ဖခင်ယန်သည် လုကျင်းရှိူ့ကို ဖုန်းဆက်သည်မှာ သူ့သားအငယ်ဆုံး၏ ကိစ္စအကြောင်းကို လုကျင်းရှိူ့နှင့် ဆွေးနွေးချင်၍ဖြစ်သည်။
သူ့သားငယ်က လုကျင်းရှိူ့ကို သဘောကျသွားခဲ့ပြီး သူသည် အရင်ကြိုတင်သတိပေးထားချင်သည်။ ထိုမှသာ အနာဂတ်တွင် လုကျင်းရှိူ့က စိတ်အနှောင့်အယှက်ဖြစ်လျှင်တောင်မှ အရမ်းစိတ်မဆိုးတော့မည်ပင်။
ထို့အပြင် ယန်မိသားစုတွင် လုနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိသေးပြီး သူ၏ သားအငယ်က လုရွေ့ချွင်နှင့် လက်ထပ်ပွဲကို ရုတ်သိမ်းချင်သည်... ဤသည်ကိုလည်း လုကျင်းရှိူ့နှင့် ဆွေးနွေးရမည်ဖြစ်သည်။
ဖခင်ယန်သည် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားနေရသောကြောင့် လုကျင်းရှိူ့နှင့် စကားပြောသောအခါတွင် သူ့လေသံမှာ အလွန်နူးညံ့နေသည် : “ ကျင်းရှိူ့၊ မင်း အားလား? ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ အတော်ကြာပြီ။ ငါ မင်းကို ထမင်းစားဖို့ဖိတ်ချင်တယ်။ ”
“ အားပါတယ်။ ခင်ဗျား ဘယ်အချိန်ပဲဖြစ်ဖြစ် တွေ့ဖို့ချိန်းနိုင်တယ်။ ” လုကျင်းရှိူ့က ချက်ချင်း ပြန်ပြော၏။
(ယဉ်ကျေးတဲ့အသုံး) ခင်ဗျား? ဖခင်ယန်သည် သူ နားကြားမှားသည်ဟု သံသယဖြစ်မိသည်။
[ *ရှင်းလင်းချက် : တရုတ်စာမှာ Nǐ ‘မင်း’ နဲ့ ပိုပြီးယဉ်ကျေးတဲ့အသုံး Nín ‘မင်း’ လို့ ခွဲသုံးထားတာပါ။ မြန်မာစာမှာဆို ‘မင်း’ က အတူတူဖြစ်နေတော့ စာလုံးကွဲသွားအောင် “မင်း” နဲ့ နည်းနည်းပိုယဉ်ကျေးတဲ့ဘက်ရောက်တဲ့ “ခင်ဗျား” လို့ ရေးထားပါတယ်။* ]
သူသည် သိပ်မတွေးဘဲ ပြောလိုက်သည် : “ ဒီနေ့ နေ့လယ်လောက် အဆင်ပြေလား? မင်း နေရာကို ဆုံးဖြတ်လိုက်ပါ။ ”
“ ခင်ဗျား ဆုံးဖြတ်လည်း အဆင်ပြေပါတယ်။ ” လုကျင်းရှိူ့က ဆိုသည်။
စကားပြောပြီးသည်နှင့် လုကျင်းရှိူ့သည် ယန်ကျင်းဇီ နိုးလာသည်ကို တွေ့လိုက်ရသည်။
ယခုမှ နိုးလာသော ယန်ကျင်းဇီသည် သူ့လက်ကို ဆန့်ထုတ်ကာ လုကျင်းရှိူ့၏ခါးကို ပွေ့ဖက်ပြီး လုကျင်းရှိူ့ကို ပွတ်သပ်လိုက်သည် : “ ဘယ်သူလဲ? ”
ယန်ကျင်းဇီ၏စကားများ ထွက်လာသည်နှင့်တပြိုင်နက် လုကျင်းရှိူ့သည် သူ့ပါးစပ်ကို ဘယ်လက်နှင့် အမြန်ပိတ်လိုက်ရသည်။
ယန်ကျင်းဇီ : “ ??? ”
တစ်ဖက်တွင်မူ ဖခင်ယန်သည် “ခင်ဗျား” ဟု သူ ကြားလိုက်ရမှန်း သေချာသွားပြီး သူ့နှလုံး ခုန်သွားသည်။
ဤစီးပွားရေးနယ်ပယ်တွင် လူအချို့က အလွန်ယဉ်ကျေးပြီး လူများကို တွေ့သောအခါ “ခင်ဗျား” ဟု ပြောကြသော်ငြား လုကျင်းရှိူ့က သေချာပေါက် ထိုသို့သော လူမျိုး မဟုတ်ချေ။
လုကျင်းရှိူ့က သူ၏ အစောပိုင်းနှစ်များတွင် မိဘမဲ့ဂေဟာတစ်ခု၌ ကြီးပြင်းလာခဲ့သည်။ သူက အထီးတည်းနေလိုပြီး ဂရုမစိုက်တတ်ဘဲ အလွန်ယဉ်ကျေးသော လူတစ်ဦးလည်း မဟုတ်။
ယခု ရုတ်တရက်ကြီး ထိုသို့သော လူမျိုးက သူ့ကို အလွန်ယဉ်ကျေးလာရာ ဖခင်ယန်သည် အနည်းငယ် စိတ်ထင့်သွားရသည်။
သို့သော် ဖခင်ယန်က ဘာကိုမှမပြသပေ : “ ဒါဆို Goldfield ကို သွားကြမလား? ” Goldfield ဟာ သူတို့ဘက်တွင် အလွန်နာမည်ကြီးသော ဆိုင်တစ်ဆိုင် ဖြစ်သည်။
“ ကောင်းပါတယ်။ ” လုကျင်းရှိူ့ သဘောတူသည်။
ဖခင်ယန်သည် သူ့သားကို ခေါ်ထားခြင်းအတွက် လုကျင်းရှိူ့ကို ကျေးဇူးတင်သည် သို့မဟုတ် အခြားတစ်ခုခုအကြောင်း စကားအနည်းငယ် ထပ်ပြောချင်သော်လည်း လုကျင်းရှိူ့၏ သဘောထားက ထူးဆန်းသဖြင့် သူသည် ဘာမှမပြောတော့ဘဲ မကြာမီ ဖုန်းချလိုက်လေသည်။
အဖေယန် ဖုန်းချသွားပြီးနောက် လုကျင်းရှိူ့သည် ဖုန်းကို ပြန်ချထားလိုက်သည်။ သူသည် စိတ်သက်သာရာရစွာ သက်ပြင်းချပြီး တစ်ချိန်တည်းမှာပင် ယန်ကျင်းဇီကိုလည်း လွှတ်ပေးလိုက်၏။
ယန်ကျင်းဇီက ချက်ချင်း ပြောလာသည် : “ ဦးလေးလု၊ ဘယ်သူနဲ့စကားပြောနေတာလဲ? ဘာလို့ ကိုယ့်ကို စကားမပြောခိုင်းတာတုန်း? လူအသစ်တွေ့ပြီး လူအဟောင်းကို မေ့သွားတာလား? ”
ယန်ကျင်းဇီသည် မတရားခံရသည်ဟု အမှန်တကယ် မခံစားရပေ။ အဆုံး၌မူ လုကျင်းရှိူ့၏ သဘောထားကို ကြည့်ခြင်းအားဖြင့် လုကျင်းရှိူ့က သေချာပေါက် လူကြီးများနှင့် ဖုန်းပြောနေမှန်း သူ သိသည်။ ဒါပေမယ့် ကလေးလိုချွဲဖို့ အဆင်ပြေတယ်လေ!
လုကျင်းရှိူ့ကို “ဦးလေးလု” ဟု သူ ခေါ်နေသော အကြောင်းအရင်းကမူ... မနေ့ညက သူသည် လုကျင်းရှိူ့ကို ဖက်ကာ “ဦးလေးလု” ဟု ခေါ်ရင်း ထိုစဉ်... အဟွတ် အဟွတ်၊ လုကျင်းရှိူ့က အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
ဘာလူအသစ်နဲ့ လူအဟောင်းလဲ... လုကျင်းရှိူ့သည် သူ့မျက်နှာပေါ်တွင် အမူအရာမရှိဘဲ ယန်ကျင်းဇီကို ကြည့်သည် : “ အခု ငါ့ကို ဖုန်းဆက်တာက မင်းအဖေ။ ”
ယန်ကျင်းဇီ : “ ... ”
လုကျင်းရှိူ့က ဆက်ပြောပြန်သည် : “ သူက ငါ့ကို နေ့လယ်ကျ အတူထမင်းစားပြီး တွေ့ဖို့ ချိန်းထားတယ်။ ”
ယန်ကျင်းဇီ ရှော့ခ်ရသွားသည် : “ သဘောတူလိုက်တာလား? ”
“ အင်း ” လုကျင်းရှိူ့ ခေါင်းညိတ်ပြသည်။
ယန်ကျင်းဇီ အနည်းငယ် စိုးရိမ်နေ၏ : “ ဘာလို့ သဘောတူလိုက်တာလဲ? အခု ငြင်းဖို့ အရမ်းနောက်ကျသွားပြီလား? ”
ယန်ကျင်းဇီ၏တုံ့ပြန်မှုက လုကျင်းရှိူ့ကို အနည်းငယ် မပျော်မရွှင်ဖြစ်စေသည်။ သူသည် မျက်မှောင်ကြုံ့ကာ ယန်ကျင်းဇီကို ကြည့်လိုက်သည် – ယန်ကျင်းဇီက သူ့ကို အဖေယန်နဲ့ မတွေ့စေချင်ဘူးလား?
ယန်ကျင်းဇီက စိုးရိမ်နေဆဲပင် : “ မင်း မနေ့ညက အရမ်းပင်ပန်းထားတယ်။ မင်း ဒီနေ့နေ့လယ် လူသွားတွေ့ဖို့ အဆင်ပြေပါ့မလား? ပြီးတော့... ”
ယန်ကျင်းဇီက သူ့ခန္ဓာကိုယ်ကို စိတ်ပူသည်ဟု ကြားရသော် လုကျင်းရှိူ့က စိတ်ပြေသွားပြီး သိချင်သွားသည် : “ ပြီးတော့ ဘာလဲ? ”
ယန်ကျင်းဇီက စကားပြောရန် တုံ့ဆိုင်းနေသည်။
လုကျင်းရှိူ့က မေးမြန်းသည် : “ ဘာဖြစ်လို့လဲ? ”
ယန်ကျင်းဇီက ပြောလာသည် : “ မင်း သွားပြီး... မှန်ထဲကြည့်ကြည့်ပါလား? ”
လုကျင်းရှိူ့သည် တစ်ခုခုမှားနေမှန်း သတိထားမိပြီး ထကြည့်မည်လုပ်သော်ငြား ယန်ကျင်းဇီက ပိုမြန်ပြီး သူ့ကို ကောက်ချီသွားသည် : “ ကိုယ် မင်းကို သယ်သွားပေးမယ်။ ”
သူတို့မိသားစုတွင် အမျိုးသားနှစ်ဦးသာ ရှိသည်။ သူတို့တွင် ရွှေ့ပြောင်းလို့ရသော ကြည့်မှန်အသေးစားများ မရှိသော်လည်း ဆေးကြောဧရိယာနှင့် လူတစ်ရပ်ဝင်ဆံ့အောင် ကြီးမားသော အဝတ်ဗီရို၌ မှန်များ ရှိပြီး လူတစ်ရပ်ဝင်ဆံ့အောင် ကြီးမားသော အဝတ်ဗီရို၌ ကြီးမားသော ကြည့်မှန်တစ်ချပ်ပင် ရှိသေးသည်။
ယန်ကျင်းဇီသည် သူ့ရင်ခွင်ထဲရှိ လုကျင်းရှိူ့နှင့်အတူ လူတစ်ရပ်ဝင်ဆံ့အောင် ကြီးမားသော အဝတ်ဗီရိုရှေ့သို့ ရောက်လာသည်။
လုကျင်းရှိူ့သည် မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်ပြီး တိတ်ဆိတ်သွားသည်။
သူ့အသက်ဆယ့်ငါးနှစ်မတိုင်မီ သူသည် များစွာတွေ့ကြုံခံစားခဲ့ရပြီး သူ့အသားအရေက ကြမ်းတမ်းခဲ့သော်ငြား လုမိသားစုသို့ ပြန်ရောက်လာသည့်အချိန်မှစ၍ သူသည် မည်သည့်ခန္ဓာကိုယ်နာကျင်မှုကိုမျှ တွေ့ကြုံမခံစားရတော့ပေ။
လွန်ခဲ့သော ဆယ်နှစ်တွင် သူသည် တိတ်တဆိတ် နေထိုင်ခဲ့ပြီး နေထိခြင်း ရှားပါးခဲ့သောကြောင့် သူ့အသားအရေမှာ ပိုမိုဖျော့တော့လာခဲ့သည်...
ယခု သူ၏ ဖြူဖွေးပြီး ချူချာသော အသားအရေမှာ အမှတ်အသားများနှင့် ပြည့်နှက်နေသည်။
ခန္ဓာကိုယ်နှင့် လည်ပင်းပေါ်မှ အမှတ်များကို မဆိုနှင့်၊ သူ့မျက်နှာ...
လုကျင်းရှိူ့သည် သူ့ပါးစပ် ရောင်ကိုင်းနေသည်ကို တွေ့လိုက်ရသည်။
လုကျင်းရှိူ့ : “ ... ”
ယန်ကျင်းဇီက သတိထားနေ၏ : “ လူတွေကို ဒီလိုမျိုးနဲ့ သွားတွေ့တာ မကောင်းတဲ့အကြံလားလို့? ”
လုကျင်းရှိူ့ သူ့ကို တွန်းဖယ်လိုက်သည်။
ယန်ကျင်းဇီရဲ့ခန္ဓာကိုယ်က ထပ်ပြီးစိတ်လှုပ်ရှားလာတာကိုလည်း သူ မှန်ထဲမှာ တွေ့လိုက်ရတယ်!
ဒီသားရဲကောင်!
လုကျင်းရှိူ့သည် အဝတ်ဗီရိုပေါ်တွင် လက်ထောက်ပြီး သူ ဝတ်ဆင်ရန် အဝတ်အစားများကို ရှာတွေ့ခဲ့သည်။
သူသည် သူ့လည်ပင်းကို ဖုံးအုပ်ရန် ကော်လာမြင့်သော ရှပ်အင်္ကျီတစ်ထည်ကို အထူးဝတ်ဆင်လိုက်ပြီး နောက်ဆုံးတွင်တော့ ၎င်းက အရမ်းကြည့်ရမဆိုးတော့ချေ။ သူ့ပါးစပ်အတွက်မူ...
လုကျင်းရှိူ့သည် မာစတာအိပ်ခန်းမှ လမ်းလျှောက်ထွက်ပြီး ဧည့်ခန်းကို ဖြတ်သည်။ ထမင်းစားခန်းထဲတွင် ထိုင်ကာ သူ(မ)၏ဖုန်းမှ ဗီဒီယိုကို ကြည့်နေသော အဒေါ်ဝမ်က သူ့ကို တွေ့သွားသည်။
“ သခင်ကြီး၊ နိုးပြီလား? သခင်ကြီးအတွက် မနက်စာ ပြင်ဆင်လိုက်ပါ့မယ်! သခင်ကြီး၊ ပါးစပ်က ဘာဖြစ်တာလဲ? ” အဒေါ်ဝမ်သည် လုကျင်းရှိူ့ကို စိုးရိမ်စွာ ကြည့်သည်။
လုကျင်းရှိူ့၏မျက်နှာက တည်ငြိမ်နေသည် : “ ငါ မစားသင့်တဲ့ တစ်ခုခုနဲ့ ဓာတ်မတည့်ဖြစ်သွားလို့ပါ။ ”
လုကျင်းရှိူ့က အလွန်အမင်း တည်ငြိမ်နေပြီး အဒေါ်ဝမ်သည် လုံးဝ သံသယမဖြစ်ပေ : “ သခင်ကြီး၊ ဘာဓာတ်မတည့်တာလဲ? ကျွန်မကို ပြောပြပါ၊ အနာဂတ်မှာ သေချာပေါက် မလုပ်ဘူး။ ”
“ ငရုတ်သီး ” လုကျင်းရှိူ့၏မျက်နှာက မပြောင်းလဲသွားချေ။
“ ကျွန်မကို အစပ်မချက်ခိုင်းတာ မဆန်းတော့ပါဘူး၊ သခင်ကြီး။ ” အဒေါ်ဝမ်သည် လုကျင်းရှိူ့ကို သနားသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ နံနက်စာ သွားပြင်ဆင်သည်။
ယန်ကျင်းဇီကလည်း ဤအချိန်တွင် ထွက်လာသည် : “ ကျင်းရှိူ့၊ မင်း တကယ် ကိုယ့်အဖေကို တွေ့ချင်တာလား? ”
“ အင်း ” လုကျင်းရှိူ့က ဖြေသည်။ သူ ယန်ကျင်းဇီရဲ့အဖေနဲ့ တွေ့ဖို့ချိန်းပြီးပြီ၊ ဘယ်လိုလုပ် သူ မတွေ့လို့ဖြစ်မလဲ? ချိန်းဆိုမှုကို မသွားခြင်းက ဆိုးရွားသော ထင်မြင်ချက်ကို ဖြစ်စေလိမ့်မည်။
“ ကိုယ် မင်းကို အဲ့ကိုလိုက်ပို့ပေးမယ်။ ” ယန်ကျင်းဇီက ပြောသည်။
“ အဆင်ပြေတယ်... မင်း ငါနဲ့လိုက်မှာလား? ”
“ ကိုယ် မသွားဘူး။ ကိုယ် မင်းကို ကားထဲမှာ စောင့်နေမယ်... ဦးလေးလု၊ စကားပြောရင် ဂရုစိုက်ရမယ်နော်။ ကိုယ်တို့အကြောင်း ကိုယ့်အဖေကို မပြောပြနဲ့ဦး။ သူ မသိသေးဘူး။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ သတိရနော်၊ မင်း မပြောရဘူး! ”
“ ငါ သိပါတယ်။ ” လုကျင်းရှိူ့သည် သဘောတူလိုက်ပြီး အနည်းငယ် မပျော်မရွှင်ဖြစ်သွားပြန်သည်။
လတ်တလောတွင် သူနှင့်ယန်ကျင်းဇီတို့ကိစ္စကို လျှို့ဝှက်ချက်အဖြစ် ထားထားခြင်းက အကောင်းဆုံးဖြစ်သည်ကို သူ သိသော်ငြား ယန်ကျင်းဇီက သူ့မိဘများကို မသိစေချင်ဘဲ ဤအကြောင်းက သူ့ကို အနည်းငယ် စိတ်ဓာတ်ကျစေဆဲဖြစ်သည်။
သို့သော်လည်း တွေးကြည့်လျှင် ယန်ကျင်းဇီက ငယ်ရွယ်နေသေးရာ သူ့မိဘများကို ကြောက်ရွံ့သည်က ပုံမှန်ပင်။ ယန်ကျင်းဇီက လက်ထပ်ပွဲကို မရုတ်သိမ်းရသေးသည်ကိုပင် မဆိုနှင့်။
သူ ယန်ကျင်းဇီကိုတောင် ရပြီးပြီ၊ ဘာလို့ ဒီလိုကိစ္စမျိုးကြောင့် သူ စိတ်ဆိုးရမှာလဲ?
လုကျင်းရှိူ့သည် ဤသို့တွေးမိသောအခါ သက်တောင့်သက်သာ ခံစားလိုက်ရသည်။
နံနက်စာ စားပြီးနောက် လုကျင်းရှိူ့သည် မှန်ကြည့်ပြီး ပိုမိုကောင်းမွန်သော ဝတ်စုံတစ်ထည်ကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ နောက်ဆုံး အဝတ်အစားဝတ်ပြီးနောက် သူသည် ယန်ကျင်းဇီကို အပြင်ထွက်ရန် လောဆော်သည်။
“ ဆယ်နာရီခွဲကျော်ပဲရှိသေးတယ် ” ယန်ကျင်းဇီက ပြောသည်။ Goldfield က သူတို့နှင့် မဝေးဘဲ သွားရန် ဆယ်မိနစ်သာ ကြာသည်။
“ စောစောသွားတာ မကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ ” လုကျင်းရှိူ့က အေးစက်သော မျက်နှာထားနှင့် ဆိုသည်။
ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို ကားမောင်း၍သာ လိုက်ပို့နိုင်တော့သည်။
နေရာသို့ ရောက်သောအခါ ယန်ကျင်းဇီသည် ထပ်ခါတလဲလဲ ပြောခဲ့သည် : “ မင်း ဖြည်းဖြည်းသွား၊ ခဏနေကျရင်လည်း မသောက်နဲ့။ ပြီးတော့ မင်း နေလို့မကောင်းရင် ကိုယ့်ကို ဖုန်းခေါ်... ” တကယ်တော့ သူသည် သူ့ကို အဖော်လိုက်ပေးချင်သော်လည်း သူ့ကိုယ်သူ မထိန်းနိုင်ဘဲ သူ့အဖေက ဘာဖြစ်နေမှန်း တွေ့သွားမည်ကို သူ ကြောက်မိသည်။ ၎င်းက လုကျင်းရှိူ့အတွက် မကောင်းပေ။
ကိုယ့်တူ၏ စေ့စပ်ထားသူနှင့် တွဲနေခြင်းက ကိစ္စကောင်း မဟုတ်ချေ။
သူနှင့် လုကျင်းရှိူ့က အတူရှိနေပြီဖြစ်ကြောင်းကို သူ့ဖခင် သိသွားလျှင် လုကျင်းရှိူ့တွင် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များ ရှိနေသည်ဟုပင် သံသယဖြစ်လောက်သည်။
“ ငါ သိတယ်။ ” လုကျင်းရှိူ့ ဖြေလိုက်သည်။
တကယ်တော့ ယခု သူ နေလို့မကောင်းပေ။ သို့သော်လည်း သူသည် စိတ်အခြေအနေကောင်းနေသောကြောင့် ဘာကိုမှမကြောက်ချေ။
သူ ဒီထက်ပိုပြီး မသက်မသာဖြစ်နေကျ ဖြစ်ခဲ့ပေမယ့် သူ အဆင်ပြေနေခဲ့သေးတာပဲ မဟုတ်လား?
လုကျင်းရှိူ့သည် ယန်ကျင်းဇီနှင့် ရှိနေချိန်တွင် အတော်လေး နူးညံ့နေဆဲဖြစ်သော်ငြား ကားထဲမှ ထွက်လာသောအခါတွင်မူ သူ့ခန္ဓာကိုယ်နားတွင် အေးစက်မှုက သဘာဝကျကျ တည်ရှိနေသည်။
သူသည် ဤနှစ်တွင် အသက်သုံးဆယ့်နှစ်နှစ် ဖြစ်သည်။ တကယ်တော့ သူ့မျက်နှာမှာ အရမ်းမရင့်ဘဲ သူ၏ ကိုယ်ရောင်ကိုယ်ဝါက လူများကို သူတို့၏စိတ်အတွင်းထဲအထိ ကျောချမ်းစေသည်။ သူတို့ဟာ သူ့ကို အထင်မသေးရဲကြချေ။
Goldfield ထဲသို့ ဝင်ပြီးနောက် လမ်းပြရန် လာသော စားပွဲထိုးမှာ သူ့ကို ထပ်မကြည့်ရဲတော့ပေ။ သူက ဖခင်ယန်နှင့် ချိန်းဆိုထားသည်ကို သိရှိထားသော စားပွဲထိုးသည် သူ့ကို ဖခင်ယန်၏ အခန်းသို့ အမြန်ခေါ်ဆောင်သွားသည်။
လုကျင်းရှိူ့ နေရာယူပြီးနောက် စားပွဲထိုးသည် အထက်သို့ တင်ပြခဲ့ပြီး လူတစ်ဦးက ဖခင်ယန်ကို လုကျင်းရှိူ့ ရောက်လာပြီဖြစ်ကြောင်း ချက်ချင်း သတင်းပေးခဲ့သည်။
ဖခင်ယန်သည် အိမ်တွင်သာ ရှိသေးပြီး သူသည် လုကျင်းရှိူ့က Goldfield တွင် ရောက်ရှိနေပြီဟု သိရသောအခါ အံ့ဩသွားသည် — ဘာလို့ လုကျင်းရှိူ့က အရမ်းစောစောကြီး လာတာလဲ?
သို့သော် မည်သို့ပင်ဖြစ်စေ လုကျင်းရှိူ့က Goldfield တွင် ရောက်ရှိနေပြီဖြစ်ရာ သူသည်လည်း ထိုနေရာသို့ အမြန်သွားသင့်သည်...
ဖခင်ယန်သည် အလျင်စလို အပြင်ထွက်လာသည်။
လုကျင်းရှိူ့ မိနစ်နှစ်ဆယ် စောင့်ပြီးနောက် ဖခင်ယန် ရောက်လာကာ ဝင်လာလာချင်း ပြုံးပြသည် : “ ဆောရီး၊ ငါ နောက်ကျသွားတယ်။ ”
ဖခင်ယန်သည် စကားပြောရင်း လုကျင်းရှိူ့ကို ကြည့်လိုက်ပြီး လုကျင်းရှိူ့၏ အသားအရောင်က အလွန်ကောင်းနေသည်ကို တွေ့လိုက်ရသည်။ လုကျင်းရှိူ့က ယခင်ကထက် နည်းနည်းပိုဝလာပုံရပြီး သူ့အသားအရေက အထူးနီမြန်းနေသည်။
သို့သော်... လုကျင်းရှိူ့၏ ပါးစပ်မှာ ဘာအကြောင်းအရင်းကြောင့်မှန်း မသိဘဲ ရောင်ကိုင်းနေသည်... ဖခင်ယန်သည် ၎င်းကို နှစ်ခါကြည့်လိုက်သော်ငြား မေးမြန်းချင်သည့်အထိ ဂရုမစိုက်သဖြင့် မမေးတော့ပေ။
“ ဦးလေးယန်၊ ကျွန်တော်က စောစောလာခဲ့တာပါ။ ” လုကျင်းရှိူ့က ဆိုသည်။ သူသည် ပြုံးလည်း ပြုံးပြချင်သော်ငြား မပြုံးနိုင်သဖြင့် ပြုံးခြင်းကို ရပ်တန့်လိုက်သည်။
ဖခင်ယန်သည် လုကျင်းရှိူ့၏ “ဦးလေးယန်” ကြောင့် အံဩသွားရသည်။
သူ၏ သားအကြီးက လုကျင်းရှိူ့နှင့် အသက်တူတူနီးပါးပင် ဖြစ်သည်။ တကယ်တော့ လုကျင်းရှိူ့က သူ့ကို ဦးလေးဟု ခေါ်သည်မှာ ပုံမှန်ဖြစ်သည်။ သို့ရာတွင် လုကျင်းရှိူ့ ငယ်စဉ်က သူသည် လုမိသားစုနှင့် အဆက်အသွယ်သိပ်မရှိခဲ့သောကြောင့် သူ လုကျင်းရှိူ့ကို ပထမဆုံး တွေ့ချိန်မှာ အသက် ၂၆ နှစ်၌ လုကျင်းရှိူ့ တရုတ်ပြည်သို့ ပြန်ရောက်ချိန် ဖြစ်သည်။ ထိုအချိန်တွင် သူ့သားအငယ်မှာ လုရွေ့ချွင်နှင့် စေ့စပ်ပြီးဖြစ်ကာ သူနှင့် လုကျင်းရှိူ့တို့က မျိုးဆက်အတူတူ ဖြစ်လာခဲ့သည်။
ဤနှစ်များအားလုံးတွင် လုကျင်းရှိူ့ သူ့ကို တွေ့ချိန်၌ သူသည် “ဥက္ကဌယန်” ဟု အေးစက်စွာ အမြဲအခေါ်ခံခဲ့ရသည်။ ဘယ်အချိန်တုန်းက သူက သူ့ကို ဦးလေးလို့ ခေါ်ခဲ့ဖူးလို့လဲ?
သို့သော်ငြား ဖခင်ယန်သည် လျင်မြန်စွာ တုံ့ပြန်ခဲ့သည် : “ အသက်အရွယ်အရဆိုရင် ငါ မင်းရဲ့ဦးလေး တကယ် ဖြစ်နိုင်တယ်... ဟားဟား၊ ကျင်းဇီနဲ့ ရွေ့ချွင်ရဲ့ လက်ထပ်ပွဲကို ထည့်မတွက်ရင် ငါ မင်း မျိုးဆက်တစ်ဆက် တိုးလာတာကိုလည်း ပယ်လိုက်လို့ရတယ်။ ” သူ့သားက လုရွေ့ချွင်နှင့် လက်ထပ်ပွဲကို ရုတ်သိမ်းမည့် အကြောင်းကို လုကျင်းရှိူ့အား ပြောပြီးပြီဟု ခန့်မှန်းရပြီး လုကျင်းရှိူ့က သူ့ကို သတိပေးနေခြင်းဖြစ်သည်။
လုရွေ့ချွင်နှင့် သူ့သားအငယ်တို့က လက်ထပ်ပွဲကို ရုတ်သိမ်းရန် လုကျင်းရှိူ့က မျှော်လင့်နေလောက်သည်ဟုလည်း သူ တွေးနေမိသည်။
ယန်မိသားစု၏ အထောက်အပံ့ မရှိလျှင် လုရွေ့ချွင်ကို ရှင်းလင်းရသည်မှာ လုကျင်းရှိူ့အတွက် လွယ်ကူသွားလိမ့်မည်။
လုကျင်းရှိူ့သည် “ဦးလေးယန်” ဟု ခေါ်မိပြီး ဖခင်ယန် လန့်သွားသည်ကို တွေ့လိုက်ရကာ သူ စကားမှားပြောမိမှန်း သဘောပေါက်သွားသည်။
သူသည် မည်သို့ပြန်ပြင်ရမည်နည်းဟု စဉ်းစားနေခဲ့သော်ငြား ဖခင်ယန်က ဖျက်သိမ်းမှုအကြောင်း ပြောလာမည်ဟု မထင်ထားခဲ့ဘဲ ချက်ချင်း စိတ်သက်သာရာရသွားသည် : “ ဟုတ်ပါတယ်၊ ကျွန်တော်က ဂျူနီယာအငယ်ပါ။ ”
လုကျင်းရှိူ့၏ သဘောထားက အရမ်းကောင်းနေပြီး အကောင်းပင်လွန်နေသေးသည်... ဖခင်ယန်သည် ၎င်းနှင့်ပတ်သက်ပြီး စဉ်းစားကြည့်မိကာ ၎င်းမှာ လက်ထပ်ပွဲဖျက်သိမ်းမှုကြောင့် ဖြစ်ရမည်ဟု ခံစားရသည်။ ထို့ကြောင့် သူသည် ၎င်းအကြောင်း ဦးစွာစပြောကာ သူ၏ လုရွေ့ချွင်ကို စိတ်တိုင်းမကျမှုအား ထုတ်ဖော်ပြခဲ့သည်။
ဖခင်ယန်၏စကားကို နောက်မှလိုက်၍ လုကျင်းရှိူ့သည်လည်း သူ၏ လုရွေ့ချွင်ကို စိတ်မကျေနပ်မှုအား ဖော်ပြခဲ့၏။
ဖခင်ယန်သည် လုကျင်းရှိူ့၏ သဘောထားက သူ့ကိုယ်ပိုင်နှင့် ကိုက်ညီနေသည်ကို တွေ့ရသည်အား အလွန်ဝမ်းသာသည်။ ထို့ကြောင့်
သူသည် ကုမ္ပဏီနှစ်ခုကြားရှိ ပူးပေါင်းဆောင်ရွက်မှုက မပြောင်းလဲရန် မျှော်လင့်ကာ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ထပ်ပြောပြန်သည်။
လုကျင်းရှိူ့က ထိုအပိုင်းတွင် ပြဿနာမရှိကြောင်း ချက်ချင်း ပြန်ပြောခဲ့သည်။
သူတို့နှစ်ဦးသည် လက်ရှိတွင် ပူးပေါင်းဆောင်ရွက်နေသော ပရောဂျက်နှစ်ခုနှင့်ပတ်သက်ပြီးလည်း ဆွေးနွေးပြောဆိုကြသည်... ဖခင်ယန်သည် လုကို အမြတ်များ ရှာဖွေနိုင်မည့် လိုက်လျောချက်များ ပေးနိုင်သည်ဟု ပြောခဲ့သည်။
လုကျင်းရှိူ့သည် တွေးပင် မတွေးကြည့်ဘဲ ငြင်းဆိုခဲ့ပြီး သူက ယန်မိသားစုကို လိုက်လျောချက်များ ပေးနိုင်သည်ဟုလည်း ပြောခဲ့၏။
ဖခင်ယန် အံ့အားသင့်သွားသည် — လုကျင်းရှိူ့က လုရွေ့ချွင်ကို အရမ်းမုန်းတာလား? ယန်ကျင်းဇီက လုရွေ့ချွင်နဲ့ လမ်းခွဲတော့မယ်လို့ ကြားရတော့ သူက အရမ်းပျော်ပြီး သူ့ကို ဦးလေးလို့ ခေါ်တဲ့အပြင် အကျိုးအမြတ်တွေကိုတောင် လက်လျှော့ဖို့ ဆန္ဒရှိတယ်လား?
သို့သော် သူသည် ဤကိစ္စကို အထူးတလည် ပြောဆိုသည်မှာ လက်ထပ်ပွဲကို ရုတ်သိမ်းခြင်းကြောင့် မဟုတ်ပေ။
ဖခင်ယန်က ဆိုသည် : “ ကျင်းရှိူ့၊ ငါ အလျှော့ပေးဖို့ ဆန္ဒရှိတာက တကယ်တော့ ငါ မင်းကို အကူအညီတောင်းချင်တဲ့ ကိစ္စတစ်ခုလည်း ရှိနေလို့။ ”
“ ဦးလေးယန်၊ ပြောချင်တာ ပြောလို့ရပါတယ်။ ” လုကျင်းရှိူ့က ဖြေသည်။
ဖခင်ယန် : “ ငါ့ရဲ့ ညံ့ဖျင်းတဲ့ သားအငယ်ဆုံးနဲ့ ပတ်သက်တာ။ သူ့ကို စောင့်ရှောက်ကြည့်ရှုပေးဖို့ ငါ မင်းကို ဒုက္ခပေးချင်တယ်။ ”
လုကျင်းရှိူ့ : “ ဦးလေးယန် မစိုးရိမ်ပါနဲ့။ ကျွန်တော် သူ့ကို သေသေချာချာ ဂရုစိုက်မှာပါ။ ” ဤအကြောင်း ပြောချိန်တွင် လုကျင်းရှိူ့သည် အနည်းငယ် ရှက်ရွံ့မိသည်။
သူနှင့် ယန်ကျင်းဇီတို့ဟာ တကယ်တမ်း ပြောရလျှင် သူက ယန်ကျင်းဇီကို ဂရုမစိုက်ခြင်း မဟုတ်သော်ငြား ယန်ကျင်းဇီက သူ့ကို ပိုပြီးဂရုစိုက်ခြင်း ဖြစ်သည်။
လုကျင်းရှိူ့က အလွန်လေးနက်စွာ စကားပြောကာ ဖခင်ယန်သည် သူ့ကို ဤသို့တွေ့ရသဖြင့် ပို၍ပင် ရှက်ရွံ့သွားသည်။
လုကျင်းရှိူ့တွင် အလွန်ကောင်းသော သဘောထား ရှိပြီး သူ့သားကို ဂရုစိုက်ပေးရန် လိုလားသည်။ သူ့သားက အမှန်တကယ် ကောင်းမွန်သည့်အရာ မဟုတ်ဘဲ လုကျင်းရှိူ့ကို ထိုကဲ့သို့ပင် တွေးသေးသည်...
ဖခင်ယန်က ပြောသည် : “ ကျင်းရှိူ့၊ တကယ်တော့ ငါ့မှာ မင်းကို ပြောစရာတစ်ခု ရှိသေးတယ်... အဲ့ဒါ ငါ့သားအငယ်ရဲ့ ကိစ္စပါ။ ငါ ပြောရင် မင်း စိတ်အနှောင့်အယှက်မဖြစ်နဲ့။ ”
လုကျင်းရှိူ့ မေးမြန်းလိုက်သည် : “ ဘာဖြစ်လို့လဲ? ” ဖခင်ယန်က သူ့ကို စိတ်ဆိုးစေနိုင်တဲ့ ယန်ကျင်းဇီနဲ့ပတ်သက်တဲ့ တစ်ခုခုအကြောင်း ပြောချင်တာလား?
အဲ့ဒါက ဘာများလဲ?
ယခုအခါ လုကျင်းရှိူ့သည် ယန်ကျင်းဇီက သူ့ကို ချစ်ကြောင်း သေချာသော်လည်း သူသည် အလွန်ကောင်းသော တစ်စုံတစ်ရာကို ယခင်က တစ်ခါမှ မရခဲ့ဖူးသောကြောင့် ဖြစ်နိုင်သည်၊ သူဟာ အမြဲတစေ အလိုလို စိတ်မအေးဖြစ်နေသည်။
လည်ပင်းခေါက်ရှပ်အင်္ကျီ၏ ကော်လာက အလွန်ကြပ်လွန်းသောကြောင့် ဖြစ်နိုင်ပြီး သူသည် အနည်းငယ် အသက်ရှူရခက်နေဆဲဖြစ်သည်။
ဤအချိန်တွင် လုကျင်းရှိူ့သည် မျက်မှောင်ကြုံ့ပြီး မပျော်မရွှင်ဖြစ်ပုံရကာ ဖခင်ယန်သည် ခပ်ဖွဖွ ချောင်းဟန့်လိုက်သည် : “ ဒီကောင်စုတ်လေးက အိမ်မှာ ပြောသွားတယ်၊ သူက စိတ်ပြောင်းပြီး မင်းကို သဘောကျလို့ မင်းကို ပိုးပန်းချင်တယ်တဲ့... သူ မင်း မပျော်အောင် တစ်ခုခု လုပ်ခဲ့ရင် မင်း ပိုပြီးသည်းခံပေးပါ။ ”
လုကျင်းရှိူ့ကို ဤကိစ္စ ပြောပြခြင်းက ပိုကောင်းသည်ဟု ဖခင်ယန် ခံစားခဲ့ရသည်။
ဤသို့ဆိုလျှင် လုကျင်းရှိူ့ မကြိုက်ပါက သူ့သားကို စောစောစီးစီး ရှောင်ရှားနိုင်သည်ပင်။
သူ့သားက ဤလူကို မပိုးပန်းနိုင်လောက်သည့် ဖြစ်နိုင်ချေအတွက်မူ... သူ့သားက ဒီလူကို လိုက်နိုင်မယ်လို့ အစကတည်းက သူ မထင်ခဲ့ဘူး!
ဖခင်ယန်သည် စကားများ ပြောပြီးသောအခါ စိတ်သက်သာရာရသွားသည်။ သို့သော် လုကျင်းရှိူ့က အံ့အားသင့်သွားသည် : “ သူ ကျွန်တော့်ကို ပိုးပန်းမယ်လို့ သူ ပြောသွားတာလား? ”
“ ဟုတ်တယ်။ သူက သူ့အစ်ကိုကို ရုတ်တရက်ကြီး လုရွေ့ချွင်ကို စစ်ဆေးခိုင်းပြီး သူ ရုတ်သိမ်းတော့မယ်လို့ ပြောတယ်။ မင်းဆီမှာ အလုပ်သွားလုပ်နိုင်အောင်လို့ သူက ငါ့ကို မင်းနဲ့ စကားပြောခိုင်းတယ်။ နောက်ကျတော့ သူက မင်းကို ပိုးပန်းချင်တယ်လို့ ပြောတယ်... သူက တည့်တိုးဆန်ပြီး ရိုးရှင်းတယ်၊ ပြီးတော့ ရိုးသားတယ်။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူး... ”
“ ကျွန်တော် သိပါတယ်။ ” လုကျင်းရှိူ့ ပြောလိုက်သည်။
အစောက ယန်ကျင်းဇီဟာ သူ့ကို သူတို့ တွဲနေသော အကြောင်းကို မပြောခိုင်းခဲ့ချေ။ သူသည် အနည်းငယ် မပျော်မရွှင်ဖြစ်နေဆဲဖြစ်ပြီး ယန်ကျင်းဇီက သူ့မိသားစုကို မပြောပြချင်ဟု တွေးနေခဲ့သည်။ သို့သော် သူသည် ယန်ကျင်းဇီက သူ့မိသားစုကို ဟိုးယခင်ကတည်းက ပြောပြထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လုကျင်းရှိူ့သည် သေသေချာချာ တွေးဆခဲ့ပြီး ယန်ကျင်းဇီ၏ ဤသို့လုပ်ခဲ့သော အကြောင်းအရင်းကို သူ သိသွားသည်။
သူတို့ အတူရှိနေပြီမှာ ကြာပြီဖြစ်မှန်းကို ယန်ကျင်းဇီ၏မိသားစုက သိခဲ့လျှင် လူကြီးတစ်ဦး ဖြစ်သည့် သူက ယန်ကျင်းဇီအပေါ် မကောင်းသော ရည်ရွယ်ချက်များ ရှိသည်ဟု သူတို့က သေချာပေါက် တွေးကြလိမ့်မည်ပင်။ သို့သော်လည်း ယခု ယန်ကျင်းဇီက ဤသို့ပြုမူခဲ့ရာ... ဖခင်ယန်က သူ့ကို သည်းခံပေးရန်ပင် တောင်းဆိုခဲ့သည်။
လုကျင်းရှိူ့၏ဘယ်လက်ဟာ အနည်းငယ် တုန်ယင်လျက်ရှိပြီး သူ့ခေါင်းလည်း အနည်းငယ် မူးဝေနေသည်။
သူသည် ယန်ကျင်းဇီက သူ့ကို အမှန်တကယ် ချစ်ပြီး အလွန်ချစ်သည်ကို နောက်တစ်ကြိမ် နားလည်လိုက်ရသည်။
ထို့အပြင် ယန်ကျင်းဇီက အရမ်းအသက်မကြီးသေးသော်ငြား သူက သူ့အတွက် အများအပြား စဉ်းစားပေးခဲ့ပြီး သူ့ကို ဂရုစိုက်ပေးနေခဲ့သည်။
ယန်ကျင်းဇီက ဤအခြေအနေကို တွေးမိခဲ့လောက်သဖြင့် သူ့ကို မပြောရန် အထူးမှာခဲ့ခြင်းဖြစ်နိုင်သည်။
ယခု သူသည် ဘာမှမပြောထားဘဲ ယန်ကျင်းဇီကို သူ အပြစ်တင်မည်မဟုတ်ဟုသာ ဖခင်ယန်ကို ကတိပေးခဲ့သည်။ ပြီးနောက် ဖခင်ယန်က သူ့ကို အလွန်ကျေးဇူးတင်သည်။ အနာဂတ်တွင် သူနှင့် ယန်ကျင်းဇီတို့ အတူရှိသောအခါ ယန်မိသားစုဟာ နောက်ဆုံးတွင် ယန်ကျင်းဇီက သူ့ကို အမိဖမ်းနိုင်ခဲ့ပြီဟုသာ ထင်လိမ့်မည်ဖြစ်ပြီး ၎င်းထက်ပိုတွေးကြမည်မဟုတ်ချေ။
ဤသည်မှာ ကောင်းမွန်သော အဆုံးသတ် ဖြစ်သွားမည်ပင်။
“ မင်း သူ့ကို မကြိုက်ရင် သူ့ကို နေရာရွှေ့လိုက်လို့ရတယ်... ”
“ ဦးလေးယန်၊ ကျွန်တော် သူ့ကို နေရာပြောင်းမှာမဟုတ်ဘူး။ ” လုကျင်းရှိူ့သည် သူ့အင်္ကျီ၏ ကော်လာကို ဆွဲလိုက်ပြီး ထိုအခါမှ သူသည် သူ၏အသက်ရှူခြင်းမှာ အနည်းငယ် ပိုမိုချောမွေ့သွားသည်ဟု ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် ပူနွေးမှုတစ်ခုက သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာများမှ ပျံ့နှံ့လာနေပြီး သူ့တစ်ကိုယ်လုံးကို ပြည့်နှက်နေစေကာ သူ့ကို အားအင်ပေးစွမ်းနေသကဲ့သို့ပင်။
ယန်ကျင်းဇီက အရာရာကို တာဝန်ယူနေသည်အား သူ ခွင့်မပြုသင့်။
သူဟာ ယန်ကျင်းဇီ၏ ကာကွယ်မှုကို လိုအပ်သည့် လူတစ်ဦး မဟုတ်ပေ။
ဤကဲ့သို့ ယန်ကျင်းဇီ၏မိဘများကို လှည့်ဖြားထားသည်က မကောင်းမွန်ချေ။
လုကျင်းရှိူ့သည် သူ့တုတ်ကောက်နှင့် မတ်တပ်ထရပ်ပြီး ဖခင်ယန်ကို ခေါင်းညွတ်လိုက်သည် : “ ဦးလေးယန်၊ ကျွန်တော် တောင်းပန်ပါတယ်။ ”
ဖခင်ယန် စိုးရိမ်ပူပန်သွားသည်။ လုကျင်းရှိူ့က ရုတ်တရက် တောင်းပန်လာသည်... သူက ယန်ကျင်းဇီရဲ့ အမူအရာကို ထပ်ပြီးသည်းမခံချင်တော့ဘူးလား?
ဖခင်ယန်သည် ဤသို့တွေးနေပြီး လုကျင်းရှိူ့က ပြောလာခဲ့သည် : “ တကယ်တော့ ယန်ကျင်းဇီက... ကျွန်တော်နဲ့ အတူရှိနေပါပြီ။ ”
ဖခင်ယန် အံ့အားသင့်သွားသည်။
လုကျင်းရှိူ့က ဆက်ပြောသည် : “ ကျွန်တော် တကယ် တောင်းပန်ပါတယ်။ အရင်က ကျွန်တော် မပြောပြမိခဲ့ဘူး။ ”
“ မင်းနဲ့ ငါ့သားနဲ့၊ မင်း... ” ဖခင်ယန်သည် လုကျင်းရှိူ့ကို အံ့ဩတကြီး ကြည့်သည်။
“ ကျွန်တော်တို့ အတူရှိနေကြပြီ။ ” လုကျင်းရှိူ့က ဆက်ဆိုသည် : “ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။ ပြီးတော့ ကျွန်တော် သူနဲ့ လက်ထပ်ချင်တယ်။ ”
လုကျင်းရှိူ့သည် စကားပြောနေစဉ် အလွန်လေးနက်ကာ သူ စကားပြောပြီးနောက် စိတ်သက်သာရာရသွားသော ခံစားချက်ပင် ရှိခဲ့သည်။
မနေ့ညက ယန်ကျင်းဇီ သူ့ကို တကယ် ချစ်ကြောင်း သူ သိလိုက်ရချိန်တွင် သူသည် သူ့နှလုံးသားထဲမှ ကျောက်တုံးကြီးကို ဖယ်ရှားနိုင်လိုက်ပြီဟု ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်မှာ ပြေလျော့သွားခဲ့၏။ သို့သော်လည်း ဤမနက် သူ အိပ်ရာနိုးသောအခါ သူသည် ဖခင်ယန်ထံမှ ဖုန်းခေါ်မှုကို ရရှိခဲ့ပြီး သူ့တစ်ကိုယ်လုံးမှာ နောက်တစ်ကြိမ် ပြန်လည်တင်းတောင့်သွားပြန်သည်။
သို့သော်ငြား ယခုမူ ဖခင်ယန်ကို ပြောပြပြီးနောက် သူသည် စိတ်ပြန်ပြေလျော့သွားသည်။
သို့ရာတွင် ဖခင်ယန်က တိတ်ဆိတ်ကာ လုကျင်းရှိူ့ကို မျက်မှောင်ကြုံ့လျက် ကြည့်သည်။
လုကျင်းရှိူ့သည် တစ်ချိန်လုံး အနည်းငယ် မူးဝေနေခဲ့ပြီး မသိစိတ်မှ အလိုအလျောက်ပင် ပြုံးပြကာ ဖခင်ယန်ကို ပြောပြသည် : “ ဦးလေးယန်၊ လုအပြင် smart home ဆောက်တဲ့ ကျားဟယ်ကလည်း လွန်ခဲ့တဲ့ဆယ်နှစ်က ကျွန်တော် တည်ထောင်ခဲ့တာပါ။ ကျွန်တော့်လက်ထဲမှာ ရှယ်ယာတချို့ ရှိသေးတယ်... ”
လုကျင်းရှိူ့သည် သူ၏ပိုင်ဆိုင်မှုများကို ပြောပြပြီးနောက် ဆက်ပြောသည် : “ ကျွန်တော့်မှာ မသန်စွမ်းမှု ရှိပေမယ့် ကျွန်တော် သူ့အပေါ် စိတ်ရင်းစစ်မှန်ပါတယ်။ ကျွန်တော် သူ့ကို ကောင်းကောင်းဂရုစိုက်ပါ့မယ်။ ”
“ မင်းတို့ အတူရှိနေတာ ဘယ်လောက်ကြာပြီလဲ? မင်းတို့ ဘယ်လိုလုပ် အတူရှိဖြစ်ကြတာလဲ? ” ဖခင်ယန်က မေးခွန်းမေးမြန်းသည်။
သူသည် ယခင်က လုကျင်းရှိူ့ကို ရှက်ရွံ့ခဲ့သော်ငြား အကယ်၍များ လုကျင်းရှိူ့နှင့် ယန်ကျင်းဇီ အတူရှိနေသည်မှာ ကြာပြီဆိုလျှင်... လုကျင်းရှိူ့က သူ့သားထက် အသက်ဆယ်နှစ်ပိုကြီးသည်... ဤသည်က...
ပြီးတော့... လုကျင်းရှိူ့က လုရွေ့ချွင်ကို လက်စားချေလို့ရအောင် သူ့သားနဲ့ အတူရှိနေတာ ဖြစ်နိုင်လား?
လုကျင်းရှိူ့ : “ ကျွန်တော်တို့... ”
သူသည် ယိမ်းယိုင်သွားကာ သူ့မျက်လုံးများမှာ ချက်ချင်း အမှောင်ကျသွားသည်။
သူ့ရှေ့ရှိ အမှောင်ထုထဲတွင် အဖြူရောင်ကြယ်များ ရှိနေကာ မိဘမဲ့ဂေဟာ၌ရှိသည့် အိုဟောင်းကြာမြင့်နေသော အဖြူအမည်း တီဗီစက်၏ရုပ်ပုံနှင့် ဆင်တူသည်။
လုကျင်းရှိူ့ ခဏတာ စကားမပြောနိုင်တော့ပေ။ သူသည် သူ့တုတ်ကောက်ကို လက်လွှတ်ပြီးနောက် တပြိုင်နက် သူ့နောက်ရှိ ဆိုဖာပေါ်သို့ လဲကျကာ အသက်ရှူကြပ်နေဆဲပင် — သူ့အဝတ်အစား၏ လည်အဟိုက်က တင်းကြပ်လွန်းသည်။
အမှန်တကယ်တော့ ရှယ်ယာရှင်များကို လုရွေ့ချွင် ပြောပြနေသည်များက မှန်ကန်သည်။ လုကျင်းရှိူ့ကသာ ယခင်ကအတိုင်း တစ်ညလုံး နိုးနေပြီး သေချာမစားဘဲ ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်နေခဲ့မည်ဆိုလျှင် သူဟာ နှစ်အနည်းငယ်အတွင်းတွင် သေဆုံးသွားနိုင်လောက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်မှစ၍ ယန်ကျင်းဇီက သူ့ကို သေသေချာချာ အရမ်းဂရုစိုက်ခဲ့ပြီး သူ့ကို နေထိုင်ရပိုမိုကောင်းမွန်စေခဲ့သော်လည်း အချိန်က တိုတောင်းသေးကာ စုစုပေါင်း နှစ်လပင် မပြည့်ချေ။
ယခု လုကျင်းရှိူ့၏ အသားအရောင်က များစွာပိုကောင်းလာသော်ငြား ကိုယ်တွင်းမှ ချို့ယွင်းချက်ကို အချိန်တိုအတွင်း မကုသနိုင်ပေ။
လွန်ခဲ့သော ရက်အနည်းငယ်၌ ကိစ္စများစွာ ဖြစ်ပျက်သွားခဲ့သည်။
မနေ့က လုကျင်းရှိူ့သည် နေ့ဘက်တွင် အလွန်အဆင်မပြေဖြစ်ပြီး နေ့လယ်စာ သို့မဟုတ် ညစာပင် မစားခဲ့ပေ။ နောက်ပိုင်းတွင် ယန်ကျင်းဇီ ပြန်ရောက်လာသည်။ ကြီးမားများပြားသော ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုတို့ကို ခံစားပြီးနောက် သူသည် ယန်ကျင်းဇီနှင့် နှစ်ကြိမ်လုပ်ခဲ့သည်...
သူ လေ့ကျင့်ခန်းမလုပ်သည်မှာ အတော်ကြာပြီဖြစ်ကာ အမှန်တကယ် ပင်ပန်းနွမ်းနယ်ခဲ့သဖြင့် အိပ်မပျော်သည့်ရောဂါ အမြဲရှိခဲ့သော သူဟာ မိုးလင်းသည့်အထိ အိပ်ပျော်ခဲ့၏။
အိပ်ရာနိုးပြီးနောက် သူသာ တစ်ရက်တာလုံး အိမ်တွင် နေကာ လှဲနေခဲ့လျှင် စိတ်ပြေလက်ပျောက် အနားယူနိုင်လောက်သော်ငြား မနက်စောစော၌ သူသည် ဖခင်ယန်ထံမှ ဖုန်းဆက်မှုကို ရရှိပြီး သူ့စိတ်ဝိညာဉ်မှာ ထပ်မံဖိစီးလာပြန်သည်။
စိတ်ဖိစီးနေခြင်းက ပြဿနာမရှိချေ။ ဖခင်ယန်နှင့် တွေ့ကာ ဖခင်ယန်နှင့် စကားပြောပြီးနောက်၊ သူ၏ ယန်ကျင်းဇီနှင့် အချစ်ရေးကိစ္စကို ဖွင့်ပြောပြီးနောက် သူသည် သူ့စိတ်နှလုံးထဲမှ ကြိုးကို ဖြေလျှော့လိုက်သည်။
အမြဲတမ်း စိတ်ဖိစီးနေသော လူတစ်ဦးသည် စိတ်ပြေလျော့သွားသည်နှင့်တပြိုင်နက် အလွယ်တကူ နာမကျန်းဖြစ်တတ်သည်။ သူသည် ခန္ဓာကိုယ် အားနည်းနေပြီးဖြစ်ကာ ယခုမူ သူသည် တိုက်ရိုက်မေ့လဲသွားတော့သည်။
ဖခင်ယန်သည် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ထိတ်လန့်သွားသည်။ သူ လုကျင်းရှိူ့ကို မေးခွန်းလေး မေးချင်ရုံပါ။ ဘာလို့ လုကျင်းရှိူ့က သတိလစ်သွားတာလဲ?
ဖခင်ယန်သည် စားပွဲထိုးကို ချက်ချင်း အထဲခေါ်ပြီး လုကျင်းရှိူ့ကို ဆေးရုံခေါ်သွားရန် ကားစီစဉ်သည်။ စဉ်းစားပြီးနောက် သူသည် သူ့သားကို ဖုန်းဆက်လိုက်ပြန်သည်။
ထို့နောက်... ဖခင်ယန်နှင့် စားပွဲထိုးတို့က လုကျင်းရှိူ့ကို အခန်းထဲမှ ကူညီခေါ်ထုတ်ပြီးပြီးချင်းမှာတင် ဖခင်ယန်သည် သူ့သား ရောက်လာသည်ကို တွေ့လိုက်ရသည်။
“ ကျင်းရှိူ့၊ မင်း အဆင်ပြေရဲ့လား? ” ယန်ကျင်းဇီ အလွန်စိုးရိမ်ပူပန်နေသည်။ လုကျင်းရှိူ့ မတုံ့ပြန်သည်ကို တွေ့ရသောအခါ သူသည် လုကျင်းရှိူ့ကို ကောက်ချီပြီး ပြေးထွက်သွားသည်။
ဖခင်ယန် : “ ... ” ဆိုတော့ သူ့သားက ဒီမှာရှိနေတာပဲ!
ယခုအခါ... ဖခင်ယန်သည် သူ့ချွေးကို သုတ်ပစ်ပြီး အမြန်လိုက်သွားသည်။
ဤအခိုက်အတန့်တွင် ယန်ကျင်းဇီသည် အလွန်အမင်း ဝမ်းနည်းနေသည်။
လုကျင်းရှိူ့ရဲ့ကျန်းမာရေးက မကောင်းတာကို သူ သိသားပဲ၊ ဘာလို့ သူ မနေ့ညက သည်းမခံခဲ့ရတာလဲ?
လုကျင်းရှိူ့ ကျန်းမာရေးမကောင်းသည်ကို သူ သိပြီးဖြစ်သည်။ ဘာလို့ သူ လုကျင်းရှိူ့ကို ဒီနေ့ သူ့အဖေကို သွားတွေ့တာ မတားခဲ့တာလဲ?
အနည်းဆုံးတော့ သူ လိုက်သွားသင့်ခဲ့တာ!
မဟုတ်ဘူး၊ သူ လုကျင်းရှိူ့၏ အခြေအနေကို စောစောသိပြီး အသေးစိတ်ဆေးစစ်ရန် သူ့ကို ခေါ်သွားသင့်ခဲ့သည်။
သူ ဖတ်သည့် ဆေးစာအုပ်များ မည်မျှများများ၊ ၎င်းမှာ စာရွက်ပေါ်တွင်သာ ရှိသေးသည်။ လုကျင်းရှိူ့ လိုအပ်သည်က အနားယူမှုနှင့် ကုသမှု ဖြစ်သည်။
ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို ကားနောက်ခုံထဲတွင် ထည့်ပြီး ကားမောင်းရန် ကားမောင်းသူနေရာသို့ အမြန်ဝင်သည်။
ကံကောင်းစွာဖြင့် ဖခင်ယန်သည် အမြန်ပြေးလိုက်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ကားနောက်ခုံထဲသို့ ဝင်လိုက်သည်။
သို့သော် သူ ထိုင်ပြီးသည်နှင့် ယန်ကျင်းဇီက ကားစမောင်းနေပြီဖြစ်သည်။
ဖခင်ယန် : “ ... ” သူ့သားတော့ အရမ်းစိတ်ပူနေပြီ!
သို့သော် လုကျင်းရှိူ့၏အခြေအနေနှင့် သူ့သားက တကယ်ပင် စိတ်ပူသင့်သည်။
“ လုကျင်းရှိူ့ ဘာဖြစ်တာလဲ? ”
“ သူ ကျန်းမာရေးမကောင်းဘူး။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ အဖေ၊ သူ့ကို ဂရုစိုက်ပေးပါ။ ”
ယန်ကျင်းဇီသည် ကားမောင်းရာတွင် အာရုံစိုက်နေသည်။ ဖခင်ယန်သည် သူ့ဘေးတွင် ထိုင်နေသော လုကျင်းရှိူ့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
လုကျင်းရှိူ့၏ အသက်အရွယ်၊ ခန္ဓာကိုယ်နှင့် ကျန်ရှိရာများအရ လုကျင်းရှိူ့က တကယ်ပင် သူ့သားအတွက် ကောင်းမွန်သော လက်တွဲဖော် မဟုတ်ချေ။
လုကျင်းရှိူ့က အသက်ပိုငယ်ပြီး မသန်စွမ်းမှု မရှိလျှင် အလွန်ကောင်းလိမ့်မည်ပင်။ သူသည် လုကျင်းရှိူ့ကို ထူးချွန်ထက်မြက်ရန်ပင် တောင်းဆိုမည်မဟုတ်ပေ။
ဤသို့စဉ်းစားရင်း ဖခင်ယန်သည် လုကျင်းရှိူ့၏ အင်္ကျီတွင် မြင့်မားသော လည်အဟိုက် ရှိသည်ကို ရုတ်တရက် သတိထားမိလိုက်ပြီး ၎င်းက လုကျင်းရှိူ့၏ လည်ပင်းတွင် တင်းတင်းကြပ်ကြပ် ကပ်နေဆဲဖြစ်သည်။
ယခုတလော ရာသီဥတုပူပြင်းသည်။ သူသည် ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီတစ်ထည်ကိုသာ ဝတ်ဆင်ပြီး သူ၏ လက်အနားခေါက်များကို လိပ်တင်ထားသည်။ လုကျင်းရှိူ့က ဆန့်ကျင်ဘက်ပင်။ သူ့ရှပ်အင်္ကျီကို အနောက်တိုင်းဝတ်စုံက ဖုံးကွယ်ထားပြီး သူက တင်းတင်းကြပ်ကြပ် ဝတ်ဆင်ထားသည်။
သူက ဤရှပ်အင်္ကျီ၏ ကြယ်သီးကို အလွန်တင်းကြပ်စွာ ပိတ်ထားသည်... အသက်ရှူရန် အလွန်ခက်ခဲသည်။ သူ မူးဝေနေတာ မဆန်းတော့ဘူး!
ဖခင်ယန်သည် သူ့လက်ကို ဆန့်ထုတ်ပြီး လုကျင်းရှိူ့၏ကော်လာကို ကြယ်သီးဖြုတ်လိုက်ကာ လုကျင်းရှိူ့ အဆင်ပြေစွာ အသက်ရှူနိုင်စေရန် ကြိုးစားနေသည်။
ယန်ကျင်းဇီသည် ကားမောင်းနေကာ ခုံတစ်ခုံလည်း ကွယ်နေ၏။ သူသည် ဖခင်ယန်၏ လှုပ်ရှားမှုများကို သတိပင်မထားမိပေ။ လုကျင်းရှိူ့ကမူ... ယခုအချိန်အထိ မူးဝေနေဆဲပင်။
ဖခင်ယန်သည် လုကျင်းရှိူ့ကို ချောချောမောမော ကြယ်သီးဖြုတ်ပေးနိုင်လိုက်ပြီး ထို့နောက်...
လုကျင်းရှိူ့၏လည်ပင်းပေါ်မှ အမှတ်အသားများကို အတွေ့အကြုံရှိသည့် လူတစ်ဦး ဖြစ်သော သူသည် တစ်ချက်ကြည့်ရုံဖြင့် ဘာဖြစ်ထားမှန်း သိရှိသည်။
ဖခင်ယန်သည် လုကျင်းရှိူ့၏ နှုတ်ခမ်းကို နောက်တစ်ကြိမ် ကြည့်မိလိုက်သည်။
သူသည် ယခင်က သိပ်မတွေးခဲ့သော်လည်း
ယခု ၎င်းကို ကြည့်မိသောအခါ ဘယ်လိုလုပ် ဒီနှုတ်ခမ်းရဲ့ပုံစံက... ဖျက်ဆီးခံထားရသလိုဖြစ်နေတာလဲ?
ဖခင်ယန် : “ ... ”