Part 255
ပါတီများသည် လူအချို့အတွက် စိတ်လှုပ်ရှားစရာဖြစ်သော်လည်း အခြားသူများအတွက် ကွဲပြားသည်။
ကံကောင်းထောက်မစွာဖြင့် ယွဲ့စုန့်က ကျန်းယန်ရှန့်နှင့်အတူရှိနေပေးခဲ့၏။
ကလေးများဆော့ကစားနေချိန်၌ သူတို့နှစ်ဦးမှာ အယ်လ်ကိုဟောမပါဝင်သည့် ဖျော်ရည်များကို သောက်နေခဲ့ကြသည်။
ဗိုက်ဆာလာသောအခါ ကလေးများက တခြားလှေပေါ်သို့ အုပ်စုဖွဲ့ပြီး သွားကြတော့၏။
ယွဲ့စုန့်နှင့်ကျန်းယန်ရှန့်တို့က ကလေးများ၏နောက်သို့လိုက်လာကြသည်။
ကျန်းဟယ်လင်းအရှေ့သို့ လှမ်းကြည့်လိုက်သောအခါ မည်သူမှရှိမနေပေ။
တံတားကိုဖြတ်ကျော်ပြီးနောက်တွင် ကျန်းဟယ်လင်း အနောက်သို့လှည့်ကြည့်လိုက်သည်။
ထိုအခါ သူမ၏အစ်မနှင့် အစ်ကိုယွဲ့တို့မှာ လက်တွဲထားလျက်ရှိနေသည်ကို မြင်လိုက်ရတော့၏။
" ဟီးဟီးး "
ယွဲ့စုန့်က သူ၏မိဘများအကြောင်းပြောပြနေချိန်၌
ကျန်းယန်ရှန့်မှာ မည်သည့်စကားကိုမှမပြောနိုင်ပေ။
" ဒါဆို သူတို့က.... "
"သူတို့က တာဝန်မယူချင်ကြဘူး" ယွဲ့စုန့်က ပခုံးတွန့်လျက် ပြောသည်။
“ သူတို့နှစ်ယောက်လုံးက ငယ်ငယ်ကတည်းက မိသားစုတွေဆီက အရမ်းချုပ်ချယ်ခံခဲ့ကြရတာ...
သူတို့အတွေးကတော့ နှစ်ယောက်တစ်ကမ္ဘာနေချင်ကြတာပဲရှိတယ်....ငါ့အဘိုးဆို နေ့တိုင်း ဒေါသထွက်ရတာ "
နှစ်ယောက်လုံးမှာ ငယ်စဥ်က ကျန်းမာရေးမကောင်းခဲ့ကြသော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ခေတ်မီသည့်ဆေးဘက်ဆိုင်ရာနည်းပညာများ ၊ သက်ကြီးရွယ်အို အာဟာရပညာရှင်များ၏ ထိန်းကျောင်းမှုများနှင့် ကြံ့ခိုင်ရေးနည်းပြများ၏ကြီးကြပ်မှုအောက်၌ ကျန်းမာရေးမှာ အဆင်ပြေလာခဲ့ကြသည်။
သို့သော်လည်း ထိုလင်မယားသည် အစောကတည်းက မိသားစုလုပ်ငန်းကို အမွေဆက်ခံရန် ဆန္ဒမရှိခဲ့ကြပေ။
အဘိုးကြီး ယွဲ့ချီဖုန်းလည်း ဘာမှမတတ်နိုင်ခဲ့ချေ။ အနည်းဆုံးတော့ သူ၏တစ်ဦးတည်းသောမြေးအား ချန်ထားရစ်ပေးခဲ့ကြသည်။
ထို့ကြောင့် ယွဲ့ချီဖုန်းသည် မြေးဖြစ်သူကို ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ရ၏။
“ ငါအရွယ်ရောက်လာတော့ သူတို့နှစ်ယောက်က ပိုပြီးတော့ပေါ့ပေါ့ပါးပါး ဖြစ်သွားကြတယ် ကမ္ဘာပတ်နေကြတာလေ ...ဘယ်လိုပဲဖြစ်ဖြစ် တစ်နေရာတည်းမှာ အကြာကြီးနေကြမှာ မဟုတ်ဘူး...အဘိုးက ကြိမ်းမောင်းရင်တောင် ပြန်လာကြမှာ မဟုတ်တော့ဘူး " ယွဲ့စုန့်က ပြုံးလိုက်သော်လည်း သူ၏အပြုံး၌ ကူရာကယ်ရာမဲ့ခြင်းများ ရောယှက်နေသည်။
" မတရားတာပဲ... " ကျန်းယန်ရှန့်က ပြောသည်။
" ဆိုရိုးရှိတယ်လေ.. မျက်နှာသာပေးခံရတဲ့သူတွေက အကြောက်တရားမရှိကြဘူးဆိုပြီးတော့... ဟုတ်တယ်မလား”
" ဟုတ်တယ် " ယွဲ့စုန့်က ပြန်ဖြေသည်။
“ ဦးလေးက အမေ့ကို မဖြောင်းဖြနိုင်တော့သလို
အဘိုးကလည်း အဖေ့ကို နားမချနိုင်တော့ဘူး...
ငါ့ဝမ်းကွဲအစ်မက ပြောတယ်... အမေနဲ့ အတူနေရတော့ သူကလူကြီးဖြစ်သွားသလိုခံစားရတယ်တဲ့ ... အမေက ဂရုစိုက်ခံလူတန်းစားလေ "
" အစ်မရှုကလည်း ဂရုစိုက်ခံရမဲ့လူမျိုးမဟုတ်ဘူး တခြားသူတွေကို ဂရုစိုက်ပေးတဲ့လူနဲ့ပိုတူတယ် ” ကျန်းယန်ရှန့်က ခေါင်းကိုညိတ်လျက်ပြော၏။
"ကျွန်မ သူ့ကို တစ်ကြိမ်ပဲတွေ့ဖူးပေမယ့် အရမ်းသဘောကျတယ် "
"မင်းက ငါ့ဝမ်းကွဲအစ်မလို လူတွေကို သဘောကျတာလား" ယွဲ့စုန့်က ပြုံးလျက် ပြန်မေးသည်။
ကျန်းယန်ရှန့်က ခေါင်းထပ်ညိတ်လိုက်၏။
"အဲ့လို မိန်းကလေးမျိုးဆိုရင် တခြားမိန်းကလေးတွေထက် ပိုပြီးတော့ အာရုံစိုက်မိတယ်ထင်တယ် "
"မင်းရဲ့အဘွားနဲ့နှိုင်းပြီးကြည့်ရရင် မင်းသူတို့ထက်တော့ ပိုဆိုးလာနိုင်မှာမဟုတ်ဘူး... ဒီရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သတ်ပြီး မင်းလုပ်ခဲ့တာတွေက ငါ့ကိုအံ့သြစေတယ်"
သို့သော်လည်း ကျန်းယန်ရှန့်လုပ်ခဲ့သမျှသည် " ဖြစ်ချင်ရာသာဖြစ်ပါတော့ " ဟူသည့် စိတ်မျိုးဖြင့် မျက်စိစုံမှိတ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကျန်းယန်ရှန့်က သူမသည် ဤချီးကျူးမှုနှင့် မထိုက်တန်ကြောင်းသိနေသည်။
ထို့ကြောင့်ရှက်မနေနိုင်တော့ဘဲ ခပ်တိုးတိုးလေးပြော၏။
" အစ်မမိုနဲ့တွေ့ရတာ အရမ်းကံကောင်းတယ် တကယ်တော့ ကျွန်မက ဘာမှနားလည်တာမဟုတ်ဘူးရယ် "
ပထမဆုံးသောရင်းနှီးမြှုပ်နှံမှု၏အောင်မြင်မှုကို တည်ငြိမ်စွာဖြင့်တုံ့ပြန်နိုင်သော ကျန်းယန်ရှန့်ကဲ့သို့ အသက်အရွယ်နှင့်လူမှာ အလွန်ရှားပါးသည်။
ယွဲ့စုန့်က ကျန်းယန်ရှန့်၏လက်ကို ဆုပ်ကိုင်လာ၏။
" အလျင်မလိုလည်းရပါတယ်... အရင်ဆုံး စာကိုအာရုံစိုက် "
ပါတီပွဲပြီးသောအခါ လူတိုင်းသည် တံတားကိုဖြတ်ကူးကာ သက်ဆိုင်ရာရလှေများဆီသို့ ပြန်ခဲ့ကြပြီး ဖြည်းညင်းစွာ လမ်းခွဲခဲ့ကြသည်။
ရှုလီချန်သည် ယွဲ့စုန့်၏ရွက်လှေဆီသို့ ဝိုင်ပုလင်းကိုင်လျက် ပြန်လာသောအခါ ယွဲ့စုန့် နှင့် ကျန်းယန်ရှန့်တို့ လက်ချင်းတွဲထားကြသည်ကို တွေ့လိုက်ရ၏။
“ အမလေး ! ” လီချန်က ထူးဆန်းသည့် အသံတစ်သံလုပ်ပြလိုက်သည်။
ကျန်းဟယ်လင်းမှာ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောနေသည့်ကြားက သမ်းလိုက်သေး၏။
"သွား သွား သွားအိပ်တော့"
ရှုလီချန်က ကျန်းဟယ်လင်းကိုပထုတ်လိုက်သည်။
ထို့နောက် သူယူလာသည့်ဝိုင်ပုလင်းကို လှည့်ဖွင့်လိုက်ပြီးပြော၏။
" သောက်ကြပါဦး "
ကြယ်များစုံနေသည့် ကောင်းကင်ယံအောက်၌ သုံးယောက်သားအတူထိုင်ပြီး ဝိုင်သောက်လျက်
ရှုလီချန်ပြောသော သူ၏သူငယ်ချင်းအသစ်များအကြောင်းကို နားထောင်နေကြသည်။
" ငါက အထက်တန်းကျောင်းသားဆိုတာတောင် မယုံနိုင်ကြဘူး.. သူတို့က ငါ့ကို အရမ်းရင့်ကျက်တဲ့ပုံပေါ်တယ်တဲ့လေ " ရှုလီချန်က ကြွားလုံးထုတ်၏။
" ဟုတ်မှာပေါ့... နင်က အိုစာနေတာလေ " ကျန်းယန်ရှန့်က ပြန်ပက်သည်။
ယွဲ့စုန့်တစ်ယောက် ဝိုင်သီးမတတ်ဖြစ်သွားပြီးချောင်းဆိုးနေသည့်ကြားက ရယ်နေမိသည်။
ရှုလီချန်၏မျက်နှာကြီးမှာ ပုပ်သိုးသွားတော့၏။
" ဘာစကားပြောတာလဲ ! "
ရှုလီချန်သည် ပါတီ၌ သောက်ခဲ့ပြီးဖြစ်သော်လည်း မအိပ်မီတွင် အနည်းငယ်ထပ်သောက်ခဲ့သေးသည်။
ယွဲ့စုန့်က ကျန်းယန်ရှန့်၏လက်ကိုတွဲကာ ကုန်းပတ်ပေါ်တွင် နှစ်ယောက်သားလမ်းလျှောက်နေကြ၏။
ပင်လယ်ကြီးက ညအမှောင်ယံကြောင့် အနက်ရောင်သမ်းနေသည်။
မှင်ပြာရောင်ညကောင်းကင်၌ နဂါးငွေ့တန်းကြီးသည် လှပစွာ တောက်ပလျက်ရှိ၏။
ဆူညံသောဂီတသံများမရှိတော့ဘဲ တိတ်ဆိတ်နေပြီး လေတိုက်သံနှင့် လှိုင်းပုတ်သံများကိုသာ ကြားရသည်။
ယွဲ့စုန့်က ကျန်းယန်ရှန့်ကို သူမ၏အိပ်ခန်းတံခါးဆီသို့ လိုက်ပို့လိုက်သည်။
"စောစောအိပ်တော့... မနက်ဖြန်ပြန်ကြမယ်"
ယွဲ့စုန်မှာ သူမ၏လက်ကို မလွှတ်ချင်သေးပေ။
ကျန်းယန်ရှန့်ကလည်း ယွဲ့စုန့်၏လက်ကို ဆုပ်ကိုင်လာပြန်သည်။
ကျန်းယန်ရှန့်က သူ့အား စိုက်ကြည့်နေ၏။
ကျားမဟော်မုန်းများမှာ သဘာဝအလျောက်စီးဆင်းလာသည်။
သို့သော် ကျန်းယန်ရှန့်သည် အထက်တန်းကျောင်းသူဖြစ်၍ ယွဲ့စုန့်မှာ အမြဲလို မဝံ့မရဲဖြစ်နေမိ၏။
လည်ချောင်းထဲမှ ခြောက်သွေ့ပူနွေးသော ခံစားချက်ကို မျိုသိပ်ကာ သူမ၏ နဖူးပြင်ကို နှုတ်ခမ်းဖြင့် ညင်သာစွာထိကပ်လိုက်သည်။
လျှပ်စီးကြောင်းအားထိတွေ့လိုက်ရသည်နှင့်တူသော
ခံစားချက်က လေထုကို ပို၍ပူပြင်းလာစေ၏။
“ကောင်းသောညပါ” ယွဲ့စုန့်က ခပ်တိုးတိုးပြောသည်။
သူ၏ခန္ဓာကိုယ်ကတော့ ဦးနှောက်ကိုလွန်ဆန်ကာ ထိုနေရာမှ ထွက်မသွားနိုင်သေးပေ။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ရှုလီချန်တွင်ပြဿနာများနှင့် ပြည့်နေပြီး ယွဲ့စုန့်၌ အပြစ်ဆိုစရာ မည်သည်မျှ မရှိသလောက်နီးပါးဖြစ်သည်။
သို့သော် ယခု၌ ယွဲ့စုန့်ထံတွင် ကြီးလေးသော ပြဿနာတစ်ခုရှိနေပြီဟု ကျန်းယန်ရှန့်ထင်၏။
သူသည် တစ်ခုခုကို အလွန်အမင်း စိတ်ပူနေပုံရသည်။
ကျန်းယန်ရှန့်ကတော့ ထိုသို့သောလူစားမျိုးမဟုတ်ပေ။
ယွဲ့စုန့်၏လေသံသည် ခပ်ရှရှဖြင့် နက်နက်နဲနဲရှိပြီး ဆွဲညှို့အားအပြည့်ပါသည်။
ယွဲ့စုန့်၏နှဖူးထက်မှ ပူပြင်းမှုကို ကျန်းယန်ရှန့် ခံစားမိ၏။
နှစ်ယောက်သား၏ မျက်နှာများ လွန်စွာနီးကပ်လာသည်မှာ အချင်းချင်း၏ အသက်ရှူသံများအား ခံစားမိသည်အထိဖြစ်သည်။
မည်သည်ကို ထိန်းချုပ်နေရမည်နည်း။
ကျန်းယန်ရှန့်က သူမ၏လက်ကို မြှောက်လိုက်သည်။
ထို့နောက် ယွဲ့စုန့်၏လည်ဂုတ်ကို လှမ်းဆွဲကိုင်ကာ
ခြေဖျားထောက်ရပ်လိုက်တော့သည်။
အစောကသောက်ခဲ့သော ဝိုင်အရသာက သူတို့၏ လျှာဖျားထက်တွင် ပျံ့နှံ့သွား၏။
သင်းပျံ့သောရနံ့က ကြာရှည်စွာ စွဲကျန်ခဲ့သည်။
အယ်လ်ကိုဟောကြောင့်အနည်းငယ် မူးဝေနေကြသော်လည်း ခံစားချက်မှာ ဗလာဖြစ်မနေပေ။
ရွက်လှေ၏လှုပ်ယမ်းမှုကြောင့် ယစ်မူးခြင်းလည်း ဖြစ်နိုင်၏။
ယွဲ့စုန့်၏နားထဲတွင် ဖန်ခွက်အစွန်းအား လက်ချောင်းထိပ်ဖြင့် ထိကပ်နေသကဲ့သို့ စူးရှသည့် အသံတစ်ခုကို ကြားနေရသည်။
အိပ်ပျော်သွားသည့်တိုင်အောင် ထိုအသံအား ကြားရသေး၏။
လှိုင်းသံများနှင့်အတူ ထိုအရသာအား ထပ်တလဲလဲ ပြန်တွေးရင်းဖြင့် နှစ်ယောက်သားမှာ အသီးသီး ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့ကြသည်။
ပင်လယ်မှပြန်လာသော အိမ်ပြန်လမ်းတွင် ရှုလီချန်သည် အဖွဲ့ငယ်ကလေး၌ သူ၏ရာထူးကျဆင်းသွားသည်ကို ရှာဖွေတွေ့ရှိခဲ့၏။
သူ့ခမျာ ကျန်းဟယ်လင်းနှင့် နောက်ခန်း၌ထိုင်နေရရှာသည်။
တကယ်ပင် လွန်လွန်းလှသည်။
Xxxxxx
Part 256
ကားမောင်းနေသည့်သူက ဘေးခုံတွင်ထိုင်နေသူကို ခဏခဏလှည့်ကြည့်ပြီး ပြုံးနေ၏။
ဘေးခုံမှသူအား နောက်ခန်းသို့အတင်းအကြပ် ပြန်ခေါ်ထားပါကလည်း ကားမောင်းသူမှာ နောက်သို့လည်ပြန်ငေးနေဦးမည်ဖြစ်သည်။
ဘေးကင်းမှုကို ထည့်သွင်းစဉ်းစားကာ ရှုလီချန်က သည်းခံလိုက်ရသည်
" နောက်နှစ် မွေးနေ့ကျော်တာနဲ့ ယာဉ်မောင်းလိုင်စင်စာမေးပွဲကို အမြန်ဆုံးဝင်ဖြေမယ်
ဒါဆို တရားဝင်ကားမောင်းလို့ရပြီ ” ရှုလီချန်ကပြောသည်။
" ယာဉ်မောင်းလိုင်စင်မရှိတာက တကယ်အဆင်မပြေဘူးနော်
ကားရှိရက်နဲ့တောင် မောင်းလို့ မရရှာဘူး " ကျန်းယန်ရှန့်က ရွဲ့စောင်းပြော၏။
" နှစ်ယောက်လုံးက ကားမောင်းတတ်တာလား" ယွဲ့စုန့်က မေး၏။
" မောင်းတတ်တာပေါ့ " ကျန်းယန်ရှန့်နှင့်ရှုလီချန်တို့က တစ်ပြိုင်နက်ဖြေကြသည်။
ထိုအခါကျန်းဟယ်လင်းက ခါးကိုမတ်ပြီးပြော၏။
" သမီးလည်းကြီးလာရင် မောင်းမယ် "
ကျန်းဟယ်လင်း၏စကားအဆုံး၌ ရှုလီချန်က ခေါင်းထကုတ်သည်။
" နင့်အတွက်ကတော့ စောလွန်းသေးတယ် "
" မင်း ဘယ်လိုကားမျိုးသဘောကျလဲ "
ယွဲ့စုန့်က ရှုလီချန်အားလျစ်လျူရှုကာ ကျန်းယန်ရှန့်ကို မေး၏။
အတိတ်ဘဝ၌ ကျန်းယန်ရှန့်ဝယ်ယူခဲ့သည့် ပထမဆုံးကားမှာ ဖရာရီအမှတ်တံဆိပ်ဖြစ်ပြီး ထိုခေတ်ထိုအခါက မော်ဒယ်အသစ်များထက်ပင် ဈေးပိုပေးခဲ့ရသည်။
သူမသည်ထိုကားအား လျန့်ယင်းယင်းအား အရွဲ့တိုက်လိုခြင်းသပ်သပ်ဖြင့်သာ ဝယ်ယူခဲ့ခြင်းဖြစ်၏။
ကား၏အရောင်မှာလည်း အနီတောက်တောက်ဖြစ်သည်။
တကယ်တမ်း၌ ကျန်းယန်ရှန့်မှာ ထိုကားကို သိပ်မကြိုက်ခဲ့ပေ။
သူမသည် အနီရောင်တောက်တောက်များကိုပင်အနည်းငယ်ငြီးငွေ့သွားခဲ့၏။
နောက်ပိုင်းတွင် သူမသည် အခြားကားတစ်စီးကိုဝယ်ယူခဲ့ပြီး အနီရောင် ဖရာရီကားအား တိုက်ခန်း၏မြေအောက်ကားဂိုဒေါင်တွင် ပစ်ထားခဲ့သည်။
ကျန်းယန်ရှန့်က ခဏတာစဉ်းစားလိုက်၏။
သူမအကြိုက်ဆုံးမော်ဒယ်သည် ယခုအချိန်၌ဈေးကွက်ထဲတွင် မရှိသည်မှာသေချာ၍ စတိုင်လ်ဆင်တူသည့် အခြား ဂန္တဝင်မော်ဒယ်တစ်ခုကို ပြောပြလိုက်သည်။
" ဂန္တဝင်မော်ဒယ်ပဲ... ကိုယ်လည်း သဘောကျတယ် " ယွဲ့စုန့်က ပြန်ဖြေ၏။
သူတို့အိမ်ပြန်ရောက်ကြသောအခါ ကျန်းဟွမ်က သမီးနှစ်ယောက်ကို စေ့စေ့စပ်စပ် ကြည့်သည်။
“ အသားတွေမဲသွားလိုက်ကြတာ "
အထူးသဖြင့် ကျန်းဟယ်လင်းဖြစ်သည်။
ဖြူဖြူဖွေးဖွေး အသားအရည်က ပျားရည်ရောင်ဖျော့ဖျော့အသွင်ပြောင်းနေပြီဖြစ်၏။
သူမ နေ့စဉ် ရေစိမ်ပြီးရင်းစိမ်နေသောကြောင့် အသားမဲလာခြင်းဖြစ်သည်မှာ အံ့သြစရာမရှိပေ။
သို့သော် သူမ ဂရုမစိုက်။
တစ်ပတ်ခန့်ကြာလျှင် နဂိုအသားရောင်ကို ပြန်ရနိုင်၏။
ကျန်းဟယ်လင်းက ကျန်းဟွမ်၏ နံဘေးသို့ပြေးသွားလိုက်သည်။
“ အဖေ! မိသားစုကိုယ်ပိုင်လှေက စိတ်ဝင်စားစရာပဲ! သမီးတို့မိသားစုမှာလည်း ရွက်လှေရှိတယ်လို့ပြောတယ် ဘာလို့ အဲဒီကို မခေါ်သွားတာလဲဟင် "
အငိုက်ဖမ်းခံရသော ကျန်းဟွမ်က အမြန်ဟန်ဆောင်တော့သည်။
“ အဖေ အရမ်းအလုပ်များနေတယ် ”
ကျန်းဟွမ်က ဗလာစာရွက်အလွတ်ပေါ်၌ ရေးခြစ်နေ၏။
"နောက်တစ်ခါ သေချာပေါက် ခေါ်သွားမယ် နော် "
ကျန်းဟွမ်က အကြောင်းအရာအား ခေါင်းစီးအမြန်ပြောင်းလိုက်ပြီး ကျန်းယန်ရှန့် ကို တုန်လှုပ်ခြောက်ခြားစွာ ပြောသည်။
" လွန်ခဲ့တဲ့ နှစ်ရက်က အစီရင်ခံစာကို ဖတ်ပြီးပြီလား အဖေတို့ ဘောက်စ်အော့ဖစ်က တဖြည်းဖြည်းအောင်မြင်လာပြီ "
မည်သည့်အချိန်က ' အဖေတို့ရဲ့ ဘောက်စ်အော့ဖစ် ' ဖြစ်သွားပါသနည်း။
ကျန်းယန်ရှန့်သည် အချိန်အတော်ကြာကတည်းက ကြိုတင်ခန့်မှန်းထားပြီးဖြစ်သောကြောင့် အထူးတလည် စိတ်လှုပ်ရှားခြင်းမရှိပေ။
" ဪ " ကျန်းယန်ရှန့်က အသက်မဲ့စွာ တုံ့ပြန်၏။
ပျော်ရွှင်မှုကို မည်သူကမှ မျှဝေမပေးသောအခါ ကျန်းဟွမ်တစ်ယောက် စိတ်ဓာတ်ကျပြီး မကျေမနပ်ဖြစ်သွားတော့သည်။
" သမီးက ဂရုမစိုက်ဘူးပဲ " ကျန်းဟွမ်ကပြော၏။
" သမီးဂရုမစိုက်ရင်တောင် ဘောက်စ်အော့ဖစ်အပေါ်
ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူးလေ... ဟုတ်တယ်မလား? "
ကျန်းဟွမ် ရင်ထဲ၌ဆို့နင့်သွားသည်။
ဤမိုက်မဲသော သမီးငယ်က သူမအတွက် ပျော်ရွှင်နေသည့် အဖေအို၏နှလုံးသားကို ယခုချိန်အထိနားမလည်နိုင်သေးပေ။
" အဖေ ရှို့ရှို့က ဘယ်ချိန်ပြန်လာမှာလဲ " ကျန်းဟယ်လင်းက ကျန်းဟွမ်အား မေးသည်။
B မြို့မှပြန်ရောက်သည်နှင့် လျန့်ယင်းယင်းသည် အထုပ်ပြင်ကာ ကျန်းရှို့ချန်အား နွေရာသီသင်တန်းကျောင်းတစ်ခုသို့ စေလွှတ်လိုက်သည်။
" လိုသေးတယ် နောက်ထပ် တစ်ပတ်လောက် " ကျန်းဟွမ်က ပြော၏။
ကျန်းဟယ်လင်းတစ်ယောက်စိတ်ပျက်သွားသည်။
သူမသည်ကျန်းရှို့ချန်အား လှေပါတီအကြောင်း ပြောပြချင်သည်မှာ တစ်ပိုင်းသေနေပြီဖြစ်၏။
ကျန်းဟွမ်သည် နေ့တိုင်း အလုပ်သွားနေဆဲပင်။
ကျန်းယန်ရှန့်၏ဘဝထဲ၌ ချိန်းတွေ့နေသည့်လူတစ်ယောက်ပါဝင်လာသည်ကို ကျန်းဟွမ် မသိရှာပေ။
ရံဖန်ရံခါတွင် ကျန်းယန်ရှန့်နှင့် ယွဲ့စုန့်တို့သည် ကျန်းဟယ်လင်း သို့မဟုတ် ရှုလီချန်အား အတူတကွ အပြင်ခေါ်သွားလေ့ရှိသည်။
အဘိုးကြီးယွဲ့သည် မကြာသေးမီအချိန်ကစ၍ မြေးဖြစ်သူမှာ မူမမှန်ဖြစ်နေကြောင်း သတိထားခဲ့မိ၏။
မြေးဖြစ်သူ၏ မျက်ခုံးနှင့် မျက်လုံးများကြားတွင် ထူးခြားမှုတစ်ခု ရှိနေပုံရပြီး အခြားသူများကိုလည်း လိုအပ်သည်ထက် ပို၍ ပြုံးပြနေသည်။
ယွဲ့စုန့်မှာ ဥက္ကဋ္ဌ၏လက်ပေါ်၌ကြီးပြင်းလာသောကြောင့် ပင်ကိုယ်စရိုက်မှာအေးစက်လွန်းသည်ဟုလူအများက ယူဆကြသည်။
" သတင်းကောင်းတစ်ခုခုများ ရှိလို့လား ”
အဘိုးကြီးကမေး၏။
"ဟုတ်ကဲ့ ကျွန်တော် ရင်းနှီးမြှုပ်နှံထားတဲ့ရုပ်ရှင်က ပေါက်သွားပြီလေ " ယွဲ့စုန့်က ခဏတာ စဉ်းစားပြီး ပြန်ဖြေသည်။
" ဒါကမင်းပျော်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်ပေါ့ " အဘိုးကြီးက ပို၍ပင် အံ့သြသွားတော့၏။
ယွဲ့စုန့်သည် ဤမျှ အေးဆေးတည်ငြိမ်သူဟု သူ မထင်ထားခဲ့ပေ။
ယွဲ့စုန့်က ပြုံးရုံသာပြုံးနေပြီး ဘာမှပြန်မပြောချေ။
ယွဲ့စုန့်ရည်းစားရနေသည်ကိုသာ အဘိုးကြီးသိလျှင် ကျန်းယန်ရှန့်နှင့်တွေ့ရန် အပြင်းထန် ကြိုးစားတော့မည်ဖြစ်သည်။
ရုပ်တည်နှင့် အေးစက်သောနှလုံးသားရှိသည့် မိန်းကလေးဖြစ်သောကျန်းယန်ရှန့်၏ သဘောထားကို ယွဲ့စုန့်ခန့်မှန်းနိုင်၏။
ကျန်းယန်ရှန့်သည် လူကြီးသူမများ၏ ချုပ်ချယ်ဆုံးမခြင်းကို မနှစ်သက်သူတစ်ဦးဖြစ်ကြောင်း သူခံစားမိခဲ့သည်။
သူတို့နှစ်ယောက်မှာ ပူပူနွေးနွေး တွဲခါစဖြစ်ပြီး ဤအချိန်မျိုး၌ ငယ်ရွယ်သောမိန်းကလေးက လူကြီးများနှင့်တွေ့လိုဦးမည်မဟုတ်ပေ။
ထို့ပြင် သူမသည် အထက်တန်းကျောင်းသူအရွယ်သာရှိနေသေးသည်။
လူကြီးသူမများအားပုန်ကန်တတ်သည့် အရွယ်လည်းဖြစ်သည်။
ယွဲ့စုန့်စိတ်ရှည်လက်ရှည် စောင့်ရန်သာ ဆုံးဖြတ်ထား၏။
ချစ်သူကောင်မလေးမှာ ငယ်လွန်းသေး၍
သူ စိတ်ဖိစီးနေရသည်။
နွေရာသီ အားလပ်ရက်က မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။
" နေအဖွဲ့အစည်းမှထွက်ခွာခြင်း " ကို ရုံတင်နေဆဲဖြစ်ပြီး ပွဲခုံများမှာလည်း ယခုအချိန်ထိပြည့်နေသေးသည်။
ပုံမှန်ရုပ်ရှင်ထွက်ရှိချိန်မှာ တစ်လဖြစ်ပြီး ယခုရုပ်ရှင်၏ ရုံတင်ပြသချိန်ကိုမူ သုံးလအထိ တိုးမြှင့်ထားကြောင်း တရားဝင်ထုတ်ပြန်ကြေညာထားသည်။
ရုပ်ရှင်အား ဒုတိယနှင့် တတိယအကြိမ်မြောက်ကြည့်သူများလည်း အများအပြားရှိ၏။
ကျောင်းထဲသို့ဝင်ဝင်ချင်း အားလုံးက ရှုလီချန်အား လှမ်းကြည့်နေကြသည်။
မသိကျွမ်းသည့် ကျောင်းသား တော်တော်များများက ရှုလီချန်အား လာနှုတ်ဆက်ကြ၏။
နေ့လယ်စာစားချိန်နှင့် ကျောင်းဆင်းချိန်များတွင် သူနှင့် ဓာတ်ပုံတွဲရိုက်ချင်သူ အများအပြားရှိလာသည်။
တစ်တန်းတည်းရှိ ကျောင်းသားများကလည်း ရှုလီချန်ကြွားလုံးထုတ်ခဲ့ဖူးသည်ကို ပြန်ပြောကြပြီး နောက်ဆုံးတွင် အမှန်တကယ်ဖြစ်လာပြီ ဟုဆိုကြ၏။
" ဟေ့ကောင် မင်းသေတဲ့အခန်းတုန်းက ငါ့မယ်ငိုလိုက်ရတာကွာ "
" ရှုလီချန် သရုပ်ဆောင် သောက်ရမ်းကောင်းတယ် "
ရှုလီချန် ထူးဆန်းသော ခံစားချက်မျိုးရနေ၏။
ယခုတွင် လူတိုင်းက သူ့တွင်ရှိသော စည်းစိမ် ၊ ပိုက်ဆံ ၊ ဓနဂုဏ်များကြောင့်မဟုတ်ဘဲ တန်ဖိုးအစစ်အမှန်ကြောင့် သူ၏ပတ်ဝန်းကျင်၌ စုရုံးလာခြင်းဖြစ်ပေသည်။
ဤခံစားချက်မျိုးမှာ အလွန်တရာပင် စိတ်လှုပ်ရှားဖွယ် ကောင်း၏။
Xxxxxx