အပိုင်း ၂၅၃-၂၅၄
Viewers 27k

Part 253


တစ်ဖက်လူက ကျန်းယန်ရှန့်၏စကားကို ကောင်းစွာနားလည်သဘောပေါက်သည်။


 “ ဟားဟား ကိစ္စမရှိပါဘူး‌ဗျာ...အခုနွေရာသီအားလပ်ရက်ရောက်ပြီမို့ မိသားစုတော်တော်များများက ကလေးတွေကို ခေါ်လာကြတာဆိုတော့ စိတ်မပူပါနဲ့ ”


ရွက်လှေနှစ်စင်းသည် ကလေးများ၏ပျော်ပွဲရွှင်ပွဲကိုတာဝန်ယူရန် အစပျိုးထားပြီးဖြစ်ကြောင်း ထိုသူက ကျန်းယန်ရှန့်အား ပြောပြခဲ့သည်။


 ကလေးများသည် ပျင်းရိချိန်ပင်ရှိမည်မဟုတ်ပေ။


ပြောသည့်ပုံအရ အလွန်အဆင်ပြေသည်။


ကျန်းယန်ရှန့်က အတည်ပြုချက်အား မကြာမီတွင်အကြောင်းပြန်မည်ဖြစ်ကြောင်း တစ်ဖက်ကိုပြောပြခဲ့၏။


စကားဖြတ်ပြီးနောက် သူမ ယွဲ့စုန့်ကို ကြည့်လိုက်သည်။ ဤသည်မှာ ယွဲ့စုန့်၏ကိုယ်ပိုင်လှေဖြစ်ပြီး ပါတီနှင့်ပတ်သတ်၍ နောက်ဆုံး ဆုံးဖြတ်ချက်မှာ ယွဲ့စုန့်အပေါ်သာ မူတည်သည်။


ယွဲ့စုန့်က ကျန်းယန်ရှန့်အား ခါတိုင်းနှင့်မတူစွာကြည့်နေ၍ ကျန်းယန်ရှန့်မျက်ခုံးပင့်ပြလိုက်သည်။


ယွဲ့စုန့် က ရှုလီချန်နှင့် ကျန်းဟယ်လင်း၏ရှေ့တွင် ဘာမှ မပြောပေ။


 ဝန်ထမ်းများနှင့် ဆွေးနွေးပြီးနောက်  ကျန်းယန်ရှန့်အားအတည်ပြုခွင့်ပေးခဲ့သည်။


ကျန်းယန်ရှန့် က စီစဉ်သူအား အကြောင်းပြန်ပြီး ရွက်လှေပါတီတွင် ပါဝင်မည်ဖြစ်၍ အသားကင်အတွက် အစားအစာများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့၏။


" ဘင်ဂို!  ဒီခရီးက အရမ်းတန်တယ်ကွာ "


ရှုလီချန် တက်ကြွပျော်ရွှင်စွာပြောလိုက်သည်


ဤသို့သောပွဲမျိုးကို အမြဲတမ်းမကြုံနိုင်ပေ။


ပထမဆုံးအနေဖြင့် လုံလုံလောက်လောက် ကွပ်ကဲပေးနိုင်သော အကြီးအကဲရှိရမည်။


 အားလုံးကလည်းကောင်းမွန်စွာ လိုက်နာဆောင်ရွက်နိုင်ရမည်။


ဤသို့သောအခွင့်နှင့်ကြုံဆုံရခြင်းသည် ကံကောင်းမှုသာဖြစ်၏။


" ဒီပါတီကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ လေ့လာချင်တယ် အခုကစပြီး ငါကိုယ်တိုင် စီစဉ်မယ် ” 


ရှုလီချန်က ရှုလီချန်ပီသ၏။


သူ၏အတိတ်ဘဝ၌ နောက်ဆုံးလိုအပ်ခဲ့သည်မှာ ပါတီပွဲဖြစ်သည်။


ထိုအိမ်ကြီးတွင် ညလုံးပေါက် ပါတီကြီးတစ်ခုရှိခဲ့၍ နောက်တစ်နေ့တွင် နိုးလာသောအခါ နေရာတိုင်း၌ ရှုပ်ယှက်ခတ်နေသည်ကို မြင်တွေ့ရပြီး နေရောင်အောက်တွင် လူများစွာမှာ ဖော်ပြ၍မရနိုင်လောက်အောင်ပင် ကွဲပြဲနေခဲ့ကြသည်။


သို့သော်လည်း တစ်ခုခုမှာကွဲပြားနေသည်။


ရှုလီချန်က ဤစကားကိုပြောသည့်အချိန်တွင် သူ၏မျက်ခုံးများမှာ တလှုပ်လှုပ်နှင့် ပီတိဖြစ်နေသော်လည်း အတိတ်ဘဝမှာကဲ့သို့ မူးဝေလျက် အိပ်မက်မက်နေမည့် ခံစားချက်မျိုးကို မခံစားရပေ။


ကျန်းဟယ်လင်းသည်လည်း စိတ်လှုပ်ရှားလွန်းသဖြင့် ပါတီနှင့်ပတ်သက်သော မေးခွန်းများစွာအား မေးသည်။ သို့သော် အစ်ကိုနှစ်ယောက်နှင့် အစ်မဖြစ်သူထံမှ ရေရာသောအဖြေရမလာပေ။


 “ ငါတို့လည်း မကြုံဖူးသေးဘူးလေ  ဘယ်သိမလဲ "


ဤအဖြေက ကျန်းဟယ်လင်းအား မရိုးမရွဖြစ်စေသည်။


ကျန်းဟယ်လင်း နှင့် ရှုလီချန် တို့သည် အပေါ်ထပ်ရှိရေကူးကန်ပေါ်သို့ တက်ရန် အော်ဟစ်နေကြချိန်တွင်


ယွဲ့စုန့်သည် အနောက်မှ ထွက်ခွာသွားပြီး ကျန်းယန်ရှန့်၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သောကြောင့် သူမ  အံ့သြတကြီးလှည့်ကြည့်လိုက်၏။


ကုန်းပတ်ပေါ်တွင် အခြားမည်သူမျှမရှိပေ။


 နေဝင်ရီတရောအချိန်‌၌ ကြေးဝါရောင်အလင်းတန်း


ဖြာတန်းနေဆဲတွင်  ယွဲ့စုန့်သည် သူ၏မျက်စ်ိရှေ့ကအထက်တန်းကျောင်းသူလေးအား စိုက်ကြည့်နေလျက်ရှိသည်။


 “မင်းဘာလို့ ဒီလောက်သိတာတွေများနေတာလဲ” ယွဲ့စုန့်က တိုးညင်းစွာမေး၏။


 ယွဲ့စုန့်မေးသည်ကို ကျန်းယန်ရှန့်နားမလည်ချေ။


သို့သော်လည်းသူမ စိတ်မရှုပ်မိပေ။


 ပြန်လည်မွေးဖွားလာသူတစ်ဦးအနေဖြင့် လက်ရှိအသက်အရွယ်နှင့် မကိုက်ညီသောအရာများကို အခါအားလျော်စွာ ထုတ်ဖော်ပြသမိမည်မှာ မလွဲမသွေဖြစ်သည်။


 ကံကောင်းထောက်မစွာဖြင့် သူမ အသက်ကြီးလာသည်နှင့်အမျှ ဤထူးဆန်းမှုမှာ လျော့နည်းလာမည်ဖြစ်၏။


သို့သော်လည်း ဤတစ်ခေါက်တွင်တော့


ကျန်းယန်ရှန့် က မဆိုင်းမတွဘဲ ကျန်းဟွမ်ထံသို့ အကုန်ပုံချလိုက်သည်။


 "ကျွန်မအဖေရဲ့ ကိုယ်ရေးကိုယ်တာဘဝက နည်းနည်းရှုပ်ထွေးတယ်လေ "


အပြစ်ပုံချလိုက်သည်မှာ မှန်သော်လည်း ဆိုလိုရင်းမှာ မှားယွင်းမနေပေ။


 


ကျန်းဟွမ်သည် လူကြီးအဆင့်ပါတီသို့ တက်ရောက်ခဲ့ဖူးသည်မှာသေချာ၏။


ကျန်းယန်ရှန့် သူမ၏အသက်ကိုပင် လောင်းကြေးထပ်ကာပြောရဲသည်။


နေရောင်အောက်တွင် ကြည်လင်ပြတ်သားနေသောယွဲ့စုန့်၏အကြည့်များ၌ စိုးရိမ်ပူပန်မှုတို့ရောယှက်နေ၏။


ကျန်းယန်ရှန့် က ကျန်းဟယ်လင်းအား လုပ်ပေးနေကျအတိုင်း ယွဲ့စုန့်သည် သူ၏လက်ကို ဆန့်ထုတ်ကာ ကျန်းယန်ရှန့်၏ခေါင်းအား ခပ်ဖွဖွပုတ်ပေးသည်။


 " ပင်ပန်းသွားပြီ " ယွဲ့စုန့်က ပြော၏။


ထိုသိမ်မွေ့မှုသည် ယခင်ဘဝကကဲ့သို့ပင်။


 ကျန်းယန်ရှန့်က ယွဲ့စုန့်အား ခပ်ကြာကြာ စိုက်ကြည့်လိုက်သည်။


 “ ရှင်ထင်ထားတာထက် ကျွန်မကပိုသိတယ် ကျွန်မကအဲ့လိုလူမျိုးပဲ စိတ်ပျက်သွားလား"


သင်တွေ့ကြုံခံစားရသမျှသည် သင့်ခန္ဓာကိုယ်ပေါ်တွင် ဖျောက်ဖျက်၍မရသော ခြေရာများ ချန်ထားမည်ဖြစ်သည်။ 


သူမသည် ဖြူစင်သည့်ယုန်ငယ်လေးသဖွယ် ဟန်ဆောင်နေ၍ မရပေ။


ရှိရင်းစွဲကို​ဖော်​ပြခြင်းက ပို​ကောင်းမွန်သည်။


ယွဲ့စုန့်သည် သူမအား အတန်းဖော်များပါဝင်သည့် ထိုဗီဒီယိုများထဲမှ စတင်သိကျွမ်းခြင်းဖြစ်လိမ့်မည်။


ယွဲ့စုန့်၏သူမအပေါ်ထားသောနားလည်မှုသည် အချည်းနှီးသောအုတ်မြစ်ပေါ်တွင် အခြေခံထားသည်ယွဲ့စုန့်သည် သူမအပေါ်မျှော်လင့်ချက်များအလွန်အကြူးမထားသင့်ပေ။


ယွဲ့စုန့်သည် သူမ၏ ပုံစံအစစ်အမှန်ကို လက်မခံနိုင်ပါက သူမတို့နှစ်ယောက်တွင် ရေစက်မပါကြပေ။ 


အတိတ်ဘဝတွင် ကြုံဆုံကြဖူးသည်မှာ ဤဘဝ၌ သာမာန်သူငယ်ချင်းများဖြစ်လာရန်သာ ဖြစ်လိမ့်မည်။


အခြားအရာတစ်ခုခုမဖြစ်နိုင်ပေ။


"ဘာကို စိတ်ပျက်ရမှာလဲ" ယွဲ့စုန့်က သက်ပြင်းခပ်ဖွဖွချရင်း ပြောသည်။


“ ငါမျှော်လင့်တာက မင်းကိုပဲ...‌

အခုက ဒီလိုမျိုး ထူးဆန်းတာတစ်ခုခုကို မြင်လိုက်ရလို့မသက်မသာ ခံစားရရုံပါ ”


 ကျန်းယန်ရှန့်က အံ့အားသင့်စွာ မေးသည်။


" ရှင်ကဘယ်လိုထင်လို့လဲ ရှင်က ကျွန်မကို ဘယ်လိုလုပ်စေချင်လို့လဲ "


"မင်းအသက်အရွယ်နဲ့ မလိုက်တဲ့အရာတွေကိုပဲ ဆက်ပြောပြီး ဆက်လုပ်နေပါ "  ယွဲ့စုန့်က ပြောသည်။


ဤကိစ္စတွင် လူတို့ကို စိတ်‌ဖိစီးစေသောအရာမှာ ' မကိုက်ညီခြင်း' ဖြစ်သည်။


 " ယန်ရှန့် မင်းနဲ့စားသောက်ဆိုင်မှာ တွေ့တာက ပထမဆုံးအကြိမ်မဟုတ်ဘူး " 


ယွဲ့စုန့်၏စကားကြောင့် ကျန်းယန်ရှန့် မျက်လုံးလေး ကလည်ကလည်ဖြစ်သွားသည်။


 “ပြီးခဲ့တဲ့နှစ် ဆောင်းရာသီအားလပ်ရက်တုန်းက ငါ့ရဲ့ဝမ်းကွဲအစ်မ ရွှယ်ရှင်းထုံ ဆီမှာ အလုပ်သင် လုပ်နေခဲ့တာ


 သူလုပ်တဲ့ ပရဟိတပွဲတွေမှာ ငါပါခဲ့တယ် ...အဲ့ကတည်းက မင်းကို ငါတွေ့ဖူးတာ " ယွဲ့စုန့် က ပြောသည်။


 ကျန်းယန်ရှန့်သည် ရွှယ်ရှင်းထုံ၏ ပရဟိတပွဲအား


အမှတ်ရနေဆဲဖြစ်ပြီး အံ့အားသင့်သွားတော့၏။


 "အဲ့လောက်တောင်စောတာလား" 


ထိုအချိန်၌  သူမမှာ ထိုသူနှင့် တွေ့နိုင်ရန် ငါးနှစ် သို့မဟုတ် ခြောက်နှစ်ကြာအောင် စောင့်မျှော်မည့်အကြောင်း မိုက်မဲစွာ တွေးနေဆဲဖြစ်သည်။


သူမ သေဆုံးချိန်တွင် အမှတ်မထင်တွေ့ခဲ့သော လူကို  ကျယ်ပြောလှသောပင်လယ်ပြင်ကြီးကဲ့သို့.များပြားသောလူများကြားထဲတွင်ရှာဖွေရမည့်သူဟု သူမထင်ခဲ့ဖူးသည်။


သို့သော် ယွဲ့စုန့်ကသူမအားစောင့်ကြည့်နေနှင့်သည့် တစ်ယောက်သောသူဖြစ်နေကြောင်း ကျန်းယန်ရှန့်မသိခဲ့ပေ။


ကံကြမ္မာသည် တစ်ခါတစ်ရံ၌ တိတ်ဆိတ်လွန်းပြီး 


ကြိုမမြင်နိုင်ချေ။


ယွဲ့စုန့် က ခေါင်းငြိမ့်သည်။


“ အဲဒီဟောခန်းထဲမှာ ဆလိုက်မီးထိုးပြတော့  လူတွေရဲ့မျက်နှာကို ကောင်းကောင်းမြင်ရတယ် အထူးသဖြင့် မင်းပေါ့.... ငါ မင်းကို ကြည့်နေမိခဲ့တာ.... "


ယွဲ့စုန့်က ကျန်းယန်ရှန့်၏နှုတ်ခမ်းသားများကို လက်ချောင်းထိပ်များဖြင့် ထိတွေ့သည်။


 "မင်းရဲ့နှုတ်ခမ်းနီအရောင်က သိပ်ကိုလှတာလေ


အရမ်းကို....  ဒါပေမဲ့ မင်းရဲ့မျက်ဝန်းနဲ့ အမူအရာတွေက အေးစက်လွန်းတယ်...တကယ်တော့ မင်းက ပွဲမှာရှိတဲ့ တခြားမိန်းကလေးတွေထက် အရမ်းငယ်သေးတယ်ဆိုတာ ငါမှန်းလို့ရခဲ့တယ် "


" ငါမတွေးဘဲမနေနိုင်ခဲ့ဘူး...အဲ့ဒီကောင်မလေးက ဘာလို့ ဒီလောက်ထိ အေးစက်နေရတာလဲ...သူက ဘယ်သူလဲ...ဘာတွေများကြုံခဲ့ရလို့လဲ "


“ ပွဲပြီးတော့  ငါ့ဝမ်းကွဲအစ်မဆီ မင်းအကြောင်း သွားမေးခဲ့တယ်...  ငါချစ်မိနေတဲ့မိန်းကလေးက အထက်တန်းကျောင်းသူလေးဖြစ်နေတော့ အစ်မက ရယ်တယ်လေ...” ယွဲ့စုန့်က ဆက်ပြောသည်။


 “ဒါပေမယ့် အစ်မက မင်းမိသားစုအကြောင်း ပြောပြတယ်... ငါထင်ထားသလိုပါပဲ....မင်းမျက်ဝန်းတွေကို မြင်ခဲ့ရတုန်းက ဒီလိုမျိုး ခက်ခဲတဲ့တစ်ခုခုကို ဖြတ်သန်းလာရမှာပဲလို့ တွေးခဲ့တာ "


" မင်းက အရမ်းငယ်သေးတယ်...  ငါက ဒုတိယနှစ် ကောလိပ်ကျောင်းသား‌လေ...


 အထက်တန်းကျောင်းသူကို လိုက်ဖို့က မဖြစ်နိုင်ဘူး ဒါ့ကြောင့် လက်လျှော့ခဲ့ရတယ် ”


" မင်းအပေါ်ထားတဲ့ ငါ့မျှော်လင့်ချက်တွေအားလုံးရဲ့ အရင်းအမြစ်က  အဲ့ဒီတုန်းက ငါမြင်ခဲ့ ကြားခဲ့ရတဲ့မင်းရဲ့အကြောင်းတွေပဲ "


ယွဲ့စုန့်က သူမကို စိုက်ကြည့်လျက် သက်ပြင်းချလိုက်သည်။


 " မင်းပြောသလိုပါပဲ...မင်းက သိတာတွေများလွန်းနေတော့ ရွယ်တူတွေနဲ့ အလိုလို ကွဲပြားနေတာပေါ့ "


Xxxxxxx


Part 254


ယွဲ့စုန့်၏အကြည့်များသည် ပျော့ပျောင်းလာသည်။ သက်ပြင်းချသံက တိုးညင်းသော်လည်း နက်နဲ၏။


တိမ်ဝင်သွားသောအသံနှင့်အတူ ယွဲ့စုန့်၏ခံစားချက်များက လေထဲသို့ စိမ့်ဝင်သွားသည်။


ကျန်းယန်ရှန့် ခဏတာ မျက်လွှာချလျက်ရှိနေခဲ့ပြီးနောက်ဆုံး၌ ယွဲ့စုန့်၏မျက်ဝန်းများကို မော့ကြည့်ကာပြောလိုက်၏။


 " ကျွန်မအတွက် စိတ်မကောင်းဖြစ်တာမျိုးမလုပ်ပါနဲ့ "


ယွဲ့စုန့်က ကျန်းယန်ရှန့်၏ မျက်ရည်များဝေ့ဝဲနေသော မျက်ဝန်းများကို စိုက်ကြည့်နေဆဲပင်။


 " ဘာလို့လဲ " 


" လူကို အားနည်းအောင် လုပ်နေတယ်လေ ဒီလိုဖြစ်လို့မရဘူး... ကျွန်မက ဒီလိုဖြစ်သွားရင် ဘယ်လိုလုပ် စိတ်မာနိုင်တော့မှာလဲ ... ဒီလိုအဖြစ်မခံနိုင်ဘူး "


ယွဲ့စုန့်က ခဏတာစဉ်းစားပြီးမေးသည်။


 " မင်း အမြဲလိုလို စိတ်ဆင်းရဲနေရတာလား "


" အင်း " 


ထိုအချိန်တွင်  ပုစွန်ဆီရောင်နေမင်းကြီးက မိုးကုပ်စက်ဝိုင်းပေါ်တွင် ကျရောက်နေပေပြီ

နေ၏အလင်းရောင်ကမှိန်ဖျော့နေပြီဖြစ်၍ ဝန်ထမ်းများက မီးဖွင့်လိုက်ကြသည်။


ကျန်းယန်ရှန့် မတ်တပ်ရပ်နေသည့် နောက်တွင် မီးရောင်များရှိပြီး အလင်းတန်းများဖြာထွက်နေ၏။


ယွဲ့စုန့်က သူမကို အလင်းထဲ၌ အရည်ပျော်သွားမတတ်စိုက်ကြည့်နေသည်။


ပြန့်ကျဲနေသော အလင်းရောင်သည် သူမ၏အပြစ်အနာအဆာမရှိသောအရေပြားပေါ်သို့ ကျရောက်နေသည်။ 


မြင်ကွင်းမှာ ပြီးပြည့်စုံလုနီးပါးဖြစ်၏။ 


ယွဲ့စုန့်၏အကြည့်များက သူမနှုတ်ခမ်းဆီသို့ ဦးတည်နေသည်။


ကျန်းယန်ရှန့်၏ နှုတ်ခမ်းထောင့်များသည် တစ်စုံတစ်ခုကို ခံစားနေရ၏။


ယွဲ့စုန့်၏ လက်ချောင်းထိပ်များဖြင့်ထိခဲ့သော နှုတ်ခမ်းသားများက ပူလောင်လာသည်။


ဤအချိန်၌ ယွဲ့စုန့်သာ ခေါင်းငုံ့လာပြီး သူမကိုနမ်းပါက ကျန်းယန်ရှန့် ငြင်းဆန်နိုင်မည်မဟုတ်ပေ။


သူမသည် အခြားသူများ၏ ဂရုစိုက်မှုနှင့် စိုးရိမ်ကြောင့်ကြမှုကို စိတ်ပျော့မည်စိုး၍ ငြင်းဆိုခဲ့သော်လည်း ဤနူးညံ့မှုကိုတော့ မြည်းစမ်းချင်မိသည်။


ယွဲ့စုန့်၏ လည်ဇလုတ်မှာ အနည်းငယ် ရွေ့လျားနေသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည် ။


ဤသည်မှာ ယောက်ျားတစ်ယောက်၏ဆန္ဒကို ထုတ်ဖော်ပြသခြင်းဖြစ်၏။


သို့သော် ယွဲ့စုန့်က ရုတ်တရက် ရပ်လိုက်ပြီး ခေါင်းကို အနည်းငယ်လှည့်ကာ တခြားနေရာကို လှမ်းကြည့်သည်။


 "အပေါ်တက်ကြရအောင် ငါတို့ မရှိရင် လီချန်က ထပ်ပြီး မွှေနေလိမ့်မယ် "


ကျန်းယန်ရှန့် ကြောင်တောင်တောင်ဖြစ်သွားသည်။


ယွဲ့စုန့်၏အမြင်တွင် ယခုချိန်ထိ သူမမှာငယ်ရွယ်နေပြီး ဆွဲဆောင်မှုမရှိ၍များလားဟု ကျန်းယန်ရှန့်တွေးမိသည်။


ထိုအချိန်တွင် အပေါ်မှ စီးကျလာသော ရေစီးကြောင်းတစ်ခုနှင့်အတူ ရှုလီချန်၏ ရယ်သံကို ကြားလိုက်ရတော့၏။


ရှုလီချန်သည် ကျန်းဟယ်လင်းအား အပေါ်သို့ ရေသေနတ်ပေးပြီး  ခေါ်သွားခဲ့သည်။


ယခု၌ ရှုလီချန်က ကုန်းပတ်ပေါ်သို့ ငုံ့ကြည့်ပြီးအော်ရယ်နေသည်။


ယွဲ့စုန့်၏စကားမှာ မှန်၏။


သူတို့နှစ်ယောက်အား အနီးကပ် စောင့်မကြည့်ပါက ရှုလီချန်သည် ပြဿနာမီးထွန်းရှာမည့်အမျိုးဖြစ်သည်။


" သတ္တိရှိရင် နေနေလိုက်... မလှုပ်နဲ့ "


 စိုရွှဲသွားေသာ ကျန်းယန်ရှန့်က အံကိုကြိတ်ကာ လူယုတ်မာပြုံးပြုံးလိုက်ပြီး ယွဲ့စုန့်အား လှမ်းပြောလိုက်သည်။


 "ဒီတစ်ယောက်ကိုတော့ သင်ခန်းစာပေးမှရတော့မယ် "


ကြက်စွပ်ပြုတ်ထဲထည့်ခံလိုက်ရကဲ့သို့ ရွှဲရွှဲစိုနေသောယွဲ့စုန့်သည်လည်း သူ၏တီရှပ်ကို လှန်လိုက်ပြီး မျက်နှာသုတ်လိုက်၏။


ထိုအခါကျစ်လျစ်သော ခါးနှင့် ဝမ်းဗိုက်ကြွက်သားများက အထင်းသားပေါ်ထွက်လာသည်။


 "သွားမယ် !" 


ကျန်းယန်ရှန့်တို့နှစ်ယောက်သား အပေါ်ထပ်သို့ ပြိုင်တူ ပြေးတက်သွားကြ၏။


 " ချီးပဲ... " ရှုလီချန်က အော်သည်။


 " ပြေးဟ ! " 


ကျန်းဟယ်လင်းသည်လည်း ရှုလီချန်၏နောက်သို့ လိုက်ကာ ဖနောင့်နှင့်တင်ပါးတစ်သားတည်းကျအောင်ထွက်ပြေးရတော့သည်။


နောက်တစ်နေ့ နေဝင်ချိန်ရောက်သောအခါတွင် မိသားစုပိုင်လှေအားလုံးသည် သဘောတူညီထားသည့် ပင်လယ်ပြင်ဧရိယာသို့ ရောက်ရှိလာကြသည်။


 ပွဲစီစဉ်သူ၏ ကွပ်ကဲမှုအောက်တွင် ယင်းလှေများအား စီစဉ်ထားသည့်အတိုင်း နေရာချပေးခဲ့သည်။ ကိုယ်ပိုင်သေဘာများအားလုံးကို ကြိုးဝိုင်းသဏ္ဍာန်တံတားတစ်ခုဖြင့် ချိတ်ဆက်ထားသည်။


လှေတစ်စင်းစီ၌  အထောက်အပံ့ကိုယ်စီရှိကြသည်။  ဥပမာဆိုရသော် ယွဲ့စုန့်၏ လှေသည် BBQအပိုင်းကို တာဝန်ယူထား၏။


ကလေးကစားကွင်းအတွက် တာဝန်ယူခဲ့သည့် မိသားစုနှစ်စုရှိသည်။


မိသားစုတစ်စု၌ ကလေးသုံးယောက် ရှိပြီး ကျန်တစ်စုတွင် ကလေးလေးယောက်ပါဝင်၏။


ကလေး‌ ၄ယောက်ရှိသောမိသားစုတွင် အကြီးဆုံးကလေးမှာ ခြောက်တန်းသာရှိသေးပြီး ကျန်ကလေးငယ်များမှာ ပဲစေ့လောက်သာရှိ၏။


၎င်းတို့၏ရွက်လှေပေါ်တွင် အထူးကလေးကစားကွင်းငယ် တစ်ခုရှိပြီး ဆော့စရာများလည်းပါဝင်သည်။


ကလေးရှိသော မိသားစုများက ယင်းတို့၏ ကလေးများအားခေါ်ဆောင်လာကြ၏။


ကလေး၃ယောက်ရှိသည့် မိသားစုတွင် အလယ်တန်းကျောင်းသားတစ်ဦးနှင့်  မူလွန်ကျောင်းသား နှစ်ဦးပါရှိသည်။ 


ကျန်းဟယ်လင်းကဲ့သို့ ဟိုမကျဒီမကျအရွယ် ကလေးများမှာ ထိုနေရာသို့ စုရုံးရောက်ရှိလာ၏။


ကျန်းယန်ရှန့်သည် အထဲတွင် ဟိုမကျဒီမကျအရွယ်ကလေး အများအပြားကို တွေ့လိုက်ရသည်။


 " ပါတီမှာ သွားပျော်ပါ " ကျန်းယန်ရှန့်က ယွဲ့စုန့်အားပြော၏။


ရွက်လှေပေါ်၌ လူအပြည့်ရှိသည်။


ဘွဲ့ရပြီး တက္ကသိုလ်တက်ခဲ့သော ကိုယ်ပိုင်အထက်တန်းကျောင်းမှ အတန်းဖော်များနှင့် ပြန်လည်ဆုံဆည်းနိုင်သည်။


ကျန်းယန်ရှန့်တို့သည် ပင်လယ်ပြင်တွင် ပါတီပွဲကျင်းပရန် ရောက်ရှိလာကြသည်ဖြစ်၏။


 နှစ်ရက်ကြာပျော်ပါးပြီးနောက် ဖိတ်ကြားမှုတစ်ခုအား ရုတ်တရက်လက်ခံရရှိခဲ့ပြီး လူအများနှင့်ဆင်နွှဲရန်မှာ စိတ်ဝင်စားဖွယ်ဖြစ်သောကြောင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။


လူများရုံသာမက အစားအသောက်နှင့် အဖျော်ယမကာများကလည်း စုံလင်လှ၏။


ကျယ်လောင်လွန်းသောသီချင်းသံကြောင့် ရှုလီချန်တစ်ယောက် ခုန်ပေါက်နေမိတော့သည်။


 " မင်းရော ဘာလုပ်မှာလဲ " ယွဲ့စုန့်ကမေးသည်။


 " ဟယ်ဟယ့်ကို အဖော်လုပ်ပေးရမယ် "


ယွဲ့စုန့်က အနည်းငယ် အံ့အားသင့်သွားသည်။


" ဟယ်ဟယ်က မငယ်တော့ပါဘူး "


ထို့အပြင်  ကျန်းဟယ်လင်း၏ကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်မှုစွမ်းရည်မှာလည်း ကောင်းမွန်သောကြောင့်


ကျန်းယန်ရှန့် စိတ်ပူနေစရာမလိုပေ။


ကျန်းယန်ရှန့်က လူပျိုဖော်ဝင်စအရွယ်ကောင်လေးများကို တစ်ချက်ကြည့်ပြီး မေးငေါ့ပြသည်။


 “ဒီအရွယ်ကောင်လေးတွေက ရှင်ထင်ထားတာထက်  အန္တရာယ်များတယ် စောင့်ကြည့်မနေရင် တစ်ခုခုဖြစ်လိမ့်မယ် "


ရင့်ကျက်သောစိတ်နှင့် ခပ်ငယ်ငယ်မိန်းကလေးတစ်ဦးသည် သူမ၏ညီမငယ်အား ကာကွယ်လိုသောကြောင့် အခြားရွက်လှေပေါ်ရှိ ပါတီပွဲကို ကျောခိုင်းပြီးအလွန်ဆူညံနေသော ကလေးအရွယ်များနှင့် အတူရှိနေခဲ့သည်။


 " ဒါဆို ငါလည်း ဒီမှာပဲနေမယ် " ယွဲ့စုန့်ကပြော၏။


" မလိုပါဘူး သွားပျော်ပါ "


“ မင်းနဲ့အတူအချိန်ဖြုန်းချင်လို့ ပင်လယ်ဘက်ကို ခေါ်လာခဲ့တာလေ ” ယွဲ့စုန့်က ညင်သာစွာ ပြုံးလိုက်သည်။


 "ဘာလို့ တခြားသူတွေနဲ့ တွေ့ဖို့ လိုနေဦးမှာလဲ "


Xxxxxxx