အပိုင်း ၂၇၃-၂၇၄
Viewers 22k

Part 273


မာယွင်သည် သူမ၏ရည်းစားနှင့် အကြီးအကျယ်ရန်ဖြစ်ခဲ့သည်။ 


သူမ၏ချစ်သူသည် တွေ့ဆုံပွဲအတွင်း

လူသစ်မိန်းကလေးကို မကြည့်ခဲ့ကြောင်း ဘုရားသခင်ထံ ကျိန်ဆိုခဲ့သော်လည်း မာယွင်မှာ သူမ၏မျက်လုံးများကို ပို၍ယုံကြည်သည်။


 ယခင်တွေ့ဆုံမှုအတွင်း သူမ၏ချစ်သူမှာ ကျန်းယန်ရှန့် ကို တန်းတန်းမတ်မတ်ပင် စိုက်ကြည့်နေခဲ့၏။


သို့သော် ကျန်းယန်ရှန့်သည် ဆက်ဆံရေးအလွန်ကြဲသည်။ ပထမနှစ်ကျောင်းသားသည် အကြီးတန်းစီနီယာ၏စကားကိုနားမထောင်ဘဲ ငြင်းဆိုဝံ့သည်။ 


ဤသည်က မာယွင်အား လွန်စွာ ဒေါသထွက်စေ၏။


နေ့ခင်းချိန်တွင် ကော်ဖီဆိုင်ထဲ၌ အကြီးတန်းကျောင်းသူဖြစ်သည့် အစ်မကျန်းနှင့် ဆုံမိသောအခါမာယွင်က အတင်းချတော့သည်။


 “ ညီမတို့ ဒီကျောင်းကို စဝင်လာတုန်းက ပစ္စည်းအတုတွေ ဝယ်မသုံးဖို့ အစ်မ‌ပြောခဲ့တယ်လေ... ညီမတို့အားလုံး လည်းနားထောင်ခဲ့တာပဲ...အခုကျောင်းသူတွေကို ပြောဖို့ကတော့ အရမ်းခယရမယ်ထင်တယ် "


 " ဟိုဘက်ကက အတုယူလာလို့လား?" စီနီယာအစ်မကျန်းက မေးသည်။


ထိုအခါမာယွင်၏လည်ချောင်းထဲ၌ တစ်ခုခုတစ်ဆို့သွားသည့်သဖွယ် ဖြစ်သွား၏။


 "အတုနဲ့ တော့ မတူပါဘူး..." မာယွင်က ပြန်ဖြေသည်။


 "ဒါဆို ဘာလို့ ဂရုစိုက်နေတာလဲ"


ထိုအခါမာယွင်၏စိတ်ထဲ၌ စနိုးစနှောင့်ဖြစ်သွားတော့၏။


 "ဒါက အစ်မချမှတ်ထားတဲ့ စည်းကမ်းပဲ မဟုတ်လား"


 စီနီယာအစ်မကျန်းသည် အခြားသူများ အတုများသုံးစွဲခြင်းကို မကြိုက်ပေ။


တစ်ယောက်ယောက်က သူမ၏အကြံဉာဏ်ကို နားထောင်ရန် ငြင်းဆန်ပါက နောက်တစ်နေ့၌ပင် ပုံစံတူ ထုတ်ကုန်အစစ်ကို ဝယ်ယူပြီး တစ်ဖက်ကို တိုက်ရိုက် ကဲ့ရဲ့ရှုံ့ချနိုင်စွမ်း သူမတွင်ရှိသည်။


သို့သော်လည်း ကျောင်းသားသမဂ္ဂရှိ မိန်းကလေးများသည် အတုအပပစ္စည်းများ မ၀တ်ဆင်ရန်နှင့် ဝယ်ယူခြင်းမပြုရန်မှာ မူလစည်းမျဉ်းဖြစ်သည့်သဖွယ် တီထွင်လာကြ၏။


 ယခုမူ စီနီယာအစ်မကျန်းသည် ကျောင်းသားသမဂ္ဂမှ နုတ်ထွက်သွားပြီဖြစ်သောကြောင့် တတိယနှစ်မိန်းကလေးများမှာ အခြားသူကျောင်းသူများကို ဤနည်းဖြင့် ဟန့်တားနိုင်စွမ်းမရှိတော့ပေ။


မာယွင်သည် ကုန်ပစ္စည်းအတုများကို ၀တ်ဆင်၍ ဝယ်ယူမည်မဟုတ်ကြောင်း ကြီးကြီးကျယ်ကျယ် ပြောခဲ့သည်။


သို့သော်လည်း တစ်လလျှင် ယွမ် ၂၀၀၀ သာရရှိသော ပထမနှစ်‌‌ ကျောင်းသူသစ်များက ယင်းကို ပြုလုပ်နိုင်မည်မဟုတ်ချေ။


" အစ်မက ဝင်ပြောပေးရင်တော့ အရမ်းသင့်တော်မှာပဲ " မာယွင်က ဆိုသည်။


 စီနီယာအစ်မကျန်းသည် ပြင်ပဆက်ဆံရေးဌာနမှူးဖြစ်ခဲ့ဖူးပြီး သူမသည် ဆန္ဒမှန်သမျှကို အကောင်အထည်ဖော်နိုင်ခဲ့၏။


မာယွင်သည် ဌာနခေါင်းဆောင်အသစ်ဖြစ်ပြီး 

ကျောင်းသူသစ်များကို ထိန်းမနိုင်သောကြောင့် 

သူမကို လူမိုက်ငှားနေခြင်းဖြစ်သည်။ 

သူမသည် ယခုချိန်တွင် ကျောင်းသားသမဂ္ဂမှ နှုတ်ထွက်ပြီးဖြစ်၏။


မာယွင်အား အလုပ်များနေသည့်ကြားထဲက အဘယ်သို့ကူညီနိုင်ပါမည်နည်း။


သူမက မာယွင်အား အပေါ်ယံလေးပြုံးပြလိုက်၏။


 " ဒါက နင့်ကိစ္စတွေပဲလေ...ငါဝင်ပါလို့ ဘယ်ဖြစ်မလဲ "


ပြောမနိုင်တော့သောမာယွင်က စိတ်မချမ်းသာစွာဖြင့် ထွက်သွားတော့သည်။


စီနီယာအစ်မကျန်းသည် နေ့လယ်စာစားပြီးနောက် သောက်စရာသွားဝယ်သောအခါ ကျန်းယန်ရှန့် နှင့် တွေ့၏။ 


ကျန်းယန်ရှန့်ဘက်မှ သူမကို ဦးစွာနှုတ်ဆက်သည်။


" အစ်မချီချီ "


စီနီယာအစ်မကျန်းသည် ကျန်းချီပင်ဖြစ်၏။ 


"ဘယ်လိုလဲ နေသားကျနေပြီလား" ကျန်းချီက ကျန်းယန်ရှန့်အား မေးသည်။


 "အဆင်ပြေပါတယ်"


 " ဘယ်ကလပ်ကို ဝင်ထားလဲ"


“ကျောင်းသား သမဂ္ဂထဲဝင်ထားပါတယ် " 


ကျန်းယန်ရှန့်က ‌ဆက်ပြောသည်။


 " လူမှုကူညီရေးဌာန မှာပါ "


ထိုအခါ ကျန်းချီက မေးငေါ့ပြီးပြော၏။


 “ အဲ့ဌာနနဲ့ ရင်းနှီးတယ်....အဲ့ကကျောင်းသူတွေက သိပ်တော့မကောင်းဘူး ... အနိုင်ကျင့်တတ်တဲ့ သူတွေ နည်းနည်းပါးပါးရှိတယ်...တစ်ခုခုဖြစ်ခဲ့ရင် ငါ့ကိုပြော..."


 " ရပါတယ် ကိုယ်တိုင်ဖြေရှင်းနိုင်ပါတယ် " ကျန်းယန်ရှန့်က ချိုချိုသာသာပင် ငြင်းဆိုလိုက်သည်။


"အင်းပါ...နင့်ကို အနိုင်ကျင့်နိုင်ကြမှာလည်းမဟုတ်ပါဘူး"


 အိမ်တွင်းရေး၌ ငြင်းခုံမှုများရှိနေသော်လည်း အပြင်တွင် ကျန်းမျိုးရိုးသည် တစ်သားတည်းဖြစ်၏။


မာယွင်၏ချစ်သူက ပန်းများဝယ်ပြီး ညစာအတူစားရန် ခေါ်သွားသည့်အတွက် နှစ်ယောက်သား ပြန်လည်သင့်မြတ်ခဲ့ကြသည်။


သို့သော် မာယွင်၏စိတ်ထဲ၌ ကျန်းယန်ရှန့်ကို အခဲမကြေနိုင်သေးပေ။ 


 များမကြာမီတွင် ကျောင်းသားသမဂ္ဂမှ ပွဲတစ်ခုကျင်းပသည်။


မာယွင်သည် ကျောင်းသူသစ် ကျန်းယန်ရှန့်အား ပညာ‌ပြရမည်ဟု တွေးနေမိ၏။


ဤသည်က ကျန်းယန်ရှန့်အား သမဂ္ဂမှ ပထုတ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မည်။


ကျောင်းသားသမဂ္ဂ၌ ထိုကဲ့သို့ ဂလန်ဂဆန်လုပ်ဝံ့သောလူသစ်များရှိလာပါက နောက်နောင်တွင် စီနီယာများ၏ စကားကို မည်သူကနားထောင်တော့မည်နည်း။


 “ အစ်မ  ကျန်းယန်ရှန့်ရဲ့ မိသားစုက အရမ်းချမ်းသာတယ်လို့ ကြားတယ်...

သူစီးတဲ့ကားဆိုရင် စီနီယာအစ်မကျန်းချီရဲ့ကားထက်တောင် ပိုဈေးကြီးသေးတယ်တဲ့.... ယွမ် 10 သန်းတန်ဆိုလားပဲ " ဂျူနီယာတစ်ယောက်က မာယွင်အား ပြောပြသည်။


ထိုအခါမာယွင်က လှောင်ပြောင်၏။


“ ဒီစကားဘယ်က ကြားလာတာလဲ ... ဒါမျိုးတွေရော ယုံတာပဲလား "


 “ညီမတို့ဌာနက ကျောင်းသူတစ်ယောက်က ပြောတာ..သူ့အတန်းဖော်က ကျန်းယန်ရှန့်နဲ့ အထက်တန်းကျောင်းအတူတူတက်ခဲ့တာတဲ့ "


" ပေါတောတောစကားတွေ မယုံစမ်းနဲ့ "


မာယွင်က ပြောသည်။


 " စီနီယာအစ်မကျန်းချီက အရမ်းချမ်းသာတာ... ဒီကမ္ဘာမှာ သူ့လောက် ချမ်းသာတဲ့သူက ဘယ်လိုရှိနိုင်မှာတုန်း... ဒါမျိုးလာမစမ်းနဲ့ မရဘူး "


ထိုနေ့ညနေခင်းတွင် လူတိုင်းသည် အလုပ်များနေခဲ့၏။ နောက်ဆုံးတွင် သူတို့တာဝန်ကျရာအလုပ်ကို ပြီးလုနီးပါးဖြစ်ခဲ့သည်။


 မာယွင်က ကျန်းယန်ရှန့်၏ ရှေ့တွင် ပစ္စည်းများကို အစုအပုံလိုက် ပစ်ချပြီးပြော၏။


" ဒါတွေလုပ်လိုက် "


ကျန်းယန်ရှန့်က ပစ္စည်းကိုကောက်ကိုင်ပြီး လှန်‌လောကြည့်သည်။


“ဒါက ကျွန်မလုပ်ရမဲ့အပိုင်း မဟုတ်ဘူး” 


ထိုအခါ မာယွင်က မျက်ခုံးပင့်လိုက်ပြီး


 "ဒါဆိုအခု ငါက လုပ်ခိုင်းတယ် "


စီနီယာကျောင်းသားများသည် တင်းမာသောသဘောထားရှိသောအခါ ဂျူနီယာကျောင်းသားများသည် အလျှော့ပေးတတ်ပြီး အများစုမှာ ခေါင်းငြိမ့်ကာ ပြဿနာကို ရှောင်ရှားရန် အကောင်းဆုံးကြိုးစားကြသည်။


မာယွင် ဖြစ်စေချင်သောအရာက ကျန်းယန်ရှန့်ဘက်မှ အလွယ်တကူ လက်သင့်ခံလိုက်ဖို့ပင်။အရမ်းရိုးရှင်း၏။


 အဖွဲ့တစ်ဖွဲ့တွင် အရဲတင်းဆုံးသူကို အမောက်ချိုးလိုက်ပါက အခြားသူများကိုပါ စီမံခန့်ခွဲရလွယ်ကူလာမည်ဖြစ်သည်။


ထို့ကြောင့်ပင် မာယွင်သည် ကျန်းယန်ရှန့်ကို အာဏာပြရန်  တမင်တကာ ပြင်းပြင်းထန်ထန် ပြုမူခဲ့ခြင်းဖြစ်၏။


ကျန်းယန်ရှန့် ဘက်မှ လက်သင့်မခံသည်က မာယွင့်အတွက် နှမျောစရာကောင်းလွန်းသည်။


ကျန်းယန်ရှန့်သည် ပစ္စည်းများကို မာယွင်၏ရှေ့သို့


တိုက်ရိုက်ပြန်ပစ်ချလိုက်၏။


" ကိုယ့်အလုပ် ကိုယ့်ဘာသာကိုယ်လုပ်ပါ "


မာယွင်သည် ဤသို့တင်းမာသောအခြေအနေအား


မျှော်လင့်မထားခဲ့ပေ။


မာယွင်က လည်ဂုတ်ကို အနည်းငယ်စောင်းကာ ပြန်ပြောသည်။


 "ငါမှာ တခြားလုပ်စရာတွေ ရှိသေးတယ်" 


 “အစည်းဝေးမှာ တာဝန်တွေ ခွဲပေးတုန်းက ခေါင်းဆောင်က အစ်မကို တခြားအလုပ်တွေပေးတယ်လို့ မကြားမိပါဘူး...ညီမတို့ဌာနမှာလည်း လူတိုင်းအတွက် တာဝန်တွေ ခွဲပေးထားပြီးသား...  လုပ်စရာတွေမှ ပုံနေတာပဲ...အစ်မမှာ ဘာလုပ်စရာ‌တွေရှိသေးလဲ ညီမမသိဘူး...အစ်မ မအားဘူးဆိုရင် ခေါင်းဆောင်ကို အစကတည်းက ရှင်းရှင်းလင်းလင်း ပြောထားသင့်တယ်... အလုပ်ကိုမှ လက်ခံပြီးပြီဆိုရင်တော့ ကောင်းကောင်းလုပ်ပါတော့လား... အကူအညီလိုတယ်ဆိုရင်လည်း ယဉ်ယဥ်ကျေးကျေးပြောပါ....အကြောကြီးနဲ့ နှိမ်သလိုလို လာမချိုးပါနဲ့.... ဘယ်သူမှ အစ်မဆီကို အကြွေးတင်မထားဘူး "


 “နင်စကားကို ဘယ်လိုပြောနေတာလဲ ငါဘယ်သူလဲ နင်သိလား ....ငါက ဌာနမှူးပဲ...လူသစ်က ဌာနမှူးကို ဘယ်လိုတောင် ပြန်ခံပြောနေတာလဲ.... နင်တာဝန်ကျတဲ့ဌာနက ဘယ်အလုပ်မဆို နင်လုပ်သင့်လုပ်ထိုက်တာတွေချည်းပဲ...ဒီလိုပြန်ခံ‌ ပြောတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး...အရွယ်လည်းရောက်နေပါပြီ...ဘာကိစ္စနားမလည်သေးတာလဲ"


Xxxxxx


Part 274


ကျန်းရှန့်သည် ကျောင်းသားသမဂ္ဂသို့ဝင်ရောက်လာစဉ်အတွင်း ကျောင်းသားသမဂ္ဂတွင် ပြင်းထန်သောလူမှုရေးအဆင့်အတန်းအရသာရှိကြောင်း သူမသတိပြုမိခဲ့ပြီးဖြစ်သည်။


ယခင်က WeChat ဂရုတွင် ပို့စ်တစ်ခု၌ ခေါင်းဆောင်အား  tag လုပ်ခဲ့သော လူသစ်တစ်ဦးရှိခဲ့၏။


သို့သော်လည်း ဌာနအကြီးအကဲတစ်ဦးက ဝေဖန်ရန် ခုန်ထွက်လာသည်။


 "ဘာကိစ္စ ခေါင်းဆောင်ကို tagတွဲရတာလဲ....ခေါင်းဆောင် ကို တိုက်ရိုက် tagတွဲရအောင် ဘာကောင်လဲ မင်းက ဌာနမှူးကို အရင်သတင်းမပို့နိုင်တာ ဘာအထာလဲ "


ကျန်းယန်ရှန့်သည် ထိုအချိန်တွင် ဟီးရိုးကြီးဝင်လုပ်၍ရသော်လည်း သူမနှင့် ဘာမှမဆိုင်သလို အခြားလုပ်စရာလည်းရှိသောကြောင့် ဂရုမစိုက်ခဲ့ပေ။ 


များမကြာမီတွင် ဤလူမှုရေးနင်းပြားမူဝါဒ တင်းပုတ်ကြီးသည် သူမ၏ခေါင်းပေါ်သို့ ပျံတက်လာခဲ့ပြီဖြစ်၏။


 အခြားသူများ၏တိတ်ဆိတ်ငြိမ်သက်ခြင်းက ဤသို့သောနည်းဖြင့် ဖြစ်ပေါ်လာတတ်သည်။


သို့သော်လည်း ကျန်းယန်ရှန့်၌ နှုတ်ဆိတ်နေရန် စိတ်ကူးမရှိပေ။


“ကျွန်မက ကျောင်းသူသစ်ပါ... အစ်မက စီနီယာပေါ့... ကျောင်းသူသစ်နဲ့ စီနီယာဆိုတာကို ဖယ်လိုက်ရင် ညီမတို့ နှစ်ယောက်စလုံးက လူသားတွေပါပဲ.... "


ကျန်းယန်ရှန့်က ဆက်ပြောသည်။


 “အစ်မက ဌာနမှူးဖြစ်တယ်ဆိုတာ မှန်တယ်... ဌာနမှူးဖြစ်ရတယ်ဆိုတာလည်း အစ်မက ညီမတို့ထက် အတွေ့အကြုံရင့်ပြီး ခေါင်းဆောင်တတ်တဲ့ အရည်အချင်းရှိလို့....ဒါကြောင့် လူတိုင်းကိုဦးဆောင်ပြီး ဖေးမပေးရမှာက အစ်မတာဝန်ပဲ.... ဦးဆောင်တဲ့နေရာမှာလည်း ကျိုးကြောင်း ဆီလျော်တဲ့ အတိုင်းအတာတစ်ခုအတွင်းပဲ ရမယ်လေ... တလွဲဆံပင်ကောင်းနေလို့မရဘူး....

အစ်မက တော့ စည်းနည်းနည်းကျော်နေပြီထင်တယ်...အခု အခြေ‌အနေက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ရောထွေးနေတာပဲ "


" အစ်မက ကိုယ့်ကိုကိုယ် ကျောင်းသားသမဂ္ဂက ဌာနမှူးဂုဏ်ပုဒ်အတွက် အရည်အချင်းပြည့်မီတယ်လို့ ထင်နေတာလား.... တကယ်ကို ရယ်စရာကောင်းတာပဲ...ကိုယ့်ကိုကိုယ် မှန်ထဲမှာ ပြန်ကြည့်လိုက်ရင် တကယ့်လူကြီးတွေရဲ့အမြင်မှာ အစ်မက ကလေးအရွယ်ပဲရှိသေးတယ်ဆိုတာကို သိလာလိမ့်မယ် "


“ကျောင်းသားသမဂ္ဂရဲ့ ဌာနမှူးက ကျောင်းတွင်းက ရာထူးသပ်သပ်တစ်ခုပဲ....နိုင်ငံ့အကြီးအကဲလည်း ဟုတ်မနေပါဘူး... အကြီးအကဲတစ်ယောက်လိုမျိုး အာဏာပြချင်နေရင် အကြီးအကဲရဲ့ အဓိပ္ပါယ်ကို အရင်ရှာကြည့်လိုက်ပါဦး...အကြီးအကဲဆိုတာ အရင်ဦးဆုံး နိုင်ငံ့ဝန်ထမ်းဖြစ်ဖို့ အဆင့်အတန်းရှိရမယ်....  စစ်မှန်တဲ့ အကြီးအကဲဖြစ်ဖို့ နိုင်ငံတော်က အသိအမှတ်ပြုတဲ့ အဆင့်ရှိရမယ်...အဲ့အချက်တွေနဲ့ပြည့်စုံတဲ့ တကယ့်အကြီးအကဲတွေတောင် အာဏာပြရတာကို သဘောမတွေ့ကြဘူး...အစ်မဆို ကျောင်းသူပဲရှိသေးတာ ....လူကြီးလို ဟန်ဆောင်ပြီး ကြောက်အောင် လာဖြဲခြောက်ပြနေတယ် ရယ်ချင်စရာပဲ.... ဇီဇာကြောင်နေတဲ့ အသက်၅၀ ၊ ၆၀ အဘွားကြီးလိုပဲ "


ကျန်းယန်ရှန့်က စက်သေနတ်ပစ်နေသကဲ့သို့ ကရားရေလွှတ်ပြောတော့သည်။


မာယွင် ဤကဲ့သို့ ပြောရဲဆိုရဲရှိသော ကျောင်းသူသစ်မျိုး တစ်ခါမှမတွေ့ဖူးချေ။သူမတို့ ကျောင်းသူသစ်ဖြစ်ခဲ့စဉ်က စီနီယာအစ်မကျန်းချီက  အလိုလိုနေရင်း သူမတို့ကို အမှုန့်ချေပစ်တော့မည်ဟုပင် ထင်ခဲ့ဖူးသည်။မည်သူမှ ဘာစကားမှ မပြောဝံ့ခဲ့‌ပေ။စီနီယာအစ်မကျန်းချီ သည် အလွန်ချမ်းသာသောအိမ်မှ သမီးတစ်ဦးဖြစ်ကြောင်း လူတိုင်းသိကြပြီး အားလုံးက သူမကို မြှောက်ပင့်ကြသည်။ 


ယခု၌မူ တစ်ချက်တစ်လေမှ ရိုက်ချမခံဘဲ ချုံပုတ်ကိုကုပ်တွယ်၍  တက်လာသော ကျောင်းသူသစ်တစ်ဦးနှင့် စကားစစ်ထိုးနေရင်း သူမသည် တစ်ခွန်းမှပြန်မပြောနိုင်ဖြစ်နေရှာ၏။


 " နင် နင် ! "


ကျန်းယန်ရှန့်က သူမအိတ်၏ကို ကောက်လွယ်သည်။


 "အလုပ်ပြီးပြီမလို့...အရင်သွားပါတော့မယ် "


 အခြေအနေစဆုံးကို မြင်လိုက်သောအချို့သူများကလည်း ပစ္စည်းများကောက်သိမ်းကာအိတ်များကို ကောက်လွယ်၏။


 " ညီမတို့ လည်းပြီးသွားပါပြီ ” 


လူတော်တော်များများ ထွက်ခွာသွားကြသည်။


ထိုသူများက ကျန်းယန်ရှန့်ထံသို့ အမီလိုက်သွားကြ၏။


 " နင်တကယ်ပြောရဲတယ်နော်... စီနီယာအစ်မတွေက အရမ်းလွန်တယ်.... ငါတို့ဆိုဘာမှ ပြောရဲမှာမဟုတ်ဘူး "


 “ဘာမှကြောက်စရာမလိုဘူး...သူတို့နဲ့ငါတို့က တစ်ကျောင်းတည်းသားချင်းတွေပဲ... ဘယ်သူကမှ ပိုပြီးကြီးကျယ်မြင့်မြတ်မနေဘူး "


 “ ဟုတ်တယ်...ငါတို့က သူတို့ကို အလွန်အကြူးကြောက်နေရတာ ”


မိန်းကလေးများက ထောက်ခံကြသည်။


မာယွင်သည် ရင်ဘတ်ကို ဖိကာ အသက်မှန်မှန်ရှူရင်း ‌အခြေ‌အနေကိုသုံးသပ်တွေးတောနေခဲ့၏။


 ယခုအချိန်တွင် အခန်းတွင်း၌ သူမကို မှားယွင်းသည်ဆိုသည့် အကြည့်များဖြင့်ကြည့်နေကြသော လူနည်းစုသာ ကျန်တော့သည်။ 


သူမသာ ယနေ့၌ သိက္ခာပြန်မဆယ်နိုင်လျှင်  အနာဂတ်၌ဂုဏ်ယူစရာ ဌာနမှူး ဖြစ်မလာနိုင်တော့ချေ။


" ဒီ ကျန်းယန်ရှန့်ဆိုတဲ့ဟာမ အရမ်းလွန်လွန်းတယ်! "


မာယွင်က ဒေါသတကြီးဖြင့် စားပွဲကို ပိတ်ရိုက်လိုက်သည်။


 “ မဖြစ်ဘူး! သူ့ကို နားလည်အောင် သွားပြောရမယ် "


အခန်းထဲရှိ ကျန်လူများသည် မုန်တိုင်းဝင်စအခြေအနေကို ခံစားရသဖြင့် အချင်းချင်းကြည့်ကာ ပစ္စည်းများ ကို အမြန်လွှတ်ချပြီး အနောက်မှပြေးလိုက်လာခဲ့ကြသည်။


 “မာယွင် ! မာယွင် ! "


ကျောင်းသားသမဂ္ဂရုံးခန်းသည် ကျောင်းအ၀င်ဝရှိ အဆောက်အဦးငယ်တစ်ခုတွင် ရှိသည်။


မာယွင် ထွက်သွားသည့်အခါ ယခုလေးတင်ထွက်သွားသောကောင်မလေး နှစ်ယောက်ကို တွေ့လိုက်၏။


မာယွင်က ထိုနှစ်ယောက်ကိုတားပြီးမေးသည်။


" ကျန်းယန်ရှန့် ဘယ်မှာလဲ ? "


 “ အပြင်ထွက်သွားပါတယ် ”  မိန်းကလေးတစ်ယောက်က ပြောသည်။


 ထိုမိန်းကလေးက ပြောပြောဆိုဆိုဖြင့် လက်ကိုဆန့်ကာ ကျောင်းတံခါးသို့ ညွှန်ပြ၏။


မာယွင်သည် ကျောင်းတံခါးဝသို့ လိုက်သွားခဲ့သည်။


သမဂ္ဂရုံးခန်းမှ ထွက်လာကြ‌သော မိန်းကလေးများက သူမ၏နောက်သို့လိုက်လာကြ၏။


အစောက မိန်းကလေးနှစ်ယောက်သည်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လိုက်သွားကြတော့သည်။


မာယွင်သည် ကျောင်းတံခါးဆီသို့ တစ်သမတ်တည်း ပြေးသွားရာ များမကြာမီပင် ကျန်းရှန်ရှန့်အား မြင်လိုက်ရ၏။ကျန်းယန်ရှန့်သည် လမ်းဘက်သို့ လျှောက်လှမ်းနေသည်။ မာယွင်က အလောတကြီး လှမ်းကြည့်လိုက်သောအခါ ကျန်းယန်းယန်ရှန့်က ​​အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူနေကြောင်း သိလိုက်ရ၏။


" ကျန်းယန်ရှန့် ! " မာယွင်က အော်ခေါ်သည်။


ကျန်းယန်ရှန့် သူမ၏ကားသော့ကို ထုတ်ယူအပြီးတွင် တစ်စုံတစ်ယောက်ထံမှ အော်ခေါ်သံကိုကြားလိုက်ရ၏။ ကျန်းယန်ရှန့်က ခလုတ်ကို နှိပ်လိုက်ပြီး တစ်ချိန်တည်းမှာပင် လည်ပြန်ကြည့်သည်။


ကားသည် သော့မှ အဝေးထိန်းရေဒီယိုလှိုင်းများကို  လက်ခံရရှိ၏။


ထိုအခါ ကားမီးများက လင်းလာပြီး 


ကတ်ကြေးတံခါးသဏ္ဍာန် ပြိုင်ကားတံခါးသည်လည်း ထောင်တက်လာသည်။


ပတ်ဝန်းကျင်မှာမှောင်နေချိန်ဖြစ်၍ မီးများ ရုတ်တရက် လင်းလက်လာသောအခါ မာယွင်၏ မျက်လုံးများက ချက်ချင်းလက်မခံနိုင်ပေ။


မာယွင်က မျက်လုံးကိုကွယ်ပြီး  ပြန်ကြည့်မိချိန်တွင် ကျန်းယန်ရှန့်မှာ အေးစက်သော အမူအရာဖြင့် ရပ်နေသည်။


ကျန်းယန်ရှန့်ကအိတ်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားတာ၏။


သူမတွင် အလွန်ရှည်လျားသောဆံပင်၊ သပ်ရပ်သောအဝတ်အစားနှင့် တန်ဖိုးကြီးသောအိတ်တစ်လုံးရှိသည်။ သူမ၏အနောက်တွင်မူ ကတ်ကြေးသဏ္ဍာန်တံခါးများပါသော အနက်ရောင်ပြိုင်ကားတစ်စီးရပ်တန့်ထား၏။


ဤအသွင်အပြင်မှာ မော်ဒယ်တစ်ယောက်


ဖက်ရှင်မဂ္ဂဇင်းအတွက် မျက်နှာဖုံးပုံ ရိုက်နေသည်နှင့် တစ်ထေရာတည်းပင်။


မာယွင်က ခေတ္တ ဆွံ့အသွားသည်။


“ဒီကားက နင်ပိုင်တာလား” မာယွင်က အချိုးမပြေစွာမေး၏။ 


 “ဟုတ်တယ် ပြောစရာရှိသေးလား" 


 " ရှိတယ် နင့်မိသားစုက ဝယ်ပေးတာလား"


 “မဟုတ်ဘူး ကောင်လေးဝယ်ပေးတာ...မေးစရာကျန်သေးလား "


ကျန်းယန်ရှန့်က တိုတိုတုတ်တုတ်ပင်ဖြေသည်။


မာယွင်တစ်ယောက် ခွေးအကြီး လှည်းနင်းသလိုဖြစ်သွားတော့၏။


 " ဘာမှမဟုတ်ဘူး ဖြတ်သွားရင်းတွေ့လိုက်လို့ .... ဒီတိုင်းလှမ်းခေါ်လိုက်တာ "


Xxxxxxxx