Part 259
ပိုက်ဆံရလာသောအခါ ကျန်းယန်ရှန့်က
သူမ၏မိခင်ဘက်မှ ဦးလေးထံ ယွမ်ငွေ ၂.၃၅ သန်းလွှဲပေးလိုက်သည်။
ထို့နောက် ဦးလေးဖြစ်သူထံ ဖုန်းဆက်လိုက်၏။
“ အရင်း ယွမ်ငါးသိန်းနဲ့ အမြတ်ငွေ ယွမ်၁၈သိန်းခွဲဆိုတော့ စုစုပေါင်း ယွမ်၂၃သိန်းခွဲပေါ့ အမြတ်ရာခိုင်နှုန်းက ၃၇၀ % ပါ "
ထိုအခါသူမ၏ဦးလေးက အံသြသွားသည်။
“ ဘာအတွက် ရင်းနှီးမြှုပ်နှံခဲ့တာလဲ ”
ကျန်းယန်ရှန့်က ပြုံးသည်။
အမှန်တကယ်တော့ သူမ၏ဦးလေးသည် ကျောင်းမစခင်၌ k မြို့သို့ရောက်ရှိခဲ့၏။
ထိုအချိန်က ရုပ်ရှင်မှာ ဘာမှမဖြစ်မြောက်ခဲ့သေးပေ။
ဦးလေးဖြစ်သူက ထွက်သွားသည့်အချိန်အထိ စကားတစ်ခွန်းမှ မဟခဲ့ချေ။
ကျန်းယန်ရှန့်ဘက်မှ သူမ၏ ရုပ်ရှင်တွင် ပါဝင်ရင်းနှီးမြှုပ်နှံရန်ပြောချိန်တွင် ဦးလေးမှာ စိတ်ပါဝင်စားခြင်းမရှိခဲ့ကြောင်း သူမသိသည်။
ရုပ်ရှင်နာမည်ကိုပင် မှတ်မိမည်မဟုတ်ချေ။
" နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း အတွက်ပါ " ကျန်းယန်ရှန့်က ဖြေသည်။
ယခင်က ဤဇာတ်ကားခေါင်းစဉ်အား ပြောခဲ့ချိန်က ဦးလေးမှာ လုံးဝမမှတ်မိနိုင်ခဲ့ပေ။
သို့သော် ယခုအချိန်၌ " နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း" အား မသိသူမရှိကြတော့။
ဇာတ်ကားခေါင်းစီးက အရမ်းမိုက်သည်။
ဦးလေးဖြစ်သူမှာ အံ့သြလွန်း၍ ပါးစပ်မစိနိုင်တော့ချေ။
“ အဲ့ဒီဟာအတွက်ပေါ့ "
ကျန်းယန်ရှန့်၏ရယ်မောသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
“ ဟုတ်ပါတယ် ”
“ စုစုပေါင်း ဘယ်လောက်ရင်းနှီးမြှုပ်နှံခဲ့တာလဲ” ဦးလေးဖြစ်သူက မထိန်းချုပ်နိုင်တော့သည့်အဆုံး မေးချလိုက်တော့၏။
" ယွမ် ၃၄ သန်းပါ "
ဦးလေးဖြစ်သူက ခဏတာရေတွက်လိုက်ပြီး ပြန်မေးသည်။
" ဒါဆို သန်း ၁၀၀ ကျော်တောင် ပြန်ရတာပေါ့ "
" ဟုတ်ကဲ့ "
ဦးလေးက အသက်ဝဝရှုလိုက်ပြီး နှစ်စက္ကန့်အကြာတွင် ရုတ်တရက် ထရယ်၏။
"ကောင်းပြီ ကောင်းပြီ"
ဦးလေးက ပြုံးလျက်ဆက်ပြောသည်။
" ယန်ယန်... ဦးလေး သမီးအတွက် စိတ်မပူတော့ဘူး "
" မပူပါနဲ့ သမီးလည်း လူကြီးဖြစ်နေပါပြီ "
ကျန်းယန်ရှန့်က ပြန်ဖြေ၏။
ဦးလေးဖြစ်သူက အမြတ်ငွေအကြောင်းကို သူ၏ဇနီးသည်အား ပြောပြလိုက်သောအခါ သူမလည်း စိတ်ရှုပ်သွားတော့သည်။
" အခုတော့ ပြန်တွေးကြည့်ရတော့မှာပဲ...
အရင်ကတော့ယန်ယန်က ဒီတိုင်းပိုက်ဆံလိုချင်နေတယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ သူက ပိုက်ဆံရှာချင်တာပဲ ငါတို့နဲ့အတူတူလေ ... "
အံ့သြပြီးနောက်ပိုင်းတွင် နောင်တရလာခဲ့သည်။
“အဲဒီတုန်းက ယန်ယန့်ကို ပိုပေးလိုက်ရမှာ ကျွန်မအပြစ်တွေပဲ "
သူတို့သည် ငွေပိုရနိုင်သည့်အခြေအနေမျိုးအား ဖြတ်ကျော်ပြီးဖြစ်သည်။ဤကဲ့သို့သောနောင်တမျိုးကို နှလုံးသားထဲတွင် သိမ်းဆည်းထားပါက အမြစ်တွယ်ပြီး ကြီးပြင်းလာမည်ဖြစ်သည်။
“ အဲ့လို မတွေးနဲ့ တခြားရှုထောင့်ကနေ စဉ်းစားကြည့်... မင်းကသာ တွန့်တိုတဲ့အဒေါ်မျိုးဖြစ်ပြီး ငါ့တူမကို တစ်ပြားတစ်ချပ်မှ မပေးခဲ့ရင် အခု ငါတို့ တစ်ပြားမှတောင် ရမှာမဟုတ်ဘူး ... အခုတော့ ဘယ်လောက်ကောင်းလိုက်လဲ...ငါတို့ ယန်ယန့်အတွက် တတ်နိုင်သလောက် ကူညီပေးခဲ့တာပဲ... အရာအားလုံးက အကြောင်းရှိလို့ အကျိုးဖြစ်လာတာပါ "
ခင်ပွန်းသည်၏ အမြော်အမြင်ရှိမှုကို သူမခံစားလိုက်ရသည်။
ကနဦးတွင် ယွမ်ငါးသိန်းပေးရသည်ကို သိပ်မကျေနပ်သော်လည်း ပြန်ရဖို့ မမျှော်လင့်ခဲ့ချေ။
ယခု၌မူ အမြတ်ငွေကြောင့် စိတ်သက်သာရာရသွားသည်။
ယခု တစ်ခေါက် ကျန်းမျိုးနွယ်များစုဝေးသည့်နေရာ၌ ကျောက်လန်ဖန် ပေါ်မလာခဲ့ပေ။
ကျန်းလင်းသည်လည်း နိုင်ငံခြား၌ ကျောင်းတက်နေ၏။ကျန်းယုက ကျန်းချီတစ်ယောက်တည်းကိုသာ ခေါ်ဆောင်လာသည်။
ဇနီးသည်မှာနေမကောင်းဟု ကျန်းယုက အားလုံးကို ဝတ်ကျေတန်းကျေပြောထား၏။
“ဒါဆို သူ ဒေါသထွက်မနေဘဲနဲ့ ကောင်းကောင်းအနားယူသင့်တယ်... စိတ်တိုနေရင် နေမကောင်းတာက ပိုဆိုးတတ်တယ်... ပွင့်ပွင့်လင်းလင်းနေမှ သွေးလည်ပတ်မှုကောင်းပြီး ကျန်းမာမှာ " အဘွားကြီးက ပြောသည်။
ကျန်းဟွမ် ကြွယ်ပြဖို့ အဆင်သင့်ဖြစ်နေသည့်အခါမှ အဓိကလူက မရှိတော့ပေ။
သူ၏အစ်ကိုမှာ ရှက်လွန်း၍ မတ်မတ်ပင်မနေနိုင်တော့။ ကျန်းဟွမ်၏အစ်ကိုဖြစ်သူမှာ ထိုကဲ့သို့သော ဗီလိန်မျိုးမဟုတ်ပေ။
ကျန်းချီသည် တစ်ချိန်လုံး မှုန်ကုပ်ကုပ်ဖြစ်နေလျက် စကားတစ်ခွန်းမှ ပြောခြင်းမရှိပေ
ကျန်းယန်ရှန့်သည်လည်း ယခုအချိန်၌ ငွေရေးကြေးရေးကိစ္စပြောပြီး မည်သူ့ကိုမှ အနေခက်အောင် ပြုလုပ်ချင်စိတ်ရှိမနေပါ။
ယခုတစ်ကြိမ်၌ သူမသည် ရင်းနှီးမြုပ်နှံမှုအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်လာသည်။
၎င်းသည် အချက်အလက်ပံ့ပိုးမှုလိုအပ်သည့် တိကျသေချာသောလုပ်ငန်းစဉ်ဖြစ်သည်ကို သိရှိထား၏။
ဆက်စပ်နယ်ပယ်များရှိ စက်မှုလုပ်ငန်းများ၊ ဥပဒေမူဝါဒများနှင့် ဆက်စပ်ကဏ္ဍများ၏ လက်ရှိအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို နားလည်ရန်လိုသည်။
ထိုမျှသာမက အပြီးသတ်ဆုံးဖြတ်ချက်များချရန်အတွက် ယေဘုယျစီးပွားရေးအခြေအနေတို့ကိုပင် နားလည်ရန် လိုအပ်သေး၏။
ရင်းနှီးမြှုပ်နှံသူ မည်မျှက ဦးနှောက်မသုံးဘဲ ပိုက်ဆံများကို အချည်းနှီးဖြုန်းပစ်နေကြပါသနည်း။
ကျန်းယန်ရှန့်သည် ယခုတစ်ကြိမ်၌ ပရော်ဖက်ရှင်နယ် အသိပညာကို အားမကိုးဘဲ သူမ လှည့်စားခံခဲ့ရသည်များမှ ရရှိလာသည့်အတွေ့အကြုံများကို အသုံးပြုခဲ့သည်။
သူမသည် ကျန်ရှိသောသက်တမ်း၌ ဒုတိယအကြိမ် အရူးလုပ်ခံတော့မည်မဟုတ်ပေ။
များစွာသောအရာများကို တွေ့ကြုံပြီးနောက်၌ သူမ၏အားနည်းချက်ကို သိမြင်ကာ အနာဂါတ်တွင် ပြုလုပ်ရမည့် ကိစ္စရပ်များအား ကျန်းယန်ရှန့်က ရှင်းလင်းစွာ တွေးတတ်လာခဲ့သည်။
ထို့ကြောင့် ဤကိစ္စကို ကျော်သွားလိုက်ချင်၏။
ဤအရေးအပေါ်ဘဝင်မြင့်ခြင်းမရှိသကဲ့သို့ ထွေထွေထူးထူးလည်း မခံစားရပေ။
သူမသည် မည်သည့်အချိန်ကမှ ငွေကြေးချို့တဲ့ခြင်းမရှိခဲ့သူဖြစ်သည်။သူမအတွက်ငွေကြေးဆိုသည်မှာ ဘဏ်အကောင့်ထဲမှ ကိန်းဂဏန်းတစ်ခုထက် မပိုပေ။
လျန့်ယင်းယင်း၏ အကြံမှာ လုံးဝပျက်သွားခဲ့သည်။လျန့်ယင်းယင်းသည် ဖုန်တောတိုးမိသွားသည်ဟုပင် ဆိုနိုင်၏။သူမက နေမကောင်းဟန်ဆောင်ပြီး မျက်နှာမပြတော့ပေ။ နိုင်ငံရပ်ခြားသို့လိုက်သွားပြီး သားဖြစ်သူကို ထိန်းကျောင်းနေခဲ့သည်။ ဤသည်မှာ ဖြစ်ပျက်သွားသည့်အရာများမှ ခေတ္တရုန်းထွက်ပြီး လူမြင်ကွင်းမှ အရှက်ပြေ ခြေရာဖျောက်သွားခြင်းဖြစ်၏။
ငွေကြေးကိန်းဂဏန်းကြောင့် လျန့်ယင်းယင်းတစ်ယောက် အံ့အားသင့်သွားသည်။လောကကြီးမှာ ယခင်ကနှင့် မတူတော့သလိုခံစားလိုက်ရ၏။
ယခင်က သူမအတွက် 'ငွေရှာခြင်း' ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ ကျန်းဟွမ်၏ အိတ်ကပ်ထဲမှ ရယူခြင်းပင် ဖြစ်သည်။ ပုံမှန်အားဖြင့် သူမ၏မျက်လုံးထဲတွင် ကျန်းဟွမ်မှာ ကမ္ဘာကြီးလောက်ကျယ်ပြန့်သည်။
လျန့်ယင်းယင်း၏မျက်လုံးထဲတွင် ကျန်းဟွမ်မှာ လိုတရကိတ်မုန့်ကြီးတစ်လုံးသဖွယ်ဖြစ်၏။
ထိုကိတ်မုန့်ကြီးသည် အရွယ်ကြီးသော်လည်း အကန့်အသတ်ရှိသည်။ထို့ကြောင့် ကျန်းယန်ရှန့်ကသာ ကိတ်မုန့်တစ်စိတ်ကို ဖြတ်ယူလိုက်ပါက ကျန်းရှို့ချန်နှင့် ကျန်းဟယ်လင်းတို့၏ဝေစုထဲမှ တစ်စိတ်လျော့သွားမည်ဖြစ်သည်။
လိုရင်းကိုပြောရမည်ဆိုလျှင် ကျန်းယန်ရှန့် နှင့် သူမ၏ကလေးများသည် ကိတ်မုန့်လုရန် လိုအပ်သည့်အနေအထားတွင် ရှိနေသည်။
ကျန်းယန်ရှန့်သည် ကျန်းဟွမ်၏ ကိတ်မုန့်ကိုမပိုင်းဘဲ ကိုယ်ပိုင်ပေါင်မုန့် ဖုတ်နိုင်လိမ့်မည်ဟူ၍လျန့်ယင်းယင်းတစ်ခါမှ မတွေးခဲ့ဖူးပေ။
ထိုမျှသာမက ကျန်းယန်ရှန့် ကိုယ်တိုင်ဖုတ်လိုက်နိုင်သော ပေါင်မုန့်၏ အရွယ်မှာလည်း ကြီးလှသည်။
" ဒါ-ဒါဆို ဟိုပိုက်ဆံတွေကို ကာမိတာပေါ့ "
လျန့်ယင်းယင်းက ကတုန်ကယင်ဖြင့် ကျန်းဟွမ်အားပြော၏။
"ဘာကို ကာမိရမှာလဲ" ကျန်းဟွမ်က လျန့်ယင်းယင်း၏စကားကို ကောင်းကောင်းနားမလည်ပေ။
လျန့်ယင်းယင်းက တံတွေးမျိုချလိုက်သည်။
“ ယန်ယန်ရတဲ့ ပိုက်ဆံက ယွမ် သန်းတစ်ရာကျော်တဲ့လား ”
" ယန်ယန် သူ့ဘာသာသူရှာပြီးရလာတဲ့ပိုက်ဆံပဲ
မင်းကဘာဖြစ်ချင်လို့လဲ "
လျန့်ယင်းယင်းတစ်ယောက်တည်း မူးနောက်နေသည်။
"ဒါပေမယ့် ပိုက်ဆံတွေ အများကြီးနဲ့ ဘာလုပ်မှာတုန်း... ယန်ယန်က ကလေးပဲရှိသေးတာ "
" သူကိုယ်တိုင်တောင် ယွမ် သန်းတစ်ရာ ရှာပြီးနေပြီကလေးလို့ ထင်နေတုန်းပဲလား...မင်းက သူ့ရဲ့ ငွေရေးကြေးရေးကို ချုပ်ကိုင်ထားချင်သေးတာလား "
ကျန်းဟွမ်က လျန့်ယင်းယင်းကို နားရင်းအုပ်လိုက်သည်။
" ဦးနှောက်ရောပါသေးလားးဟယ်ဟယ်နဲ့ရှို့ရှို့ကို မင်းလိုမဖြစ်စေနဲ့ "
ကျန်းယန်ရှန့်သည် ကျောင်းစာများနှင့် အလုပ်များလွန်းသဖြင့် လျန့်ယင်းယင်းနှင့် အိမ်တွင် ဆုံခဲသည်။သို့သော်လည်း သူမအပေါ် လျန့်ယင်းယင်း၏ သဘောထားပြောင်းလဲမှုများကို ကျန်းယန်ရှန့် သတိပြုမိ၏။လွန်ခဲ့သည့် နှစ်နှစ်အတွင်း မိသားစုတွင်း၌ အပြောင်းအလဲများ ဆက်တိုက်ဖြစ်ခဲ့သဖြင့် လျန့်ယင်းယင်းသည်သိမ်ငယ်စိတ်ဖြင့် သူမအား စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဝံ့တော့ပေ။
သို့သော် ရံဖန်ရံခါတွင် လျန့်ယင်းယင်း၏မျက်ဝန်းထဲရှိ ဖုံးကွယ်၍မရသော ဒေါသ၊ စိတ်အနှောက်အယှက်နှင့် ရွံရှာဖွယ်ရာများကို ကျန်းယန်ရှန့် မြင်တွေ့နေရဆဲဖြစ်သည်။ကျန်းရှို့ချန်ထံမှ အမှတ်တမဲ့ထွက်ထွက်လာတတ်သော စကားအသွားအလာအရ လျန့်ယင်းယင်းသည် သူမ၏ သားသမီးများကို စည်းရုံးပြီး ကျန်းယန်ရှန့်နှင့်သွေးခွဲရန် ကြိုးစားနေပုံရသည်။
ပြောင်းလဲသွားသော လျန့်ယင်းယင်း၏အကြည့်များကို ကျန်းယန်ရှန့် သတိထားမိသဖြင့် မသိမသာ မော့ကြည့်လိုက်၏။
ယခင်က ကျန်းဟွမ်ကိုလည်း ဤကဲ့သို့သောအကြည့်မျိုးဖြင့် ချုပ်ခဲ့ပုံရသည်။
ကျန်းယန်ရှန့်ကတော့ လုံးဝ ဂရုမစိုက်ပေ။
Xxxxxx
Part 260
နောက်နှစ်ဝက်အတွင်း၌ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေရတော့မည့်အတွက် သူမသည် စာကျက်ဖို့သာ စိတ်အားထက်သန်နေ၏။
ရံဖန်ရံခါတွင် သူမသည် လျန့်ယင်းယင်းအိမ်တွင်ရှ်ိနေသော အရိပ်အယောင်ကို မြင်လျှင် ယခင်ဘဝက သူမကိုယ်သူမ ပြန်သတိရမိကာ လေးလေးနက်နက် ခံစားခဲ့ရသည်။
သို့သော် မတန်ပေ။
မည်သူ့အတွက်မှ မိမိအချိန်ကို ဖြုန်းတီးနေစရာမလိုပါ။ကိုယ့်ဘဝ ကိုယ်သာ ကျောင်းရမည်ဖြစ်သည်။
များမကြာမီတွင် သူမ၏အဖေဘက်မှတော်စပ်သည့် ဦးလေး၏နေအိမ်တွင် မိုးကြိုးမုန်တိုင်း တိုက်ခတ်လာသည်။
ကျန်းယန်ရှန့်၏ရင်းနှီးမြုပ်နှံမှုအကြောင်းကို ရှောင်ရှားရန်အတွက် ကျောက်လန်ဖန်သည် M နိုင်ငံသို့ သွားခဲ့သည်။ ထိုအချိန်တွင် ကျန်းလင်းကိုပါ တစ်ခါတည်း သွားရောက်ကြည့်ရှုခဲ့၏။
သားဖြစ်သူကို အံ့အားသင့်စေချင်သည့်အတွက် သူမ ရောက်ကြောင်းကို ကြိုတင်အသိမပေးထားပေ။ရလဒ်အနေဖြင့် ကျန်းလင်းတက်ရောက်နေသည်ဆိုသည့်တက္ကသိုလ်သို့ ရောက်သောအခါ ကျန်းလင်းမှာ နဂိုကတည်းက စာရင်းပေးသွင်းထားခြင်းမရှိကြောင်း သိလိုက်ရသည်။
ကျန်းလင်း သည် ထိုတက္ကသိုလ်တွင် လုံးဝမရှိပေ။
ကျန်းလင်းသည် တက္ကသိုလ်တစ်ခုမှ ကမ်းလှမ်းချက်တစ်ခုဖြင့် ကျောက်လန်ဖန်ကို အရူးလုပ်ခဲ့သည်။လက်တွေ့၌ သူသည် အနုပညာကောလိပ်မှ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့၏။
မူလက ကျန်းလင်းမှာ ပုံဆွဲခြင်းနှင့် ပန်းချီကို ဝါသနာအဖြစ်သာ သတ်မှတ်ထားခဲ့သည်။
သို့သော် ကျန်းလင်းသည် ဤနယ်ပယ်တွင် အလွန်တရာထူးချွန်ကြောင်း လူတိုင်းသိကြ၏။
ထိုလမ်းကြောင်းအား ဘဝဖြင့်ဆိုင်သောရွေးချယ်မှုတစ်ခုအနေဖြင့် ကျန်းလင်းက သတ်မှတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
အဖြစ်အပျက်များမှာ ယခင်ဘဝနှင့် တစ်ထပ်တည်းပင်။ကျန်းယန်ရှန့်သည် ကြိုသိနေခဲ့သော်လည်း ကျန်းလင်း၏ရွေးချယ်မှုကို လေးစားသောအားဖြင့် မည်သည်ကိုမှမပြောခဲ့ပေ။
အတိတ်ဘဝ၌ ကျန်းလင်း နှင့် ကျောက်လန်ဖန်တို့ကြားတွင် အလွန်ပြင်းထန်သော ရန်ပွဲဖြစ်ပွားခဲ့ပြီး ကျန်းလင်းက တရုတ်နိုင်ငံသို့ ပြန်လာရန် ငြင်းဆိုခဲ့သည်။
ကျန်းမိသားစုတွင် မျှော်လင့်စရာ ကျန်းချီရှိနေသေး၏။သို့သော် ကျောက်လန်ဖန်က ထိုကဲ့သို့မတွေးပေ။
ကျန်းချီသည် သူမ၏သမီးမှန်သော်လည်း သူမတွင် သားတစ်ယောက်ရှိသည်။သူမ၏သားသည် ကျန်းမိသာစု၏မြေးယောက်ျားဦးဖြစ်သည့်အလျောက် ကျောက်လန်ဖန်သည် ကျန်းလင်းအပေါ်မျှော်လင့်ချက် မြင့်မား၏။သူမသည် သားဖြစ်သူအတွက် လမ်းကြောင်းကို ကိုယ်တိုင်စီစဉ်ပေးခဲ့သည်။
လေ့လာမှုပြီးဆုံးပြီးနောက်တွင် ကျန်းလင်းသည် အထက်တန်းစား ပညာတတ်တစ်ဦးအဖြစ် ပြန်လာပြီး မိသားစု၏ဂုဏ်ကိုဆောင်လိမ့်မည်။
ကျောက်လန်ဖန်သည် ငယ်စဉ်ကလေးဘဝကတည်းက သူမ၏လက်ပေါ်၌ ကြီးပြင်းလာခဲ့သည့် သားဖြစ်သူမှလွဲ၍ ကျန်မိသားစုဝင်များကို ထိန်းကျောင်းနိုင်၏။
သားဖြစ်သူသည် ခေါင်းမာပြီး ကျန်းချီကဲ့သို့ သူမ၏ ထိန်းချုပ်မှုကို နာခံလိုစိတ်မရှိပေ။ အမှန်တရားပေါ်ပေါက်သွားပြီးနောက် ကျန်းလင်းနှင့်ကျောက်လန်ဖန်တို့ အပြင်းအထန် ရန်ဖြစ်ခဲ့သည်။
ကျန်းလင်း၏ ပုန်ကန်လိုသော စိတ်သည် ပိုမိုပြင်းထန်လာပြီး သူမစကားကို နားမထောင်ဘဲ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။
အဆုံးတွင် ကျောက်လန်ဖန်သည် ကျန်းလင်း၏ စရိတ်ထောက်ပံ့မှုများကို ရပ်ဆိုင်းပစ်လိုက်၏။
သို့သော်လည်း ကျန်းလင်းက ပြန်မလာပေ။
ကျန်းလင်းထံတွင် ကျောင်းစရိတ်နှင့်နေထိုင်စရိတ်များပေးဆောင်ရန် ငွေအလုံအလောက်ရှိသည်။
ဤမိသားစုစစ်ပွဲ၌ ကျောက်လန်ဖန်သည် သူမ၏သားကို ဆုံးရှုံးခဲ့ရသည်။
ယခင်ဘဝ၌ ကျန်းလင်းသည် မိသားစုစီးပွားရေးအား အမွေဆက်ခံနိုင်မည့်အခွင့်အရေးကို လက်လွှတ်ခဲ့ပြီးနောက် အဘွားသည် အမွေဆက်ခံသူအဖြစ် ကျန်းချီကိုသာ ရွေးချယ်မည်ဖြစ်ကြောင်းကို ကျန်းယန်ရှန့် မသိခဲ့ပေ။
သို့သော်ဤဘဝ၌ အဘွားအတွက် ရွေးချယ်စရာမှာ ကျန်းချီတစ်ဦးတည်းရှိသည်မဟုတ်ချေ။
.....
ဖေဖော်ဝါရီလနှင့် မတ်လများတွင် ရှုလီချန်သည် အနုပညာဆိုင်ရာစာမေးပွဲအတွက် ပြင်ဆင်ရင်း အလွန်အလုပ်များခဲ့သည်။
“ ဝင်ခွင့်စာမေးပွဲသုံးခုလုံး ဖြေပြီးပြီလား” ကျန်းယန်ရှန့်က မေး၏။
" သုံးခုတော့ ပြီးပါပြီ " ရှုလီချန် ပြန်ဖြေလိုက်သော်လည်း သူ၏မျက်လုံးများက ဂနာမငြိမ်ပေ။
"JYနဲ့ HY လည်းကျန်သေးတယ်... အဲ့ဒီဝင်ခွင့်တွေလည်း ဝင်ဖြေထားတယ် "
"....."
တစ်ချိန်က တစ်စုံတစ်ဦးသည် ကျောင်းကြီးသုံးကျောင်းမှလွဲ၍ အခြားအနုပညာကျောင်းများသို့ မဝင်ဟု ပြောင်ပြောင်တင်းတင်း ပြောခဲ့ဖူးသော်လည်း အလံတော်သည် မဆိုင်းမတွပင် ပြိုကျကာ မျက်နှာကို မုန်တိုင်းကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။
“ အာမခံချက်ရှိအောင်ပါ... မင်းနားမလည်ပါဘူး ! "
သို့သော်လည်း ရလဒ်များမှာ မျှော်လင့်ထားသည်ထက် အများကြီး ပိုကောင်းခဲ့၏။
ဧပြီလတွင် ရှုလီချန်၏ကျောင်းဝင်ခွင့်စာမေးပွဲရလဒ်များထွက်လာခဲ့ပြီး မေဂျာသုံးခုစလုံးတွင် သူသည် အကောင်းဆုံးဖြစ်သည်။
ရှုလီချန်က ခါးပေါ်လက်တင်ကာ ရယ်မောလျက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ပြောခဲ့သားပဲ ဆရာမက ငါကိုတော်တယ်လို့ပြောပါတယ်လို့ "
ရလဒ်နှင့်အဆင့်သတ်မှတ်ချက်များ ထွက်လာသည်နှင့်အမျှ ရှုလီချန်၏ အခြေအနေက တည်ငြိမ်ခဲ့သည်။လိုအပ်သောရမှတ်ကို ရရှိသရွေ့အနုပညာကျောင်းများအား ထူးချွန်စွာ ဝင်ခွင့်ရရှိမည်ဖြစ်၏။
ဤရမှတ်မျိုးသည် ရီအထက်တန်းကျောင်း၌ ဘာမှမပြောပလောက်ပေ။ရှုလီချန်သည် လုံးဝ တည်ငြိမ်နေသာ အခြေအနေ၌ရှိသည်။
ကျန်းချီ ကျောင်းတွင် ယွဲ့စုန့်ကို ရုတ်တရက် တွေ့လိုက်ရ၏။ယွဲ့စုန့်ကို ကျောင်း၌ မတွေ့ရသည်မှာကြာပြီဖြစ်သည်။
သူနှင့် အခြားသူများသည် စီနီယာနှစ်သို့ရောက်သောအခါ ကျောင်းသားသမဂ္ဂမှထွက်ကာ အလုပ်သင်များဖြစ်လာကြ၏။ယွဲ့စုန့်နှင့် ကျောင်း၌တွေ့ဖို့ရန်မှာ ခဲယဉ်းသည်။
ယွဲ့စုန့်အား လျှောက်လမ်းစင်္ကြံတွင်တွေ့လိုက်ရသောအခါ ကျန်းချီက အံ့ဩသွားတော့၏။
"ဘာလို့ ဒီနေ့ ကျောင်းကိုလာတာလဲ"
" အလုပ်ကိစ္စနဲ့ပါ "
သူမသည် ကျန်းယန်ရှန့်၏ဝမ်းကွဲအစ်မဖြစ်၏။သူနှင့် အနှေးနှင့်အမြန် ပတ်သတ်လာရမည့်သူလည်းဖြစ်သောကြောင့် ယွဲ့စုန့်၏လေသံသည် အလွန်နူးညံ့သိမ်မွေ့ပြီး ကျန်းချီကို ပြုံး၍ပင်ပြလိုက်သေး၏။
"အစည်းအဝေးသွားမလို့လား"
“ဟုတ်တယ် " ကျန်းချီက ဆက်ဖြေသည်။
"ဒီကျောင်းသားလေးတွေက ဘာမှမသိသေးဘူးကျွန်မလည်း ပင်ပန်းနေပြီ"
"ဒါဆို မနှောက်ယှက်တော့ပါဘူး အခု သွားတော့မယ်နော်..."
ယွဲ့စုန့်က ခေါင်းညိတ်ပြီး ကျန်းချီ၏နောက်မှ ဂျူနီယာလေးများအား ပြုံးပြသည်။
ဤစီနီယာက ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်သဖွယ် ချောမောပြီး သူ၏အမူအရာမှာ ဖော်မပြနိုင်လောက်အောင်ကြည့်ကောင်း၏။
အတိုချုပ်ပြောရလျှင် သူ၏ရူပါမှာ လူတကာကိုမျက်လုံးအေးစေသည်။
“ မင်္ဂလာပါ စီနီယာ ”
ယွဲ့စုန့်နှင့်မရင်းနှီးသေးသည့် ဂျူနီယာကျောင်းသားများကလည်း နှုတ်ဆက်၏။
ယွဲ့စုန့်ထွက်သွားသောအခါ အားလုံးထံမှ “အဲဒါ ဘယ်သူလဲ” ဟူသော တီးတိုးသံများထွက်ပေါ်လာသည်။
“သူက စီနီယာအစ်ကိုယွဲ့တဲ့...မနှစ်ကအထိ ကျောင်းသားသမဂ္ဂခေါင်းဆောင်ဖြစ်ခဲ့တာ...
ဒီနှစ်ရောက်တော့ အကြီးတန်းကျောင်းသားသမဂ္ဂကနေ အငြိမ်းစားယူလိုက်လို့ မင်းတို့သူ့ကို တစ်ခါမှမတွေ့ဖူးတာ ”
စီနီယာတစ်ယောက်က ရှင်းပြ၏။
“ ဝတ္ထုစာအုပ်ထဲက ခုန်ထွက်လာတဲ့ မင်းသားလေးလိုပဲ ” ကျောင်းသူအသစ်တစ်ယောက်က ချီးကျူးလိုက်သည်။
ထိုစကားအား ကြားရချိန်၌ ကျန်းချီမှာ ယွဲ့စုန့်၏ကျောပြင်ကို တစ်ချက်လှမ်းငေးမိ၏။
ယွဲ့စုန့်သည် သူ၏အခန်းဖော်များနှင့် အတူမရှိချိန်၊ အခြားကျောင်းသားများနှင့် မရောနှောသည့်အချိန်တွင်လည်း မင်းသားလေးကဲ့သို့ ဖြစ်နေပြန်သည်။
စီနီယာနှစ်တွင် အလုပ်ရှာရန် အချိန်တန်သောအခါ ထူးထူးခြားခြားမဟုတ်သည့် လူအများစုသည် အင်တာဗျူး၌ အထင်ကြီးမှုရစေရန်အတွက် ၎င်းတို့ဝတ်နေကျထက်များစွာစျေးကြီးသော အ၀တ်အစားများကို စတင်ဝယ်ယူကြသည်။
ယွဲ့စုန့်သည်လည်း အခြားသူများကဲ့သို့ပင် မျက်နှာသာရစေရန် ကောင်းကောင်းကန်းကန်းဝတ်စားလာ၏။
သူဝတ်ထားသောအမှတ်တံဆိပ်မှထုတ်လုပ်သည့် အမျိုးသားအဝတ်အစားများ၏ စျေးနှုန်းမှာ အမှန်တကယ် စျေးကြီးသည်။
ကျန်းချီသည် အစောပိုင်းက ယွဲ့စုန့်၏အပြုံး၌ နစ်မြောမိသွားပြီး အဝတ်အစားကို အာရုံမစိုက်မိခဲ့ချေ။
သူသည် ယခင်က သူမအပေါ် လျစ်လျူရှုခဲ့သည်။ သူ၏မျက်ခုံးများက အမြဲတန်းမတ်နေပြီး မျက်လုံးများက အမြဲလိုလိုမှုန်မှိုင်းနေခဲ့၏။
ဆွဲဆောင်မှုရှိသော်လည်း မုန်းစရာတော့ ကောင်းနေသေးသည်။
သို့ဖြစ်သော်လည်း ယခု၌ အဘယ်ကြောင့် ပြောင်းလဲသွားရပါသနည်း။
အခြားစီနီယာတန်းမှ သူများက သူမထံတွင် အလုပ်ရစေရန် လာရောက်မြောက်ပင့်လေ့ရှိကြသည်ကို ကျန်းချီသတိရသွားသည်။
ကျန်းချီက မထီမဲ့မြင် ပြုံး၏။
ချမ်းသာပြီး နောက်ခံတောင့်သည့် ကျောင်းနေဖက်
တစ်ယောက်နှင့် တွေ့ဆုံခွင့်ရခြင်းမှာ ကံကောင်းမှုဖြစ်ကြောင်း နားလည်သဘောပေါက်စေရန် လူ့အဖွဲ့အစည်းမှ ပြင်းထန်သည့် ရိုက်နှက်မှုများအား ကြံ့ကြံ့ခံ ရင်ဆိုင်ရမည်မှာ ဓမ္မတာပင်။
အချို့လူများက ဤကဲ့သို့သောကံကောင်းခြင်းမျိုးကို လွယ်လွယ်နားမလည်တတ်ကြပေ။
ယွဲ့စုန့်ဘက်ကသာ က သူမကို အကူအညီတောင်းလာပါက.....
ကျန်းချီသည် အချိန်အတော်ကြာ စဉ်းစားခဲ့သော်လည်း အဖြေကို မဆုံးဖြတ်နိုင်ခဲ့ပေ။
Xxxxxx