အပိုင်း ၂၅၁-၂၅၂
Viewers 22k

Part 251


ဇူလိုင်လဖြစ်၍ B မြို့တွင် ညလေမှာပူပြင်းသည်။


ကျန်းယန်ရှန့် သူမ၏လက်ချောင်းအား ညင်ညင်သာသာရွေ့လျားလိုက်သောအခါ လျှပ်စီးကြောင်းနှင့်ထိတွေ့ရသကဲ့သို့ အနည်းငယ်ကျဉ်တက်သွားသော ခံစားချက်မျိုးရလိုက်၏။


" ကျွန်မထပ်ပြီးသိချင်သေးတယ် ရှင်က ဘယ်လိုလူစားမျိုးလဲဆိုတာ "


ထိုအခါ ယွဲ့စုန့်က ပြုံးသည်။


" စိတ်မပူပါနဲ့ အချိန်အများကြီးရှိပါသေးတယ် ကိုယ့်ကိုဖြေးဖြေးချင်းသိလာလိမ့်မယ် "


ထိုအချိန်တွင် ရှုလီချန်က ကင်းမြီးကောက်ကြော်လေးချောင်းကို ယူလာလေသည်။


" ပူတုန်းစား ပူနေတုန်းစားကြ " 


" နေပါဦး ဒီဟာတောင် စားမပြီးသေးဘူး " 


ပြည်ကြီးငါးကင်ကို စား၍မပြီးသေးသော ကျန်းဟယ်လင်းက စိတ်မရှည်စွာ ပြန်ဖြေလိုက်သည်။


ချစ်စဖွယ်ကောင်းသော လေထုမှာ ပျက်စီးသွားပြီဖြစ်၏။


" မလောပါနဲ့ ဖြေးဖြေးစားနော် " ယွဲ့စုန့် သတိေပးလိုက်သည်။


ညီအစ်မနှစ်ယောက်သား အချိန်အတူကုန်ဆုံးပြီးနောက် ဟိုတယ်ခန်းသို့ ရောက်ရှိချိန်တွင် အဖေဖြစ်သူပြန်ရောက်နေပြီကို တွေ့လိုက်ရ၏။


ကျန်းဟွမ်မှာ အမှန်အကန်ပင် သောက်ထားပုံရသည်။သူ့ စိတ်အခြေအနေကောင်းနေပုံရပြီး ဆိုဖာပေါ်တွင် လှဲချလိုက်၏။


" ရင်းနှီးမြှုပ်နှံမှုကောင်းပဲ ယန်ယန်ရေ "


ကျန်းဟွမ်၏စကားကြောင့် ကျန်းယန်ရှန့်တစ်ယောက် ခဏတာ ငြိမ်သက်သွားတော့သည်။


" ဘာပြောလိုက်တာလဲ အခု... ပိုက်ဆံကိုသာယာနေတာလား "


" ဘာတွေလာပြောနေတာလဲ " ကျန်းဟွမ်က ဒေါသတကြီးပြောသည်။


" အဖေက ပိုက်ဆံကြောင့်ပျော်တာမဟုတ်ဘူး "


" ..... "


" အခုတော့ သမီးရဲ့ဦးလေးနဲ့အဒေါ်က အဖေတို့အပေါ်လုပ်မိခဲ့တာတွေကြောင့် အရှက်ရနေတော့မှာ " ကျန်းဟွမ်က ပြောရင်းဆိုရင်း သီချင်းလေးထညည်းတော့သည်။


" အစ်မ ညီမလေးလည်း ဒီရုပ်ရှင်ကနေ ပိုက်ဆံအများကြီးရလာမယ်လို့ထင်နေတယ် " ကျန်းဟယ်လင်းကပြောသည်။


" အရမ်းကြည့်ကောင်းတယ် အကိုကြီးရှုသေတဲ့အခန်းမှာအရမ်းဝမ်းနည်းတာပဲ "


" ဟုတ်ပါပြီ " ကျန်းယန်ရှန့်ကပြောသည်။


" ပိုက်ဆံမရှာနိုင်လည်း ငြိမ်ငြိမ်နေလိုက်နေနော် "


" ဒါအဖေသင်ပေးထားတဲ့ဟာမဟုတ်လား " ကျန်းဟွမ်က ဝင်ပြော၏။


နောက်တစ်ရက်တွင် ကျန်းယန်ရှန်တို့သားအဖသုံးယောက် K မြို့သို့ ပြန်ခဲ့ကြသည်။


ယွဲ့စုန့်မှာတော့ ပြန်လိုက်မလာနိုင်ခဲ့ချေ။


အဘိုးကြီးယွဲ့ချီဖုန်းက ယွဲ့စုန့် Bမြို့သို့ ရောက်လာကြောင်းသိသဖြင့် အလုပ်တစ်ခုပေးကာ မြောက်ပိုင်းရှိမြို့တစ်မြို့သို့ သွားစေခဲ့သည်။


ရှုလီချန်သည်လည်း အတန်းတက်ရန် Bမြို့တွင်နေရစ်ခဲ့သည်။


ရှုလီချန်၏အမေသည်လည်း  Bမြို့တွင် အလုပ်ကိစ္စရှိသဖြင့် သားဖြစ်သူအား ကြပ်မတ်လျက် ၂ရက်ကြာနေထိုင်ခဲ့၏။


ကျန်းယန်ရှန့်တို့သားအဖသုံးယောက်သာ Kမြို့ရှိအိမ်ဆီသို့ ပျော်ရွှင်စွာ ပြန်လာခဲ့ကြသည်။


" နှစ်ရက်အတွင်း ရှို့ရှို့ပြဿနာရှာသေးလား " ကျန်းဟွမ်က လျန့်ယင်းယင်းအား မေး၏။


" မြေကြီးနဲ့ကောင်းကင်ကိုတောင် လှန်ပစ်တော့မလို့လေ " လျန့်ယင်းယင်းကလည်း အလွန်အကြူးချဲ့ကားပြောလေသည်။


" သူ့ကိုထိန်းနိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ်တောင် ကျေးဇူးတင်တယ် ကျွန်မအရမ်းပင်ပန်းနေပြီ "


ကလေးအားစောင့်မတ်ကြည့်ရှုရမည်မှာ အမေတစ်ဦး၏သမိုင်းပေးတာဝန်ဟု ကျန်းဟွမ် တွေးမိသည်။


လျန့်ယင်းယင်းသည်လည်း ကျန်းဟွမ်၏ရှေ့၌ မျက်လွှာကိုသာချ‌ထားတော့၏။


မကြာမီ၌ပင် နိုင်ငံတစ်ဝှမ်းရှိမြို့ကြီးများ၌ ရုပ်ရှင်ကို ရုံတင်ပြသတော့သည်။


ရုံတင်ပြသသည့်ပထမဆုံးနေ့၌ပင် ကျောက်လန်ဖန်က ကျန်းချီအား ရုပ်ရှင်ကြည့်ရန်ခေါ်သွား၏။


ရုပ်ရှင်ရုံသို့ရောက်ခိုက်တွင် နှစ်ဦးသား အံ့ဩသွားတော့၏။


" ဘာလို့ လူတွေအများကြီးလဲ "


ရုပ်ရှင်ပြသပြီးချိန်၌ အကြိုမိတ်ဆက်ပွဲမှာကဲ့သို့ပင် လက်ခုပ်သံများ သောင်းသောင်းဖြဖြထွက်ပေါ်လာတော့သည်။


ကျောက်လန်ဖန်နှင့် ကျန်းချီတို့၏ မျက်နှာမှာသိပ်မကောင်းကြပေ။


" တွေးကြည့်ပါဦး " ကျောက်လန်ဖန်ကပြောသည်။


" ဒါက ဂြိုဟ်သားတွေနဲ့ အာကာသတွေအကြောင်းလေ... နယ်ပယ်က အရမ်းကျယ်ပြန့်နေတာ... အဲ့လောက်ကြီး တစ်မူထူးပြီး ကောင်းနေတာလည်းမဟုတ်ဘူး.... ဟုတ်တယ်မလား "


ဤသည်မှာ အမှန်တရားအား လက်မခံနိုင်ခြင်းသာဖြစ်သည်။


အာကာသဆိုင်ရာဇာတ်လမ်းများသည် နှစ်အနည်းငယ်အတွင်း၌ပင် ရုပ်ရှင်နယ်ပယ်တွင် ကျယ်ပြန့်လာပြီဖြစ်သည်။


ယင်းဇာတ်အိမ်များမှာ စိတ်ကူးယဉ်ဆန်ပြီး ရှုပ်ထွေးလှသော်လည်း လက်မှတ်များမှာ အမြဲလိုပင် ရောင်းကုန်သွားလေ့ရှိ၏။


ကျောက်လန်ဖန်၏လေသံအရ ဇာတ်ကားသည်ကောင်းသော်လည်း သူမသည်မချီးကျူးနိုင်ဖြစ်နေသည်ဟု ယူဆရသည်။ခန်းမများ ၊ စင်္ကြံများနှင့် ဓာတ်လှေကားများတစ်လျှောက်တွင်ပါဝင်သော ဇာတ်ကွက်များအား ဆွေးနွေးနေကြသည့်သူများမှာ လူသားများမဟုတ်ကြပါလော။


အချုပ်အားဖြင့်ဆိုရသော် လူတို့မှာ မိမိယုံချင်ရာကိုသာ ယုံကြည်တတ်ကြ၏။


" ဟမ့် " ကျန်းချီက ရေရွတ်သည်။


သို့သော်လည်း လက်တွေ့သည် သူတို့မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာနိုင်ပေ။


ဤဘဝတွင် " နေအဖွဲ့အစည်းမှထွက်ခွာခြင်း " သည် နှစ်ဝက်စော၍ ကြိုတင်ထွက်ရှိခဲ့သော်လည်း 


ပြောင်းလဲခြင်းမရှိဘဲ ဘောက်စ်အော့ဖစ်သည် ပထမဆုံးနေ့၌ပင် ယွမ်သန်း၂၀၀ ရရှိခဲ့သည်။


ပထမဆုံးနေ့၌ရရှိသော ငွေပမာဏကြောင့် ဤရုပ်ရှင်သည် အကြီးအကျယ်ပေါက်လိမ့်မည်ဟု လူအများက ထင်ကြေးပေးကြ၏။


ကျန်းဟွမ်က အမေဖြစ်သူ၏ရုံးခန်းတံခါးအားခေါက်ပြီး ဝင်သွားသောအခါ သူ၏အစ်ကိုလည်း ထိုနေရာ၌ရှိနေသည်ကို တွေ့လိုက်ရသည်။


" အမေရေ ဒီမှာကြည့်ပါဦး ယန်ယန့်ရဲ့ရုပ်ရှင်က တကယ်ပေါက်တော့မှာ " ကျန်းဟွမ်က ပြသည်။


" ပထမနေ့တင် ဘောက်စ်အော့ဖစ်က ယွမ်သန်း ၂၀၀ရသွားပြီ "


အဘွားကြီးသည် စာကြည့်မျက်မှန်ကိုတပ်လိုက်သည်။


သူမသည် ပျော်ရွှင်နေပုံရသော်လည်း ကျန်းဟွမ်အား ကြိမ်းမောင်းလိုက်၏။


" ကြည့်ပါဦး အသက်တောင်မရှူနိုင်ဖြစ်နေလိုက်တာ... ပိုက်ဆံမမြင်ဖူးဘူးလား " 


" ဘယ်ကလာ... ကျွန်တော်က ကလေးအတွက် ပျော်ရမှာမဟုတ်ဘူးလားဗျ "


" ဇာတ်လမ်းက အဲ့လောက်တောင်ကောင်းတာလား " ကျန်းယုက အံ့ဩစွာမေး၏။


" အစ်ကိုရေ အချိန်ရရင် သေချာပေါက်ကြည့်သင့်တယ် 


အမှန်တိုင်းပြောရရင် ရုပ်ရှင်က ရှယ်ကောင်းတာဗျာ... ကျွန်တော်ဆို ငိုတောင်ငိုမိတယ်... ဟယ်ဟယ်လည်း ငိုတယ် " ကျန်းဟွမ်က လေးလေးနက်နက်အကြံပြု၏။


" ဪ အခုချိန်ထိငိုတတ်သေးတာပေါ့ " အဘွားကြီးက စာကြည့်မျက်မှန်ကိုဖြတ်ကျော်၍ ကျန်းဟွမ်အားကြည့်လျက် မေးသည်။


" ဒါဆိုရင်တော့ ဘယ်လိုရုပ်ရှင်မျိုးလဲ ကြည့်မှရတော့မယ် ယန်ယန်ရဲ့ ဘောက်စ်အော့ဖစ်နဲ့ ပူးပေါင်းလိုက်ကြတာပေါ့ "


" ကျွန်တော်လိုက်ပြမယ် ကျွန်တော်လည်း နောက်တစ်ခေါက်ကြည့်မှာ " ကျန်းဟွမ်တစ်ယောက် သဒ္ဒါတရားများ ယိုဖိတ်နေရှာ၏။


ဘေးဘက်အဆောက်အဦးတွင်း၌ ရုပ်ရှင်ရုံတစ်ခုရှိလေရာ ကျန်းဟွမ်က လုံခြုံရေးများအား ပွဲလက်မှတ်ဝယ်ပေးရန် တောင်းဆိုလိုက်၏။


" ငါ့ကိုအတူခေါ်သွား " ကျန်းယုက ပြောသည်။


အတွင်းရေးမှူးက ယနေ့အတွက် လက်မှတ်များမှာ ရောင်းကုန်သွားပြီဖြစ်ကြောင်း ပြောသည်။


မနက်ဖြန်ပွဲစဉ်လက်မှတ်များမှာလည်း အစွန်ခုံများအတွက်သာရှိပြီး သုံးခုံဆက်တစ်တန်းတည်းမရနိုင်ပေ။


သဘက်ခါအတွက်သာ လက်မှတ်များကြိုဝယ်နိုင်မည်ဖြစ်သည်။


" အရမ်းပြည့်နေတာပဲ " ကျန်းဟွမ် ပို၍ပင် အံ့ဩသွားတော့၏။


" ရပါတယ် အဲ့ဒါဆိုလည်း သဘက်ခါအတွက်ပဲဝယ်ထားလိုက်တော့ " 


အိမ်သို့ပြန်ရောက်သောအခါ ကျန်းယုက ဇနီးသည်အားပြောပြသည်။


" ယန်ယန့်ရုပ်ရှင်က အရမ်းပေါက်နေတာ အမေတောင်သွားကြည့်ချင်ပေမဲ့ ဒီနေ့လက်မှတ်မရဘူး သဘက်ခါအတွက်ပဲ လက်မှတ်ရခဲ့တယ် "


" ဪ " ကျောက်လန်ဖန်မှာ အလေးထားခြင်းမရှိဘဲ ပေါ့ပျက်ပျက်သာ ပြန်ဖြေသောကြောင့်ကျန်းယု စိတ်မသက်မသာ ဖြစ်သွားတော့၏။


နှစ်ရက်ကြာပြီးနောက် သားအမိသုံးယောက် ရုပ်ရှင်သွားကြည့်ကြလေသည်။


အဘွားကြီးကျန်းသည် အသက်ကြီးနေပြီဖြစ်သော်လည်း စိတ်ဓာတ်မှာတော့ မအိုရှာသေးပေ။


ဤကဲ့သို့သော ရုပ်ရှင်အမျိုးအစားအား စိတ်ဝင်တစားကြည့်နိုင်သည်။


ရုပ်ရှင်၌ပါဝင်သည့် လူသားဆန်မှုကိုလည်းချီးမွမ်းခဲ့၏။


အထူးသဖြင့် ရှုလီချန်ကိုပင်။


" အချိုးမပြေဘူးထင်နေပေမဲ့ ရှောင်ရှုက ကောင်းကောင်းလုပ်တတ်တာပဲ "


ရုပ်ရှင်၏အချက်အလက်များကို ဘောက်စ်အော့ဖစ်မှ ကြည့်စရာမလိုလောက်အောင်ပင် မီဒီယာများက နေ့စဉ် သောင်းသောင်းဖြဖြ ဖော်ပြနေကြသည်။


ရုံပြည့်နေသော လူအုပ်ကြီးနှင့် ပြည့်ကြပ်နေသော ရုံတင်အချိန်ဇယားကိုကြည့်ရုံနှင့် ဤရုပ်ရှင်၏အောင်မြင်မှုကို ခန့်မှန်း၍ရ၏။


ရုပ်ရှင်သည် အမှန်တကယ်ပင် ကြည့်ကောင်းသည်။


ကျန်းယုအိမ်သို့ရောက်သည်အထိ ဇာတ်ကြောင်းမှာ ခေါင်းထဲက မထွက်နိုင်သေးပေ။


သို့သော် ဇနီးသည်စိတ်အခန့်မသင့်ဖြစ်မည်စိုး၍ ပြောမပြတော့ရန် ဆုံးဖြတ်ထားသည်။


ဇနီးဖြစ်သူက အတွေးတိမ်လွန်း၏။

အကယ်၍ ယန်ယန်မအောင်မြင်လျှင် ဆုံးရှုံးမှုမှာ ကျန်းမိသားစုတစ်ခုလုံးနှင့် သက်ဆိုင်နေမည်သာဖြစ်သည်။


Xxxxxxx


Part 252


ယွဲ့စုန့်က သူပြန်မလာမီတွင် ကျန်းယန်ရှန့်ဆီ ဖုန်းဆက်လိုက်သည်။


" ကိုယ် မနက်ဖြန် ပြန်လာတော့မယ်

လီချန်ကလည်း အတန်း၂ရက်တက်ပြီးရင်ပြန်လာမှာ ပင်လယ်ဘက်ကို ရက်နည်းနည်းလောက်သွားလည်ကြမလား ရှောင်ဟယ်ကိုလည်းခေါ်ခဲ့ပေါ့ "


အထက်တန်းကျောင်းသူတစ်ဦးတည်း ကောလိပ်ကျောင်းသားများဖြင့်အလည်အပတ်သွားခြင်းက မသင့်တော်ကြောင်း ကျန်းယန်ရှန့်နားလည်သည်။


အသက်အရွယ်မှာ အတားအဆီးသဖွယ်ဖြစ်၏။


ယွဲ့စုန့်၏အစီအစဉ်မှာ မှန်ကန်လေရာ  တွေးခေါ်တတ်လျက် ဂရုတစိုက်ရှိသူဖြစ်ကြောင်းပေါ်လွင်စေသည်။


ရက်အနည်းငယ်ကြာသောအခါ လီချန်လည်းပြန်ရောက်လာပြီး ကျန်းယန်ရှန့်တို့ညီအစ်မအား အတူခေါ်သွားရန် ယွဲ့စုန့်အားပြောလိုက်၏။


ကျန်းယန်ရှန့် သူမ၏ကိစ္စရပ်များအား ကျန်းဟွမ်ထံသို့ တစ်ကြိမ်တစ်လေမျှ အစီရင်ခံဖူးခြင်းမရှိသော်လည်း ဤတစ်ခေါက်၌ ကျန်းဟယ်လင်းကိုပါ ခေါ်သွားရတော့မည်ဖြစ်သောကြောင့် မတတ်သာဘဲ ကျန်းဟွမ်အား ခွင့်ပြုချက်တောင်းလိုက်ရသည်။


ရှုလီချန်နှင့် ယွဲ့စုန့်တို့ပါသည်ကို ကြားလိုက်ရသည့်အတွက် ကျန်းဟွမ်မှာ သမီးများအတွက် စိတ်ချသွား၏။


ဖြစ်သင့်သည့်အတိုင်း အတူပေါင်းသင်းကြသည့် ကလေးများရှိလာလေပြီ


ကျန်းယန်ရှန့်ငယ်စဉ်က သူနှင့်ဆက်ဆံရေးမပြေပြစ်သောကြောင့် ကျန်းဟွမ်မှာ အခြားကလေးများနှင့်တွေ့ဆုံရန် ကျန်းယန်ရှန့်အား ခေါ်သွားခြင်းမျိုးမပြုနိုင်ခဲ့ပေ။


ယခု၌ သူမအရွယ်ရောက်လာပြီဖြစ်သည်။

လူမှုပတ်ဝန်းကျင်အား သူမဘာသာ ထူထောင်နေ‌နိုင်ပြီဖြစ်၏။ဤကဲ့သို့သော ဆက်ဆံရေးမျိုးမှာ လွန်စွာအဖိုးတန်ပေသည်။


ထို့အပြင် ရှုမိသားစုနှင့် ယွဲ့မိသားစုတို့မှာလည်း လွန်စွာကောင်းမွန်ကြ၏။ထိုမိသားစုမှ ကလေးများနှင့် အတူရှိခြင်းက ကောင်းသောအရာဟု ကျန်းဟွမ်ယူဆသည်။


ကျန်းဟယ်လင်းမှာ အပျော်ဆုံးလူသားဖြစ်နေလေသည်။

အစ်မဖြစ်သူနှင့် လျှောက်လည်ရခြင်းကို သူမသဘောအကျဆုံးဖြစ်၏။


ဟယ်လင်းက ကျန်းယန်ရှန့်နှင့်အတူ ကားနောက်ခန်းတွင်ပါလာပြီး တစ်လမ်းလုံး ‌စကားကိုကရားရေလွှတ်ပြောလာသည်။


ရှုလီချန်ကလည်း တစ်လမ်းလုံး အော်ရယ်လာ၏။


K မြို့သည် ပင်လယ်နှင့်တိုက်ရိုက်ထိစပ်မနေပေ။


ထို့ကြောင့် သုံးနာရီကြာမောင်းနှင်ပြီးနောက်တွင် လေးယောက်သား ဆိပ်ကမ်းသို့ရောက်ရှိလာကြသည်။


ဆိပ်ကမ်း၌ သူတို့၏မိသားစုပိုင်စက်လှေများရှိ၏။


ဤတစ်ကြိမ်၌ ယွဲ့မိသားစု၏ စက်လှေကိုသုံးရန်ဆုံးဖြတ်လိုက်ကြသည်။


" ဝါး မင်းတို့လှေက ကောင်းလိုက်တာ ... ငါတို့ဟာထက်တောင်သာတယ် " ရှုလီချန်က လှေပေါ်၌ရပ်ပြီး တက်ကြွစွာပြောလိုက်သည်


ဤလှေသည် သေးငယ်သော လှေငယ်မဟုတ်ပေ။ပါတီနှင့် မင်္ဂလာပွဲများ ကျင်းပနိုင်သည့်အပြင် အချိန်ပြည့် ပဲ့ကိုင်များနှင့် ဝန်ဆောင်မှုဝန်ထမ်းများပါရှိသော ဇိမ်ခံသင်္ဘောဖြစ်သည်


လှေပေါ်သို့ရောက်ချိန်တွင် ကျန်းဟယ်လင်းမှာ သိချင်စိတ်အား မထိန်းချုပ်နိုင်တော့ပေ။


" မမ သမီးတို့မိသားစုမှာရော လှေရှိလားဟင် "


ကျန်းယန်ရှန့်လှမ်းကြည့်လိုက်သောအခါ ဆိပ်ကမ်း၌ရပ်ထားသည့် ရာချီနေသော စက်ေလှများကို မြင်လိုက်ရသည်။


" ငါမှတ်မိသလောက်တော့ ဟိုနေရာမှာရပ်ထားတာပဲ " ကျန်းယန်ရှန့်က တစ်နေရာရာကို လက်ညိုးထိုးရင်းပြောသည်။


နောက်ပိုင်းတွင်သူမသည် ငွေကိုရေလိုသုံးလျက် ထိုဇိမ်ခံသေဘာပေါ်တွင် ပါတီပွဲများကျင်းပခဲ့သည်။


" လှေရှိရဲ့သားနဲ့ အဖေက ဘာလို့ တစ်‌ခါမှခေါ်မသွားဖူးတာလဲဟင် "


ဤမေးခွန်းသည် စိတ်ဝိဉာဉ်ကို လှုပ်ခတ်သွားစေနိုင်သော မေးခွန်းဖြစ်သည်။


ကျန်းဟွမ် လှေဝယ်ရသည့် ရည်ရွယ်ချက်မှာ

ကြည့်ပျော်ရှုပျော်ဖြစ်စေရန်အတွက်သာ ဖြစ်၏။ကျန်းဟွမ်သည် ကိုယ့်ဘက်ကိုယ်သာယက်သည့် လိပ်မျိုးဖြစ်သည်။


ကျန်းယန်ရှန့်က ကျန်းဟယ်လင်း၏ခေါင်းကို ခပ်ဖွဖွပုတ်သည်။


" နင်ကအရမ်းငယ်သေးတာကိုး


နွေရာသီရောက်ရင် လာပျော်လို့ရတယ် " ကျန်းယန်ရှန့်၏စကားေကြာင့် ကျန်းဟယ်လင်း ပျော်ရွှင်သွား၏။


ထို့နောက် သူတို့ ပင်လယ်ထဲသို့ ရွက်လွှင့်ခဲ့ကြသည်။


ဤပင်လယ်ဧရိယာတွင် ပြန့်ကျဲနေသော ကျွန်းငယ်များစွာရှိသည်။ အချို့ကျွန်းများတွင် ရွာသူရွာသားများရှိပြီး အချို့မှာ လူသူမဲ့နေကြသည်။


လူသူမဲ့နေသောကျွန်းတစ်ကျွန်း၏ သဲသောင်ပြင်တွင် အသားကင်ပြီး ခရုခွံများကောက်လျက် ကဏန်းငယ်များကိုဖမ်းကာ အနားယူကြ၏။ 


ယွဲ့စုန့်၏လှေတွင် ကျန်းဟယ်လင်းအတွက် အထူးပြင်ဆင်ထားသည့် အသစ်စက်စက် ကလေးရေငုပ်ဝတ်စုံများ ပါရှိသည်။ 


ကျန်းဟယ်လင်းသည် ရေကူးနိုင်ပြီး ဒိုင်ဗင်ထိုးနိုင်သော်လည်း ယွဲ့စုန့်သည် ဟယ်လင်းအား စောင့်ကြည့်ရန် ဝန်ထမ်းတစ်ဦးကို တာဝန်ပေးအပ်ခဲ့သည်။


ထိုသူသည် ပရော်ဖက်ရှင်နယ် အသက်ကယ်ဝန်ထမ်းဖြစ်ပြီး ရေငုပ်နည်းပြလက်မှတ်ပါရှိသည်။


ဂရုစိုက်ခြင်းမှာ ထင်ရှားလွန်း၏။


ယွဲ့စုန့်က ကျန်းဟယ်လင်းအား ရော်ဘာလှေပေါ်တွင် ငါးမျှားရန်ခေါ်သွားချိန်၌ ရှုလီချန်နှင့် ကျန်းယန်ရှန့်တို့မှာ ကုန်းပတ်ပေါ်တွင် ကျန်ရစ်ခဲ့ကြသည်။


ကောင်းကင်သည် ပြာလဲ့‌နေလျက် ၊ ပင်လယ်လေက အေးမြပြီး ၊ ကောင်းကင်ယံ၌ ပင်လယ်စင်ယော်များက တေးသီကျူးနေကြ၏။


ဤကဲ့သို့သော သက်တောင့်သက်သာရှိလှသည့်ပတ်ဝန်းကျင်မျိုးတွင် ရှုလီချန်နှင့် ကျန်းယန်ရှန့်မှာ ဘေးချင်းကပ်ထိုင်ပြီး အိမ်စာလုပ်နေကြရရှာသည်။


" ကိုယ်ပိုင်ကျောင်းက အထက်တန်းကျောင်းသားတွေက အရမ်းကြိုးစားကြတာပဲ... အိမ်စာတွေဆို ကြောက်ခမန်းလိလိပဲ " ကျန်းဟယ်လင်းက သက်ပြင်းချပြီးပြောသည်။


" Bမြို့ကိုသွားတုန်းကဆို မမက အိမ်စာတွေပါသယ်လာတာ ... အဖေက စိတ်မကောင်းလို့ ပြန်ရောက်မှလုပ်ပါလို့ပြောတာတောင် နေ့တိုင်း အိမ်စာထိုင်ရေးနေတာလေ "


" ညီမလေးရဲ့အစ်မက အရမ်းတော်တဲ့သူပါ...ညီမလေးလည်း တစ်နေ့နေ့ကျ သူ့လိုဖြစ်လာလိမ့်မယ် " ယွဲ့စုန့်က သူ၏စကားအား အပြုံးလေးတစ်ခုနှင့် အဆုံးသတ်လိုက်သည်။


" ဟင့်အင်း... မမက လုပ်ငန်းကို အမွေဆက်ခံရမှာလေ သူကြိုးစားဖို့လိုတာပေါ့... သမီးကတော့ ဘာမှလုပ်စရာမလိုပါဘူး " ကျန်းဟယ်လင်းက သဘာဝကျကျပင်ပြော၏။


" ငယ်ငယ်လေးပဲရှိသေးတာကို လုပ်ငန်းအမွေဆက်ခံတာတွေဘာတွေသိနေတာလား " ယွဲ့စုန့်က အနည်းငယ်အံ့ဩသွားပုံဖြင့်ပြောသည်။


ကျန်းဟယ်လင်း ဆွံ့အသွားတော့သည်။


လျန့်ယင်းယင်းသည် သားသမီးများငယ်စဉ်ကတည်းက ပညာရေးကိုအလေးမထားပေ။

သူမပြောလေ့ရှိသည်မှာ တစ်သက်တာသုံးစွဲ၍မကုန်နိုင်သော ပိုက်ဆံများရှိကြောင်းပင်။


သို့သော်ကျန်းယန်ရှန့်က ယွမ်သန်း ၃၀ အား ရင်းနှီးမြှုပ်နှံပြီးနောက်တွင်လျန့်ယင်းယင်းမှာ ​ကျပ်တည်းလာခဲ့ပြီး သူမ၏ စကားများကို စတင်ပြောင်းလဲခဲ့သည်။ သူမသည်ကျန်းရှို့ချန် ၏နားရွက်ကို မကြာခဏဆွဲပြီးပြောလေ့ရှိ၏။


" စာသေချာလုပ်စမ်း မဟုတ်ရင် ကျန်းယန်ရှန့်က အမွေတွေအကုန်သိမ်းသွားလိမ့်မယ် " 


ကျန်းဟယ်လင်းက ဤအရာများသည် မကောင်းကြောင်း နားလည်သောကြောင့် သူမက ခေတ္တရပ်ကာ 


"အဖေ့ဆီက ကြားလိုက်တာပဲ" ဟု သဘာဝမကျစွာ ပြောလိုက်သည်။


ကလေး၏အမူအရာနှင့် လေသံပြောင်းလဲမှုက ယွဲ့စုန့် ကို မည်သို့လှည့်စားနိုင်မည်နည်း။ 


ကျန်းယန်ရှန့် ၏မိသားစုအခြေအနေအားတွေးတောရင်း သူမနှင့် ညီမဖြစ်သူတို့မှာ အဆင်ပြေနေပုံရသော်လည်း သူမနှင့်မိထွေးကြားတွင် သဘောထားကွဲလွဲမှုနှင့် ပြိုင်ဆိုင်မှုအချို့ရှိမည်ဟု ယွဲ့စုန့်ခန့်မှန်းမိလိုက်သည်။


ကျန်းယန်ရှန့်၏ ခွန်အားကြောင့် မိထွေးဖြစ်သူမှာအနိုင်ကျင့်၍ မရသည်မှာ ထင်ရှား၏။


သို့သော်ကျန်းယန်ရှန့်ကလည်း အနိုင်ကျင့်လျှင် ငြိမ်ခံနေမည့်သူမဟုတ်ပေ။


ယွဲ့စုန့်တစ်ယောက် နက်နဲသောပင်လယ်ကို ကြည့်ကာ စိတ်ဆင်းရဲနေရှာသည်။


ရွက်လှေပေါ်၌ ကျန်းယန်ရှန့်က ရှုလီချန်အား ဒေါသများပုံချနေပြီဖြစ်၏။


 "နင်စာမရေးတာ တော်တော်ကြာနေပြီမလား "


ရှုလီချန်က ခေါင်းကို ကုတ်သည်။


 " ထူးဆန်းတယ်ဟ ! နှစ်ရက်သုံးရက်လောက်ပဲ မရေးဖြစ်ခဲ့တာ  ဘယ်လိုများ ဒီလောက်ထိ ဆိုးသွားတာပါလိမ့်ထူးဆန်းတယ် ထူးဆန်းတယ် ! ငါ့မှတ်ဉာဏ်မှာ ပြဿနာရှိနေပြီထင်တယ် "


ထိုညနေပိုင်းတွင် ယွဲ့စုန့်၏ရွက်လှေသည် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး တစ်စုံတစ်ဦးသည် စက်လှေပါတီကျင်းပရန် စီစဉ်နေကြောင်း ကြားသိရသည်။


စက်လှေအများအပြားသည် ပင်လယ်ဧရိယာတစ်ခုသို့ မောင်းနှင်နေကြပြီး တစ်လှေနှင့်တစ်လှေ ချိတ်ဆက်ထားသောကြောင့် လူများသည် ရွက်လှေများကြားတွင် အလွယ်တကူ ကူးလူသွားလာနိုင်သည်။


ဝန်ထမ်းများသည် ပါဝင်လိုခြင်းရှိမရှိ ညွှန်ကြားနိုင်ရန်အတွက် ဆက်သွယ်ရေးကိရိယာအား သယ်ဆောင်လာကြသည်။


ယွဲ့စုန့် မပြောရသေးခင်၌ ကျန်းယန်ရှန့်က ဆက်သွယ်ရေးကိရိယာကို လှမ်းယူလိုက်သည်။ 


“ ဘယ်အဆင့်လဲဆိုတာ အတည်ပြုပေးပါ ကျွန်မတို့ဆီမှာ ကလေးတွေပါတယ် "


 


ဆိုလိုရင်းမှာ သိသာထင်ရှား၏။


ရှုလီချန်သည် မည်သည့်စကားမှ မပြောတတ်တော့သကဲ့သို့ကျန်းဟယ်လင်းသည်လည်း မည်သည့်အရာကိုမျှ နားမလည်ပေ။


ယွဲ့စုန့်မှာ စိတ်ရှုပ်ထွေးနေပုံရလေသည်။


Xxxxxx