အပိုင်း ၂၇၁-၂၇၂
Viewers 27k

Part 271


" မိန်းကလေးပါဆို ဘာလို့ အမည်းကြီး လဲ...အရောင်တောင်တောက်လေးဆို တော်သေး "


ကျန်းဟွမ် စောဒကတက်လိုက်သည်။


ယွဲ့စုန့်က ကျန်းယန်ရှန့်ကိုသာ ကြည့်နေ၏။


 " အနက်ရောင်ပဲ ကြိုက်တာ"ကျန်းယန်ရှန့်က တိုက်ရိုက်ပင်ပြန်ဖြေသည်။


 "အနက်ရောင်နဲ့ အလိုက်ဆုံးပဲ ငါတို့မမက " ကျန်းဟယ်လင်းကလည်း အားတက်သရော ဝင်ထောက်ခံ၏။


 " ကားကိုလက်ခံပေးမှာလား" 


ယွဲ့စုန့် အမေးကို ကျန်းယန်ရှန့်က နှုတ်ခမ်းစွန်းများကို ခပ်ဖွဖွကော့ချိုးလိုက်ပြီးပြန်ဖြေလိုက်သည်။


 " အင်း လက်ခံတယ် "


ကျန်းရှို့ချန်၏ တင်ပါးနှင့် ခါးတို့က နာရီလက်တံကဲ့သို့ တွန့်လိမ်လျက်ရှိသည်။


“ အစ်မရေ အစ်မ "


 " အေးအေး သွားလိုက် " ကျန်းယန်ရှန့်က ကြိုသိနေသည့်သဖွယ်ပြန်ဖြေသည်။


ထိုအခါ ကျန်းရှို့ရှန်က အမြန်ထွက်သွားပြီး လှေကားထစ်များကိုကျော်ဖြတ်၍ အောက်သို့ဆင်းကာ ကားပေါ်သို့တက်သွားတော့၏။


အတန်းဖော်များဆီမှ တီးတိုးသံများစွာ ထွက်ပေါ်လာသည်။


ထို့နောက် သူတို့က ကားကြည့်ရန် ဆင်းသွားသော


ကျန်းရှို့ချန်၏အနားသို့ တိုးကပ်လာကြကာ ကားကို ဝိုင်းကြည့်ကြသည်။


" အရမ်းကြည့်ကောင်းတာပဲ "


" ဒီကားက သောက်ရမ်းမိုက်တယ်ဟ "


" ညီလေး အစ်ကိုရော စမ်းမောင်းကြည့်လို့ရလား "


လှေကားထစ်များ၌ ရပ်နေကြသော ဧည့်သည်များကလည်း အချင်းချင်းတီးတိုးပြောနေကြ၏။


ဤကားမော်ဒယ်သည် လူသိများသည်။ 


လူအချို့က သူတို့၏ဖုန်းဖြင့် ကားဈေးနှုန်းကိုရှာဖွေကာ အံ့ဩနေကြ၏။


“ ယန်ယန်ရဲ့ ရည်စားဘက်က မိသားစုက ဘာလုပ်တာလဲ ”


အားလုံး၏ခေါင်းထဲ၌ အဓိပ္ပာယ်တူညီသော မေးခွန်းများဖြင့် ပြည့်နှက်နေသည်။


" ချင်းထင်က ဆိုတာ လူတိုင်းသိတယ် " ကျန်းဟွမ်က ဂုဏ်ယူဝင့်ကြွားစွာပြော၏။


 " ရှောင်ယွဲ့က  ချင်းထင်အုပ်စုပိုင်ရှင် ဥက္ကဌ ယွဲ့ရဲ့ တစ်ဦးတည်းသောမြေးပဲ"


ထို့သို့ စိန်ဇွန်းကိုက်မွေးလာသူက ယွမ် ၉ သန်းတန် ဇိမ်ခံကားတစ်စီးဝယ်နိုင်သည်မှာ အံ့ဩစရာမဟုတ်ပေ။


သူသည် ဤပြည်နယ်၌ အချမ်းသာဆုံးမိသားစု၏ မျိုးဆက်ဖြစ်သည်။


ယွဲ့မိသားစုသည် သိုသိုသိပ်သိပ်နေတတ်၏။ 


 ဥက္ကဋ္ဌယွဲ့သည်လည်း မီဒီယာတွင် လူသိရှင်ကြား ထုတ်ဖော်ပြသလေ့မရှိပေ။


 ကျန်မိသားစုဝင်များမှာ ပို၍ပင်ဆိုးသေး၏။


ထို့ကြောင့် နာမည်နှင့်လူ မတွဲမိကြရခြင်း ဖြစ်သည်။


ဝူကျစ်ဟွားသည်လည်း လုံးဝ အံ့အားသင့်သွား၏။


နောက်တွင်ရှိနေသော ကျောက်လန်ဖန်မှာ သူမ၏လည်ပင်းနောက်ဘက်၌ ပိုပူလာသည်ကို ခံစားလိုက်ရသည်။


သူမ သွေးတက်နေခြင်းပင်။


ကျန်းချီကတော့ မူးနောက်နေသည်။


လူတိုင်းက ယွဲ့စုန့်အား အာရုံစိုက်နေသည်ကို


အခွင့်ကောင်းယူကာ ကျန်းဟွမ်က  ကျန်းဟယ်လင်းအားတိတ်တဆိတ် လက်တို့သည်။


 " မြန်မြန်! ကားဂိုဒေါင်ကိုသွားပြီး ကားကိုမောင်းမလာတော့ဖို့ပြောလိုက်.....  မလုပ်တော့ဘူးလို့...


မီးရှူးလည်းဖောက်စရာမလိုတော့ဘူးလို့ မြန်မြန် ! "


အကိုယွဲ့စုန့်က အစ်မဖြစ်သူအား ယခုလေးတင် ကားလက်‌ဆောင်ပေးလိုက်ပြီဖြစ်သည်။


တူညီနေသောလက်ဆောင်က အမြင်မတင့်တယ်‌ကြောင်း ကျန်းဟယ်လင်းနားလည်၏။


ကျန်းဟွမ် ပြင်ဆင်ထားသော လက်ဆောင်သည်လည်း ကားတစ်စီးပင်ဖြစ်သည်။


ထို့အပြင် ကျန်းဟွမ်သည် လက်ဆောင်ပေးသည့်အပိုင်းကို အထူးပြင်ဆင်ခဲ့၏။ 


မီးပုံးပျံအများအပြား ပြင်ဆင်ထားပြီး ကားဂိုဒေါင်တံခါး ပွင့်လာသည်နှင့်တစ်ပြိုင်နက် ထိုအရာများက ပျံထွက်လာလိမ့်မည် ။ 


ဤသည်မှာ အသေအချာပုံဖော်ထားသော အစီအစဉ်တစ်ခုဖြစ်၏။


ကျန်းဟယ်လင်းသည် ယခုအချိန်တွင် အလွန်အရပ်ရှည်နေပြီဖြစ်သည်။


သူမထံ၌ ယခင်ကဲ့သို့ ခြေတံတိုများ မရှိတော့ပေ။


သူမသည် ယခုအချိန်တွင် အရပ်ရှည်ပြီး ခြေတံလည်းရှည်သည်။ 


ကျန်းဟွမ်၏အကြပ်အတည်းကို ကောင်းစွာနားလည်သောကျန်းဟယ်လင်းသည် အမြန်ပြေးထွက်သွားခဲ့၏။


ကျန်းဟွမ်တစ်ယောက်  အမှန်တကယ်ပင် စိတ်မကောင်းဖြစ်ရသည် ။


သူသည် သမီးဖြစ်သူအတွက် ယွမ် ၆ သန်းတန် အနီရောင်တောက်တောက် ဖရာရီပြိုင်ကားတစ်စီးကို အထူးပြင်ဆင်ခဲ့သည်။


ဤသည်သည်မှာ လျန့်ယင်းယင်း၏ကားတန်ဖိုးထက် နှစ်ဆ ပိုစျေးကြီးသောနှုန်းထားဖြစ်၏။


သူ၏အစ်ကိုကြီးမှ ကျန်းချီအတွက် ဝယ်ပေးသော


ကားထက်ပင် ပိုစျေးကြီးသေးသည်။


ဤနည်းအားဖြင့် သူနှင့်ယန်ယန်တို့ နှစ်ဦးလုံး ပျော်ရွှင်နိုင်လိမ့်မည်ဖြစ်၏။


ဤကျက်သတုံးလေး ယွဲ့စုန့်ကလည်း ကျန်းယန်ရှန့်အား ကားတစ်စီးပေးမည့်အကြောင်းကို မည်သူက ကြိုသိမည်နည်း။ 


ထို့မျှသာမက သူပေးသောကားက ပိုဈေးများနေသေးသည်။


ပြင်ဆင်ထားခဲ့သော ကားကို အောင်နိုင်သူတစ်ယောက်၏ရှေ့၌  အဘယ်သို့ ထုတ်ဝံ့တော့မည်နည်း။ 


စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလွန်းသည်။


ကျန်းဟွမ်တစ်ယောက် ကျိန်ဆဲပစ်ချင်သော်လည်း

ယဉ်ကျေးပျူငှာသည့်အပြုံးလေးကို ထိန်းထားရဆဲပင်။


" ရှောင်ယွဲ့ သွားကြရအောင် မင်းမဆုံဖူးသေးတဲ့ အကြီးအကဲတွေ အများကြီးပဲ"


“သွားလိုက်ပါ ကျွန်မလည်းလိုက်ခဲ့မယ် "


ကျန်းယန်ရှန့်က ရှုလီချန်အား သော့ပေးလိုက်ပြီး...


 "နင် စမ်းကြည့်လို့ရတယ်" 


ထို့နောက် သူမသည် ကျန်းဟွမ်၏ နောက်သို့လိုက်သွားတော့၏။


ကျန်းယန်ရှန့်နောက်သို့ လိုက်မသွားမီတွင် 


ယွဲ့စုန့်က ဝူကျစ်ဟွားကို လှမ်းကြည့်လျက်


ရှုလီချန်၏ပခုံးများကို ကိုင်သည်။


 " သတ်ပစ်လိုက်တော့ " ယွဲ့စုန့်က ရှုလီချန်၏  နားနားသို့ကပ်ပြီးပြော၏။


ရှုလီချန်၏ နှုတ်ခမ်းထောင့်စွန်းများက ခပ်စောင်းစောင်းကွေးတက်သွားပြီး ဆိုးသွမ်းသော ဗီလိန်အပြုံးတစ်ခုက ပေါ်လွင်နေသည်။


" တာဝန်သာလွှဲထားလိုက်တော့.... " ရှုလီချန်ကပြော၏။


ယွဲ့စုန့်က  ရှုလီချန်၏ပခုံးကို ခပ်တင်းတင်း ဖိလိုက်ပြီးနောက် အထဲသို့ဝင်သွားတော့သည်။


ရှုလီချန်က မှိန်းမောနေသေးသည့် ဝူကျစ်ဟွားထံသို့သွားကာ လည်ပင်းကို သိုင်းဖက်လိုက်၏။


 “ဟေ့ကောင်ရေ...


သူ ဒီလောက်ထိ ရက်ရောပြီး  ၉ သန်းတန်ကြီး ပေးလိမ့်မယ်လို့ ထင်မထားခဲ့ဘူးကွ တကယ်... 

၅သန်း ၊ ၆သန်းတန်လောက် ဆိုရင်တော်သေးတယ်.... ဒီကားကတော့ ဈေးများတယ်လေ နော့.... မင်းရည်းစားကို မင်းပေးတဲ့ကားက ဘယ်လောက်တန်လဲ"


ဝူကျစ်ဟွားသည် သဘာဝမကျစွာပင် သတိပြန်ကပ်သွားတော့၏။


 "ဘာလို့ ကား ပေးရမှာလဲ"


  “မွေးနေ့ပွဲ ဒါမှမဟုတ် ပွဲတစ်ခုခုမှာ ကားတစ်စီးပေးတာ က ဖြစ်သင့်တာပဲမဟုတ်ဘူးလား " ရှုလီချန်က ခနဲ့သည်။


 ဝူကျစ်ဟွားထံ၌သာ ပေးချင်စိတ်ရှိလျှင် ဖြစ်နိုင်သည့်အရာပင်။


သို့သော်လည်း ယွမ် ၉ သန်းတန်တော့ မဖြစ်နိုင်ပေ။


ဤဈေးနှုန်းက သူ့အတွက် များလွန်း၏။ 


သို့သော်လည်း ကျန်းချီ၏ဝမ်းကွဲညီမနှင့် တွဲခုတ်နေသူမှာ လွန်စွာထက်မြက်ပြည့်စုံလွန်းသည်။


ဝူကျစ်ဟွားမှာ အနာဂါတ်၌ပင် ယွဲ့စုန့်ပေးသောကားထက် ပိုစျေးကြီးသည့်ကားကို တတ်နိုင်မည်မဟုတ်ပေ။


“ မင်းက ဒီအစ်မရဲ့ ရည်းစားမလား

ဒီအစ်မကြီးက ယန်ရှန့်နဲ့ တစ်ဝမ်းကွဲမလား... ဒါဆိုရင် မင်းတော့ နောက်နောင် တကယ်ကို ခက်ခဲတော့မှာကွ....ယွဲ့စုန့်နဲ့ မင်းက ဘာတော်မှာပါလိမ့်...ဪ မယားညီအစ်ကိုပေါ့ .... သူက ချင်းထင်အုပ်စုရဲ့ဆက်ခံသူအလောင်းအလျာလေ...  မင်းတော့ တကယ်ကို သွားပြီပဲ... သူက တစ်ဦးတည်းသော မြေး...ပြီးတော့တစ်ဦးတည်းသော အမွေဆက်ခံသူဆိုတော့ ချင်းထင်အုပ်စုတစ်ခုလုံးက သူ့လက်ထဲပဲရောက်လာမှာ ... စကားမစပ် အဒေါ်တစ်ယောက်ဆီက ကြားလိုက်တယ် မင်းက တစ်ဦးတည်းသောသား မဟုတ်ဘူးဆို.... မွေးချင်းရှိသေးတာလား.... မိသားစုလုပ်ငန်းကိုရော  ဆက်ခံနိုင်မှာလား... ဒီလိုဆိုအဆင်မပြေဘူးနော်... ဟိုတစ်ယောက်နဲ့ ပုခုံးချင်းသွားယှဉ်လို့မရဘူး "


ဝူကျစ်ဟွား၏မျက်နှာကြီးက နီမြန်းလာသည်။


" ပေါက်ကရမပြောနဲ့ ! "


 ကျန်းချီက အကြောက်အကန်ငြင်း၏။


သူမ၏မျက်နှာထားမှာ ဒေါသအပြည့်ဖြင့် နီရဲနေသည်။


  " ဘာတွေလာပြောနေတာလဲ ငါတို့က အတန်းဖော်တွေ "


ပြောပြီးသည်နှင့် ကျန်းချီက ချာကနဲ လှည့်ထွက်သွားတော့၏။


ဝူကျစ်ဟွားသည် ရှုလီချန်၌မကောင်းသော ရည်ရွယ်ချက်ရှိကြောင်း နားလည်ထားပြီးဖြစ်သော်လည်း ဂရုပြုချိန်မရှိပေ။ 


သူ၏ လည်ဂုတ်ကိုသိုင်းဖက်ထားသည့်ရှုလီချန်၏လက်ကို ဝူကျစ်ဟွားက ပုတ်ထုတ်လိုက်ပြီး  အလျင်အမြန်ပြေးသွားသည်။


" ချီချီ... ချီချီ ! "


ရှုလီချန် လှေကားထစ်များပေါ်တွင် ရပ်ကာ လက်ပိုက်လျက် ပြုံးနေ၏။


ကောင်းကင်သည် မြေကြီးနှင့်ဆန့်ကျင်ဘက်ဖြစ်သကဲ့သို့ မိုးသည် လေ၏ဆန့်ကျင်ဘက်ပင်။


လောကကြီးက ကောင်းကင်ကို မျက်နှာမူလျက်ရှိနေ၏။ထို့အတူ လူဆိုးကို သတ်ခြင်းက အမြဲမှန်ကန်သည်။


ရှုလီချန်က လှေကားထစ်များမှ ဆင်းလာပြီး သော့ကိုမြှောက်ပြကာ စိတ်လှုပ်ရှားနေသည့် အတန်းဖော်များအားမေးလိုက်တော့၏။


“ငါ့မှာသော့ရှိတယ်... နည်းနည်းလေး စမ်းကြည့်ချင်လား"


" စမ်းမယ် !! " အားလုံးက တညီတညွတ်တည်းပြန်ဖြေကြသည်။


" မိန်းကလေးတွေ အရင်ထိုင်မယ် ! "


" နေပါဦး... ရှုလီချန် မင်းမှာ ယာဉ်မောင်းလိုင်စင်ရှိလို့လား"


" မောင်းတာက မောင်းလို့ရတယ် ... တခြားဘာမှဝင်မတိုးမိစေနဲ့နော် "


" စိတ်မပူပါနဲ့ဟ... ငါယာဉ်မောင်းလိုင်စင်ရတာ မကြာသေးပေမဲ့ အလယ်တန်းကတည်းက ‌ကားမောင်း သင်ခဲ့တာ "


တစ်ကြိမ်လျှင် လူတစ်ဦးသာ ထိုင်နိုင်ပြီး ပထမတွင် ကျန်းရှို့ချန် ၊ ထို့နောက် မိန်းကလေးများနှင့် နောက်ဆုံးတွင် ယောက်ျားလေးများကိုပါ ခေါ်ဆောင်မောင်းနှင်ခဲ့၏။


ထိုထဲတွင် ကျန်းကျစ်ယွမ်တော့မပါဝင်ခဲ့ပေ။ 


 သူသည် မုတ်ပေါက်အောက်တွင်ရပ်ကာ ဖြစ်ပျက်ခဲ့သမျှအစအဆုံးကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။


ကျန်းဟွမ် ခဏတာပျောက်ကွယ်သွားပြီး ပြန်ပေါ်အလာတွင် တစ်စုံတစ်ယောက်က သူ့ကို ဟာသလုပ်၏။


“ ယန်ယန့်ရည်းစားက ၁၀ သန်းတန်တဲ့ကား ပေးခဲ့တာ.


... အဖေကြီးကရော ဘာတွေပြင်ထားလဲ ပြပါဦး "


ကျန်းဟွမ်က တစ်ကိုယ်တည်းတွေးကြည့်သည်။


ကံကောင်းထောက်မစွာပင်  ပါးနပ်သောဦးနှောက်ထဲ၌ ဖြတ်ထိုးဉာဏ်အလင်းက ပွင့်လို့လာ၏။


ကျန်းဟွမ်က တဟားဟား ရယ်လိုက်ပြီး   ဝတ်စုံ၏ အတွင်းအိတ်ကပ်ထဲမှချက်လက်မှတ်တစ်စောင် ထုတ်လိုက်တော့သည်။


ငြီးငွေ့စရာလက်ဆောင်ပင်။


ယေဘုယျအားဖြင့် လူကြီးများက လူငယ်များကို ချက်လက်မှတ်များ ပေးကြလေ့ရှိ၏။


 အဘယ်ကြောင့်ဆိုသော် အသက်ကြီးသူများသည် ငယ်ရွယ်သူများ၏အကြိုက်များဖြင့် မရင်းနှီးကြသည့်အတွက် လက်ဆောင်များပြင်ဆင်ရန်မှာ ဒုက္ခတစ်ခုသဖွယ်ဖြစ်သည်။


ချက်လက်မှတ်တစ်စောင် ပေးလိုက်သည်က ပို၍လွယ်ကူ၏။


သို့သော်လည်း သူမ၏အဖေထံမှ ချက်လက်မှတ်တစ်စောင်ရခြင်းက ပုံမှန်တော့မဖြစ်နိုင်ပေ။


" ယန်ယန် ဘယ်လောက်ပေးလဲကြည့်ဦး.... ယွမ် ၉ သန်းအောက်ဆို အလုပ်မဖြစ်ဘူးနော် "


လူတိုင်းကရယ်မောနေကြသည်။


Xxxxxxx


Part 272


ကျန်းယန်ရှန့်က နှုတ်ခမ်းထောင့်စွန်းများကို ကော့ချိုးလိုက်ပြီး ချက်လက်မှတ်ကိုဖွင့်၏။


ထို့နောက် " ယွမ် ဆယ်သန်းပါ " ဟု ပြောပြလိုက်သည်။


" ဟုတ်ပြီ အဆင်ပြေတယ် ... ရှုံးတော့မလို့ " အားလုံးက ဝိုင်းပြောပြီးရယ်မောနေကြပြန်သည်။


ကျန်းဟွမ်ခမျာ အံကြိတ်ထားရ၏။


မူလက သူသည် အထူးကောင်းမွန်သော လက်ဆောင်ပေးမည့် အစီအစဉ်ကို ရေးဆွဲထားခဲ့သည်။


လူတိုင်းစားသောက်ပြီးခါနီးအချိန်၌ သမီးဖြစ်သူအတွက် ဂရုတစိုက်ရွေးချယ်ထားသည့်လက်ဆောင်ကို ထုတ်ဖော်ပြသမည်။


ဂိုဒေါင်တံခါးဖွင့်လိုက်သည်နှင့် မီးပုံးပျံများ လွင့်ထွက်လာပြီး အနီရောင်ဖရာရီပြိုင်ကားတစ်စီးက ဖြည်းဖြည်းချင်း မောင်းထွက်လာကာ မုတ်ပေါက်ရှေ့၌ ရပ်တန့်သွားလိမ့်မည်။


( တကယ်ကြီးပြင်းလာပြီပဲ သမီးအမေလည်း မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်)


ထို့နောက် သမီးဖြစ်သူကို ကားသော့ပေးကာ မျက်ရည်များဖြင့် ဖွင့်ထုတ်ပြောနိုင်မည်ဖြစ်၏။


ပြိုင်ဘက်ကင်းသောဖခင်တစ်ဦးဖြစ်လာမည့် အခွင့်အရေးပင်။


သို့သော်လည်း ထိုအစီအစဉ်အားလုံးက ယွဲ့စုန့်ကြောင့် ကမောက်ကမဖြစ်ကုန်သည်။


ကျန်းဟွမ်သည် စိတ်အလိုမကျစွာဖြင့် အံကိုသာဆက်တိုက်ကြိတ်နေမိပြီး ယွဲ့စုန့်၏အကြည့်များအား သက်တောင့်သက်သာဖြစ်မနေပေ။


သို့သော်လည်း အမေဖြစ်သူနှင့်အန်တီတို့က  ယွဲ့စုန့်နှင့် ယန်ယန်အား ပြုံးပြလျက်ရှိပြီး အလွန်သဘောတွေ့နေပုံရသည်။


ထိုနှစ်ယောက်နှင့်အတူရှိနေသော ကျန်းဟွမ်မှာလည်း အတူလိုက်ပြုံးရုံသာ တတ်နိုင်သောကြောင့် 

မကျေနပ်မှု မျိုချထားရရှာ၏။


ခဏအကြာတွင် ကျန်းဟွမ်က ထိုနေရာမှ ထွက်လာကာ သူ၏အစ်ကိုကြီးနှင့် စကားပြန်ပြောသည်။ 


 " ခယ်မနဲ့ ချီချီ က ဘယ်မှာလဲ... ကျွန်တော် သူတို့ကို မတွေ့တော့ဘူး "  ကျန်းဟွမ်က ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းယုကိုမေး၏။ 


ထိုအခါ ကျန်းယုက ချောင်းတစ်ချက်ဆိုးပြီး ရှက်ရွံ့စွာဖြင့် မလုံမလဲပြောသည်။


  "မင်းခယ်မက နေမကောင်းဘူးဆိုလို့... ချီချီ က သူ့နောက် လိုက်သွားတယ် " 


အစ်ကိုဖြစ်သူ၏မျက်နှာ၌ ရှက်ရွံ့မှုအပြည့်ဖြစ်နေသည်ကိုမြင်လိုက်ရသောကြောင့် ကျန်းဟွမ် စိတ်သက်သာရာရသွား၏။


 ကျောက်လန်ဖန်က ဘာတွေ အခဲမကြေဖြစ်နေပါသနည်း။


မနာလိုစိတ်မှာ ဖုံးမရဖိမရသည့်အထိ ထက်သန်လွန်း၏။


 ယန်ယန်၏လူက ချီချီ၏ရည်စားထက်အပုံကြီးသာသည်။


လောမင်အီလက်ထရောနစ် မိသားစု၏ အငယ်ဆုံးသားသည် ချင်းထင်အုပ်စု၏ တစ်ဦးတည်းသော အမွေဆက်ခံသူနှင့် ယှဉ်နိုင်ပါမည်လော။


ကျန်းဟွမ်သည် ယွဲ့စုန့်ကို လှမ်းကြည့်လိုက်သည်။


ယခု၌မူ ယွဲ့စုန့်၏အကြည့်များအား အနည်းငယ်သဘောတွေ့လာပြီထင်ပါ၏။


                                            ×××


စာသင်နှစ်အသစ်တစ်ခုသို့ ရောက်လာပြန်ပြီဖြစ်သည်။


ကျန်းရှို့ချန်သည် ပဉ္စမတန်းသို့ ရောက်သွားပြီး  အရပ်လည်း ပိုရှည်လာ၏။ 


ရှို့ချန်က တခြားကလေးများထက် ဦးခေါင်းတစ်ဝက်ခန့် ပို၍အရပ်မြင့်သော်လည်း  အနောက်မှကြည့်လျှင် ကလေးအရွယ်ဟုထင်ရဆဲပင်။


ကျန်းဟယ်လင်းသည် အလယ်တန်းကျောင်းသို့ ပြောင်းခဲ့ရပြီး ပိန်ပိန်ပါးပါး တော်ဝင်အနွယ်ဝင် မိန်းကလေးတစ်ဦး သဖွယ်ဖြစ်လာခဲ့သည်။  


[တော်ဝင်အနွယ်ဝင် မိန်းကလေးဆိုသည်မှာ အပြင်ပန်းတွင် အလွန်အေးစက်စွာ ပြုမူတတ်ပြီး ရင့်ကျက်သော မိန်းမပျိုမျိုးကို ရည်ညွှန်းသည်။ ]


ကျောင်း၌လည်း သူမကိုလိုက်သည့် ယောက်ျားလေးတော်တော်များများရှိ၏။


ရှုလီချန် သည် H မြို့ သို့သွား၍ ပညာသင်ကြားခဲ့သည်။


ကျန်းယန်ရှန့်က ကိုယ်တိုင်ကားမောင်းပြီး K တက္ကသိုလ်သို့သွားနေ၏။


ကျန်းယန်ရှန့်သည် ဤတစ်ကြိမ်တွင် လူမသိသူမသိ နေထိုင်မည်မဟုတ်တော့ပေ။


သူမ၏ပြန်လည်မွေးဖွားခြင်းအစတွင် ပြုပြင်ပြောင်းလဲမှုကို အဓိကကျသည်ဟု သဘောထားခဲ့ရသည်မှာ အထက်တန်းကျောင်းသားများ၏ ရိုးရှင်းလွန်းသောကမ္ဘာကြောင့်ဖြစ်သည်။


ထိုအချက်က အဓိကအလုပ်ဖြစ်သည့် သင်ကြားရေးကိုထိခိုက်စေ၏။ 


သို့သော် သုံးနှစ်ကြာပြီးနောက်တွင် ကျန်းယန်ရှန့်မှာ စ်ိတ်ပြောင်းသွားခဲ့ပြီး ခေါင်းငုံ့၍နေလိုစိတ်မရှိတော့ချေ။


 


သူမသည် တက္ကသိုလ်ကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ဖူးပြီးဖြစ်သည်။


ကျင့်ဝတ်ညံ့ဖျင်းသော ဘောင်မဝင်သည့် တက္ကသိုလ်တစ်ခုဖြစ်သော်လည်း လူအမျိုးစုံသည့် အဖွဲ့အစည်းငယ်တစ်ခုမှာ သူ့ဘာသာသူဖြစ်တည်လာတတ်ကြောင်းလည်း သူမ သိရှိခဲ့ဖူးသည်။


ကျန်းယန်ရှန့်၏ဘဝမှာ ဤအခြေအနေအထိရောက်လာပြီး သူမသည် ဖုံးကွယ်၍မနေနိုင်တော့ချေ။


ကျောင်းကလပ်မှ အဖွဲ့ဝင်သစ်များခေါ်ယူသောအခါ သူမလည်း ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။


ယခင်ကျောင်းသားခေါင်းဆောင်သည်


ယခုအခါ၌ ဂုဏ်ထူးတန်းကျောင်းသားတစ်ဦးဖြစ်လာ၏။


ထိုသူက ရာထူးမှ ဆင်းပေးလိုက်သောကြောင့်


အငယ်တန်းကျောင်းသားက ခေါင်းဆောင်သစ် ဖြစ်လာသည်။ 


အရေးပါသော အဖွဲ့ဝင်များမှာလည်း


ဂုဏ်ထူးတန်းကျောင်းသားများပင်ဖြစ်ကြသည်။


လူသစ်တွေ့ဆုံပွဲ၌


ကျန်းယန်ရှန့်သည် လူသစ်မိန်းကလေးများကြားတွင်အသွင်အပြင်အားဖြင့်  ထင်းထွက်နေသောကြောင့် စီနီယာများထံမှ အာရုံစိုက်ခြင်းကိုခံရ၏။


ထိုစီနီယာများထဲမှ တစ်ယောက်က စီနီယာအစ်မတစ်ယောက်၏ကောင်လေးဖြစ်သည်။


ထိုအစ်မမှာ  စူးစူးဝါးဝါး မျက်လုံးများဖြင့် ကြည့်နေရုံမှအပ ဘာမှမတတ်နိုင်ချေ။


တွေ့ဆုံပွဲပြီးသွားသောအခါ ကျန်းယန်ရှန့်က သူမ၏အိတ်ကို လွယ်ပြီး အတန်းဖော်များနှင့်အတူထွက်လာခဲ့သည်။


သူမသည် အိပ်ဆောင်သို့ လိုက်မသွားဘဲ


ကျန်းချီကဲ့သို့ စာလေ့လာရန်အတွက် ထွက်လာခဲ့သော်လည်း တစ်စုံတစ်ယောက်က  သူမ၏ရှေ့တွင် ပိတ်ရပ်လိုက်၏။


ပြန်တွေးကြည့်လိုက်သောအခါ ‌အစောကတွေ့ဆုံပွဲတွင် တွေ့ခဲ့သော တစ်ယောက်ဖြစ်သည်။


 ကျန်းယန်ရှန့် သည် အဖွဲ့ဝင်အသစ်ဖြစ်သောကြောင့် ကျောင်းသားသမဂ္ဂရှိလူများကြားက ဆက်ဆံရေးကို ဂဂနနမသိသေးချေ။


သို့သော်လည်း စီနီယာအစ်မ၏မျက်ခုံးများက တန်းမတ်နေပြီး  သူမနှင့်အတူပါလာသည့်သူနှစ်ယောက်ကလည်း စိတ်မကြည်ဖြစ်နေသောပုံစံများဖြင့်ပင်။


" တစ်ခုခုမှားနေလို့လား? " ကျန်းယန်ရှန့်က မေးသည်။


"ကျန်းယန်ရှန့် ...မှန်တယ်မလား?" တစ်ဖက်သူကပြော၏။


 “ငါ့နာမည်က မာယွင်.. အငယ်တန်းကျောင်းသူပဲ.... ကျောင်းသားသမဂ္ဂရဲ့ ပြင်ပဆက်ဆံရေးဌာနမှူး "


"သိပါတယ် စောစောကပဲ တွေ့ဆုံပွဲမှာ ကိုယ့်ကိုကိုယ် မိတ်ဆက်ခဲ့တယ်လေ "


မာယွင်က သူမအား အပေါ်အောက် ငုံ့ကြည့်လျက်...


"အင်း...ငါတို့ ကျောင်းသားသမဂ္ဂမှာ ပုံသေစည်းမျဉ်းတစ်ခုရှိတယ်...အဲဒါကတော့ငါတို့ အတုတွေ မဝတ်ဘူးဆိုတာပဲ... ဝယ်လည်းမဝယ်ဘူး... အတုဝယ်ရမှာထက် ဘာတံဆိပ်မှမပါတဲ့ ပစ္စည်းတွေဝယ်လိုက်တာမှ ပိုကောင်းဦးမယ် "


" ဪ "


မာယွင်သည် ကျန်းယန်ရှန့်၏အိတ်ကို မြင်သောကြောင့် ရွဲ့‌စောင်းပြောလိုက်ခြင်းဖြစ်သည်။ 


ကျန်းယန်ရှန့်၏တုံ့ပြန်မှုမှာ တည်ငြိမ်လွန်းနေသောကြောင့် မာယွင်က ပိုမိုရောင့်တက်လာ၏။


 " နောက်နောင်သတိထားပေါ့ " မာယွင်က ပြောသည်။


ထိုအခါ ကျန်းယန်ရှန့်က မျက်ခုံးပင့်၏။


"ဒါက ကျွန်မနဲ့ ဘာဆိုင်လို့လဲ.... ကျွန်မက အတုတွေ မသုံးတတ်ဘူး "


မာယွင်က ခေတ္တဆွံ့အသွားသည်။


  " နင့်အိတ်က... ."


သို့သော်သူနှင့်အတူပါလာသည့်သူများထဲမှ တစ်ယောက်က ‌မာယွင်ပြောအံ့ဆဲဆဲတွင် လက်မောင်းကို လှမ်းဆွဲကိုင်လိုက်၏။


 "အိတ်က အရမ်းလှတယ်နော်


ဘယ်ကဝယ်တာလဲ" 


" ဟုန်ပေါင်း Squareက " ကျန်းယန်ရှန့်က ပြန်ဖြေသည်။


အားလုံးက ခဏတာတိတ်ဆိတ်သွားကြသည်။


ဟုန်ပေါင်း Square ၏ ရှော့ပင်းမောလ်တွင် အထူးစတိုးဆိုင်များဖြင့် ပြည့်နှက်နေ၏။


အချို့စတိုးဆိုင်များသည် ဖောက်သည်စီးဆင်းမှုကိုလည်း ကန့်သတ်ထားပြီး လူများလွန်းပါက တံခါးအပြင်ဘက်တွင် တန်းစီရမည်ဖြစ်သည်။


ဖောက်သည်များထက် အရောင်းဝန်ထမ်းများက ပိုများသောနေရာဖြစ်၏။


ထို့ကြောင့် ကျန်းယန်ရှန့်၏အိတ်သည် အစစ်အမှန်ဖြစ်သည်။


သူမသည် သတိလက်လွတ်မဆင်မခြင်ဖြစ်သွားမိကြောင်း ယခုမှပင် ရိပ်မိတော့၏။


ကျောင်းသူသစ်များက ဘရန်းဒက်ပစ္စည်းအစစ်ကို ကိုင်ဆောင်နိုင်ရန် မဖြစ်နိုင်ဟူ၍ သူမတစ်သတ်မတ်တည်း တွေးထားခဲ့သည်။


ယခု၌ အနီးကပ်ကြည့်မိမှ ဤကျောင်းသူသစ်မှာ


ခေါင်းမှ ခြေဖျားအဆုံး တန်ဖိုးကြီးသော အသုံးအဆောင်များဖြင့်ဆင်ယင်ထား၏။


 


ကျောင်းသူအသစ်သည် မျက်ခုံးကိုပင့်သည်။


 “ဟုတ်ပါတယ်...အတုထုတ်တာကို ကျွန်မလည်း အားမပေးပါဘူး.... ဒါပေမဲ့ ကျွန်မတို့နိုင်ငံရဲ့ အမျိုးသားရေးအခြေအနေအရတော့ ကိုယ့်အတွက်ကိုယ်ပဲအာရုံစိုက်ရင်ရပါတယ်.... တခြားသူတွေကို တောင်းဆိုချင်ရင် အစ်မတို့ ခခယယ ပြောမှရမယ်....နောက်ဆုံးပြောချင်တာကတော့ ဒါက ကျောင်းသားသမဂ္ဂတစ်ခု...ပြီးတော့ တစ်ဦးချင်းနေထိုင်စရိတ်က ယွမ် ၁၅၀၀ ....  အမျိုးသမီးသမဂ္ဂလည်းမဟုတ်ဘူး... ကျောင်းသူတွေကို ဒီလောက်ထိ လိုက်ပြောနေစရာ မလိုဘူးထင်တယ် ” 


“ဟုတ်တယ်...အမှန်ပဲ ” 


အခြားလူငယ်များလည်း သဘောတူကြ၏။ 


အချို့သော နာမည်ကြီး အမှတ်တံဆိပ်များကို အတုယူကြရသည်မှာ မလွှဲမရှောင်သာ ဖြစ်ပြီး မာယွင်က ၎င်းကို ယခုလေးတင်ပြောသောအခါ အားလုံး ခံပြင်းသွားကြသည်။ 


ကျန်းယန်ရှန့်ပြောသည်က အမှန်ပင်ဖြစ်၏။


ကိုယ့်အလုပ်ကိုယ်အာရုံမစိုက်ဘဲ သူများ၏အရေးကို ဂရုထားစရာအကြောင်းမရှိပေ။


မာယွင်၏မျက်နှာမှာ အလွန်တရာပျက်ယွင်းသွား‌တော့သည်။ 


 " ဘယ်လိုလုပ်ပြီး ဒီလိုပြောနိုင်တာလဲ ? "


" အရမ်းထိန်းပြောထားတာပါ "


ကျန်းယန်ရှန့်၏မျက်နှာပေးကတော့ စင်ပေါ် ကပင်။


  "ကျိန်ဆဲတာ မပါပါဘူး... ကျောင်းသား သမဂ္ဂ အသင်းဝင်တွေက ကျောင်းသား သမဂ္ဂ ရဲ့ အလုပ်ကို လုပ်သင့်တယ် ဆိုတာပဲ ပြောမိတာပါ တခြားကျောင်းသားတွေ ဘယ်လိုနေနေ ဝင်စွက်ဖက်စရာလိုမနေပါဘူး.... ကိုယ့်ဘာကိုယ်သာဂရုစိုက်ပါ အစ်မရေ "


ကျန်းယန်ရှန့်က ပြောစရာရှိသည်ကိုပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။


ကျောင်းသူသစ်များကလည်း စီနီယာအစ်မများ၏ မကျေမနပ်ဖြစ်နေသည့်မျက်နှာများကို ကြည့်ကာ ဘာမှဆက်မပြောဘဲ ထွက်သွားကြ၏။


မာယွင်တစ်ယောက် အသားတဆတ်ဆတ်တုန်သည်အထိဒေါသထွက်နေမိသည်။


ဤသို့ဖြင့် အမုန်းတရားများ ဖြစ်တည်လာခဲ့၏။


Xxxxxxx