Part 257
ရှုလီချန်သည် နှစ်ရက်အတွင်း ကျောင်း၌ နာမည်ကြီးတစ်ယောက်ဖြစ်လာခဲ့သည်။တစ်နေ့တွင် အတန်း (၅) အတန်းပိုင်က သူ့ကို ရုံးခန်းခေါ်ပြီးစကားပြောလာ၏။
အဓိကအကြောင်းအရင်းမှာ လက်တလောဖြစ်ပျက်နေသောအရာများကြောင့် အာရုံပျံ့လွင့်သွားကာစာလေ့လာမှုအား ထိခိုက်လာမည်ကိုစိုးရိမ်၍ဖြစ်သည်။
ရိုးရိုးသားသားပြောရလျှင် ရှုလီချန်သည် ဤအသက်အရွယ်အထိ ကြီးပြင်းလာခဲ့ပြီး ဆရာများစွာနှင့် တွေ့ဆုံခဲ့ရသည်။
သို့သော်လည်း သူသဘောအကျဆုံးဆရာမမှာ ရီအထက်တန်းကျောင်း၏ အတန်း(၅) အတန်းပိုင်ဖြစ်၏။
ယခင်က ကြုံဆုံခဲ့သောဆရာများက ရှုလီချန်အား မုန်းတီးကြသည်။
ဖော်ပြခြင်းမရှိသော်လည်း ရှုလီချန်အား သဘောမတွေ့ကြသည်မှာ ပေါ်လွင်နေ၏။
သို့သော် ရီအထက်တန်းကျောင်းသို့ ဝင်ပြီး အတန်း(၅)တွင် တက်ရောက်ရန် ကိုယ်တိုင် ကြိုးစားအားထုတ်လိုက်သောအခါ အခြေအနေမှာ ကွဲပြားသွားတော့သည်။
ရှုလီချန်ထိုင်သောနေရာကို အတန်းပိုင်မှ အထူးစီစဉ်ပေးထားခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိခဲ့ရသည်။ မျက်မှန်နှင့်တစ်ယောက်ကလည်း သူ့အား ကူညီပေးတတ်၏။
အတန်းပိုင် စီစဉ်ပေးခဲ့သည်ဖြစ်သော်လည်း နောက်ပိုင်း၌ ထိုတစ်ယောက်နှင့် အမှန်အကန်သူငယ်ချင်းများဖြစ်လာခဲ့တော့သည်။
ယခုစာသင်နှစ်၌ ထိုမျက်မှန်နှင့်တစ်ယောက်က အတန်း (၃) သို့တက်သွား၏။
သူသည် သာမန်ဘောပင်ကိုသုံး၍ပင် မှတ်စုများအား လှလှပပရေးတတ်သည်။
ထို့ကြောင့် ရှုလီချန်က စာသင်နှစ်အစတွင်
ဖောင်တိန်တစ်ချောင်းကို လက်ဆောင်ပေးခဲ့၏။
" အတန်း(၃)ကနေ ပြန်ပြုတ်ကျလာရင် ဘောပင်ပြန်ပေးဖို့သာပြင်ထား "
မျက်မှန်နှင့်တစ်ယောက်က ရှုလီချန်အား ဝမ်းသာအားရ လက်သီးဖြင့်ထုကာ ဘောပင်ကို လှမ်းယူသွားသည် ။၎င်းသည် သူ(အတန်းဖော်)အလွန်နှစ်သက်သော အမှတ်တံဆိပ်ဖြစ်ပြီး ဈေးကြီးလွန်းသောကြောင့် မိဘများထံမှ ပူဆာရန် ဝန်လေးနေခဲ့ခြင်းဖြစ်၏။
အတန်း(၈)မှ ထွက်လာပြီး အတန်း(၅) သို့ရောက်လာကတည်းက မတူညီသည့်ဆရာများ ၊ အတန်းဖော်များနှင့်အတူ ရှုလီချန်၏အထက်တန်းကျောင်းသားဘဝသည်
မည်သည့်အခါကမှ မမျှော်လင့်ထားဖူးသည့်လမ်းကြောင်းတစ်ခုပေါ်သို့ အရှိန်အဟုန်ဖြင့်ရောက်လာနိုင်ခဲ့သည်။
အတန်းပိုင်၏ စိုးရိမ်ပူပန်မှုက ရှုလီချန်၏နှလုံးသားကို နွေးထွေးစေခဲ့သည်။
သူသည် အတန်းပိုင်အား သူ၏အနာဂါတ်အစီအစဉ်များအကြောင်း ပြောပြခဲ့သည်။
အတန်းပိုင်က ရှုလီချန်၏မိသားစုနောက်ခံအကြောင်း သိသင့်သလောက်သိ၏။
ရှုလီချန်၏အမေက သဘောတူကြောင်း ၊ မိသားစုဘက်မှ ဤကိစ္စကို စတင်ကိုင်တွယ်နေပြီဖြစ်ကြောင်း ပြောပြလိုက်သောအခါ အတန်းပိုင်မှာ သိသိသာသာပင် စိတ်သက်သာရာရသွားသည်။
“ ဒါဆို မင်းယဉ်ကျေးမှုအတန်းကို ပျက်လို့ မရဘူး အဓိက အနုပညာစာမေးပွဲ သုံးခုကလည်း အရေးကြီးပေမဲ့ ယဉ်ကျေးမှုအတန်းတက်ဖို့လည်းလိုတယ် "
ရှုလီချန်က သဘောတူညီခဲ့၏။
ရုံးခန်းမှ ထွက်လာချိန်တွင် ရှုလီချန်မှာသူဆက်လုပ်ရမည့်အရာများကို ကောင်းကောင်းနားလည်သွားခဲ့သည်။
မိဘများ ၊ ဆရာများ နှင့် သူငယ်ချင်းအားလုံးက သူ့ဘက်တွင်ရှိ၏။
သူသည် ယခင်က ဖရိုဖရဲဖြစ်ခဲ့သော်လည်း
ယခုအချိန်တွင်လူကြီးဖြစ်နေပြီဟု
ရှုလီချန် ရုတ်တရက်ခံစားလိုက်ရသည်။
တစ်ချိန်တည်း၌ပင်
ဤသည်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲ မတိုင်မီ နောက်ဆုံးနှစ်ဖြစ်ပြီး ကျောင်းသားဘဝ၏ အခါးသီးဆုံးနှစ်ဖြစ်သည်ကို သတိရသွား၏။
ကျောင်းသားတိုင်းသည် ခေါင်းငိုက်စိုက်ကျနေကြသည်။ ကျန်းယန်ရှန့်သည်လည်း ဖိအားကို သိသိသာသာ ခံစားနေရ၏။
ယွဲ့စုန့်က သူဖြတ်ကျော်ခဲ့ပြီးဖြစ်သည့် ဤအခြေအနေကို ကောင်းစွာနားလည်သည်။
ကျန်းယန်ရှန့်တွင် သူနှင့် ဖုန်းပြောရန် ၊ ဆက်သွယ်ရန် အချိန်မရှိပေ။ အထက်တန်းကျောင်းသားအရွယ်သည် ချိန်းတွေ့ရန် အမှန်တကယ် မသင့်တော်ပေ
နှစ်ယောက်လုံးက ရွယ်တူဖြစ်ပြီး အတန်းတူပါက နည်းနည်းပါးပါးတွေ့၍ရသေးသည်။
ယခုမူ ကျန်းယန်ရှန့်နှင့်ယွဲ့စုန့်တို့မှာ မအားလပ်ကြပေ။
တစ်ခါတစ်ရံ ယွဲ့စုန့်အားသောအချိန်များ၌ ကျန်းယန်ရှန့်အား ညနေကျောင်းကြိုပြီး အိမ်ပြန်ပို့ပေးလေ့ရှိသည်။
ထိုရက်များ၌ အိမ်ပြန်လမ်းတွင် နှစ်ယောက်အတူ အချိန်ဖြုန်းနိုင်၏။
ကျန်းယန်ရှန့်သည် အိမ်ပြန်ရောက်သောအခါတွင် ဆက်လက်၍ စာလေ့လာလိမ့်မည်။
ကျန်းယန်ရှန့် ရည်းစားရနေသည်ကို ကျန်းဟွမ်မသိသကဲ့သို့ ကျန်းယန်ရှန့်ကလည်း အသိပေးလိုခြင်းမရှိပေ။
သူမ၏ ကိစ္စများအား ကျန်းဟွမ် ဝင်စွက်ဖက်သည်ကိုကျန်းယန်ရှန့် လက်မခံနိုင်ချေ။
ကျန်းဟွမ်ဘက်မှ လက်ခံသည်ဖြစ်စေ၊ ဆန့်ကျင်သည်ဖြစ်စေ သူမကတော့ စိတ်အနှောင့်အယှက်ဖြစ်မည်ဖြစ်သည်။
ထို့ကြောင့် ကျန်းဟယ်လင်းအား ပင်လယ်ခရီးမှအပြန်တွင် ကြိုတင်နှုတ်ပိတ်ထားခဲ့၏။
ကားဆရာကျိုးကတော့ အနည်းငယ် ထူးဆန်းသလိုခံစားရသည်။
ကျန်းယန်ရှန့်ဘက်မှ ဖုန်းခေါ်ပြီး သူမအား လာမကြိုရန် ပြောသည့်အခါတိုင်း မည်ကဲ့သို့သောထူးခြားသည့်အခြေအနေမျိုးရှိနေကြောင်း မသိရပေ။
ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်း နှင့် ကျန်းရှို့ချန်ကဲ့သို့ ကလေးပေါက်စမဟုတ်ပေ။
ကားဆရာကျိုး၏တာဝန်မှာ သူမလိုအပ်သည့်အခါတိုင်း ကားတစ်စီးဖြင့်လာဖို့သာဖြစ်၏။
စက်တင်ဘာလကုန်တွင် 'နေအဖွဲ့အစည်းမှထွက်ခွာခြင်း' အား ရုံတင်ပြသခြင်းကို ရပ်တန့်ခဲ့ပြီး ထိုရုပ်ရှင်မှာ ယခုနှစ် နွေရာသီမှတ်တမ်း၏ အနက်ရောင်စစ်မြင်းသဖွယ်ဖြစ်လာခဲ့သည်။
အင်တာနက်ပေါ်တွင် အမျိုးမျိုးသော သိကောင်းစရာများ၊ ရိုက်ကွင်းနောက်ကွယ်မြင်ကွင်းများကို စတင်ရောင်းချနေပြီဖြစ်သည်။
အောက်တိုဘာလ အားလပ်ရက်ရှည်သို့ ရောက်သောအခါ ကျန်းမိသားစုသည် အဘွားကြီး၏အိမ်၌စုရုံးကြ၏။
ကျန်းယန်ရှန့်၏အဒေါ် ကျောက်လန်ဖန်သည် အလွန်နှုတ်ဆိတ်နေပြီး ကျန်းချီသည်လည်း သူမရင်းနှီးမြှုပ်နှံခဲ့သည့် တီဗီစီရီးအကြောင်းကိုရော ကျန်းယန်ရှန့်၏ 'နေအဖွဲ့အစည်းမှထွက်ခွာခြင်း ' အကြောင်းကိုရော တစ်ခွန်းတစ်လေမျှ မဟပေ။
မူလက ကျန်းယန်ရှန့်ထင်ခဲ့သည်မှာ ကျန်းဟွမ်က သူမ၏ ဦးလေးနှင့် အဒေါ်အား လူတိုင်းရှေ့တွင် အရှက်ရစေတော့မည်ဟူ၍ပင်။
သို့သော် မထင်မှတ်ဘဲ ကျန်းဟွမ်ကတစ်လျှောက်လုံး ပြုံးပြီး စကားကိုရေပက်မဝင်အောင်ပြောနေခဲ့သည်။
အဘွားကလည်း တည်ငြိမ်နေသည်။
အဘွားကျန်းသည် နဂိုကတည်းက အခြားသူများထက် အေးဆေးသောသူဖြစ်၏။
မည်သူကမှ ဒေါသမထွက် ၊ ရွဲ့စောင်းသည့်စကားများ မပြောကြသည့် ဤစုဝေးပွဲလေး၏အငွေ့အသက်မှာ အထူးအေးချမ်းပါသည်။
ကျန်းယန်ရှန့်က အိမ်ပြန်လမ်း၌ မထိန်းချုပ်နိုင်တော့ဘဲ ကျန်းဟွမ်အားမေးမိ၏။
" ဦးလေး နဲ့ အဒေါ်ရှေ့မှာ ဇာတ်ကားအကြောင်း
ဘာလို့မပြောတာလဲ "
" ဪ.... အချိန်မတန်သေးဘူးလေ "ကျန်းဟွမ်က ဖြေ၏။
" ဘောက်စ်အော့ဖစ်က အချက်အလက်တွေ ထွက်လာပြီလား "
ယခင်ဘဝမှာကဲ့သို့ မီဒီယာသည် " နေအဖွဲ့အစည်းမှထွက်ခွာခြင်း"၏ ဘောက်စ်အော့ဖစ် အချက်အလက်များကို ဖော်ပြလာခဲ့သည်။
ဘဏ္ဍာရေးရှင်းတမ်းများ ထွက်မလာသေးသော်လည်း ကျန်းယန်ရှန့်၏စိတ်ထဲ၌ ကိန်းဂဏန်းတစ်ခုကို ခန့်မှန်းထားပြီးဖြစ်၏။
“ ပိုက်ဆံက အိတ်ကပ်ထဲ ရောက်မလာသေးသရွေ့ ကိုယ့်ပိုက်ဆံလို့ ပြောမရသေးဘူး ... အတွေးမတိမ်စမ်းနဲ့...
တစ်ရက်အတွင်း ပိုက်ဆံမရသေးရင် အာမမခံနိုင်ဘူး တစ်ဖက်က ရုတ်တရက် ဒေဝါလီခံလိုက်ရလို့၊ ဒါမှမဟုတ် တစ်ဖက်က ငွေယူပြီးထွက်ပြေးနိုင်လို့၊ ဒါမှမဟုတ် တစ်ဖက်က ရုတ်တရက်သေသွားပြီး ပိုက်ဆံက ပျောက်သွားတာမျိုးတို့.... ဘာမဆို ဖြစ်သွားနိုင်တယ် ဒီလိုကိစ္စတွေမှာ ပိုပြီးတောင်အဖြစ်များတယ် "
"ဘာမှအလျင်လိုစရာမလိုဘူး" ကျန်းဟွမ်က ဆက်ပြောသည်။
"သမီးအဒေါ်ကိုပဲကြည့် သူဆို တအားအလျင်လို
လွန်းတယ် ငွေရှင်းတမ်းကို သူမမြင်ရသေးဘူး ဒါပေမဲ့ လူတိုင်းကို ပတ်ပြောတယ်လေ...ဒီနေ့ငြိမ်နေတာကိုပဲကြည့်... နားကိုမလည်နိုင်တော့ဘူး "
သူ၏အစ်ကိုကြီးမှာ မယားကြောက်သူဖြစ်နေရခြင်းအပေါ် ကျန်းဟွမ် အားမလိုအားမရဖြစ်မိသည်။
မိသားစုဝင်များပြန်သွားပြီးနောက်
အဘွားကြီးက အန်တီတစ်ယောက်နှင့် လက်ဖက်ရည်သောက်ရင်းစကားစမြည်ပြောနေ၏။
“ လူကြီးတစ်ယောက် အသက်ရှုအောင့်နိုင်တာက အံ့သြစရာ မရှိဘူး ယန်ယန်ကအသက်ရှူ(ခံစားချက်ထိန်းနိုင်) ကောင်းကောင်းထိန်းနိုင်တာကို အံ့သြမိတယ်... အခုဆိုရင် ကွန်ပြူတာပဲဖွင့်ဖွင့်
ဖုန်းပဲဖွင်ဖွင့် သူ့ရုပ်ရှင်အကြောင်းပဲတွေ့နေရတယ် အမြတ်တွေအများကြီးရမှာပဲ ပြောစရာကိုမလိုဘူး... ထင်ကို ထင်မထားဘူး တကယ် "
အန်တီက ဆက်ပြောသည်။
“ ပြောပါဦး ယန်ယန်ကနှစ်နှစ်အတွင်းမှာ အများကြီး ပြောင်းလဲလာလိုက်တာ... တော်တော်ကြီး ဆွဲဆောင်မှုရှိလာတာပဲ "
အန်တီ၏စကားအဆုံး၌ အဘွားကြီးက သက်ပြင်းချ၏။
“ ချီချီ ငယ်ငယ်တုန်းကတော့ အရမ်းဉာဏ်ကောင်းတာ...သူကအတော်ဆုံးပဲလို့ထင်ခဲ့ပေမယ့် ဒီနှစ်တွေမှာ ဘာတွေဖြစ်နေလဲမသိတော့ပါဘူး...ကြီးလာတော့ ပြောရဆိုရခက်နေတယ် "
အဘွားကြီးက ကျန်းယုအား " အရှုံးမပေါ်စေနဲ့" ဟု အတန်တန်ပြောခဲ့သည်။
ကျောက်လန်ဖန်နှင့် ကျန်းချီတို့၏ရင်းနှီးမြှုပ်နှံမှုအကြောင်း လျှော့တွက်ခဲ့မိသည်ကိုတွေးပြီး ထိတ်လန့်နေရဆဲပင်။
သူမ၏ မြေးဖြစ်သူကျန်းလင်းအား တွေးမိသောအခါ သက်ပြင်းအလိုလိုချမိပြန်တော့သည်။
" ရှောင်လင်းက မြေးယောကျာ်းဦးဆိုတော့ သူ့ကို အရမ်း မျော်လင့်ထားတာ... သူက ယောက်ျားကောင်းတစ်ယောက်ပါပဲ ဒါပေမဲ့ အသည်းငယ်တယ်လေ... ရိုးရိုးအိမ်သာဆို ကြည့်ကိုမကြည့်နိုင်ရှာဘူး.... အဝေးပြေးလမ်းမပေါ်က ရပ်နားစခန်းတစ်ခုကိုဝင်တုန်းက ရိုးရိုးအိမ်သာကြောင့် ထိုးအန်ခဲ့တာလေ... "
“ဒီမိသားစုရဲ့ ကလေးတွေမှာ တက်လမ်းရှိနေသေးသရွေ့ အဆင်ပြေနေပါသေးတယ် လောဘမကြီးလည်းရပါတယ် " အန်တီက နှစ်သိမ့်သည်။
ထိုအခါအဘွားကျန်း သက်ပြင်းချလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
Xxxxxx
Part 258
မျက်စိတစ်မှိတ်အတွင်း၌ ခရစ္စမတ်အကြိုနေ့သို့ရောက်ရှိလာပြီဖြစ်သည်။
အပြင်၌ပါတီဆင်နွှဲနေသော လူငယ်များ မည်မျှရှိနေမည်မသိသော်လည်း အသက်မပြည့်သေးသည့် အထက်တန်း ကျောင်းသူများမှာတော့ မအိပ်ရရှာသေးပေ။
မျက်လုံးအောက်ဘက်၌ အပြာရောင်စွဲကျန်လာသည်အထ်ိအိမ်စာများကို ကုန်းရုန်းလုပ်နေရသည်။
ရည်းစားကောင်လေး၏ဖုန်းကို
အထက်တန်းကျောင်းသူလေးက ချက်ချင်းပင် ကောက်ကိုင်လိုက်၏။
" ဟယ်လို "
“ အိမ်စာတွေ အများကြီး ကျန်သေးလား” တယောသံကဲ့သို့သိမ်မွေ့နူးညံ့သောလေသံခပ်တိုးတိုးက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
အထက်တန်းကျောင်းသူက နံရံပေါ်မှ နာရီကို စိုက်ကြည့်ပြီး သက်ပြင်းချ၏။
“ တစ်နာရီထိုးမှ ပြီးမယ်ထင်တယ် "
" ဆိုးတာပဲ "
တစ်ဖက်လူက ဆက်ပြောသည်။
“ဒါဆို တစ်မိနစ်ပဲ အချိန်ပေး... ပြတင်းပေါက်ဘက်ကိုကြည့်လိုက် "
ကျန်းယန်ရှန့်သည် သူမ၏ဖုန်းကို ကိုင်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။
ပြတင်းပေါက်မှန်တွင် အလင်းရောင်က ရောင်ပြန်ဟပ်နေ၏။
သူမ ပြတင်းပေါက်ကိုဖွင့်လိုက်သည်နှင့်
အေးစက်သောလေများက တဝေ့ဝေ့တိုက်ခတ်လာ၏။
“ဘာကြည့်ရမလဲ” ကျန်းယန်ရှန့်က မေးသည်။
" ၃ ၂ ၁ ....... ကောင်းကင်ကို မော့ကြည့်လိုက်"
ယွဲ့စုန့်၏စကားဆုံးသည်နှင့် ကောင်းကင်ယံ၌ အလင်းတန်းတစ်ခု စီးဆင်းလာသည်ကို ကျန်းယန်ရှန့် တွေ့လိုက်ရသည်။
အနီရောင်နှလုံးသားပုံသဏ္ဍာန် မီးရှူးမီးပန်းများက ညကောင်းကင်ယံတွင် ပေါက်ကွဲခဲ့သည်။
မီးပန်းများက အရောင်များစွာပြောင်းပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
" တွေ့လိုက်လား " ယွဲ့စုန့်က မေးသည်။
“မြို့ထဲမှာ မီးရှူးမီးပန်း ဖောက်ခွင့်ပြုမထားဘူးနော် " ကျန်းယန်ရှန့်က အေးစက်သောလေသံဖြင့်ပြော၏။
“ ပြီးတော့ ရှင်ရှိနေတဲ့နေရာက ....ရဲစခန်းဘေးမှာ ဖြစ်မလားပဲ "
" သိပါတယ် ကင်းလှည့်ရဲတွေဆီက မှိတ်တုတ်မှိတ်တုတ်မီး တွေမြင်လိုက်တယ် ”
ယွဲ့စုန့်ကဆက်ပြောသည်။
"ဒါဆို အခုထွက်ပြေးရတော့မှာပဲ တာ့တာနော် "
ကားတံခါးပိတ်သံနှင့် ဖုန်းထဲမှကြားရသော အင်ဂျင်သံကြောင့် ယွဲ့စုန့်မှာ ကားပေါ်ပြန်ရောက်သွားကြောင်းသိလိုက်ရ၏။
ကျန်းယန်ရှန့်က ပြုံးလျက် ပြတင်းပေါက်နားတွင် ဆက်ရှိနေသည်။
ကားပေါ်တက်ပြီးနောက် နှစ်စက္ကန့်အကြာတွင် ခေါ်ဆိုမှုက ကား၏ဘလူးတုသ်စနစ်သို့ အလိုအလျောက် ချိတ်ဆက်သွား၏။
"ထွက်ပြေးသွားပြီပေါ့"
"ဟုတ်တယ် ပြေးပြီလေ... မစိုးရိမ်ပါနဲ့ ...သူတို့ ငါ့ကို လိုက်မမီနိုင်တော့ဘူး အင်ဂျင်သံကြားတာနဲ့ ပြိုင်ကားမှန်း သိလိမ့်မယ် "
" စောင့်ကြည့်ကင်မရာတွေရှိတယ်
နော်"
" မကြောက်ပါဘူး လုယက်မှုပဲဖြစ်ဖြစ် ခိုးမှုပဲဖြစ်ဖြစ်၊ ရဲစခန်းရောက်ပြီးရင် ခံဝန်နဲ့ပြန်ထွက်လာလို့ရတာပဲ...”
ယွဲ့စုန့်ကဆက်ပြောသည်။
“ မီးရှူးဖောက်ပြီး ကျန်တဲ့ဘူးကိုတောင် ခြေရာလက်ရာမကျန်အောင်ရှင်းပစ်ပြီးပြီ ... ရဲကစစ်ဆေးနိုင်မှာတောင်မဟုတ်ဘူး”
"တော်ပြီ စကားမပြောနဲ့တော့ အိမ်စာလုပ်...အချိန်မဖြုန်းနဲ့....စောစောအိပ်ရအောင်လို့" ယွဲ့စုန့်က လေးနက်စွာ ပြောလိုက်သည်။
"ကျွန်မအချိန်တွေကို လာယူနေတာ ရှင်မဟုတ်ဘူးလား" ကျန်းယန်ရှန့်က ပြော၏။
ယွဲ့စုန့်က ကားမောင်းနေရင်းမျက်လုံးများပိတ်မတတ်ပြုံးလိုက်သည်။
"ယန်ယန် နှစ်ဝက်ပဲကျန်တော့တယ် ကြိုးစားထားနော် K တက္ကသိုလ် မှာ မင်းကိုစောင့်နေမယ်"
" ကျွန်မရောက်တဲ့အချိန်ကျရင် ဘွဲ့ရပြီးသားဖြစ်သွားမှာကိုများ..." ကျန်းယန်ရှန့်က ခပ်တိုးတိုးရေရွတ်၏။
ထို့နောက် လိုက်ကာကိုချကာ ပြတင်းပေါက်ကိုပိတ်ပြီးစားပွဲ၌ ပြန်ထိုင်လိုက်သည်။
ကောင်းကင်၌တွေ့ခဲ့ရသော အနီရောင် နှလုံးသားပုံစံကို တွေးမိရုံဖြင့် သူမ၏နှုတ်ခမ်းထောင့်စွန်းများ ကော့ချိုးလာရ၏။
ကျောင်းသို့ရောက်သောအခါ ရှုလီချန်က ကျန်းယန်ရှန့်ကို မေးသည်။
"ငါအနုပညာစာမေးပွဲအတွက် လျှောက်လွှာတင်ပြီးပြီရှယ်ယာကဘယ်တော့ရမှာလဲ"
" အစ်မမို ပြောတာတော့ နှစ်သစ်ကူးပတ်ဝန်းကျင်တစ်ဝိုက်တဲ့... နင့် စာမေးပွဲက ဘယ်ချိန်လဲ”
"ပုံမှန်ဆိုရင်တော့ နောက်နှစ် ဖေဖော်ဝါရီ ဒါမှမဟုတ် မတ်လပေါ့ "
ကျန်းယန်ရှန့်က ခေါင်းကိုညိတ်ရင်း ပြောသည်။
"အရမ်းမြန်တယ် အချိန်က..."
မျက်စိတစ်မှိတ်အတွင်း စာသင်နှစ်ဝက်တစ်ခု ကုန်ဆုံးခဲ့ပြီး ကျန်သည့်အချိန်မှာလည်း မျက်စိရှေ့၌ ထပ်မံပြီးဆုံး တော့မည်။
စာသင်တိုက်၏ မှန်ပြတင်းပေါက်အားလှည့်ကြည့်လိုက်သောအခါရောင်ပြန်ဟပ်နေသည့် သူမ၏ပုံရိပ်သည် အရင်ဘဝကအခြေအနေဖြင့်လုံးဝမတူသော မိန်းကလေးတစ်ယောက် ဖြစ်လို့နေသည်။
နှစ်သစ်ကူးနေ့ကျော်လွန်ပြီး ရက်အနည်းငယ်အကြာတွင် ကျန်းယန်ရှန့် ၊ ရှုလီချန် နှင့် ယွဲ့စုန့် တို့သည် သူတို့၏ အစုရှယ်ယာများနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ရရှိခဲ့ကြသည်။
အထူးရုပ်ရှင်ရန်ပုံငွေ၏ ၅% နှင့် အခွန် ၃.၃% ကို နုတ်ယူပြီးနောက် ရုံခွဲများနှင့် ရုပ်ရှင်ရုံများ၏ ရှယ်ယာများ၊ ကော်မရှင်များ၊ ဖြန့်ဖြူးစရိတ်များ စသည်တို့ကို ထပ်မံနုတ်ယူသည်။
ကျန်ရှိသော ဘောက်စ်အော့ဖစ်မှရရှိသည့် ၀င်ငွေများကို ရင်းနှီးမြှုပ်နှံသူများထံသို့ ရင်းနှီးမြှုပ်နှံမှုပမာဏအလျောက် ခွဲဝေပေးမည်ဖြစ်သည်။
ရင်းနှီးမြုပ်နှံမှုမှ ပြန်လည်ရရှိသောအမြတ်ငွေသည် ယခင်ဘဝကထက် ၃၇၀% ပိုများ၏။
သေးငယ်သောအရာမှ ဤကဲ့သို့သော
အကျိုးသက်ရောက်မှုမျိုးဖြစ်တည်လာမည်ဟု မည်သူက ကြိုသိနိုင်မည်နည်း။ ယခင်ဘဝက ရုပ်ရှင်မှာ နွေဦးပွဲတော်၌ထွက်ရှိခဲ့ပြီး ရာသီဥတုအေးနေချိန် ဖြစ်၍ လူအများစုက အပြင်ထွက်ပြီး ရုပ်ရှင်ကြည့်ရန် ဝန်လေးကြခြင်းဖြစ်မည်။
ယခုအချိန်၌ အကြောင်းပြချက်က အရေးမကြီးတော့ပေ။
ကျန်းယန်ရှန့်၏ရင်းနှီးမြှုပ်နှံငွေမှာ ယွမ် ၃၄ သန်း ဖြစ်ပြီး အမြတ်ငွေမှာ ယွမ် ၁၅၉.၈ သန်း ဖြစ်၏။
ရှုလီချန်သည် ယွမ် ၁၀ သန်း ရင်းနှီးမြုပ်နှံပြီး ယွမ် ၄၇ သန်း ပြန်ရခဲ့သည်။
ယွဲ့စု့န်မှာမူ ယွမ်သန်းတစ်ရာ ရင်းနှီးမြှုပ်နှံခဲ့သည့်အတွက် အမြတ်ငွေ ယွမ်သန်း ၄၇၀ ပြန်ရခဲ့၏။
Xxxxxx