Chapter 2
Viewers 181

🏫 Chapter 2



"ချီရှောင်ဖန့် မင်းဘာဖြစ်နေတာလဲ...မင်းနေလို့မကောင်းရင်ပြောလေ အိမ်ပြန်ပို့ပေးမယ်...မင်းမပြောရဲရင် ငါပြောပေး..."


ချီဖန့်က သူ့လက်ထဲရှိမုန့်ကို တစ်ဝက်ဖဲ့ပြီး ဖန်းဇီဖေး၏ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ ဖန်းဇီဖေးက နောက်ဆုံးတွင် ငါးစက္ကန့်ခန့် တိတ်ဆိတ်သွားခဲ့သည်။


ချီဖန့်က စိတ်မပါစွာပြောလိုက်သည်။ 

"အဆင်ပြေပါတယ်..."


ဖန်းဇီဖေးက ပါးစပ်ထဲတွင် မုန့်ဝါးနေပြီး ချီဖန့်ကို မကျေမနပ်ကြည့်လိုက်သည်။ 

ချီဖန့် အတန်းပေါက်ဝမှာ ဖြူဖျော့ပြီး မျက်နှာတစ်ခုလုံး ချွေးပြန်နေတာကို ဘယ်သူမှ အဆင်ပြေတယ်လို့ ယုံမှာမဟုတ်ဘူး...ရှောင်ဖန့်က တစ်ခါတလေ ခေါင်းမာတယ်...


သူတို့ ခဏခန့် နောက်ကျသွားသောကြောင့် ကန်တင်းက လူပြည့်နေပြီဖြစ်သည်။ ဖန်းဇီဖေးက လူအုပ်ကို တစ်ချက်ကြည့်ကာ ထိုလူတန်းရှည်ကြီးကို စောင့်ပြီးနောက် ဘာမှမကျန်လောက်သည်ကို ခန့်မှန်းမိ၏။ သူ ချီဖန့်ကို လှည့်ကြည့်လိုက်သည်။ ချီဖန့်၏မျက်နှာမှာ စောစောကလောက် မဆိုးတော့သော်လည်း ဖြူဖျော့နေဆဲဖြစ်သည်။


သူ လူကြားထဲအညှစ်ခံရရင် သတိလစ်သွားလောက်တယ်...


ဖန်းဇီဖေးက ထိုသို့တွေးပြီးနောက် ချီဖန့်ကို ပြောလိုက်သည်။ 

"မင်းဒီမှာ ထိုင်စောင့်နေ...ငါ မင်းအတွက် ယူလာခဲ့မယ်..."


"အာ..." 

ချီဖန့် စကားပြော၍မဆုံးမီ ဖန်းဇီဖေးက လူအုပ်ကြားထဲ ဘယ်ညာလှည့်ကာ ထွက်သွားပြီဖြစ်သည်။ သူ၏သွက်လက်သောအပြုအမူက အနည်းငယ် ဆူဖြိုးသော ခန္ဓာကိုယ်နှင့် အမှန်တကယ် မလိုက်ဖက်နေချေ။ 

"အင်း…"


ချီဖန့်က ကူကယ်ရာမဲ့စွာ ထိုင်ချလိုက်သည်။ အမှန်ပင် သူ ယခု ခံစားရပိုကောင်းလာပြီဖြစ်သည်။ သူ စောစောက ခဏခန့်စိတ်ရှုပ်ထွေးသွားကာ မနက်စာမစားရသေးသောကြောင့် ဖြူဖျော့နေခဲ့သော်လည်း မုန့်နှစ်ခုစားပြီးနောက် သက်သာလာပြီဖြစ်သည်။


ကန်တင်းရှိနေရာတိုင်းတွင် လူများရှိနေပြီး ဆူညံသံများက ချီဖန့်၏ နားများကို နာကျင်စေပေသည်။ မျက်နှာချင်းဆိုင်ထိုင်နေသောလူနှစ်ယောက် စကားပြောလိုပါက ကျယ်လောင်စွာပြောရမည်ဖြစ်သည်။ မဟုတ်ပါက တစ်ဖက်လူပြောနေသည်ကို ကြားရမည်မဟုတ်ချေ။ ချီဖန့် ဤမြင်ကွင်းကို မတွေ့ရသည်မှာကြာပြီဖြစ်သောကြောင့် စပ်စုလိုစိတ်ဖြင့် ခဏခန့် လှည့်ပတ်ကြည့်နေခဲ့သည်။


"လာပါပြီ..."  

ဖန်းဇီဖေးက လက်ထဲတွင် ခေါက်ဆွဲပန်းကန်များကိုင်ထားလျက် လူအုပ်ထဲမှတိုးထွက်လာပြီး ချီဖန့်ရှေ့၌ ညင်သာစွာ ချပေးလာခဲ့သည်။  

"မြန်မြန်စား..."


ကန်တင်းအပြင် မုန့်များပါ ရှိသော်လည်း ၎င်းတို့က ဈေးပိုကြီးသောကြောင့် မည်သူမျှ ဝယ်လေ့မရှိကြချေ။


ချီဖန့် ခေါက်ဆွဲပန်းကန်ကိုယူပြီး စွပ်ပြုတ်ရည်ကို ဦးစွာသောက်လိုက်သည်။ သူ ပြန်လည်မမွေးဖွားမီက မီးလောင်ဒဏ်ကြောင့် ပူသောအရာများစွာကို မစားနိုင်ခဲ့ချေ။ အစာစားရသည်ကပင် သူ့အတွက် ညှဉ်းဆဲမှုတစ်ခုဖြစ်ခဲ့သည်။ ပူပူနွေးနွေးအစားအသောက်များကို ချီဖန့် မစားရသည်မှာကြာပြီဖြစ်၏။


ဖန်းဇီဖေးက တူကိုင်ထားလျက် ခေါက်ဆွဲပန်းကန်ပါ မျိုချလုမတတ်စားနေသော ရှောင်ဖန့်ကို ဗလာဖြစ်စွာကြည့်နေခဲ့သည်။


ခေါက်ဆွဲပန်းကန်က ငါးမိနစ်ပင် မကြာဘဲ ပြောင်ရှင်းသွားခဲ့သည်။


ချီဖန့်က နှစ် ၈၀၀ ခန့် ခေါက်ဆွဲမစားခဲ့ရသလိုမျိုး စားခဲ့သည်။


ဖန်းဇီဖေးက သူ့ပန်းကန်ကို တစ်ဖက်သို့ တိတ်တဆိတ်တွန်းပို့လိုက်သည်။ 

"မင်း စားဦးမလား..."


ချီဖန့်က သူ့အမူအရာကြောင့် ရယ်မောပြီး လက်ဝှေ့ယမ်းပြကာ ပန်းကန်ပြန်တွန်းပို့ပေးလိုက်သည်။ သူက ဘေးနားရှိ ကောပိ* ကိုယူကာ တစ်ငုံသောက်လိုက်သည်။ သူသောက်ပြီးသည်နှင့် အနည်းငယ် အံ့သြသွားကာ ဖန်းဇီဖေးကို တစ်ချက်ကြည့်လိုက်သည်။ 

"ငါ ဒါသောက်ရတာကြိုက်မှန်းတောင် မင်း သိတယ်ပေါ့..."


[T/N - ဘာလဲ သေချာမသိပေမယ့် သစ်သီးဖျော်ရည် ဖြစ်နိုင်ပါတယ်]


ချီဖန့်က အချိုကြိုက်သော်လည်း ထိုကာဗွန်နိတ်အချိုရည်များကို မကြိုက်ဘဲ ဤတစ်မျိုးတည်းကိုသာ အမြဲသောက်လေ့ရှိသည်။ ကံမကောင်းစွာဖြင့် ကောပိထုတ်လုပ်သူက သူ ဘွဲ့ရပြီးနှစ်နှစ်အကြာတွင် ပိတ်သွားသော်လည်း ချီဖန့် အချိန်အတန်ကြာ နှမြောတသသဖြစ်မနေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူက အရက်သောက်နည်းနှင့် ပျော်ရွှင်မှုရှာရန် စတင်သင်ယူခဲ့သောကြောင့်ဖြစ်သည်။


ဖန်းဇီဖေးက သူ့ခေါက်ဆွဲသူစားပြီး ချီဖန့်ကို သိချင်စွာ ကြည့်လိုက်သည်။ 

"မဟုတ်ပါဘူး...မင်းဝယ်ခဲ့တာမဟုတ်ဘူးလား...ငါပြန်လာမှတွေ့တာ..."


ချီဖန့် အံ့အားသင့်သွားခဲ့သည်။ ဘူးက မဖောက်ရသေးသောကြောင့် ဖန်းဇီဖေး ဝယ်ခဲ့သည်ဟု သူထင်ခဲ့မိ၏။


ဖန်းဇီဖေးမဟုတ်ရင် ဘယ်သူလဲ...ခရုမိန်းကလေး*လား...   

ချီဖန့် သူ့အတွေးကြောင့်ပြုံးလိုက်မိသည်။


[ *ခရုမိန်းကလေးက ရိုးရာပုံပြင်ပါ... လယ်သမားတစ်ယောက် ကယ်ပေးခဲ့တဲ့ ခရုက ကျေးဇူးပြန်ဆပ်ဖို့ ချက်ပြုတ်ပြီး သူ့အိမ်ကိုသန့်ရှင်းရေးလုပ်ပေးခဲ့တဲ့အကြောင်းပါ...]


သူတို့နှစ်ဦး အတန်းထဲပြန်ရောက်လာစဉ် လူအနည်းငယ်သာပြန်ရောက်သေး၏။ ချီဖန့် သူ့ထိုင်ခုံ၌ထိုင်ကာ သူ့အထက်တန်းကျောင်းနေဖက်များကို ဖြည်းညင်းစွာ စဉ်းစားနေခဲ့သည်။ ထိုအချိန်က သူ အတန်း ၂ တွင် တစ်နှစ်သာနေခဲ့ပြီး စာမလုပ်ချင်ဘဲ အတန်းထဲ နေ့စဉ်အိပ်နေသောကြောင့် လူအနည်းငယ်ကိုပင် မမှတ်မိနိုင်ဖြစ်နေသည်။


ချီဖန့် သူ့ဘေးတစ်ဝိုက်ရှိ အတန်းဖော်များ၏အမည်များကို ယှဉ်တွဲကြည့်ပြီးနောက် ခဏခန့်တုံ့ဆိုင်းကာ လွတ်နေသော ထိုင်ခုံကို လှမ်းကြည့်လိုက်သည်။ ယခုက နေ့လယ်စာစားချိန်ဖြစ်ပြီး ထိုထိုင်ခုံမှလူ ပြန်မလာသေးချေ။


ချီဖန့် ထိုထိုင်ခုံကို မိန်းမောစွာ ကြည့်နေခဲ့သည်။  


ငါက အခု လွန်ခဲ့တဲ့ဆယ်နှစ်ကို ပြန်ရောက်လာတာဆိုတော့ အဲဒီကလေးက ဂျေကိုယ်တိုင်ပဲပေါ့...ဂျေက အရမ်းအပြစ်ကင်းပြီး နူးညံ့မယ်လို့ မမျှော်လင့်ခဲ့မိဘူး... 


ချီဖန့်က သိချင်စိတ်ဖြင့် ဖန်းဇီဖေးကိုမေးလိုက်သည်။ 

"အနောက်တံခါးနားမှာ ထိုင်တဲ့သူက နာမည်ဘယ်လိုခေါ်လဲ..."


ဖန်းဇီဖေးက ခေါင်းငုံ့ပြီး မိုဘိုင်းဂိမ်း ကစားနေကာ အနောက်ဘက်သို့ ပေါ့ပေါ့တန်တန်လှည့်ကြည့်၍ ပြောလာခဲ့သည်။ 

"အာ ယွီမော့လေ..."


ဖန်းဇီဖေး၏စိတ်က ဂိမ်းထဲတွင်ရှိနေပြီး အသံအတိုးအကျယ်ကို ဂရုမစိုက်ခဲ့သော်လည်း ယခု စာသင်ခန်းထဲ လူများစွာမရှိသေးသဖြင့် မည်သူမျှဂရုမစိုက်ချေ။


ယွီမော့...


ချီဖန့် ခံစားချက်အချို့ဖြင့် သူ့နာမည်ကို ရေရွတ်လိုက်သည်။ ယခင်ဘဝတွင်ဂျေ၏အမည်အရင်းက သန်းပေါင်းများစွာ စျေးပေါက်ခဲ့သော်လည်း မည်သူမျှ မသိခဲ့ကြပေ။ သူ့ဒုတိယဘဝတွင် ထိုမျှ လွယ်လွယ်သိရလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးမိခဲ့ချေ။


"အဲဒီကောင်က ထူးတော့ထူးဆန်းတယ်... တစ်နေ့လုံးနေတောင် စကားတစ်ခွန်းမပြောဘူး...နံရံကိုပဲ တစ်နေကုန် စိုက်ကြည့်နေတာ..." 

ဖန်းဇီဖေးက ဖုန်းမျက်နှာပြင်ပေါ်ရှိ မီးခိုးရောင် 'ကျရှုံး' စာတန်းကိုကြည့်ပြီး နှာမှုတ်လိုက်သည်။ သူက ဖုန်းဘေးချကာ ချီဖန့်ကို စိတ်ရှုပ်ထွေးမှုဖြင့် မေးလိုက်၏။ 

"မင်း သူ့အကြောင်း ဘာလို့မေးတာလဲ..."


ချီဖန့်က ငါကလွဲပြီး အတန်းထဲက တခြားသူတွေနဲ့ စကားသိပ်ပြောလေ့မရှိဘူးဆိုပေမယ့် ဘယ်လိုလုပ် ဘာမှမဆိုင်တဲ့သူတစ်ယောက်အကြောင်း ရုတ်တရက် ထမေးနေရတာလဲ...


ချီဖန့် ထိုစကားကြားစဉ် တုံ့ဆိုင်းသွားပြီး ဘေးတစ်ဝိုက်ကို လှည့်ကြည့်လိုက်သည်။ ယခု စာသင်ခန်းထဲတွင် ပြန်ရောက်လာသူခြောက်ယောက်သာရှိသေးပြီး အများစုမှာ အိပ်နေ၍ တစ်ယောက်က ရုပ်ရှင်ကြည့်နေသည်။ ချီဖန့်က အံတင်းတင်းကြိတ်ပြီး ဖန်းဇီဖေးကို ခပ်တိုးတိုးပြောလိုက်သည်။ 

"ငါ မင်းကိုပြောမယ်နော်...တကယ်တော့ ငါက သေပြီး ပြန်မွေးဖွားလာ..."


"ရပြီ...မင်း မပြောချင်ရင် မပြောနဲ့... ဒီလောင်ဇီကိုလှည့်စားဖို့ ဇာတ်လမ်းပါ ထွင်နေရတယ်လို့..."  

ဖန်းဇီဖေးက မျက်လုံးလှိမ့်ပြီး ချီဖန့်၏ စကားကို ဖြတ်ပြောလာခဲ့သည်။


ချီဖန့် : "..."

ငါ အမှန်အတိုင်းပြောနေတာဟ...ထားပါတော့ မင်းက ပျင်းစရာကြီး...စကားမပြောချင်တော့ဘူး...


ချီဖန့် မျက်လုံးလှိမ့်ပြီး နောက်လှည့်ကြည့်လိုက်ရာ နောက်တံခါးဝ၌ လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။


ယွီမော့များလား...


ချီဖန့် ၎င်းကိုကြည့်နေသော်လည်း မကြာမီ ထိုပုံရိပ်က တံခါးဝမှ ပျောက်သွားခဲ့သည်။


ဖန်းဇီဖေးက အခြားဂိမ်းတစ်ခုကို ပျော်ရွှင်စွာကစားနေပြီဖြစ်သောကြောင့် ချီဖန့် စကားမပြောတော့ဘဲ ခေါင်းပြန်လှည့်ကာ စားပွဲပေါ်မှောက်အိပ်လိုက်သည်။


ချီဖန့် နာရီဝက်ကျော်မျှ အိပ်ပြီးနောက် သူ၏မူးဝေဝေခေါင်းက ပိုသက်သာလာခဲ့သည်။ ချီဖန့် ခေါင်းအနည်းငယ်စောင်း၍ လွတ်နေသော ထိုင်ခုံကိုကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။


ယွီမော့ ပြန်မလာသေးဘူးပဲ...


သင်္ချာဆရာက စာရွက်တစ်ဒါဇင်ဖြင့် ဝင်လာပြီး စာရွက်များကို စင်ပေါ်တင်လိုက်သည်။


"အာ စာရွက်ပြန်ယူရမယ့် အချိန်ပဲ..."  

အနောက်တွင်ထိုင်နေသော ဖန်းဇီဖေးက နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။ 

'အာ ငါ ထပ်ရိုက်ခံရတော့မယ်...'


ဘာမှကွာခြားတာမရှိဘူး...နောက်တစ်ခါ ကူကယ်ရာမဲ့၊ အင်အားမဲ့နဲ့ အရိုက်ခံရတော့မယ်...


ချီဖန့် ရယ်မောလိုက်သည်။


ဖန်းဇီဖေး အကြောင်းပြောရလျှင် သူက မနက်ဖြန်ကို မကြောက်သော်လည်း သူ့အဖေကို ကြောက်သည်။ ဖန်းမိသားစုက ကျောက်မီးသွေးတွင်းလုပ်ငန်း စတည်ထောင်ခဲ့သည်။ အတိတ်က စာကောင်းကောင်းမသင်ခဲ့ရသော သူ၏ (အန်ကယ်ဖန်း) နာကြည်းမှုကြောင့်ဖြစ်နိုင်သည်။ အန်ကယ်ဖန်းက ဖန်းဇီဖေး၏ ပညာရေးစွမ်းဆောင်ရည်ကို အထူးအာရုံစိုက်ခဲ့သည်။ သို့သော် ဖန်းဇီဖေး၏ အမှတ်က ဘယ်သောအခါမှ သုံးဆယ်မကျော်နိုင်သောကြောင့် စာမေးပွဲဖြေချိန်တိုင်း ဖန်းမိသားစုတွင် *ကြက်ပျံခွေးခုန်ဖြစ်နေရသည်။

[*ကြက်ပျံခွေးခုန် - ရုန်းရင်းဆန်ခတ် ရှုပ်ထွေး]


ဒါပေမယ့်... 


ချီဖန့်၏မျက်လုံးများ နက်မှောင်သွားပြီး အမူအရာကျဆင်းသွားခဲ့သည်။


နောက်ပိုင်းတွင် အန်ကယ်ဖန်းက မတော်တဆမှုတစ်ခုဖြစ်ခဲ့သည်။ ထိုအချိန်က ချီမိသားစုမှာလည်း ပြဿနာအမျိုးမျိုးတက်နေကာ ဖန်းဇီဖေးတစ်ယောက်တည်း ဖန်းမိသားစုကို ဆုပ်ကိုင်ထားရ၍ သူ့ဖခင်အတွက် ဝမ်းနည်းပူဆွေးရန် အချိန်ပင် မရှိခဲ့ချေ။ ချီဖန့် ဖန်းဇီဖေးကို တစ်ဖန်မြင်ရချိန်တွင် သူ့ရှေ့ရှိ ပုံပျက်လုဖြစ်နေသော ပိန်ပါးပါးလူကို မမှတ်မိနိုင်လုမတတ်ဖြစ်ခဲ့သည်။


ရလဒ်အနေဖြင့် ဖန်းဇီဖေးက ပြုံးနေဆဲဖြစ်သည်။ 


ဝသည့်လူများက အလားအလာရှိသော အစုရှယ်ယာဆိုသည်မှာ အမှန်ဖြစ်သည်။ သူ ကိုယ်အလေးချိန် ကျသွားသည်နှင့် မိန်းကလေးများစွာ သူ့နောက်လိုက်ကြပြီး ရိုးရှင်းစွာပင် ဘဝအောင်နိုင်သူဖြစ်လာခဲ့သည်။


သူတို့နောက်တစ်ကြိမ်ဆုံချိန်၌ ဖန်းဇီဖေး မရှိတော့ချေ။


ချီဖန့် အသက်ပြင်းပြင်းရှူပြီး မျက်လုံးအနည်းငယ်မှိတ်ကာ ထိုမှိန်ဖျော့ဖျော့ အမှတ်တရများကို ပြန်သိမ်းဆည်းလိုက်သည်။ သူ မည်သို့ပြန်မွေးဖွားလာသည်ကို မသိသော်လည်း ဤတစ်ကြိမ်၌ မည်သို့ဖြစ်စေ ထိုအနာဂတ်များကို သူ သေချာပေါက် ပြောင်းလဲပစ်မည်ဖြစ်သည်။


သင်္ချာဆရာက အသက်မကြီးလှပေ။ သူက အသက် 30 ခန့်သာရှိပုံရပြီး သူတို့အတန်း၏ဆရာတစ်ယောက်လည်းဖြစ်သည်။ ချီဖန့်က သူ့မျိုးရိုးအမည် 'လင်း'ကိုသာယောင်ဝါးဝါးမှတ်မိပြီး အခြားသူများကို အမှန်ပင် မမှတ်မိချေ။ သင်္ချာဆရာက အတန်းခေါင်းဆောင်ကိုခေါ်ပြီး စာရွက်များပေးလိုက်သည်။ အတန်းခေါင်းဆောင်က ဆံပင်တိုတိုနှင့် မိန်းကလေးဖြစ်သည်။ ချီဖန့် သူ့မှတ်ဉာဏ်များထဲ အချိန်အတန်ကြာရှာဖွေပြီးနောက် ထိုမိန်းကလေးက ဝမ်ကျင့်ဟုခေါ်ကြောင်း မှတ်မိခဲ့သည်။


သူမက စာရွက်များကို အလွန်လျင်မြန်စွာ ဝေပေးခဲ့သည်။ ဖန်းဇီဖေးက သူ့ကိုယ်ပိုင်စာရွက်ကို ဝမ်ကျင့်ထံမှ တုံ့ဆိုင်းစွာ ယူလိုက်သည်။ သူ ၎င်းကို ဖွင့်ကြည့်ချိန်တွင် အနည်းငယ် အံ့သြသွားခဲ့သည်။  

"ကောင်းပြီ...ငါ အရင်တစ်ခေါက်ကထက် ပိုကောင်းကောင်းလုပ်ခဲ့တယ်..."


ချီဖန့် လှမ်းကြည့်လိုက်ရာ အမှတ်ပေးနေရာရှိ 19 မှတ်ကို တွေ့လိုက်ရသည်။


"အိုး..." 

ချီဖန့် ခေါင်းပြန်လှည့်လိုက်ပြီး ပြုံးလုမတတ်ဖြစ်သွားခဲ့သည်။ 


ဖန်းဇီဖေး အထက်တန်းကျောင်းတုန်းက အနက်ရောင်သမိုင်းကြောင်းတွေ အများကြီးရှိမှန်း မမှတ်မိခဲ့ဘူး...


ဖန်းဇီဖေးက မျက်လုံးလှိမ့်ပြီး သူ့လက်ထဲရှိစာရွက်ကိုခေါက်ကာ ချီဖန့်၏ခေါင်းကို ပုတ်လိုက်သည်။

"မင်းအဖေကိုများ ရယ်ရဲတယ်ပေါ့..."


သို့သော် ချီဖန့်၏အပြုံးက ရပ်တန့်သွားခဲ့သည်။


နေပါဦး...အခု ငါက ပြန်မွေးဖွားလာတာဆိုတော့ ဒီမနက်တုန်းက စာရွက်က...ငါ့ဟာလား...


ငါက ငါ့ရဲ့ဘာသာစကားစွမ်းဆောင်ရည်ကိုတောင် ရယ်လိုက်သေးတယ်...


ချီဖန့် သူ့မျက်နှာကိုပွတ်ပြီး ချောင်းဆိုးလိုက်သည်။ သူလှည့်ကြည့်လိုက်စဉ် အတန်းခေါင်းဆောင်က လက်ထဲ၌ စာမေးပွဲစာရွက်ကိုင်ထားပြီး မျက်နှာထား အနည်းငယ် ထူးဆန်းနေသည်ကို တွေ့လိုက်ရ၏။ သူမ ရယ်ချင်နေသော်လည်း မရယ်ဝံ့ပုံရနေသည်။


ချီဖန့် ခံစားချက်ဆိုးတစ်ခုရလိုက်သည်။


ချီဖန့်က ဖြစ်လာမည့်အရာကို ကြောက်ပြီး အတန်းခေါင်းဆောင်က သူ့စားပွဲခုံပေါ် စာရွက် ညင်သာစွာ တင်လိုက်သည်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူမက အခြားသူများကို စာရွက်ကို ဆက်ဝေပေးယောင်ဆောင်ကာ ချက်ချင်းလှည့်ထွက်သွားခဲ့သည်။


ချီဖန့် နှုတ်ခမ်းစူလိုက်မိသည်။


လှည့်မကြည့်တာတောင် မင်း ရယ်နေမှန်း ငါ မသိဘူးများထင်နေလား...မင်းပခုံးတွေက ရယ်ရလွန်းလို့ တုန်နေတာ သိရဲ့လား...


ချီဖန့် စကားမပြောဘဲ သူ့စားပွဲခုံပေါ်ရှိ စာမေးပွဲစာရွက်ကို လှန်ကြည့်လိုက်သည်။


၂ မှတ်...


ကောင်းပြီ ငါ အခု ဘာလို့ စာပေအနုပညာကို ရွေးချယ်ခဲ့မှန်း သိသွားပြီ...


ချီဖန့် စာရွက်ကို တွန့်ဆုတ်စွာ လှန်ကြည့်လိုက်သည်။ စာမေးပွဲစာရွက်က ဗလာမဟုတ်ဘဲ ချီရှောင်ဖန့်က ကွက်လပ်များ ရွေးချယ်ဖြည့်ရန် အလွန်ကြိုးစားခဲ့သည်။ ကံမကောင်းစွာပင် ချီဖန့် အဖြေမှန်ရွေးနှင့် ကွက်လပ်ဖြည့်မေးခွန်းများကို စိတ်အားထက်သန်စွာ ကြည့်ခဲ့သည့်တိုင် အမှတ်တစ်မှတ်မှမရဘဲ အမှတ်၂ မှတ်ရခဲ့သောနေရာကို ရှာမတွေ့နိုင်ခဲ့ချေ။


ထိုလျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းရန် သူ စာရွက်နောက်တစ်မျက်နှာ လှန်ကြည့်လိုက်သည်။


နောက်ဆုံးမေးခွန်းကြီးတွင် သူက အဖြေမဟုတ်သော်လည်း ဖြေရှင်းနည်းတစ်ခုရေးထားပြီး နှစ်မှတ်ရရှိခဲ့သည်။


ချီဖန့် : မေးခွန်းတွေ အများကြီးဖြေနေတာထက် ဖြေရှင်းနည်းတစ်ခုရေးတာ ပိုကောင်းသေးတယ်...


ချီဖန့် သူ့မျက်နှာပေါ် အပူများလှိမ့်တက်လာသည်ကို ခံစားမိပြီး သူ့မျက်နှာသူ တိတ်တဆိတ်ပွတ်လိုက်သည်။  


ငါ့ရဲ့အရင်က စွမ်းဆောင်ရည်တွေ သိပ်မကောင်းဘူးဆိုတာ မှတ်မိပေမယ့် ဘယ်လောက်ထိ မကောင်းလဲမမှတ်မိဘူး...အခု ကလေးဘဝက ရလဒ်တွေကို ရုတ်တရက် ပြန်မြင်လိုက်ရတော့ လူတစ်ကိုယ်လုံး ရှက်လွန်းလို့ ပေါက်ထွက်တော့မယ်...


စာမေးပွဲကျပေမယ့် ငါ့မိဘတွေက သူ့ကိုသတ်မှာမဟုတ်ဘူး...တကယ်တော့ အဲဒါ ငါ့ရှေ့မှာ အစ်ကိုနှစ်ယောက်ရှိနေလို့ပဲ...


ချီဖန့်၏မျက်လုံးများ မှိန်ဖျော့သွားခဲ့သည်။ ချီဖန့်က တစ်ဦးတည်းသော ကလေးမဟုတ်ပေ။ သူ့အထက်ရှိအစ်ကိုနှစ်ယောက်က စီးပွားရေးနယ်ပယ်တွင် ထင်ရှားကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသည်။ ချီမိသားစု၏မိသားစုပိုင်ဆိုင်မှုအပြင် ချီမိဘများက သူတို့၏သားထွေးလေးကို အမှန်ပင် ချစ်ခင်အလိုလိုက်ကြသည်။ သူလုပ်လိုသမျှကို လုပ်ခွင့်ပေးထားပြီး စီမံခန့်ခွဲမှုများသင်ရန် တွန်းအားမပေးချေ။


ယခင်ဘဝက ရလဒ်အနေဖြင့် အဆုံးတွင် ချီမိသားစု၌ အသုံးမဝင်ဆုံးသားတစ်ဦးသာ ကျန်ရစ်ခဲ့သည်။


ချီဖန့် သူ့စိတ်ထဲရှိ ရှုပ်ယှက်ခတ်နေသော အတွေးများကို မရုတ်သိမ်းနိုင်မီ နှစ်ကြိမ်ခန့် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ စာရွက်ညာဘက်ထောင့်ရှိ အမှတ်နေရာကို တိတ်ဆိတ်စွာ ခေါက်လိုက်သည်။


"ချီရှောင်ဖန့် မင်း အမှတ်ဘယ်လောက်ရလဲ..."  

စားပွဲနောက်ရှိ ဖန်းဇီဖေးက ချီဖန့်၏ ကျောကို လက်ဖြင့်တို့ပြီး သိချင်စွာ မေးလာခဲ့သည်။


ချီဖန့်က ပြင်ပကမ္ဘာထံမှ နှောင့်ယှက်မခံဘဲ စာအုပ်ကို လေးနက်စွာ ဖတ်နေခဲ့သည်။


သူ့နားရွက်ဖျားများကသာ နီရဲလာခဲ့သည်။


ဖန်းဇီဖေးက မျက်လုံးများလှိမ့်လိုက်ပြီး ချီဖန့်၏နဂိုဖြူဖွေးသောမျက်နှာမှ နီမြန်းလာသည်ကိုကြည့်ကာ ထပ်မေးမနေတော့ချေ။  

သူ့အရေပြားက အရမ်းပါးတာပဲ...ငါ ထပ်မေးရင် ပိုနီရဲလာမှာစိုးမိတယ်...


အတန်းခေါင်းဆောင်က စာရွက်များဝေပြီးသည်နှင့် သူ့ထိုင်ခုံသို့ ပြန်သွားခဲ့သည်။ သင်္ချာဆရာက စင်မြင့်ပေါ်တွင် ရပ်ပြီး စာရွက်ကို လက်တစ်ဖက်နှင့်ကိုင်ကာ စာသင်ခန်းကို ပုံမှန်ကဲ့သို့ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်များက အနောက်တံခါးဝတွင် ရပ်သွားခဲ့သည်။


သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ 

"ယွီမော့ရော..."


အတန်းဖော်များက မသိစိတ်အရ နောက်လှည့်ကြည့်ပြီးမှသာ အတန်းထဲ၌ လူတစ်ယောက်လျော့နေသည်ကို သိခဲ့ကြသည်။ ယွီမော့၏အရှေ့၌ ထိုင်နေသူများကပင် သူ မရှိနေသည်ကို သတိမထားမိခဲ့ကြပေ။


၎င်းက အံ့ဩဖွယ်ရာမရှိချေ။ ကျောင်းစတက်ပြီးနှစ်လအကြာတွင် အတန်းဖော်များက မည်မျှနှေးကွေးပါစေ တဖြည်းဖြည်း ရင်းနှီးလာဆဲဖြစ်သည်။ သို့သော် ယွီမော့က သူတို့နှင့် မကစားသလို စကားလည်း ဝင်မပြောချေ။ သူက နံရံကိုသာ ငေးကြည့်နေလေ့ရှိသောကြောင့် သူနှင့် စကားပြောဖူးသူ အနည်းငယ်သာရှိသည်။


အကယ်၍ သူသာ ရုပ်မချောပါက သူ့ကို မည်သူမျှမှတ်မိကြမည်မဟုတ်ချေ။


အတန်းဖော်များက အချင်းချင်းကြည့်ကာ စကားမပြောခဲ့ကြပေ။


"သိတဲ့သူ ရှိလား..."  

သင်္ချာဆရာက စာရွက်ချပြီး ထပ်မေးလာခဲ့သည်။


ချီဖန့် ခေါင်းလှည့်ကာ ယွီမော့၏ထိုင်ခုံကို တစ်ချက်ကြည့်လိုက်သည်။ ယွီမော့က အနောက်တံခါးနား၌ တစ်ယောက်တည်း ထိုင်ပုံရသည်။ ထိုင်ခုံပေါ်တွင် ကျောင်းဝတ်စုံအင်္ကျီတစ်ထည်သာရှိပြီး စားပွဲပေါ်တွင် စာရွက်လိပ်များမှလွဲ၍ ဘာမှမရှိပေ။ ထိုနေရာတွင် မည်သူမှ မထိုင်ပုံရသည်။


မည်သူမှ မပြောလာသည်ကိုမြင်ချိန်တွင် သင်္ချာဆရာ၏မျက်နှာက လေးလံလာသော်လည်း ကျောင်းသားများစွာကိုထားခဲ့ပြီး ကျောင်းပြေးသူကို ထွက်မရှာနိုင်သောကြောင့် သူ့ဒေါသများကို ခဏထိန်းကာ စာရွက်များကို စတင်ရှင်းပြခဲ့သည်။



🏫🏫🏫