Chapter 19
Viewers 278

🏠 Chapter 19

ပြုပြင်မွမ်းမံခြင်း



ကုချင်းချီက ရှဲ့လုယွီကို မနှစ်သက်ချေ။


'ရှဲ့လုယွီ' ဟူသော နာမည်အား ကြားလိုက်ရသည့် အချိန်တိုင်းတွင် ကုချင်းချီက မကျေမချမ်းဖြစ်စရာ အကြောင်းများကို အမြဲအမှတ်ရနေမိသည်။ သူက ကိစ္စတော်တော်များများကို ဂရုမစိုက်ခဲ့သော်လည်း ဤကိစ္စက တစ်ခုတည်းသော ချွင်းချက်ပင် ဖြစ်သည်။ သူက ၎င်းကို မထိန်းချုပ်နိုင်ခဲ့‌ပေ။


ဟိုးအစပိုင်းကတည်းက ရှဲ့လုယွီက သူ့အား အထူးကောင်းမွန်စွာ ဆက်ဆံပေးလေသည်။


သူ လမ်းပေါ်မှာရှိနေသော အချိန်၌ပင် ရှဲ့လုယွီ၏

ကြော်ငြာများအား မြင်ရသည့်အခါဖြစ်စေ၊

ရှဲ့လုယွီ၏ နာမည်အား ကြားရသည့်အခါဖြစ်စေ

မသိစိတ်အရ ခေါင်းကို မော့ကြည့်လေ့ရှိသည်။


သို့သော်လည်း သူ့ကို ကြိုက်ကြိုက် မကြိုက်ကြိုက်

မည်သည်ကမှ အရေးမပါချေ။ 


ပုံမှန်အခြေအနေများအရ သူတို့ တစ်ဘဝလုံးတွင် အတူတကွ ပြန်ဆုံစရာ မည်သို့သောအခါမှ ရှိလာမည်မဟုတ်ချေ။ 


သို့သော် လောကကြီး၌ ကြိုတင် မပြောနိုင်သည့် အရာများ ရှိနေလေသည်။ ယခုတွင် ရှဲ့လုယွီက သူနှင့် အလွန်ကို နီးကပ်နေပြီး နေ့စဉ်နေ့တိုင်း ပေါင်းသင်းဆက်ဆံနေရလေသည်။ 


သူက လျစ်လျူရှုထားနိုင်မည်ဟု ထင်ထားသော်ငြား မလုပ်နိုင်ခဲ့ပေ။


ဖြစ်သွားရမယ့်အရာက ဖြစ်ကိုဖြစ်တာပဲလေ....


ကုချင်းချီက မတရားစွာ ဆက်ဆံခံခဲ့ရသော ကြောင်လေးတစ်ကောင် ကဲ့သို့ပင်ဖြစ်သည်။ သူက ဘေးအိမ်မှ ခွေးကြီးအား မြင်သည့် အချိန်တိုင်း ဦးစွာ ရှောင်ဖယ်နေလိုက်မည် ဖြစ်သည်။  


သို့သော် တစ်ရက်၌ ကြောင်‌ကလေးကုက မိုးရေထဲတွင် စိုစိုရွှဲနေခဲ့ကာ ထောင့်တစ်ထောင့်၌ ပုန်းကွယ်၍ နေရန် လုပ်သည့်အချိန်တွင် ဘေးအိမ်မှ ခွေးကြီးထံမှ တားဆီးခြင်းကို ခံလိုက်ရလေသည်။ ၎င်းက ကြောင်ကလေးကုအား ခပ်အုပ်အုပ် ဟောက်လာပြီး လျှာဖြင့် သန်ရှင်းသွားစေရန် လျက်ပေးလာခဲ့သည်။ ထို့ပြင် ၎င်းက ကြောင်ကလေးကို သူ၏ နွေးထွေးသော ခွေးအိမ်လေးထဲသို့ ပြန်ဆွဲခေါ်သွားခဲ့သေး‌သည်။


ထိုအချိန်မှစ၍ ရှဲ့လုယွီ၏ နာမည် ထွက်လာသံကြားသည်နှင့် အိပ်မက်ဆိုးများကိုသာ မှတ်မိသည် မဟုတ်ဘဲ ထိုနေ့ညက မီးဖိုချောင်ထဲမှစွပ်ပြုတ်ပူနွေးနွေးလေးအားလည်း အမှတ်ရလာပြီ ဖြစ်သည်။ 


ဒါပေမယ့် ဒါက အဆုံးသတ်ပဲလေ....


ထိုသည်က ကုချင်းချီ တွေးထားသည့် အရာပင် ဖြစ်သည်။


နောက်ရက်အနည်းငယ်အတွင်း ရှဲ့လုယွီက သူကိုယ်တိုင် ချက်ပြုတ်သည့် တာဝန်အား ယူလိုက်လေ၏။

“ဒီအတိုင်းဆက်သွားနေရင် ငါ အဆာလွန်ပြီး သေသွားလိမ့်မယ်...ဒါက ငါဆက်ပြီး အသက်ရှင်နိုင်အောင် လုပ်‌ပေးရုံသက်သက်ပဲ..." 


သူက မတူညီသည့် ဟင်းပွဲများကို နေ့စဉ် ပြုလုပ်ပေးလေ့ရှိသည်။ သူက ကမ္ဘာတစ်ဝှမ်းမှ အချို့ ဟင်းပွဲများကိုပင် နှစ်ကြိမ်မျှ ပြုလုပ်‌ပေးခဲ့သေးသည်။ 


ကုချင်းချီ ငံလှသော ဟင်းများကို ကြိုက်တတ်သည်အား တွေ့ရှိသွားပြီးသည့်နောက်တွင် သူ့အကြိုက်ပေါ် မူတည်‌သော အစားအ‌သောက်များအား ပို၍ ပို၍ ဖြည့်ဆည်း‌ပေးရန် ပြုလုပ်လာခဲ့သည်။ 


ကုချင်းချီက ဤအရာအား သတိမပြုမိပေ။ မည်သို့ဖြစ်စေ အစားအသောက်များအား စားကြည့်ပြီးသွားသည့်အခါ ဟင်းပွဲများအားလုံးက သူ၏ အာသီသနှင့် ကွက်တိဖြစ်နေကြောင်း သိရှိသွားကာ သူက ပုံမှန်ထက်ပင် ပန်းကန်တစ်ဝက်စာ ပို၍ စားမိလိုက်သေး၏။ 


ရှဲ့လုယွီ : အတော်လေး အောင်မြင်တဲ့ပုံရတယ်....


⁂


ရိုက်ကူးရေးကာလ ငါးရက်အကြာတွင် ဇာတ်သိမ်းပိုင်းကို ‌လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ 


ရိုက်ကူးရေး ပြီးဆုံးသွားသည့် ရက်တွင် ယဲ့လီက ကုချင်းချီကို လာကြိုလေ၏။

“ ငါမင်းအတွက် မဂ္ဂဇင်းနှစ်စောင်ရဲ့ကာဗာမှာ ဓာတ်ပုံရိုက်ပေးဖို့ ရွေးထားပေးတယ်...ပြီး‌တော့ သူတို့ကိုလည်း ငါဆက်သွယ်ပြီးသွားပြီ..."


“တစ်ခုက Fashion Frontline လို့ခေါ်တဲ့ ဒုတိယအဆင့် မဂ္ဂဇင်းပဲ...‌ နောက်တစ်ခုကတော့ Lady လို့ခေါ်တဲ့ မိန်းမတွေအတွက် မဂ္ဂဇင်း... ဒီတစ်ခုက သိပ်မဆိုးဘူး... သူတို့ ပုံစံက အတော်လေး ကြော့ရှင်းတယ်... ရှဲ့လုယွီတောင်မှ သူတို့ မဂ္ဂဇင်းထဲမှာ အသားပေး ဖော်ပြခံရဖူးတယ်...ဒါ‌ပေမယ့် မင်းကို အတွင်းဘက် စာမျက်နှာ‌တွေထဲမှာ ပါအောင်ပဲ ငါလုပ်‌ပေးနိုင်တယ်... ကြေးကလည်း သိပ်မများဘူး‌လေ...စိတ်မပူပါနဲ့ အရင်ဆုံး အခြေခိုင်အောင် လုပ်ကြတာပေါ့.. အစဆိုရင် ဆုံးရှုံးတာလေး တချို့ရှိတတ်တာ ပုံမှန်ပါပဲ... မင်းပိုပြီး ကျော်ကြားလာတာနဲ့ ပိုပြီးများတဲ့ အခွင့်အရေးတွေ ရလာလိမ့်မယ်..."


ဤအရာများ အားလုံးက အလွန်ကောင်းသော အရင်းမြစ်များ ဖြစ်သည်။ ၎င်းတို့က ယဲ့လီ အကူအညီများ၏ အလဲလှယ်အနေဖြင့် ရရှိခဲ့သော အရင်းမြစ်များပင် ဖြစ်၏။ သူတို့က မဂ္ဂဇင်းများအား လုံးဝကို ခက်ခက်ခဲခဲနှင့် ငွေတောင်းခံခဲ့ရလေသည်။ ၎င်းက အခြေခံအားဖြင့် အချို့ ကြော်ငြာများအတွက် အကျိုးအမြတ်ရနိုင်ရန် အလို့ငှာ အရှုံးခံလိုက်ရသည်မျိုးလည်း ရှိလေသည်။ 


ရည်ရွယ်ချက်က ကုချင်းချီ ကျော်ကြားမှုလေးအချို့ ရရှိနိုင်ရန်သာ ဖြစ်သည်။


“ ငါတို့ပြန်ကြမယ်... မင်း ထိုင်ခုံခါးပတ်ကို ပတ်လိုက်‌တော့...အာ...ဒါနဲ့...ရိုက်ကူးရေးက ဘယ်လိုနေလဲ..." 


ကုချင်းချီ ခဏမျှ တွေးကြည့်နေပြီးနောက် တွန့်ဆုတ်စွာ ပြောလိုက်သည်။

“ကျွန်‌တော်ထင်တာ‌‌တော့...အဆင်ပြေပါတယ်..."


ယဲ့လီက သူ့ကို နှစ်သိမ့်လာသည်။

“အဆင်‌ပြေသွားမှာပါ...အနားယူလိုက်ဦး...ဒါက အနာဂတ်အတွက် အမြတ်ရမယ့် အတွေ့အကြုံလို့ပဲ ယူဆလိုက်..."


ကုချင်းချီ 'အင်း' ဟုသာ တုံ့ပြန်လိုက်သည်။ သူက အနာဂတ်တွင် ရှဲ့လုယွီနှင့် ဖျော်ဖြေမှုများကို ရှောင်ပြီး သူ့အတွက် အလုပ်များအား သက်သက်စီ စီစဉ်ပေးရန်အတွက် ပြောရန် သင့် မသင့် တွေဝေနေမိသည်။


မည်သို့ပင်ဖြစ်စေ ၎င်းကို တွေးကြည့်ပြီးသွားသည့်အခါ သူ အများကြီးကို တွေးပူနေသကဲ့သို့ ခံစားလိုက်ရသည်။

ငါက ဘယ်သူမှ မှ မဟုတ်တာ...ဒါပေမယ့် ရှဲ့လုယွီကတော့ နိုင်ငံတကာနဲ့ဆိုင်တဲ့ နာမည်ကြီး တစ်ယောက်လေ...ပြည်တွင်းရော ပြည်ပရော နှစ်ခုလုံးမှာ သူ ဆုတွေ မရေမတွက်နိုင်အောင်ကို ရထားတာ...


အနာဂတ်မှာ သူတို့ ထပ်ပြီး ဆုံတွေ့ကြရမည့် အခွင့်အလမ်း တစ်ခုမျှပင် ရှိလမ့်မည် မဟုတ်ချေ။


ထို့အပြင် သူက ယဲ့လီကို စိတ်မကောင်းမဖြစ်စေချင်ပေ။ သူ အလုပ်ပင် စ၍ မလုပ်ရသေးမီ၌ တောင်းဆိုချက်များ စပြီး လုပ်ရန် မမှန်ကန်ဟု ခံစားရလေ၏။


အမြဲလိုလိုအတိုင်းပင် ယဲ့လီက တက်ကြွနေဆဲ ဖြစ်သည်။ 

“ ဓာတ်ပုံရိုက်ကွင်းက အတော်လေး နောက်ကျတဲ့ရက်မှ စီစဉ်ထားတာ...မင်းအခုလေးတင် ရိုက်ကူးထားတဲ့ အပိုင်းက အဲ့အချိန်လောက်ဆို ထုတ်လွှင့်‌နေလောက်ပြီ...ရသစုံရှိုးတွေက ထုံးစံအတိုင်း ထုတ်လုပ်ရေးကို မြန်မြန်ဆန်ဆန် လုပ်တတ်ကြတယ်လေ... မင်းသာ ကံကောင်းရင် တလိမ့်လိမ့်တိုးလာမယ့် ပရိသတ်တွေကိုတောင် ဆွဲဆောင်နိုင်လိမ့်မယ်...အာ...ဟုတ်သားပဲ..နောက်ဆိုရင် Weibo ပေါ်မှာ ထသွားထလာတွေနဲ့ ပို့စ်မတင်နဲ့တော့...မင်းရဲ့ အကောင့် စကားဝှက်‌ကိုလည်း ခဏနေရင် သေချာပြောပြသွားဦး..."


လွန်ခဲ့သည့် ရက်များအတွင်း ကုချင်းချီ ‌ကောင်းကောင်းမွန်မွန် အိပ်မရခဲ့၍ သူ၏ ခေါင်းအား ထိုင်ခုံ‌ခေါင်းမှီ‌‌ပေါ်ကို နောက်ပြန်လှန်ကာ မှီပြီး နားနေလိုက်သည်။ သူ၏မျက်လုံးများကို မှိတ်ချလိုက်ပြီးနောက် သူ၏ မေးရိုးအား လှပသော အကွေးလေးအဖြစ် ဆန့်ထုတ်လိုက်သည်။ စကားပြောနေသည့်အခါ သူ၏ လည်စေ့လေးက အပေါ်အောက် ရွေ့လျားနေပြီး သူအား sexy ဆန်ဆန် အမိုက်စားပုံဖြစ်စေလေသည်။


“ကျွန်တော့်မှာ Weiboအကောင့် မရှိဘူး.... WeChat ပဲရှိတယ်..ခင်ဗျား လိုချင်လား..." 


ယဲ့လီ အနည်းငယ်မျှ အံ့အားသင့်သွားလေသည်။ Weibo ကို အသုံးမပြုကြသော လူငယ်များက အလွန်ကို အနည်းငယ်သာ ရှိလေ၏။


“ အဲဒါလည်း ကောင်းတာပဲ...ဒီနည်းနဲ့ဆို အနာဂတ်မှာ မင်းကို ဘယ်သူမှ ညစ်ညစ်ပတ်ပတ်တွေ တူးထုတ်နိုင်တော့မှာ မဟုတ်ဘူး...မင်းငါ့ကို WeChat ကို ပေးထားဖို့ မလိုပါဘူးကွာ...တခြားလူ့အမှိုက်တွေကိုသာ add မလုပ်ထားနဲ့...ငါ့ကိုလည်း WeChat မှာ add ထားဖို့ မမေ့နဲ့ဦး...ငါမင်းအတွက် Weibo ‌အကောင့် လုပ်ထားပေးမယ်...မင်းအတည်ပြုချက်ရပြီးတာနဲ့ V ကို မင်းအကောင့်ထဲထည့်ထား...ငါ အဲဒါကို ‌တောက်လျှောက် စီမံပေးသွားမယ်..."

  

ကုချင်းချီ၌ ငြင်းဆိုမှုများ တစ်ခုပင် မရှိချေ။ သူက ဤသို့သော အရာများနှင့်လည်း ဆော့ကစားလေ့ မရှိခဲ့ပေ။ ၎င်းတို့က အလွန်ပင် စိတ်အနှောင့်ယှက်ပေးကြောင်း သူ အမြဲတမ်းလိုလို တွေ့ရသော်လည်း ယဲ့လီက ပြောလာပြီဆိုလျှင် သူက အကောင့် မှတ်ပုံတင်ရန် လုပ်ရဦးမည် ဖြစ်သည်။ ယခုလက်ရှိတွင် အကောင့်အား ယဲ့လီထံသို့ တိုက်ရိုက် ယူသွားခိုင်းလိုက်ခြင်းက သူ့အား ပို၍ ပျော်ရွှင်စေလေသည်။

 

“‌ ကြောင်လေး‌ရော ဘယ်လိုနေလဲ..."


“သူ ထိုး‌‌နေကျ ဆေးထိုးပေးထားပြီးပြီ...အခု‌တော့ သူက ငါ့အိမ်မှာလေ...ငါ့ ဆိုဖာတွေကို ကြောင်လေးက အမြဲလိုက်ကုတ်ခြစ်နေတာကပဲ အတော်လေး ဆိုးနေရုံပါပဲ...သူက အရမ်းလည်း စားသေးတာနော်...သူပိုပြီး ဝလာတော့မယ်လို့တောင် ငါ‌ထင်တယ်... အဲဒါအပြင် တခြား ဘာမှမရှိပါဘူးကွာ...တော်တော်လည်တဲ့ ကြောင်..." 


ယဲ့လီက ကုချင်းချီနှင့်အတူ သူ၏ အဆောက်ဦးထံကို လျှောက်လာခဲ့သည်။


“ နောက်သုံးလေးရက်အတွင်း ဘာအစီအစဥ်မှ မရှိတာမလို့ သေချာ များများလေး အနားယူလိုက်တော့...နောက်ရက်တွေကျရင် မဂ္ဂဇင်းဓာတ်ပုံရိုက်ကွင်း အတွက် ငါမင်းကို လာကြိုပေးမယ်...ငါ ကြောင်လေးကိုလည်း တခြားရက်တွေကျရင် ခေါ်လာခဲ့ပေးမယ်...."


×××××


ရှဲ့လုယွီကို လာကြိုသည့် လူက ဖန်ရှောင်ချန်ပင် ဖြစ်သည်။ ရှဲ့လုယွီက သူ့လက်အောက်မှ တစ်ဦးတည်းသော အနုပညာရှင်လည်းဖြစ်သည်။ ရှဲ့လုယွီ အလွန်အောင်မြင်နေသည့်အတွက် ဖန်ရှောင်ချန်၌ အကျိုးအမြတ် အရင်းမြစ်‌များကိုပင် ကူရှာပေးရန် မလိုအပ်ချေ။ 


အဆုံးတွင် ရှဲ့လုယွီအတွက် သူ အလုပ်ပေးရဆုံးက လူ‌ရှေ့ထွက်ပြီး ပြောဆိုဆက်ဆံပေးရန်သာ စီမံပေးခြင်း ဖြစ်သည်။ ရှဲ့လုယွီ၏ အရည်အချင်းက သူ၏ သရုပ်ဆောင် ကျွမ်းကျင်မှုအဆင့်နှင့် တူညီစွာ ပြဿနာရှာခြင်း ဖြစ်သည်။


ယနေ့‌တွင် ရှဲ့လုယွီက သတင်းထောက်နှင့် အင်တာဗျုး လုပ်နေစဉ် ထူးထူးခြားခြား အေးအေးဆေးဆေး‌‌ ဖြစ်နေလိမ့်မည်။ မနက်ဖြန်တွင် သူ အခြားအနုပညာရှင်များကို တွေ့ရသည်နှင့် လှည့်ပြန်လာခဲ့မည် ဖြစ်သည်။ ဤအရာများကို ပြဿနာသေးသေးလေးဟု တွေး၍ရလေသည်။ အနည်းဆုံး လူရှေ့သူရှေ့၌ ပြောဆိုဆက်ဆံ‌ပေးရခြင်းက ဤကိစ္စရပ်များတွင် အလွန်အသုံးဝင်နေဆဲ ဖြစ်သည်။ 


အချိန်အများစု၌ ရှဲ့လုယွီ လုပ်လိုက်သည့် ပြဿနာများက လူရှေ့သူရှေ့ ထွက်ကာ ပြောဆို၍ပင် ဖြေရှင်း မရကြချေ။


အထူးသဖြင့် ဖန်ရှောင်ချန်က ရှဲ့လုယွီ၏ နေ့စဉ်ဘဝမှ ကဏ္ဍများအားလုံးကိုသာ ဂရုစိုက်ပေးရလေသည်။ မမျှော်လင့်ထားစွာနှင့် အေးဂျင့်ဖြစ်သည့် သူက ရှဲ့လုယွီအတွက် ဇီဇာကြောင်သော အဘွားအိုကြီး တစ်ယောက် ဖြစ်လာခဲ့သည်။ 


ထို့ပြင် သူ၏ ကောင်းမွန်စွာ ပျိုးထောင်ထားသည့် ခန္ဓာကိုယ်ကြောင့် ရှဲ့လုယွီ၏ ‌bodyguard အနေနှင့်ပင် အထင်မှားတတ်ကြသည်။ 


ယခုချိန်၌ ဖန်ရှောင်ချန်က ရှဲ့လုယွီအား လာကြိုပေးရန်အတွက်လည်း ရောက်လာခဲ့ရသည်။

ငါက ဒီမှာ ကိုယ့်ဘာသာတောင် ကားမမောင်းရဘူးလေ...ရှဲ့လုယွီမှာ သူ့ ကိုယ်ပိုင် ယာဥ်အမောင်းသမားအပြင် နာနီဗန်ကား ရှိပြီးသား... 


ကုမ္ပဏီက ရှဲ့လုယွီအား ကားသုံးစီး စီစဉ်ပေးထားကာ နာနီဗန်ကားနှင့် အခြားဇိမ်ခံကားများပင် ဖြစ်သည်။ ဇိမ်ခံကားများကို အရေးကြီးသော ပွဲများမျိုးစုံ တက်ရောက်သောအခါ ရုပ်သံများလွှင့်‌ကာ ပါလာမည့် အချိန်၌သာ အသုံးပြုလေသည်။


မည်သို့ဖြစ်စေ ၎င်းက မလိုအပ်ချေ။ ရှဲ့လုယွီက ဇိမ်ခံကားများ အပြည့်နှင့် ဂိုထောင်အား သူ့ဘာသူ ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ကားချင်းစီက သူ့အား ကုမ္ပဏီမှ ခွဲဝေပေးလာသော ထိုကားနှစ်စီးထက် ပိုပြီး ကောင်းလေ၏။


ရှဲ့လုယွီက maskနှင့် နေကာမျက်မှန်အပြည့်အား တပ်ဆင်ထားလေသည်။ ကားထဲသို့ ရောက်လာသည့်အခါ သူ၏ ဂျက်အင်္ကျီ ၊ နေကာမျက်မှန်နှင့် maskများကို ချွတ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ အနားယူနေလိုက်သည်။


ဖန်ရှောင်ချန် အံ့ဩသွားရသည်။

“မင်းပဲ အနားယူရအောင် သွားခဲ့တာ မဟုတ်ဘူးလား...ဘယ်လိုလုပ် ဒီတိုင်းကြီး လှဲနေရတာလဲကွာ...မင်းစိတ်အ‌ခြေ‌အနေ ဆိုးနေလို့လား..."


ရှဲ့လုယွီ မျက်လုံးပင် မဖွင့်ဘဲ စကားပြောလာခဲ့သည်။

“ကျွန်‌တော်က ဘယ်လိုများ နားလို့ရမှာတဲ့လဲ...ကျွန်တော်ကပဲ လေးရက်လုံးအတွက် ချက်ပြုတ်ပေးခဲ့ရတာလေ...ကျွန်တော် မချက်ခဲ့တဲ့ ပထမဆုံး‌နေ့တုန်းကဆိုရင် တစ်ရက်လုံးကို ကြမ်းတိုက်နေရင်းနဲ့ အချိန်ကုန်ခဲ့ရတာ..."


သူက မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးဖွင့်လိုက်ကာ ဖန်ရှောင်ချန်ထံ ကြည့်လာခဲ့သည်။

“ခင်ဗျား ကျွန်တော့်အပေါ်ကို မကျေနပ်တာတွေများ ရှိလို့လား...အဲဒီ ချာတူးလန်ရသစုံရှိုးမှာ အားလုံးကထင်းခုတ်ရတာနဲ့ ရေသယ်ရတာတွေချည်းပဲ...ကျွန်‌တော် ပင်ပန်းပြီးသေတော့မလို့..."


တကယ်က သူ ထိုနေရာ၌ ရှိနေခဲ့သည့် အချိန်များမှာ အလွန်ကောင်းမွန်လေ၏။ အမှန်တွင် အများကြီး မကောင်းနိုင်‌ပေ။ အတော်လေး ပင်ပန်းခဲ့သော်ငြား ထိုသည်က ပြောဖို့ပင် မထိုက်တန်ခဲ့ချေ။ သူက ကုချင်းချီနှင့် တစ်အိမ်တည်းတွင် ငါးရက်မျှ နေထိုင်ခဲ့လေသောကြောင့် ဤသည်က လက်မထပ်မီ အတူနေခြင်းဟုပင် လက်တွေ့ကျကျ တွေး၍ရလေသည်။


ယနေ့က ရိုက်ကူးရေးနောက်ဆုံးနေ့ ဖြစ်‌သဖြင့် ရှဲ့လုယွီ နည်းနည်း စိတ်အခြေအနေ မကောင်းနေချေ။


ပြီးတော့..ပြီး‌တော့လည်း...ကုချင်းချီက ငါ့အပေါ်ကို ရှင်းရှင်းလင်းလင်းကြီး အေးစက်စက်နိုင်လွန်းနေတယ်...သူက တခြားသူတွေထက်တောင် ငါ့အပေါ်ကို ပိုပြီးအေးစက်နေတာ...


သို့သော် ရှဲ့လုယွီက ၎င်းအား ဖန်ရှောင်ချန်ကို တစ်ခုမှ ပြောပြမည်မဟုတ်ချေ။ ဖန်ရှောင်ချန်၌ သိခွင့်လည်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က လုံလောက်အောင်အထိ မရင်းနှီးသေး၍ သို့မဟုတ် သူတို့၏ ဆက်ဆံရေးသည် ထိုမျှ မနက်ရှိုင်းသေး၍လည်း ဖြစ်နိုင်သော်ငြား သူတို့အချင်းချင်း အတော်လေးကို ရင်းနှီးနေသည်ကြောင့်လည်း ဖြစ်နိုင်လေ၏။


သူက ရှဲ့ကောဟူသည့်ဂုဏ်ပုဒ်အား နှစ်ပေါင်းများစွာမှ ယခုထက်ထိတိုင်အောင် စောင့်ရှောက်ကြည့်ရှုလာ‌သူ ဖြစ်သည်။

ငါဒီမျက်နှာကြီးကို အဆုံးရှုံးတော့ မခံနိုင်ဘူးလေ...


ဖန်ရှောင်ချန် အဖြေကို စဉ်းစား၍မရ ဖြစ်နေသည်။

“ဒီရသစုံရှိုးက အတော်ကို နာမည်ကြီးတာပါ...သူတို့ အဲလောက်ဆိုးတယ်ဆိုတာ မဖြစ်နိုင်စရာပဲ..."


သူက လက်မြှောက်လိုက်၏။

“ ငါကြည့်တုန်းကတော့ တော်တော်လေး ပျော်ဖို့ကောင်းပါတယ်ဟ..."


ရှဲ့လုယွီ လှောင်ရယ်လိုက်ကာ ဆက်ပြီး အနားယူလိုက်၏။


သူက တိတ်တိတ်ကလေး လက်နှစ်ချောင်းထောင်လိုက်သည်။ 


ထို့နောက် သူက သူ့ကိုယ်သူ တွေးလိုက်သည်။

ငါက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ....


××××


ယဲ့လီ ကုချင်းချီ၏ Weibo အကောင့်အား မှတ်ပုံတင်၍ အတည်ပြုပြီးသွားသည့်အခါ သူစိတ်ပူနေသည်အား ရပ်တန့်လိုက်သည်။


ယဲ့လီက ရသစုံရှိုး စတင် ထုတ်လွှင့်သည့်အခါ၌ပင် အာရုံအများကြီးမစိုက်နိုင်ခဲ့ပေ။ သူက ကုချင်းချီအား လူသစ်လေး၏ စိတ်ပိုင်းဆိုင်ရာ မပြိုလဲသွားစေရန် နှစ်သိမ့်ပေးရန်အတွက်ပင် ဖုန်းခေါ်လိုက်လေသည်။ အင်တာနက်ပေါ်တွင်ပေါက်သွားသည့်အခါ လူများက ပို၍ ကြောက်စရာကောင်းလာတတ်ကြလေကာ အထူးသဖြင့် Weibo ပေါ်၌ ဖြစ်သည်။  


ထို့အပြင် ကုချင်းချီက ထိုနေ့၌ ရသစုံရှိုး ထုတ်လွှင့် မည်အား မသိထားဘဲ Weibo ပေါ်ကိုလည်း မရောက်ဖြစ်ချေ။


ယဲ့လီ စက္ကန့်နည်းနည်းမျှ ဆိုင်းငံ့နေ၏။


သူ ထိုအကြောင်းအရာ(ရှိုးအကြောင်း)ကို ရှာ၍ ကြည့်ပြီးလျှင် မည်သည်မှ ဖြစ်ပျက်သွားခြင်း မရှိခဲ့ပါက ကုချင်းချီအား ကြောင်လေးနှင့်အတူ အိမ်မှာပင်နေကာ လောကကြီးအား ဂရုစိုက်ခြင်းမရှိဘဲ ကမ္ဘာကြီးနှင့် သီးသန့်ခွဲထွက်နေစေချင်သည်။


“Weibo က ဘာမှမကောင်းဘူး...မင်းအဲဒါကို နည်းနည်း‌‌လောက်ပဲ သုံးသင့်တယ်...”


ဖုန်းချပြီးသွားသည့်အခါ Weibo ကို ဖွင့်ကာ ကုချင်းချီ၏ အကောင့်ထဲသို့ ဝင်လိုက်လေသည်။


ထို့နောက် သူ့ဖုန်းထဲမှ ရုတ်တရက် ထွက်ချလာသည့် အသိပေးချက်များ‌ကြောင့် သူ လန့်ဖျပ်သွားရသည်။


ကုချင်းချီ၏ follower အရေအတွက်အချို့က ရာချီ ထောင်ချီလျက် မြင့်တက်လာလေသည်။


ယဲ့လီက မတော်တဆ အကောင့်မှားဝင်မိခြင်း ရှိမရှိ အပြန်ပြန်အလှန်လှန် စစ်‌ဆေးနေခဲ့ရသည်။


ကုချင်းချီ၏ Weibo တွင် တစ်ခုတည်းရှိသောပို့စ်က ကုမ္ပဏီမှ mention ထားသည်ပင် ဖြစ်သည်။ လေသံကလည်း သမားရိုးကျနှင့် ရုံးသုံးအလွန်ဆန်လေသည်။


ယခုတွင် ထိုပို့စ်က ကြိုက်နှစ်သက်မှုထောင်ချီ ရရှိနေကာ တစ်သောင်းကျော်မည့် မှတ်ချက်များလည်း ရှိနေ၏


ယဲ့လီ၏ ခေါင်းထဲတွင် ရှိနေသော တစ်ခုတည်းသောအတွေးက ဆုံးရှုံးမှုတစ်ခု ဖြစ်သွားပြီ ဟုပင်ဖြစ်သည်။


ငါတို့တွေကို မဂ္ဂဇင်းကာဗာအတွက် ပုံမရိုက်ခိုင်းခဲ့ကြဘူး‌လေ...အဲဒါက တကယ့်ကို ဆုံးရှုံးမှုကြီး တစ်ခုပဲဟ...


Follower အရေအ‌တွက်က ရူးလောက်စရာ အရှိန်ဖြင့် ယခုထိ ဆက်မြင့်တက်နေဆဲပင်ဖြစ်သည်။ ယဲ့လီ စာမျက်နှာအား အသစ်ပြန်လည် စတင်လိုက်သည်နှင့် ကြောက်လန့်စရာ ကောင်းသော ဂဏန်းအသစ်တစ်လုံးက ထပ်မံ ထွက်ပေါ်လာလေသည်။


ယဲ့လီ အကောင့်ထဲ၌ ရှိသည့် တစ်ခုတည်းသော ပို့စ်ကိုနှိပ်လိုက်လေ၏။ တစ်ညတည်းအတွင်း သူတို့ follower အများကြီး မည်သည့်အတွက်ကြောင့်တိုးလာရသလဲဆိုသည်အား သူသိချင်လေသည်။ 


Weibo ပေါ်မှ မှတ်ချက်များအားလုံး‌က အာမေဋိတ်များနှင့် မြှောက်ပင့်ပြောဆိုမှုများသာ ဖြစ်နေ၏။


[ဒါက သက်ရှိလူတစ်ယောက်တဲ့လား...လူအစစ်ကြီး...လူတစ်ယောက်က ဘယ်လိုများ အဲလောက်ကြည့်ကောင်းနေနိုင်ရတာလဲဟ...]


[ငါ့ကိုရွေး ငါ့ကိုရွေး ငါ့ကိုရွေးပါ...]


[ဝူးဝူးဝူး ဒါက ငါအကြာကြီးလိုက်ရှာနေခဲ့ရတဲ့ လူပဲ...ဒါပေမယ့် Starlight က သူ့ကိုခေါ်သွားတယ်လေ...]


[ဘာလို့ ဒီမှာ ပို့စ်တစ်ခုတည်းရှိ‌နေရတာလဲ...ကုမ္ပဏီက ဘာတွေလုပ်နေတာလဲဟ သူတို့တွေ သူ့ကို ကြော်ငြာမပေးကြဘူးလား...မင်းတို့‌‌တွေ စီပွားရေးဘယ်လိုလုပ်ရလဲဆိုတာ မသိကြဘူးလား...မင်းတို့ကိုယ်မင်းတို့ကို ကြော်ငြာနေဖို့အတွက် မင်းတို့ကိုတောင်းဆိုတာပါ လုပ်နေရသေးတယ်...]


[ ငါ့အရပ်က 180 cm ရှိတယ်... ငါ့ရဲ့ ကောလိပ်အတန်းမှာ ငါက ထိပ်ဆုံးကပဲ...ငါ့မိသားစုက မြေကွက်ခြောက်ကွက်‌တောင် ပိုင်တာ...ငါက မင်းနာမည်ကို စာချုပ်တွေပေါ်မှာ ရေးပေးမယ်...ငါ့လစာ‌‌တွေကလည်း မင်းအတွက်ချည်းပါပဲ...မင်းသာ အ‌ရှေ့ကို သွားဖို့ပြောရင် ငါ အနောက်ကို လုံးဝသွား‌တော့မှာ မဟုတ်ဘူး...]


[Lmaooo အိပ်မက်ပဲဆက်မက်နေလိုက်...နင်က အရမ်းကို အရှက်မရှိလိုက်တာများ...ဆောရီးပါဟယ်... ဒါပေမယ့် နင်က 180 cm ပဲရှိတယ်ဆိုရင်လည်း နင့်အရှက်နင် မဖော်စမ်းပါနဲ့...ငါ့ရဲ့ နတ်ဘုရားလေးက နင့်ထက် ခေါင်းတစ်ဝက်စာတောင် ပိုရှည်တယ်ဟဲ့... 


[ ငါ‌အောက်ထပ်ဆိုတာ တကယ့်ကို မဖြစ်နိုင်ဘူးကွ_]


[စိတ်ကူးယဉ်မနေကြစမ်းနဲ့...အကုန်လုံး နှိုးထလိုက်ကြပါတော့...သူက ငါ့ဟာနော် အိုကေ...ငါ့ဟာလို့]



🏠🏠đŸ