Chapter 17
Viewers 266

🏠 Chapter 17



ချန်ယွဲ့ရန် မတ်တတ်ရပ်လိုက်ပြီး ရှဲ့လုယွီအား ဖမ်းရန် လှုပ်ရှားလာခဲ့သည်။ ရှဲ့လုယွီက သူမလာနေသည်ကို မြင်‌သောအခါ သူ့ထိုင်ခုံနေရာက ထလိုက်ပြီး စားပွဲတစ်ဝိုက် ပတ်လျှောက်ကာ သူမကို ရှောင်‌ပြေးလျက်ပင် စကားပြောနေခဲ့ဆဲ ဖြစ်သည်။ သူက လိုက်ဖမ်းခံနေရလျှင်ပင် မြန်ဆန်သောအပြောအဆို တင်ဆက်မှုကို ပြုလုပ်နေရသည့်အတိုင်း သူ၏ပါးစပ်ကို ဘယ်တော့မှ မပိတ်ခဲ့ချေ။


"ကြက်ဥနဲ့ခရမ်းချဥ်သီးမွှေကြော်ကို ကြည့်လိုက်ဦး...ငါ့ရဲ့ မျက်လုံး‌ကောင်းကောင်းတွေကြောင့်သာ မဟုတ်ရင် ဒါကဘာဆိုတာ ငါဘယ်လိုမှ ခွဲခြားနိုင်မှာတောင် မဟုတ်ဘူး...ဒါကြီးက ရေများသွားတဲ့ စွပ်ပြုတ်ကြီး ကျနေတာပဲ... ကြက်ဥတွေက ခရမ်းချဉ်သီးတွေနဲ့အတူတူ ဖရိုဖရဲတွေ ဖြစ်နေကုန်တာများ ကြည့်ဦး... ခရမ်းချဉ်သီးနဲ့ကြက်ဥကို ဒီလောက် ဆိုးဆိုးရွားရွား ချက်ပစ်လိုက်တာကို ငါတော့ တစ်မူထူးခြားတဲ့ အရည်အချင်းရှိလို့ပဲလို့ ထင်တယ်..."


ရှဲ့လုယွီ သူ့ခုံနေရာကို ပတ်ဝိုင်းကာ ပြန်လာပြီးနောက် သက်ပြင်းချလိုက်သည်။

"ဟုတ်ပါပြီ မင်း ငါ့ကို လိုက်ဖမ်းနေတာ ရပ်လိုက်တော့...နိုင်လိုမင်းထက်နိုင်လိုက်တာများ ငါက ငါ့အမြင်ကို ပြောပြရုံလေးကို...ငါ မစားဘူးလို့လည်း မပြောမိပါဘူး..."


ချန်ယွဲ့ရန်က အချိန်အတော်ကြာ စိတ်ဆိုးမာန်ဆိုးနှင့် စကားကို မပီမသပြောဆိုခဲ့‌သော်လည်း အဆုံး၌ စကားတစ်လုံးပင် ထွက်အောင် မပြောနိုင်လိုက်ချေ။ နောက်ဆုံး၌ သူမက ထမင်းခူးပေးနေသည့် ကျိုးယင်းယင်းဆီကို သွားလိုက်ပြီး စူပုတ်ပုတ်ဖြင့် မကျေမနပ်ပြောလာသည်။

"အစ်မကျိုး... ရှဲ့ကောကို သေသေချာချာ

ထမင်း ပိုထည့်ပေးလိုက်ပါ..."


အဖွဲ့က ဖြစ်ကတတ်ဆန်းနိုင်သော ထမင်းတစ်နပ်ကို

စားလိုက်ကြရသော်လည်း အားလုံးက များစွာမစားနိုင်ကြချေ။


ကုချင်းချီက တိတ်ဆိတ်နေပြီး ဘာမှအများကြီးမပြောခဲ့ပေ။ သူက ကြေးသိပ်မများဘဲ လွယ်လွယ်ကူကူ စားတတ်သည့် လူမျိုးဖြစ်ပုံသာ ရလေသည်။


သို့ရာတွင် သူက တကယ့်ကို အလွန်ကြေးများလေပြီး သူ၏ အရသာခံအာရုံကလည်း အလွန်ထိရှလွယ်လေသည်။ အကယ်၍ အစားအသောက်က နည်းနည်းလေး အရသာမရှိ၍ဖြစ်စေ သူ၏ပါးစပ်နှင့် အကြိုက်မတွေ့၍ဖြစ်စေ သူကတစ်ကိုက်ပင်မှ ထပ်စားတော့မည်မဟုတ်ပေ။


သူက မနက်ပိုင်းအစတည်းက ဘာမှသိပ်မစားခဲ့ရသေးချေ။ နေ့လည်စာစားနေသည့် အချိန်တစ်လျှောက်လုံး၌ အခြားသူများက အနည်းဆုံး သူ့ထက် ပိုစား‌နိုင်နေသေးသည်။


ကုချင်းချီ သူ့အစားအသောက်များအပေါ် ခဏလောက်‌ ကြေးများ‌နေခဲ့သော်လည်း ထမင်းအနည်းငယ်ကို စားလိုက်ရလေသည်။ အစားအသောက် အားလုံးထဲမှာမှ ထမင်းတစ်ခုတည်းကသာ အတော်အတန်စား၍ ဖြစ်‌လေသည်။ ဤသို့ဆိုလျှင်ပင် ထမင်းက အနည်းငယ်မျှ မကျက်တကျက်ဖြစ်နေသေး၏။


ထို့အပြင် ကုချင်းချီ၌ အမြဲလိုလို အစာအိမ်ပြဿနာအချို့ ဖြစ်တတ်လေသည်။ သူစားသောက်ဆိုင်၌ အလုပ်လုပ်ခဲ့စဉ်က အလုပ်ပြီးချိန် နောက်ကျပါက ညစာပြုလုပ်ရန်အတွက် အလွန်ပျင်းရိခဲ့လေသည်။


အခါအားလျော်စွာ အစာအိမ်နာတတ်ခြင်းက သူ့ဆီ၌ မည်သည့်အခါမှ ကု၍မရသည့်အရာဖြစ်သည်။


ဒီနေ့ ငါ အရမ်းဗိုက်ဆာသွားလို့လည်း ဖြစ်လောက်တယ်...


ညနှစ်နာရီထိုးသည့်အခါ ကုချင်းချီ၏ အစာအိမ်က

စပြီးနာကျင်လာလေ၏။


၎င်းက ဆက်‌တိုက်ဖြစ်ပေါ်နေသော အစာအိမ်အနာကြောင့်လည်းဖြစ်လောက်သည်။


ကုချင်းချီ နည်းနည်း ကသိကအောက် ဖြစ်လာခဲ့ပြီး

စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း တစ်မျိုးတစ်မည်က

အကြောင်းရင်းမရှိ လျှံထွက်လာခဲ့သည်။


သူ၏ တစ်ကိုယ်လုံးက အလွန်စိတ်ဓာတ်ကျသည့်အခြေအနေထဲတွင် ပိတ်မိနေခဲ့သည်။ ဤအခြေအနေ၌ သူက ပြင်ပရိုက်ခတ်မှုများကို အနည်းအကျင်း သည်းခံနေသော်ငြား သူ၏ ဆိုးရွားသည့်ခံစားချက်များက အကြိမ်များစွာ ထပ်ထပ်တိုးလာခဲ့သည်။


ဒေါသထွက်လည်းရတယ်...စိတ်မကောင်းဖြစ်လည်းရတယ်...ဝမ်းနည်းမှုပဲဖြစ်ဖြစ် ပူပန်ပန်သောကရောက်တာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်ရတယ်...

ဤစိတ်ခံစားချက်များ အားလုံးက ခံစားချက်တစ်ခုတည်းအဖြစ် စုပေါင်းသွားခဲ့လေသည်။


အချိန်အချို့၌ သူ ရုတ်တရက်ကြီးပင် စတင်၍ ငိုလေ့ရှိသည်။


ထိုအချိန်မှာပင် သူငိုနေခဲ့သည်အား သတိပြုမိသွားပြီး

နားမလည်နိုင် ဖြစ်သွားရပြန်သည်။


ငါ ဘယ်ချိန်က စပြီး ငိုနေတာလဲ...


ငါ ဘာလို့ငိုနေတာပါလိမ့်...


စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေစရာအကြောင်း

သီးသန့်ကြီးတောင် မရှိတာ အရှင်းကြီးကို...


ကုချင်းချီ ယနေ့အစောပိုင်းက ပရိုဂရမ်အဖွဲ့သားထဲမှ ဝန်ထမ်းတစ်ယောက်က သူ့အင်အားများကုန်သွားလျှင် ပြန်ဖြည့်နိုင်ရန်အတွက် ချောကလက်တစ်ခု ပေးလာခဲ့သည်အား ပြန်အမှတ်ရသွားသည်။ ချောကလက်က အခါး ဖြစ်နေ၍ ကုချင်းချီ ထိုအချိန်က မစားခဲ့ဘဲ တိတ်တိတ်ကလေး အောက်ထပ်က ဗီရိုပေါ်၌ တင်ထားခဲ့လေသည်။


ကုချင်းချီ ထလိုက်ပြီး သူ့ဖိနပ်များကို ဖြည်းဖြည်းချင်း စီးလိုက်သည်။


တစ်ခုခုစားလိုက်ခြင်းအားဖြင့် သူ၏ စိတ်ဓာတ်ကျနေခြင်းကို လှုပ်ခါနိုင်ရန် အကူအညီဖြစ်လောက်ပေသည်။


ကုချင်းချီ အနည်းငယ် ပင်ပန်းနေ၍ သူ့မျက်လုံးတစ်ဝက်က ပိတ်နေ၏။ နည်းနည်းလောက်သာ လျစ်လျူရှုထားနိုင်လျှင် အနည်းဆုံး သူ အိပ်မောကျသွားနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ တွေးတောခဲ့သည်။


×××××


ပထမထပ်၏ထမင်းစားခန်း၌


ချောကလက်က အခုထိရှိနေတုန်းပဲ...


ကုချင်းချီ အခွံကို နည်းနည်းဖောက်လိုက်ပြီး အနံကိုရှုကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

ဒါက ခါးနေတုန်းပဲ...


ချောကလက်ခါးခါးများကို သူ မကြိုက်သော်လည်း အပေါ်ကို ပြန်တင်ရန်လည်း ဝန်လေးနေသေး၏။


သူ တစ်ကိုက်မကိုက်လိုက်မီ ထမင်းစားခန်းတံခါးကို

ခေါက်သံနှစ်ချက် ထွက်လာခဲ့သည်။


ကုချင်းချီ ခေါင်းကို မော့လိုက်သည်။ ရှဲ့လုယွီကတံခါးဘောင်ကို အမှီပြုထားပြီး အပြုံးတစ်ခုနှင့်ကြည့်လာခဲ့သည်။ သူ့ပါးစပ်ထဲ၌လည်း မီးမညှိထားသည့် စီးကရက်တစ်လိပ်ကို ကိုက်ခဲထားလေသည်။

"အခု ကိုယ်မင်းကိုမိသွားပြီ..မင်းကိုယ့်ကို မျှပေးရမယ်နော်..."


စကားပြောလာသည့်အခါ သူ့စကားများကို သဲသဲကွဲကွဲ မကြားရခြင်းက စီးကရက်ကို ယခုထက်ထိ ကိုက်ထားသောကြောင့် ဖြစ်လိမ့်မည်။


သို့သော် သူ၏အသံက ပုံမှန်ထက် ပို၍နက်ရှိုင်းနေသည်။ 


သူ စကားစပြောတာနဲ့ သူ့အသံရဲ့တုန်ခါမှုတွေကို ခံစားမိနိုင်လောက်တဲ့အထိပဲ...


ဤသို့ စကားပြောနေရသည်က ကသိကအောက်နိုင်သည်ဟု ထင်၍ဖြစ်လောက်သည်။ သူက စီးကရက်ကို ထုတ်လိုက်ပြီးနောက် အပြုံးတစ်ခုနှင့် စကားကို ရှင်းရှင်းလင်းလင်း ပြောလာခဲ့သည်။

"မင်း အရင်တစ်ဝက်စားပြီး ကိုယ့်အတွက်လည်း တစ်ဝက်ချန်ထားပေး..."


ကုချင်းချီက ပုံမှန်အတိုင်း အဖြူရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအနက်ကို ဝတ်ဆင်ထားသည်။ ရှပ်အင်္ကျီ ကြယ်သီးများကလည်း ဖြုတ်ထားသေးသည်။ သူက ဤဝတ်စုံကို ညဝတ်အိပ်ရန်အတွက် အသုံးပြုလိုက်ခြင်းဖြစ်သည်။


ရှဲ့လုယွီ ပြောလိုက်သည်ကို သူ ကြားသောအခါ မော့ကြည့်ပြီး ဘာမှမပြောခဲ့ပေ။ သူက ရိုးရိုးရှင်းရှင်းနှင့် တိတ်ဆိတ်စွာ လျှောက်သွားခဲ့ပြီး ဖွင့်ဖောက်ထားသည့် ချောကလက်အား ရှဲ့လုယွီကို ပေးလိုက်သည်။


ရှဲ့လုယွီ သူ့ကို စက္ကန့်အနည်းငယ်လောက် ကြည့်နေခဲ့သည်။


မတ်တတ်ရပ်နေသည့်အခါ ကုချင်းချီ၏ အရပ်က

၁.၈၃ မီတာ ရှိ‌‌လေသည်။


ရှဲ့လုယွီက သူ့ထက် ခေါင်းတစ်ဝက်စာ ပိုရှည်ပြီး

ဆံပင်အချို့လည်း ရိတ်ထားလေသည်။ သူ၏ ကိုယ်လုံးကိုယ်ပေါက် တစ်ခုလုံးနှင့် သူ့အရပ်အပြည့်ရပ်လိုက်သည့်အခါ သူက အားနည်းသူကို အခွင့်ကောင်းယူနေပုံနှင့် တူသွားရသည်။


သို့နှင့် သူခေါင်းကို နှိမ့်ချလိုက်ပြီး ခွေးကြီးတစ်ကောင်က အမှားတစ်ခုခုလုပ်ခဲ့မိ၍ သူ့အမြှီးကိုယမ်းနေသည့်ပုံဖြင့် မရဲတရဲနှင့် မျက်နှာချိုသွေးလိုဟန် ဆိုလာခဲ့သည်။

"မင်းစိတ်ဆိုးသွားတာလား...ကိုယ့်အမှားပါ...ကိုယ့်ပါးစပ်ကို မပိတ်ထားနိုင်လိုက်ဘူး... ကိုယ့်မှာ ဂရုမစိုက်ဘဲ စကားပြောတတ်တဲ့ အကျင့်ရှိတာ မင်းသိတယ်မလား...ကိုယ့်မှာ မကောင်းတဲ့အကျင့်တွေအများကြီးရှိမှန်း ကိုယ်သိပါတယ်...အဲဒါကို ကိုယ်သေချာပေါက်‌ ပြောင်းလဲမှာပါ ဟုတ်ပြီလား..."


ကုချင်းချီ၏ ဒေါသထိန်းနိုင်စွမ်းက မကောင်းလှသော်လည်း ယင်းကလည်း ဆိုးရွားနေခြင်းလည်းမဟုတ်ချေ။


သူက ပြန်အဆင်ပြေရန် အ‌တော်လေး လွယ်ကူပြီး သူ့ကိုယ်သူ ကောင်းကောင်းမွန်မွန် ဖြစ်‌အောင် နေနေရသည်နှင့်ပင် အဆင်ပြေလေသည်။


အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ခံစားချက်အခြေအနေများက ရံဖန်ရံခါ အတော်အသင့် ထုံထိုင်းနေပြီး ငြီးငွေ့တတ်၍ သူက ဘာကိုမှ အမှန်တကယ် ဂရုစိုက်ခြင်းမရှိပေ။


သို့အတွက်ကြောင့် ကုချင်းချီ၏ စိတ်ခံစားချက်ဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှု အနည်းအကျဥ်းက တကယ့်ကို ပျက်စီးနေသည်မှန်း လူတော်တော်များများက သဘောမပေါက်ကြချေ။


ကုချင်းချီက ‌အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် သူ့စိတ်ခံစားချက်များကို ‌ဖြေရှင်းခြင်း သို့မဟုတ် ချုပ်တည်းထားခြင်း တစ်ခုမှကို ပြုလုပ်လေ့မရှိချေ။ သူက ရိုးရိုးရှင်းရှင်းသာ ၎င်းတို့ထဲ၌ သူ့ကိုယ်သူ နစ်မြုပ်ခွင့်ပြုထားလိုက်သည်။


ထို့ကြောင့် သူ့ကိုတစ်စုံတစ်ခုကသာ ဤသို့အထိမခံ‌

သော အ‌‌ခြေအနေဖြစ်စေရန် ခလုတ်စနှိပ်လိုက်သည်နှင့်—


သူ စပြီး ဒေါသထွက်တော့သည်။ အကယ်၍ သူ၏ စိတ်ခံစားချက်များနှင့် တစ်ယောက်တည်းသာလွှတ်ထားလိုက်ပါက ဆက်၍ ပိုပိုပြီး ဝမ်းနည်းလာကာ သူ၏ ခံစားချက်များကို သူကိုယ်တိုင်၏ အထဲ၌ပင် ပိတ်ထားလိုက်ရလေသည်။


မကြာခဏဆို၍ သူ့ကို ကိစ္စတစ်ခုက အစပျိုးပေးလိုက်သည်နှင့် ၎င်းကအခြားသူများ၏ မျက်လုံးထဲ၌ ဖော်ပြရန်ပင် အဖိုးမတန်သည့် အရာတစ်ခုဆိုသော်ငြား ၎င်းကို ကုချင်းချီက သည်းခံနိုင်စွမ်းမရှိ ဖြစ်လာခဲ့သည်။ သူ၏ ဒေါသက ပုံမှန်လောကအတွက် အလွန့်အလွန် အစွန်းရောက်ပေသည်။


ဒါက ကြောင်တစ်ကောင်ရဲ့ အမြှီးပေါ်ကို တက်နင်းလိုက်တာနဲ့ ဆင်တူ‌တယ်... ဖြစ်နေကျအတိုင်း ကြောင်က ဒေါသ‌‌ပေါက်ကွဲပြီး သူ့အမွေးတွေ အဆုံးထိထောင်တက်သွားပြီး အော်ဟစ်လာပြီး‌တော့ အကြမ်းဖက်လာလိမ့်မယ်...


ကြောင်ကလေးကုက ကွဲပြားလေ၏။ သူက

အဝေးကို တိတ်ဆိတ်စွာလျှောက်သွားမည်ဖြစ်ပြီး သူ၏ အမြှီးကို တက်နင်းလိုက်သည့် လူများကပင် သူတို့ မည်မျှ ဆိုးရွားသည့်အရာကို ပြုလုပ်ခဲ့မိသည်ကို တစ်ခါတစ်ရံ သတိမပြုမိလိုက်သည် အထိပင်။


သူဟာ စကားတွေ အများကြီးကိုလည်း ပြောမှာမဟုတ်ဘူး...သူ့ရဲ့ ခံစားချက်တွေကိုလည်း ထုတ်ပြမှာမဟုတ်ဘူး...ပြီးတော့ မကြာမကြာ ဘယ်သူမှတောင် သတိမထားမိလိုက်ဘဲ ဒေါသတွေထွက်နေဦးမှာပဲ...


ကုချင်းချီက ထုံးစံအတိုင်း ထိုစိတ်ခံစားချက် အ‌ခြေအနေများအား ခါထုတ်နိုင်သည့်အချိန်ထိ သူ့ကိုယ်သူ ပုန်းကွယ်ကာ နေလိုက်မည်ဖြစ်သည်။


ဤသည်က သူနှင့် ပတ်သက်၍ တစ်ခုခုကလွဲနေသည်မှန်း တစ်စုံတစ်ယောက်ထံမှ အလွန်ကိုစိတ်ဝင်တစား နားလည်ပေးသော ပထမဆုံးအကြိမ်ဖြစ်လေသည်။


[ T/N - ပြောချင်တာက - ကုချင်းချီ အရင်ကဆို စိတ်ကယောက်ကယက်ဖြစ်နေတဲ့အချိန် အဲလိုသေးသေးမွှားမွှားကိစ္စလေးတွေဖြစ်ရင်တောင် စိတ်ထဲမှာ ရမ်းဒေါသထွက်တတ်ပါတယ်၊ ဒါပေမဲ့ အပြင်ပန်းမှာတော့ အေးတိအေးစက်ပုံစံနဲ့ ဘာမှမဖြစ်သလို ကျော်သွားတတ်တော့ လူတွေက သူ စိတ်ဆိုးဒေါသထွက်နေတာကို သတိမထားမိပါဘူး၊ ဒါပေမဲ့ ရှဲ့လုယွီကတော့ သူ ဒေါသထွက်နေတာကို သတိထားမိလို့ သူ့ကို ချက်ချင်းတောင်းပန်တာပါ၊ ကုချင်းချီက အရင်ကဆို ဒါမျိုးတစ်ခါမှ မကြုံဖူးလို့ အထူးအဆန်းဖြစ်သွားတာပါ ]


ကုချင်းချီက သူ့ကိုယ်သူ ပြန်မေးလိုက်သည်။

ဘာလို့ ငါက စိတ်ဆိုးနေရတာလဲ....


အဲဒါက အစာအိမ်နာတာကြောင့်လည်း ဖြစ်နိုင်တယ်...ဘာလို့ဆို အချိန်က အရမ်းနောက်ကျနေပြီး ငါလည်း ပင်ပန်းနေတာကြောင့် ဖြစ်နိုင်တယ်... ဘာလို့ဆို ငါဗိုက်ဆာနေသေးလို့လည်း ဖြစ်နိုင်တယ်...


သို့သော် မည်သည့်အတွက်ကြောင့်ပင် ဖြစ်စေ

ရှဲ့လုယွီက လျှောက်လာပြီး ကြောင်၏ အမြှီးကိုနင်းထားပြီးပြီ ဖြစ်သည်။


ဒေါသထွက်နေသည့် ကြောင်ကလေးက ထွက်သွားရန် လုပ်သောအခါ ၎င်းက ရှဲ့လုယွီထံမှ တားဆီးခြင်းကို ခံလိုက်ရသည်။


သူက ကြောင်ကလေး မပျော်ရွှင်နေသည်အား သတိထားမိပြီး စိတ်‌ရှည်စွာဖြင့် ချော့မြူနေခဲ့သည်။


ည၌ အနည်းငယ် အေးနေ‌လေသည်။ မိုးကလည်း ရွာနေသေး၏။


ခပ်နွေးနွေး အဝါရောင်မီးရောင်များကလည်း လင်းနေ‌၏။


ပန်းကန်လုံးအများစုကို မီးဖိုချောင်ထဲမှ ကောင်တာထိပ်ပေါ်တွင် တင်ထားလေသည်။ မီးဖိုထဲ၌ မီးမွှေးထားပြီး ၎င်းပေါ်တွင် ကျောက်ဒယ်အိုးက နေရာယူထားလေသည်။ ရေနွေးငွေ့များက အိုးအဖုံးပေါ်ကို မြှင့်တက်လာကာ ၎င်းအဖုံး၏ အပေါက်ထဲမှ ရွှီခနဲ အသံမြည်‌နေသည်။


မီးဖိုချောင်၏ အပေါ်တစ်ဝက်က အဖြူရောင်ရေနွေးငွေ့‌များနှင့် ဝေဝေဝါးဝါး ပြည့်နှက်‌နေလျက် ရှိသည်။ မီးဖိုချောင်၏ အောက်ပိုင်းတစ်ဝက်ကသာ

လွတ်နေပြီ ရှင်းလင်းနေခြင်း ဖြစ်သည်။


ကုချင်းချီက မီးဖိုရှေ့၌ ခွေးခြေခုံအပုလေးနှင့် ထိုင်နေလေသည်။ သူ ဤသို့ ထိုင်လိုက်သည့်အခါ မီးဖိုထိပ်ထက်ပင် ပို၍ပုသေးကာ နေ၏။ သူ၏ပုခုံးပေါ် တစ်ဝိုက်၌လည်း စောင်ပါးလေးတစ်ထည် ရှိနေလေသည်။ သူ့ကိုယ်သူ လွှမ်းခြုံထားပြီး ပတ်ထားလိုက်ပါက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား မီးဖိုနောက်၌ ပုန်းပြီးပင်နေ၍ရနိုင်သည်။


မီးဖိုချောင်၏ အပြင်ဘက်မှတစ်ဆင့် သူ့ဦးခေါင်းကိုပင် မြင်နိုင်ဖွယ်မရှိချေ။ 


သူက တောက်လောင်နေသည့် မီးဖိုရှေ့၌ နေနေသည့်အတွက် မီးလျှံများက သူ့မျက်နှာကို ရောင်ပြန်ဟပ်နေလေသည်။ သူ၏ အဖြူရောင်ကြွေထည် မျက်နှာလေးကို အနီရောင်အလွှာတစ်ထပ် ဖုံးအုပ်သွားသည်က ပါးနီဆွေးဆွေးကဲ့သို့ပင်။


ရှဲ့လုယွီက ကုချင်းချီ နံဘေး၌ မတ်တတ်ရပ်နေသည်။ သူ့ခန္ဓာကိုယ်တစ်ဝက်က ရေနွေးငွေ့များထဲ ဖုံးကွယ်နေသည်။ သူက ကျောက်ဒယ်အိုး အဖုံးကို အဝတ်ဖြင့် အုပ်လိုက်သည်။ သူအဖုံးအား ဖွင့်လိုက်သောအခါ ပွက်ပွက်ထနေသည့် အသံနှင့် စွပ်ပြုတ်၏ရနံ့က အိုးအပြင်ကို တသဲ့သဲ့ထွက်လာခဲ့သည်။ 


ထိုအသံက အပြင်ဘက်က မိုးရွာနေသည့် အသံကိုပင် ဖုံးလွှမ်းသွားသည်။


၎င်းက ကြာစွယ်နှင့် ဝက်ခြေထောက် စွပ်ပြုတ်ပင် ဖြစ်သည်။ ဝက်ခြေထောက်အား သေ‌သေချာချာ ချက်ပြုတ်ထားပြီး ကြာစွယ်များနှင့် အခြားအမျိုးမျိုး‌သော ပါဝင်ပစ္စည်းများကို အိုးထဲ၌ အတူတူ ရောကျိုထားလေသည်။ ပလုံစီပွက်ထနေသော စွပ်ပြုတ်က အရောင်ဖျော့ဖျော့နှင့် ဆီလည်း မများချေ။ ၎င်းကို ကြည့်ရခြင်းအားဖြင့် ဟင်းချက်သူက အတွေ့အကြုံရှိပုံရလေသည်။ စွပ်ပြုတ်က ကောင်းကောင်း ချက်ပြုတ်ခြင်း ခံထားရလေသည်။


ရှဲ့လုယွီ တစ်ဇွန်းမျှခပ်ပြီး မြည်းကြည့်လိုက်သည်။


ရေနွေးငွေ့များက သူ့နားတစ်ဝိုက်ကို ရစ်ဝိုင်းနေလေသည်။ ရှဲ့လုယွီက ဘေးတိုက် မျက်နှာမူထား၍ သူ၏ ကတုံးဆံထောက်ကေ‌ပေါ်တွင် ပုံစံဖော်ကာ ရိတ်ထားလေသည့် အရာကထင်နေသည်။ ၎င်းက ဗြန့်ကျယ်သော လိုင်းအား စ၍ ရိတ်ထားပြီး အပေါ်၌ ကျဉ်းသွားကာ အဆုံးသတ်ထားခြင်းက သူ၏ ဆံပင်ပေါ်မှ ဓားသွားတစ်ခု ဖြတ်ပြေး‌နေသည်နှင့်ပင် ဆင်တူလေသည်။ ၎င်းက သူ့အား အခြားသူများကို အနည်းငယ် ဖြဲခြောက်နေသည့်ပုံ ဖြစ်နေ‌စေသည်။

 

သို့သော်လည်း ယခုတွင် သူက Peppa Pig ကာတွန်းပုံ အေပရွန်ကို ဝတ်ဆင်ထားကာ အိုးဖုံးကို

လက်တစ်ဖက်မှ ကိုင်ထားပြီး အခြားတစ်ဖက်၌ စွပ်ပြုတ်အရသာကို မြည်းထားသည့် ယောက်ချိုအား ကိုင်ဆောင်ထားလေသည်။


အကယ်၍သာ သူ့ဓာတ်ပုံကို လိုင်းပေါ်ဖြန့်လိုက်ပါက

သေချာပေါက် ခေတ်စားသွားလိမ့်မည်ပင်။

မယုံကြည်ရဆုံးသော လူပြိန်းကြိုက်သတင်းတင်ဆက်သူ‌များပင်လျှင် ဤအကြောင်းအရာအား မဖြစ်နိုင်သည့်အရာများ ထည့်ရေးရဲကြမည် မဟုတ်ချေ။


မင်း သွားစနောက်မှာက ဘယ်သူလို့ ထင်နေတာလဲ...အဲဒါက ရှဲ့လုယွီလေ...


ဖျော်ဖြေရေး‌ လောကထဲကို သူဝင်လာတဲ့ နေ့တည်းက အထက်စီးဆန်ပြီး စိတ်ကြီးဝင်‌‌နေခဲ့တာများ... အခုဆို သူ့နာမည်က ပိုတောင် အမိုက်စားဖြစ်လာပြီးတော့ မောက်မာနိုင်မယ့် အဓိပ္ပာယ်လည်း ရှိလာပြီလေ... 


အေးစက်ပြီးမာနကြီးသည့် ရှဲ့ကောက သူ့နှုတ်ခမ်းများကို စုတ်သပ်လိုက်ပြီး စိတ်ကျေနပ်မှုများနှင့် ဆိုလာခဲ့သည်။ 

“ဒီလောက်ဆို အဆင်ပြေနေပြီ...” 


ရှဲ့လုယွီ ခြေထောက်နားရှိ ကုချင်းချီက ခွေးခြေခုံပုလေးပေါ်၌ စောင်ပါးလေးကိုခြုံကာ ထိုင်နေခဲ့သည်။ 


သေးငယ်သော မီးဖိုချောင်လေးက ထင်းမီးကြောင့် နွေးထွေး‌နေလေ၏။


ဤကဲ့သို့ လေထုမျိုးက ကုချင်းချီကို ‌ဖြည်းဖြည်းချင်း စိတ်အေးလာအောင် ပြုလုပ်ပေးလေသည်။ ၎င်းက နှစ်သိမ့်ပေးခံရသော ခံစားချက်ကို အလွန်ရရှိစေပြီး သူ ဖြစ်နေခဲ့သော ပရမ်းပတာ စိတ်ခံစားချက်များ၏ အခြေအနေထဲမှတစ်ဆင့် ဖြည်းဖြည်းချင်း ဖြိုခွဲထွက်လာနိုင်၏။ 


မရပ်မနားနာကျင်နေသည့် အစာအိမ်ကလည်း

သူ့အား ထပ်ပြီး ဒေါသမထွက်စေတော့ပေ။


ခံစားချက်အဆိုးများကို ကာကွယ်လိုက်ပြီး ထိုစိတ်ခံစားချက်များထံမှ သူ့ကိုယ်သူ သီးခြားခွဲထွက်စေလိုက်သည်။ 


မီးဖိုထဲမှ ထင်းမီးက အားသွန်ခွန်စိုက် တောက်လောင်နေ၏။ တစ်ခါတစ်ရံ လောင်နေသည့် ထင်းချောင်းများက တစ်ဖျစ်ဖျစ် အသံများ မြည်လေ့ရှိသည်။ ကုချင်းချီ ထင်းမီးကို ကြည့်လျက် စတင် ငိုက်မျည်း၍ လာသည်။ 


စွပ်ပြုတ်က ချက်၍ ပြီးသွားခဲ့ပြီး ဖြစ်သည်။ ရှဲ့လုယွီက စွပ်ပြုတ်ယောက်ချိုကို ကောင်တာပေါ်မှ ပန်းကန်လုံးလေးထဲသို့ ထည့်လိုက်သည်။ ထို့နောက် နောက်ဇွန်းတစ်ချောင်းကို ယူကာ နောက်ပန်းကန်တစ်လုံး‌နှင့် စွပ်ပြုတ်အား ဖြည့်လိုက်ပြီး ပူနွေးနေသော ကြွေပန်းကန်လုံးလေးကို ကုချင်းချီထံကို ကမ်းပေးလိုက်သည်။


“ မင်းလက်တွေ နွေးသွားအောင် အခု‌တော့ ကိုင်ထားလိုက်ဦး...‌‌ အေးသွားတာစောင့်ပြီးမှ သောက်နော်...”



🏠🏠🏠


ကုချင်းချီကလေ ဇာတ်ကြောင်းအတိုင်းနေခဲ့ရတဲ့ ၂နှစ်လုံးလုံး အသိအကျွမ်းလည်းမရှိ၊ သူ့နားကလူတိုင်းက‌လည်း သူနဲ့ ဒီနေ့မိတ်ဆက်ပြီးရင်တောင် နောက်နေ့ကျမေ့သွားတာဆိုတော့ တစ်ယောက်တည်း တော်တော်လေး အထီးကျန်ပြီး စိတ်ကျရောဂါခံစားနေရတဲ့ပုံမျိုး ဖြစ်နေတာနေမယ်၊ အဲဒါကြောင့်မို့ တစ်ခါတစ်လေမှာ သူ့စိတ်ခံစားချက်တွေ ကယောက်ကယက်ဖြစ်ပြီး ငိုလိုက် ဒေါသထွက်လိုက် ဖြစ်နေတာမျိုးနေမှာပါ၊ နောက်ပိုင်းတွေမှာလည်း အဲလို‌ဖြစ်တာတွေပါဦးမယ်ထင်ပါတယ်၊ ရုတ်တရက်ကြီး ငိုချတာတို့ ဒေါသထွက်တာတို့ဖြစ်ရင် စာကျော်ပြီး ပြန်ထားတယ် ထင်မှာစိုးလို့ ရှင်းပြပေးတာပါ🥹