်နေခြင်းအားဖြင့် အနိုင်မယူလိုက်နိုင်ချေ။


မီးဖိုချောင်အတွင်း၌ ချန်ယွဲ့ရန် နှင့် ကျိုးယင်းယင်းတို့က မီးဖိုအား မြင်လိုက်ရပြီးနောက်မှာ သူမတို့အချင်းချင်း တုန်လှုပ်စွာ ကြည့်လိုက်မိကြသည်။ ၎င်းက မီး‌မွှေးရန် လိုအပ်သော မီးဖိုအမျိုးအစား ဖြစ်နေလေသည်။


၎င်း၏ နံဘေးက ရေခဲသေတ္တာထဲ၌လည်း အသင့်မပြင်ရသေးသော ဟင်းသီးဟင်းရွက်များနှင့် ပြည့်နေသည်။ သူတို့ ခြေထောက်အောက်နားတွင်လည်း ဆန်တစ်အိတ်ရှိလေ၏။


ပုလင်းနှင့်ဖန်ဘူးများ အမျိုးစုံကိုလည်း ကောင်တာပေါ်၌ အသီးသီး ဖြန့်ခင်းထားသေးသည်။ သူမတို့

ဆားကို ရှာရန်ကြိုးစားခဲ့ကြသော်လည်း ရှာရသည်မှာတစ်သက်စာမျှပင် ခံစားလိုက်ကြရသည့်အတွက် နောက်ဆုံးတွင် သူမတို့ လက်လျှော့လိုက်ကြရသည်။


ကျိုးယင်းယင်း နဂိုက တွေးထင်ထားသည်မှာ သူမချက်ပြုတ်နိုင်လောက်မည်ဟူ၍ပင်။ သူမက အားလပ်ချိန်အချို့ ရှိတိုင်း တစ်ခါတစ်ရံ စွပ်ပြုတ်နှင့် ကြက်ရင်ပုံသားအချို့ကို ချက်ပြုတ်လေ့ရှိခဲ့သည်ပင်။

အဲဒါတွေက ဘာမှထူးထူးခြားခြား မဟုတ်ပေမယ့် စားလို့တော့ကောင်းခဲ့ပါတယ်...


သို့သော် ယခု‌၌ သူမက ချက်ပြုတ်ရာတွင် သေချာပေါက် မကောင်းခဲ့ခြင်းလည်း ဖြစ်နိုင်‌‌ပေသည်။


ကျိုးယင်းယင်း ၎င်းကို အချိန်အတော်ကြာ တွေးကြည့်ပြီးနောက် သူမ၏ မျှော်လင့်ချက်များကို ချန်ယွဲ့ရန် အပေါ်သာ ပုံ‌ပေးလိုက်သည်။


အစောပိုင်းတွင် ချန်ယွဲ့ရန် သူမကိုယ်သူမ အာမခံကာ သူမက ဟင်းပွဲတော်တော်များများကို မည်သို့ချက်ရမည်အား သိကြောင်း ပြောနေခဲ့သည်ပင်။


ကျိုးယင်းယင်းက ချန်ယွဲ့ရန်အပေါ် ငွေရောင်မျှော်လင့်ချက်များနှင့် ပြောင်းထားလိုက်ပြီး သူမ၏ အနီရောင်နှုတ်ခမ်းများကို အားစိုက်ပြုံးစေလိုက်သည်။

"အာ...အမှန်တော့ ငါက အဲ့လောက်ချက်ပြုတ်တာမတော်ဘူးနော်...ငါ နင့်အပေါ်ပဲမျှော်လင့်ရတော့မယ် ရှောင်ရန်... ငါ နင့်ရဲ့လက်ထောက်စားဖိုမှူးလုပ်ပေးပါ့မယ်..."


ချန်ယွဲ့ရန် အချိန်ခဏခန့် ချင့်ချိန်နေလိုက်သည်။

"ကျွန်မက ဟင်းပွဲနည်းနည်းတော့ လုပ်နိုင်ပါတယ်..ဖက်ထုပ်၊ ဘန်းမုန့်ပေါင်း၊ ခေါက်ဆွဲ၊ ထျန်ယွမ်၊ ဟမ်းဘက်အမဲသားကင် နဲ့ ကြက်ဥမွှေကြော်တို့လိုမျိုးလေ..."


သူမက ရေခဲသေတ္တာထဲကို ကြည့်ပြီး ရိုးသားစွာ

ဆိုလာသည်။

"ရေခဲသေတ္တာထဲမှာ ကျွန်မ ဘယ်လိုချက်ရမလဲ သိတဲ့ဟာတွေလည်း မရှိသလိုပဲ..."


ချန်ယွဲ့ရန် သူမခေါင်းကို လှည့်လိုက်ပြီး ကျိုးယင်းယင်း ကိုကြည့်လိုက်သည်။ ၎င်းက ကျိုးယင်းယင်း၏ ယုံကြည်မှုကို အားပြင်းပြင်း ရိုက်ချက်တစ်ခုနှင့် အရိုက်ခံလိုက်ရသကဲ့သို့ပင်။ သူမမျက်နှာပေါ်ရှိ အရောင်များအားလုံးကိုပင် ဆုံးရှုံးသွားခါနီးထိ ဖြစ်‌သွားသည်။


"ပြီးတော့ ကျွန်မ မီးဘယ်လို‌မွှေးရမလဲလည်း မသိဘူး..."


ကျိုးယင်းယင်း သူမအပြုံးကို ထိန်းထားနိုင်ရုံမျှသာရှိ‌လေသည်။


ချန်ယွဲ့ရန်က ယခုအချိန်ထိ အလွန်အကောင်းမြင်နေဆဲပင်။

"ဒါမယ့် သင်လိုက်လို့ရပါတယ်...ဟင်းချက်နည်းအမျိုးမျိုးက အဲ့လောက်လည်း မကွဲပြားလောက်ပါဘူး...ဘယ်လို ပြုတ် နှပ် ပြီးကြော်ရမလဲဆိုတာ သိရင်ရလောက်ပါတယ်..."


ကျိုးယင်းယင်းက အပြုံးတုလေးဖြင့် အနည်းငယ်ပြုံးလိုက်ပြီး အင်တင်တင်ဖြင့် ပြောလာသည်။

"ဒါဆိုလည်း ငါ နင့်အတွက် မီး‌မွှေးပေးမယ်လေ..."


×××××


မွန်းတည့်ချိန်၌


ကုချင်းချီ သူ့ ခေါင်းကို ဘေးတစ်ဖက်ကိုစောင်းငဲ့၍

သူ၏ လည်ပင်းပေါ် ချိတ်ဆွဲထားသည့် ပုဝါနှင့် သူ့ချွေးများကို သုတ်ပစ်လိုက်သည်။


ကုချင်းချီက အလွန်အလေးနက်ထားကာ ထင်းချောင်းကို ခုတ်ထစ်နေပြီး သူ၏ လိုအပ်ချက်များကလည်း အင်မတန် တိကျတင်းကြပ်လေသည်။ သူက ရုန်းကန်လှုပ်ရှားလျက် သစ်သားချောင်းတစ်ခုစီကို ညီညီမျှမျှ ထက်ဝက်ပိုင်းများအဖြစ် ဖြတ်တောက်လိုက်သည်။ အချိန်တိုင်းမှာ သူ၏ အတွေ့အကြုံကို အကျဉ်းချုံ့၍ပင် ပြုလုပ်‌လေ့ရှိသည်။


ဤဖြစ်စဉ်အား သူ အဖန်ဖန် ထပ်လုပ်နေသည်မှာ

အချိန်‌အတော်ကြာပြီးဖြစ်သည်။ ရာသီဥတုကလည်း

ပူနွေးလာပြီး နေသည်လည်း ထွက်ပေါ်လာခဲ့သည်။

အလွန်မလှုပ်ရှားရသည့် ကင်မရာသမားပင်လျှင်

ခေါင်း၌ချွေးအပြည့်နှင့် ဖြစ်နေလေသည်။


ကင်မရာသမားက သူ့နောက်ကို ရိုက်ကူးနေလျက်

လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ကုချင်းချီ တစ်မနက်လုံး ထင်းခုတ်နေသည်အား သူ၏ အာရုံအလုံးစုံကို

စူးစိုက်ထားခဲ့သည်။


ကုချင်းချီ ပူအိုက်လာသည့်အခါ သူ့မျက်နှာ‌ပေါ်တွင် နီရဲမလာခဲ့ချေ။ သူက ချွေးထွက်ရုံသာရှိသည်။ သူ၏ ခပ်ပွပွ ဆံပင်များကလည်း ချွေးဖြင့် စိုနစ်နေကာ သူ့ပါးမို့မို့များပေါ်၌ ကပ်ညှိနေကြသော်ငြား သူ၏ အဖြူ‌ရောင်အသားအ‌‌ရေ ပြောင်ပြောင်လေးကို ပထမအကြိမ် ဖျတ်ခနဲကြည့်မိလျှင် ရေခဲတမျှ ‌‌အေးနေပုံ ရသည်ပင်။


သို့အတွက်ကြောင့် သူချွေးထွက်နေလျှင်ပင်

တာဝန်ကို သူလုပ်နေသည့်ပုံမှာ အားထုတ်မှုမရှိဟု ထင်နေရလေသည်။


ကံကောင်းစွာနှင့် ရှပ်အင်္ကျီလက်ပြတ်ကို ဝတ်ရခြင်းက ချောင်ချောင်ချိချိ ဖြစ်နေ‌‌လေသည်။ ရှပ်အင်္ကျီ နောက်ကျော၌လည်း အထည်စ မပါလုနီးပါး ဖြစ်နေသောကြောင့် အလွန်အမင်း မခံမရပ် ဖြစ်ရအောင်အထိ မဟုတ်‌သေးချေ။


ကုချင်းချီက လှုပ်ရှားမှုတိုင်းတွင် သူ၏နောက်ကျောနှင့် ခါးကိုသာ အသုံးပြုလေသည်။ လှုပ်ရှားမှုတိုင်းကလည်း သူ့လည်ပင်းတစ်ဝိုက်မှ လည်ဆွဲကို အဆက်မပြတ်အသံမြည်အောင် ပြုလုပ်‌ပေးနေသည်။ သူ၏ ဝတ်စုံ‌များပေါ်မှ အဆောင်အယောင်များသည်လည်း စည်းချက်ညီညီ ယိမ်းထိုးနေကြလေသည်။ သူ၏ နောက်ကျောပေါ်က ရှပ်အင်္ကျီ၏ ပွင့်ဟနေသော ကွဲရာအကြောင်းဘက်မှတစ်ဆင့် သူ၏ သေးသွယ်သော ခါးနှင့်ဝမ်းဗိုက်ကို မြင်နိုင်လိမ့်မည်။


သူက ခွန်အားနှင့်အလှတရားနှစ်ခုလုံးကို စနစ်တကျ ဖြစ်ပွားနေစေသော လက်‌တွေ့ လမ်းလျှောက်နေသည့် ဟော်မုန်းများနှင့်ဆင်တူလေသည်။


လှပ‌သောလူတစ်ယောက်က သွက်လက်လှုပ်ရှားနေသည့် အချိန်ထက် ထိုအတိုင်းလေးရပ်နေသည့် အချိန်က အကြိမ်တစ်ရာမက ပိုပြီးဆွဲဆောင်မှုရှိလွန်းနေသည်ပင်။


ပုဆိန်က အလွန်တည်ငြိမ်လှကာ ခုတ်လွှဲချက်တိုင်းကလည်း ပေါ့ပါး၍ အနုစိတ်ချောမွေ့နေပုံရသည်။


နောက်ဆုံးထင်းချောင်းကို ခုတ်ပြီးသွားသည့်နောက်

သူ့မျက်နှာပေါ်က ချွေးကို သူ့လက်ဖမိုးဖြင့်

ပွတ်သုတ်လိုက်ရာ နဖူးပြင်လေးက လုံးလုံးလျားလျား ပေါ်ထွက်လာလေသည်။


သူ၏ နံဘေး၌ ခုတ်ထစ်ပြီးသား ထင်းချောင်းအပုံ‌လိုက် ရှိနေလေသည်။ ၎င်းက လူတစ်ယောက်၏

အရပ်အမြင့်အတိုင်း မြင့်မားနေသည်။


ဒါရိုက်တာက နောက်ဆုံးတွင် သူ့ရိုက်ကွင်းဆီကို

ပြန်လာခဲ့သည်။

"သူဘယ်လိုလုပ် အဲဒါတွေ အကုန်လုံးကို ခုတ်ပစ်လိုက်တာလဲဟ...သူ အရမ်းကို အများကြီးခုတ်လိုက်ရပြီပဲ...မြန်မြန်..သူ့ကို ရေနည်းနည်းလောက် သွားတိုက်လိုက်ကြပါဦး.. ငါတို့ သူ့ကို ခြေကုန်လက်ပန်းကျပြီး လဲသွားစေလို့မဖြစ်ဘူးကွ..."


ရုပ်ပိုင်းဆိုင်ရာ သန်မာသည့် ပုံမှန်လူတစ်ယောက်သည်ပင် ထင်းစည်းသုံးစည်းမျှသာ ခုတ်ဖြတ်နိုင်လောက်မည်။ ပရိုဂရမ်အဖွဲ့၏ မူလရည်ရွယ်ချက်က သစ်‌သားချောင်းများအားလုံးကို ခုတ်ဖြတ်ရန် မဟုတ်ခဲ့ချေ။ ယနေ့အသုံးပြုရန်အတွက်သာဆိုလျှင် လုံလောက်‌လေ၏။


၎င်းကို တွေးကြည့်ပြီးသွားသည့်အခါ ဒါရိုက်တာက

စကားကို နောက်ထပ် ထည့်ပြောလိုက်သည်။

"အစားအသောက်တချို့...ချောကလက်နဲ့ တခြားတစ်ခုခုကိုရော ပို့ပေးလိုက်ကြဦး...မဟုတ်ရင် ခန္ဓာကိုယ်က ပင်ပန်းပြီး သူလဲကျသွားလိမ့်မယ်..."


ထို့နောက် သူက ကင်မရာသမားကို ပြောလိုက်သည်။

"အချိန်ကျလာရင် ဒီအပိုင်းကိုဖြတ်ထုတ်လိုက်...

မထုတ်လွှင့်နဲ့တော့..အပိုင်းသေးသေးလေးပဲ လုပ်ထားလိုက်...မဟုတ်လို့ကတော့ သူ့ပရိသတ်တွေသာ ဘာဖြစ်ခဲ့လဲဆိုတာသတင်းရသွားရင် သူတို့တွေ ငါတို့ကို Webio ပေါ်ကနေ ဒုက္ခအကြီးကြီးပေးကြလိမ့်မယ်..."


မသိ‌စိတ်၏ လှုံ့ဆော်မှုအရ သူက ကုချင်းချီကို

အကောင်ကြီးကြီးတစ်ကောင်အလား စတင်ဆက်ဆံလေသည်။


ကင်မရာသမားက ရိုက်ကူးထားသည်ကို ကြည့်ရှုလိုက်သည်။

"ဒါက ရိုက်ချက်ကောင်းပဲကို...‌ဖြတ်ထုတ်လိုက်ဖို့ နှမြောစရာကောင်းလွန်းတယ်...အဲဒါကလေ—ဘယ်လိုခေါ်ပါလိမ့်... မြှူဆွယ်နိုင်စွမ်းလား...အကြည့်လေးတစ်ချက်နဲ့တင် အာရုံစိုက်ခံရဖို့ လုံလောက်နေတာမျိုးလေ..."


အမှန်တကယ်ကို ကင်မရာသမားက သူ့အား ရိုက်ချက်များများကို ပိုပြီးပင် ပေး‌စေချင်ခဲ့သည်။

"ကျွန်တော်တို့ ဒီတိုင်းပဲ သူ တစ်နေ့လည်လုံး ထင်းခုတ်နေတာကို ထုတ်လွှင့်လိုက်ရင် ကြည့်ရှု‌သူတွေက အဲဒါကို ကြည့်ပြီးရင်တောင် အရမ်းပျော်နေလောက်ကြဦးမှာပါ... "


ထိုသည်ကို ဒါရိုက်တာကြားသွားသည့်အခါ သူကအ‌လျှော့ပေးလာသည်။

" ကောင်းပြီလေ... အစနဲ့အလယ်ပိုင်းကိုတော့ ပြန်ပြင်လိုက်ဦး..."


×××××


အခြားတစ်ဖက်၌ ရှဲ့လုယွီက ကြမ်းပြင်ကို အဝတ်စုတ်သန့်သန့်တစ်ထည်နှင့် ပြန်လည် စတင်တိုက်ချွတ်နေသည်။ နှစ်နာရီနှင့်အထက် ကြာပြီးသည့်အခါတွင် သူက ထမင်းစားခန်း ကြမ်းပြင်ပေါ်က အညစ်အကြေးများကို နောက်ဆုံး၌ ရှင်းထုတ်နိုင်လိုက်ပြီဖြစ်သည်။


ဟွမ်ဟန်ယွီက တစ်မနက်လုံးကို ရေထဲ၌ဆော့ကစားနေခဲ့သည်။ သူက သူ့ဖိနပ်များကို ချွတ်ထားပြီး

ဘောင်းဘီကိုလည်း လိပ်တင်ထားကာ စိုက်ခင်းပတ်လည်ကို လျှောက်နင်းပြီးသွားနေခဲ့သည်။ စားသောက်ရန်အတွက် အချိန်ကျခါနီးပြီကို ကြည့်ပြီး သူက ပျော်ရွှင်စွာဖြင့် အိမ်သို့ ခြေဗလာနှင့် ပြန်ပြေးလာခဲ့လေသည်။


သူ့ခြေထောက်များက စိုနေသေးပြီး ကြမ်းပြင်ပေါ်၌လည်း မြဲမြံစွာ ခြေလှမ်းလှမ်းနေခဲ့သည်။

"ကျွန်တော်ပြန်လာပြီ... အပင်တွေကို ရေလောင်းရတာ ပျော်ဖို့အရမ်းကောင်းတာပဲ...ကျွန်တော် နောက်တစ်ခေါက် ထပ်လုပ်ကြည့်ချင်သေးတယ်...ကျွန်တော်တို့တွေ နေ့လည်စာအတွက် ဘာစားကြမှာလဲဟင်..."


ဟွမ်ဟန်ယွီ ဝင်ပေါက်ကို ကျော်ပြီးဖြတ်လျှောက်လာရုံ ရှိသေးသည့်အချိန်၌ ရှဲ့လုယွီ၏ အေးစက်သည့်

အကြည့်များနှင့် သူ‌ဆုံလိုက်ရ၏။


ရှဲ့လုယွီက အောက်ကိုစိုက်ကြည့်လာသည်။


ဟွမ်ဟန်ယွီက သူ့အကြည့်နောက်လိုက်ပြီး အောက်ကိုကြည့်လိုက်သည်။ သူနှင့်အတူ သူ့ခြေထောက်က သယ်လာသည့် ရွှံ့ဗွက်ရေများဖြင့် တံခါးဆီမှနေ၍

ခြေရာအကြောင်းလိုက်ကြီး ဖြစ်‌နေခဲ့သည်ကို သူမြင်လိုက်ရသည်။


ရှဲ့လုယွီ သက်ပြင်းအချို့ကို ရှုသွင်းပြီး သူ့ကိုယ်သူအယုံသွင်းနေရသည်။

မဟုတ်ဘူး... ငါ စိတ်အေးအေးထားပြီး ငါ့ဂျူနီယာတွေကို ကြင်ကြင်နာနာဆက်ဆံဖို့ လိုတယ်လေ... 


မဟုတ်ဘူး... အဲဒါက ဘာမှကောင်းမနေဘူး အရမ်းခက်လွန်းတယ်...


သို့နှင့် သူက လက်လျှော့လိုက်ပြီး သူ့အမူအရာကိုပြန်ပြင်လိုက်ကာ သူ့ကိုယ်သူ အကောင်းဘက်ကမြင်ရန် နားချလိုက်သည်။ ထိုအချိန်တွင် ကိစ္စများက ပို၍ ချောချောမွေ့မွေ့ ဖြစ်သွားလေသည်။


နိုင်ငံ၌ အလားအလာကောင်းပြီး အရည်အချင်းရှိလှသော ငယ်ရွယ်သည့်လူများနှင့် ပြည့်နှက်နေခဲ့ပြီဖြစ်သည်။

အဲဒါကို ဟွမ်ဟန်ယွီလို ကလေကချေမျိုး လိုမှမလို‌‌တော့တာ...အခုခေတ်လူငယ်တွေ လိုနေတာက ကောင်းကောင်းရိုက်နှက်ပေးဖို့ပဲ...


ရှဲ့လုယွီ တွေးနေသည်မှာ စတင်၍ သွက်သွက်ခါအောင် ရူးသွားတော့မည်ဟုပင်။ သူ့စိတ်ထဲ၌ အစောတည်းက ‌အတော်လေး ရှုပ်ထွေးနေပြီးသားပင်။


သူက ကြမ်းပေါ်ကို အဝတ်စုတ် ကြမ်းသုတ်တံနှင့် ရေပုံးတို့ကို ပစ်ချလိုက်သည်။ ထို့ပြင် ဆိုဖာပေါ်ကို လက်တစ်ဖက်တင်ကာ ၎င်းကို‌ ခုန်ကျော်လာခဲ့ပြီး ဟွမ်ဟန်ယွီကို အော်လိုက်လေသည်။

"မလှုပ်နဲ့.. ငါ့ကို အဲမှာပဲရပ်နေပေးစမ်း..."


ဟွမ်ဟန်ယွီ ချက်ချင်းပင် နောက်လှည့်ကာပြေးတော့သည်။

"ရှဲ့ကော… ရှဲ့ကော စိတ်လျှော့ပါဦး..."                  

                            

×××××


အဖွဲ့တစ်ခုလုံး သက်တောင့်သက်သာ အနားယူပြီး နေ့လယ်စာစားရန် ထိုင်လိုက်ကြချိန်၌ ၁ နာရီပင် ရှိသွားခဲ့လေပြီဖြစ်သည်။


စားပွဲပေါ်၌ ဟင်းသုံးပွဲရှိနေသည်။ လူတိုင်းက ဗိုက်ဆာနေကြသော်လည်း တစ်‌ယောက်ကမှ သူတို့၏တူများကို မလှုပ်ကြသေးချေ။


ကျိုးယင်းယင်းက သူမ စစရောက်ချင်းကလိုမျိုး စွဲမက်ဖွယ်ရာ ကောင်းပုံမရတော့ချေ။ သူမ၏ ဆံပင်ကလည်း ရှုပ်ပွနေပြီး သူမမျက်နှာတွင်လည်း မီးသွေးမှုန့်များ ပေကျံနေသည်။ သူမက စားပွဲ‌ပေါ်က ဟင်းများကို စူပုတ်ပုတ်နှင့် စိုက်‌ကြည့်နေ၏။


ချန်ယွဲ့ရန်က ချက်ပြုတ်ရသည်နှင့်ပင် တကယ့်ကိုပျော်ရွှင်နေခဲ့လေသည်။ အနံ့အရသာများက အလွန်ကို 'တစ်မူထူးခြား'နေခဲ့ပြီး သူမက ပြုလုပ်နေကျအတိုင်း ပြုလုပ်ပေးခဲ့ရုံသာ ဖြစ်‌လေသည်။ သူမကိုယ်သူမ အရသာကောင်းကောင်း ခံတတ်ရာ၌ ထူးချွန်နေသည့် အတွက်လည်း ခံစားချက်များ ကောင်းမွန်နေ‌‌သေး၏။ ထို့ကြောင့် သူမက ထိုရလဒ်များကို နှင်းဆီရောင် မျက်မှန်ပေါ်မှ ဖြတ်ပြီး အလိုအလျောက်ပင် ကြည့်နေမိလေသည်။ သူမက ရှက်ကိုးရှက်ကန်းဖြင့်ပင် ခေါင်းအနောက်ကို

ပွတ်နေကာ ရှက်ရွံ့ဟန်ပြုလုပ်လေ၏။

"ဟီးဟီး...ရှင်တို့ ကြိုက်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်...ကျွန်မ ဒီနေ့ ချက်ပြုတ်ဖို့အတွက် တာဝန်ယူထားတာမလို့ အရသာက အရမ်းကြီး‌တော့ မကောင်းလောက်ဘူးထင်တယ် ‌အတော်အသင့်လောက်ပဲ..."


ရှဲ့လုယွီက သူမကို ကြည့်လိုက်ပြီး တခဏမျှပြောစရာ ပျောက်ဆုံးနေခဲ့သည်။

"မင်းဟာက အတော်အသင့်ဖြစ်ရုံဆိုတာ သေချာပါတယ်နော်...ဟမ်..."


ချန်ယွဲ့ရန်က အရှက်လွန်စွာဖြင့် သူမလက်ခုပ်ထဲကို မျက်နှာအပ်၍ ရယ်လိုက်သည်။

"အို...မဟုတ်တာ...ဒါက ဒီတိုင်း သိပ်မဆိုးပါဘူး..."


"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး...မင်းက အရမ်းမဝံ့မရဲနိုင်လွန်းတယ်... ဒါက ဘယ်လိုလုပ် 'ဒီတိုင်း သိပ်မဆိုးပါဘူး'ပဲ ဖြစ်မှာလဲ... ဒါအတွက် ချီးကျူးစကား‌လေး တစ်ခု‌‌တော့ ပြောဖို့လိုတယ်လေ... မင်းသာ ဒါတွေကို စားပွဲပေါ်ကို ယူမလာပေးဘူးဆိုရင်...ငါကလည်း စားစရာကို ဖြုန်းတီးထားတဲ့ အကြွင်းအကျန်တွေလို့ ထင်တော့မှာ မဟုတ်ဘူးလေ..."



🏠🏠đŸ