Chapter 3
Viewers 204

🏫 Chapter 3



"ကောင်းပြီ စာရွက်တွေဖွင့်မယ်...ပထမဆုံးမေးခွန်းက..."


ချီဖန့် သူ့နဖူးကိုပွတ်ကာ တုံ့ဆိုင်းနေသော်လည်း ဘောပင်ထုတ်လိုက်ဆဲဖြစ်ပြီး ဆရာ့စကားများနောက်လိုက်မှတ်သားခဲ့သည်။ သူ အများစုကို နားမလည်နိုင်သော်လည်း ဆရာပြောသမျှမှတ်သားခဲ့သည်။


သင်္ချာဆရာက မေးခွန်းအကြောင်းရှင်းပြနေလျက် အောက်ရှိကျောင်းသားများကို ကြည့်ကာ သက်ပြင်းဖွဖွချလိုက်သည်။ အထက်တန်းကျောင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကျယ်ပြန့်များပြားသော စာမေးပွဲဖြစ်သောကြောင့် ဤတစ်ခေါက် သင်္ချာမေးခွန်းစာရွက်က အမှန်ပင် ပိုခက်ခဲသည်။ ပညာရေးအဖွဲ့က ကျောင်းသားများ၏ စိတ်မြန်လက်မြန် စိတ်ဓာတ်ကို ဖိနှိပ်ရန် ကြိုးစားနေကြပြီး ရလဒ်အနေဖြင့် ယခု စိတ်အခြေအနေ ကျဆင်းနေကြပြီဖြစ်သည်။ သို့သော် သက်ရောက်မှုက သိသိသာသာကြီးလှသည်။


သူ့အကြည့်များက ချီဖန့်အပေါ်ရောက်သွားစဉ် မနေနိုင်ဘဲ အေးခဲသွားခဲ့သည်။  


ချီဖန့်က အတန်းထဲမှာ မဆိုးဘူးဆိုပေမယ့် အဲဒါက သူ အတန်းမလစ်၊ ရန်မဖြစ်ဘဲ အိပ်ပဲအိပ်နေလို့ပြောတာ...ငါ ချီဖန့်နဲ့ အကြိမ်အများကြီး စကားပြောခဲ့ပေမယ့် အသုံးမဝင်ဘူး...ဒီနေ့မှ ထူးထူးဆန်းဆန်း ချီဖန့်က အတန်းကို လေးလေးနက်နက်တက်နေတယ်တဲ့လား...


သင်္ချာဆရာက စဉ်းစားလိုက်သည်။


ချီဖန့်ရဲ့သင်္ချာအဆင့်တွေက... 


သင်္ချာဆရာက ၎င်းကိုတွေးပြီး ခံစားချက်ဆိုးသွားခဲ့သည်။


အတန်းမပြီးမီ စာရွက်တစ်ခုလုံး ရှင်းပြပြီးသွားခဲ့သည်။ သင်္ချာဆရာက စာရွက်ပြန်ချကာ လူတိုင်းကို နှစ်သိမ့်စကား အနည်းငယ် ပြောခဲ့သည်။


ခေါင်းလောင်းသံမြည်ပြီးနောက် ချီဖန့် စိတ်သက်သာရာရစွာ သက်ပြင်းချနေစဉ် သင်္ချာဆရာက သူ့နာမည်ခေါ်လာသည်ကို ကြားလိုက်ရသည်။  

"ချီဖန့် ငါနဲ့အတူ ရုံးခန်းခဏလိုက်ခဲ့..."


ဆရာများရုံးခန်းက ဒုတိယထပ်၌ရှိသည်။ ချီဖန့် သင်္ချာဆရာနောက် လိုက်လာစဉ် အင်္ဂလိပ်စာဆရာက စာရွက်တစ်ထပ်ကို မျက်နှာမူကာ မျက်မှောင်ကြုတ်ထား၍ တစ်ခုခု ခွဲခြမ်းစိတ်ဖြာနေသည်ကို တွေ့လိုက်ရသည်။ ချီဖန့် မသိစိတ်အရ သင်္ချာဆရာ၏နောက်တွင် ဝင်ပုန်းလိုက်မိသည်။ အင်္ဂလိပ်စာဆရာက အလွန်ကောင်းသော်လည်း ချီဖန့် သူ့ကိုမြင်ချိန်တိုင်း အထူးကြောက်လန့်မိသည်။


သင်္ချာဆရာက ချီဖန့်ကို ထိုင်ခုံရွှေ့ခိုင်းပြီး သူ့ဘေးတွင်ထိုင်စေခဲ့သည်။ သူက ချီဖန့်၏အမှတ်နှစ်မှတ်ကိုပြောမည့်အစား မေးလာခဲ့သည်။ 

"ချီဖန့် မင်း အနာဂတ်မှာ ဘယ်တက္ကသိုလ်တက်ချင်လဲဆိုတာ စဉ်းစားမိလား..."


ချီဖန့် ခဏခန့် စိတ်ရှုပ်ထွေးသွားပြီး ရုတ်တရက် တုံ့ဆိုင်းသွားခဲ့သည်။


ယခု သူ့တွင် အနာဂတ်မှတ်ဉာဏ်များရှိ၍ စီးပွားရေးကို အာရုံစိုက်နိုင်သော်လည်း သူက အထက်တန်းကျောင်းသားတစ်ဦးဖြစ်နေဆဲဖြစ်သည်။ အခြားသူများကို သူက ပြန်လည်မွေးဖွားလာခဲ့သည်ဟု ပြေးပြောလျှင်ပင် သူတို့၏တုံ့ပြန်မှုက ဖန်းဇီဖေးနှင့် ဆင်တူနိုင်ပေသည်။


ဒါဆိုပြောရရင် ငါ ကောလိပ်တက်ချင်ရင် ကောလိပ်ဝင်ခွင့် စာမေးပွဲထပ်ဖြေရဦးမှာပေါ့...


ချီဖန့်၏မျက်နှာက ချက်ချင်းမည်းမှောင်သွားခဲ့သည်။


သင်္ချာဆရာက ချီဖန့်၏တုံ့ပြန်မှုကို မြင်ချိန်တွင် သက်ပြင်းချပြီး ဆက်မေးလိုက်သည်။  

"ဘယ်တက္ကသိုလ်ကို တက်ချင်လဲက ကိစ္စမရှိပါဘူး...ပန်းတိုင် အရင်သတ်မှတ်လို့ရတာပဲ...ပေကျင်းတက္ကသိုလ်လို ခက်ခဲတဲ့ကျောင်းဆိုရင်တောင် စဉ်းစားလို့ရတယ်...ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ အခက်ခဲဆုံးကျောင်းကြားမှာ အချိန်သုံးနှစ်ရှိသေးတယ်..."


ချီဖန့် စက္ကန့်အနည်းငယ်ခန့် တုံ့ဆိုင်းနေပြီး ခေါင်းညိတ်ပြလိုက်သည်။ ယခင်ဘဝက အထက်တန်းလွှာတက္ကသိုလ်ကမူ သူ့စဉ်းစားချက်ထဲ မပါချေ။ ထိုအထက်တန်းလွှာတက္ကသိုလ်က သူ့ကို ဘာမှ မသင်ပေးသည့်အပြင် ချီဖန့် ချီမိသားစုလုပ်ငန်းကို လွှဲပြောင်းယူပြီးနောက် ထိုတက္ကသိုလ်မှ ဆင်းလာသဖြင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများစွာ ဆုံးရှုံးခဲ့ရသည်။


ချီဖန့် သင်္ချာဆရာကို မော့ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။  

"ဟုတ်ကဲ့ ဆရာ...ကျွန်တော် စဉ်းစားပါ့မယ်..."


သင်္ချာဆရာက ပြုံးပြီးပြောလိုက်သည်။ 

"မင်း အဖြေရှာနိုင်ရင် ကောင်းတာပေါ့... အခု မင်းအခြေအနေက နည်းနည်းဆိုးပေမယ့် မင်းမှာ အချိန်အလုံအလောက်ရှိသေးတယ်...ဒါမှမဟုတ် ပိုတိုးတက်လာအောင် ကျူတာရှာဖို့ စဉ်းစားလို့ရတယ်... ဒါပေါ့ အဲဒီအကြောင်းတွေကို မင်းမိဘတွေနဲ့ ဆွေးနွေးတာ ပိုကောင်းတယ်..."


ချီဖန့် ပြန်ဖြေပြီးနောက် သင်္ချာဆရာက သူ့ကို အတန်းပြန်သွားခိုင်းခဲ့သည်။


ချီဖန့် စာသင်ခန်းသို့ပြန်လာစဉ် ပြတင်းပေါက်နားတွင်လေထွက်ရှုနေသော ဖန်းဇီဖေးကို တွေ့လိုက်ရသည်။  

"ဝိုး ဒီလောက်မြန်မြန်ပြန်လာတာလား... ဆရာက မင်းကို ဘာလို့ခေါ်တာလဲ..."


"စာမေးပွဲရလဒ်အကြောင်း...ပြောတာ..."  

ချီဖန့်က ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး ပြတင်းပေါက်ဘောင်ကိုမှီလိုက်သည်။ 

"ငါ သင်ခန်းစာတွေပြန်နွှေးဖို့ ကျူတာရှာဖို့ စီစဉ်ထားတယ်..."


သင်္ချာဆရာပြောသမျှကို ချီဖန့် ထည့်သွင်းစဉ်းစားခဲ့သည်။ သူ ဤဘဝတွင် ယခင်ဘဝကဲ့သို့ မရှုပ်ထွေးနိုင်ချေ။


ငါ အခု လုံးဝ အစကစနေပြီဆိုပေမယ့်... 


ချီဖန့် ရုတ်တရက် သူ အလယ်တန်းတက်စဉ်က များများစားစားမသင်ခဲ့သည်ကို တွေးမိသွားခဲ့သည်။  


ဒီအထက်တန်းကျောင်းကိုတောင် ပိုက်ဆံသုံးပြီး ဝင်လာခဲ့တာ...ထားတော့... အတူတူပဲ...


တော်သေးတယ် ငါ ပြန်မွေးဖွားလာတာ အထက်တန်းကျောင်း ပထမနှစ်မှာမို့လို့ သုံးနှစ်အချိန်ရှိသေးတယ်...ကောလိပ်ဝင်ခွင့်စာမေးပွဲမစခင်ညမှာသာ ပြန်မွေးဖွားခဲ့မယ်ဆိုရင်တော့... 

ချီဖန့် သူ့မျက်နှာကို အမူအရာမဲ့စွာ ပွတ်လိုက်သည်။


"ဖာ့ခ်..." 

ဖန်းဇီဖေးက အလွန်ထိတ်လန့်သွားပြီး ပြတင်းပေါက်ဘောင်ပေါ်မှ ပြုတ်ကျလာခဲ့သည်။ 

"ချီရှောင်ဖန့်...မင်းနေမကောင်းဖြစ်ပြီး ရူးသွားတာလား...မင်းက စာလေ့လာချင်တယ်ပေါ့..."


"ဟုတ်တယ်" 

ချီဖန့်က တည်ငြိမ်စွာပြောပြီး ဖန်းဇီဖေး၏ ပုခုံးကိုပုတ်လိုက်သည်။  

"မင်းမှာ ကျူတာကောင်းတစ်ယောက်ရှိရင် ငါ့ကို မိတ်ဆက်ပေးဖို့ မမေ့နဲ့..."


ထိုသို့ပြောပြီးနောက် သူ စာသင်ခန်းထဲသို့ အနောက်တံခါးမှ ဝင်လာခဲ့သည်။


စာသင်ခန်းအတွင်းရှိလေထုက ပြန်လည်ကောင်းမလာသေးဘဲ စိတ်ဓာတ်ကျမှုက အလွန်ပြင်းထန်နေသဖြင့် ဖန်းဇီဖေး အသက်ထွက်ရှူသည်မှာ အံ့သြစရာမရှိချေ။ ချီရှောင်ဖန့်၏ထိုင်ခုံဖော်ပင်လျှင် စားပွဲပေါ်မှောက်အိပ်နေသည်။ သူမ ပင်ပန်းနေသည်လား သို့မဟုတ် တိတ်တဆိတ်ငိုနေသည်လားဟု ချီဖန့် တွေးမိခဲ့သည်။


ချီဖန့် အနောက်တံခါးမှ ဝင်လာစဥ် ဘယ်အချိန်က ပြန်ရောက်နေသည်မသိသော ယွီမော့ကို တွေ့လိုက်ရသည်။ သူက အဖြူရောင်နံရံကို ငေးမောကြည့်နေပေသည်။


"ဝါး...ဒီလေထုကတော့..."  

ဖန်းဇီဖေးက အသံလျှော့ပြောလာခဲ့သည်။ 

"ဝမ်းနည်းစရာကြီး...ငါလည်း စာမေးပွဲ ကောင်းကောင်းမဖြေနိုင်ခဲ့ဘူး...ငါ့အဖေအတွက် 19 မှတ်ပဲရခဲ့တယ်...အိမ်ပြန်ရောက်ရင် ဆော်ပလော်တီးခံရတော့မှာပဲ...မင်း ဘယ်လိုထင်လဲ ချီရှောင်ဖန့်..."


ဖန်းဇီဖေးက အချိန်အတန်ကြာ စကားပြောပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ချီဖန့်က သူ့ကိုဂရုမစိုက်ဘဲ သူ့နောက်သို့ ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ဖန်းဇီဖေး သူ့အကြည့်နောက်လိုက်ကြည့်ရာ ရေယူရန် တန်းစီနေသော အတန်းဖော်များနှင့် ယွီမော့ကိုသာ တွေ့လိုက်ရသည်။


ယွီမော့ကိုမြင်ချိန်တွင် ဖန်းဇီဖေး မျက်မှောင်ကြုတ်လိုက်မိသည်။ ချီဖန့်က ယနေ့ ဘာဖြစ်နေသည်မသိဘဲ ရုတ်တရက် ယွီမော့ကို အထူးစိတ်ဝင်စားလာပုံရသည်။


ဖန်းဇီဖေး ယွီမော့ကို သဘောမကျလှပေ။


အကြောင်းပြချက်က ရိုးရှင်းပေသည်။ ယွီမော့က သူ့ကိုသဘောမကျနေသောကြောင့်ဖြစ်သည်။


ယွီမော့ကဲ့သို့ အေးတိအေးစက်လူက အခြားသူများအပေါ် လျစ်လျူရှုသော သဘောထားရှိသင့်ပြီး ကွာခြားမှုများစွာမရှိဟု တွေးသော်လည်း ယွီမော့က သူ့အား အထူးမုန်းတီးနေသည်ကို တွေ့ရှိခဲ့၏။


သူ ဘောလုံးကစားနေစဉ် ယွီမော့က ကွင်းဘေး၌ ခက်ထန်သော အမူအရာဖြင့် သူ့ကိုစိုက်ကြည့်နေတတ်သည်။


သူ နေ့လည်စာစားရန် ကန်တင်းသွားစဉ် မော့ကြည့်လိုက်ပါက ယွီမော့၏ လျစ်လျူရှုဟန်အကြည့်များကို တွေ့ရတတ်သည်။


တစ်ခါက သူ သန့်စင်ခန်းသွားပြီး အပြင်ထွက်လာစဉ် ချော်လဲလုနီးပါးဖြစ်ခဲ့သည်။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ ယွီမော့ကို ထပ်တွေ့ရပြန်သည်။


ဖန်းဇီဖေး၏စိတ်ထဲ၌ ဒေါသများရှိလာခဲ့သည်။ 


သို့သော် သူတို့ ယွီမော့နှင့် လမ်းတွင်မတော်တဆဆုံမိစဉ် ချီဖန့် သူ့ဘေး၌ရှိနေပါက ယွီမော့၏လူသတ်လိုသည့်ရောင်ဝါကို မခံစားရပေ။


အဲဒီကောင်က ဒီတိုင်း ပေါင်းသင်းလို့မရတာပဲ...


ဖန်းဇီဖေးက အနိုင်ကျင့်နိုင်ရာတွင် ဆရာ မကျသောကြောင့် ထိုညက သူ့ညီအစ်ကိုများကို ယွီမော့ကို ပညာပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ထိုညက ချီဖန့် သူ့ကို ညစာစားရန်ခေါ်ခဲ့သောကြောင့် ထိုကိစ္စကို မေ့သွားခဲ့သည်။


ဤသို့ဖြင့် ထိုကိစ္စကို ယခုထိတိုင် အကောင်အထည်မဖော်ရသေးချေ။


ဒီည အဲဒီကောင်ကို ပညာပေးရင်ရော... 

ဖန်းဇီဖေး ခဏခန့်စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။


ထားပါတော့...ချီရှောင်ဖန့်ကိုကြည့်ရတာ ယွီမော့အကြောင်း တော်တော်သိချင်နေတဲ့ပုံပဲ...ငါတို့ ရန်ဖြစ်ခဲ့ရင် အနာဂတ်မှာ စကားပြောဖို့ ရှက်စရာကောင်းလိမ့်မယ်...


(ချီဖန့် : မင်းတို့နှစ်ယောက်က တွေ့ဖူးတာလား... 


ဖန်းဇီဖေး: ဟုတ်တယ် ငါ သူ့မျက်ခွက်ကို ထိုးခဲ့တာ...)


[T/N - ကွင်းစကွင်းပိတ်ထဲကဟာက ဖန်းဇီဖေးက သူရန်ဖြစ်ခဲ့ရင် နောင်စကားပြောတဲ့အခါကျဖြစ်မှာကို စိတ်ကူးကြည့်နေတာပါ😆]


ထားလိုက်ပါတော့...


"အာ... ဝတုတ်လေး..." 

ချီဖန့်က ရုတ်တရက် ခေါင်းလှည့်ကာ မေးလိုက်သည်။

"ယွီမော့က ဘာလို့တစ်ယောက်တည်း ထိုင်နေတာလဲ..."


ပြတင်းပေါက်နားတွင် ထိုင်ခုံဖော်မရှိဘဲ တစ်ယောက်တည်းထိုင်နေသော ကောင်လေးတစ်ယောက်ရှိသည်။


ဖန်းဇီဖေးက နာခံမှုမရှိသောသားလေးကို ကြည့်နေသကဲ့သို့ ချီဖန့်ကို ရှုပ်ထွေးမှုဖြင့် ကြည့်လိုက်သည်။


ချီဖန့်၏ခေါင်းပေါ်၌ မေးခွန်းအမှတ်အသားတစ်ခုပေါ်လာပြီး ဖန်းဇီဖေး ဘာဖြစ်သွားသည်ကို သူနားမလည်နိုင်ပေ။ ဖန်းဇီဖေးက နက်ရှိုင်းစွာ သက်ပြင်းချလိုက်သော်လည်း ရုတ်တရက် တစ်ခုခုတွေးမိသွားခဲ့သည်။ ထို့နောက် သူက ပြောလိုက်၏။ 

"ယွီမော့က ဒေါသကြီးလို့..." 


"အမ်..."  

ချီဖန့် မျက်မှောင်ကြုတ်လိုက်သည်။


"ငါ မင်းကိုပြောပြမယ်..." 

ဖန်းဇီဖေးက ရုတ်တရက် ဇာတ်ကြောင်းပြောရန် လက်ဦးမှုယူလာခဲ့သည်။ 

"ယွီမော့က သူ့ထိုင်ခုံဖော်ကို ကျောင်းပထမဆုံးနေ့မှာ သူ့လက်မောင်းကိုလာထိလို့ဆိုပြီး ရိုက်နှက်ခဲ့တာတဲ့လေ...မင်းပြောကြည့် အဲဒီကောင်က ရူးနေတာမလား..."


"အဲဒါက ပုံမှန်ပဲမလား..."  

ချီဖန့် ပြောစရာစကားပျောက်နေခဲ့သည်။  

အရင်ကဂျေဆို သူများ သူ့လက်မောင်းကို လာထိဖို့မပြောနဲ့ သူ့အဝတ်အစားကို ထိမိရင်တောင် အဝတ်အစားအတွင်းအပြင်အကုန်လုံး ချက်ချင်းလဲပစ်တာ...


သူက အသန့်ကြိုက်တာလေ...


ချီဖန့်၏တုံ့ပြန်မှုကြောင့် ဖန်းဇီဖေး အံ့ဩသွားခဲ့သည်။  


အဲဒါက မမှန်ဘူးလေ...ချီရှောင်ဖန့်က စကားတစ်ခွန်းမှမပြောဘဲ ရန်ဖြစ်တဲ့သူတွေကို မုန်းတီးတယ်မဟုတ်ဘူးလား... မင်းရဲ့အခြေခံသဘောထားတွေရော...


ဖန်းဇီဖေးက ရပ်သွားပြီး ဆက်ပြောလိုက်သည်။ 

"ပြီးတော့ သူ နံရံကိုပဲ တစ်ချိန်လုံးစိုက်ကြည့်နေတာကို မင်းမြင်တယ်မလား... ကျိုးနေတဲ့နံရံက ဘာကောင်းနေလို့လဲ..."


"ဆရာသင်တာတွေက သူ့အတွက် ရိုးရှင်းလွန်းလို့ထင်တယ်..."  

ချီဖန့် ခဏခန့်တွေးလိုက်သည်။ 


ယွီမော့က သူ့ကိုယ်ပိုင်အစွမ်းအစနဲ့ စီးပွားရေးအင်ပါယာဖန်တီးခဲ့တာဆိုတော့ IQ အရမ်းမြင့်တာဖြစ်ရမယ်...


"..." 

ဖန်းဇီဖေးက ဆွံ့အသွားသော်လည်း ပြန်တွေးကြည့်ရာ ယွီမော့၏အဆင့်များက အမှန်ပင်ကောင်းပုံရသည်။ ပြီးခဲ့သောလပတ်စာမေးပွဲတွင် သူ ပထမရခဲ့ပြီး အတန်းပိုင်ဆရာက ချီးကျူးခဲ့သည်။ ထိုကလေး၏နားမလည်နိုင်သော နောက်ဆုံးတန်း၌ ထိုင်ရန် လိုအပ်ခြင်းကြောင့်သာ မဟုတ်ပါက သူ့ကို အဓိကနေရာသို့ ပြောင်းပေးကြလိမ့်မည်ဖြစ်သည်။


ဖန်းဇီဖေးက စိတ်ဓာတ်မကျဘဲ ယွီမော့ကို ဆက်ဝေဖန်လိုက်သည်။ 

"ကျောင်းစတက်ချိန်ကတည်းက အခုထိ သူ အတန်းထဲက တခြားလူတွေကို စကားမပြောတာ မင်းတွေ့တယ်မလား... သူ့ဒေါသက အရမ်းဆိုးလို့ဖြစ်မှာ..."


"ဒါပေမယ့်..." 

ချီဖန့်က ခဏတုံ့ဆိုင်းပြီး တိုးတိုးပြောလိုက်သည်။ 

"ငါလည်း ကျောင်းစကတည်းက မင်းနဲ့ပဲ စကားပြောခဲ့တာလေ..."


ချီဖန့်၏မှတ်ဥာဏ်များက မရှင်းလင်းလှသော်လည်း သူ အထက်တန်းပထမနှစ်၌ အတန်းထဲရှိ အခြားကျောင်းသားများနှင့် များစွာပြောဆိုဆက်ဆံခြင်းမရှိခဲ့ပေ။ သို့သော် ၎င်းက သူ ဒေါသကြီးသောကြောင့်ဟု မထင်ပေ။


ဖန်းဇီဖေး အေးခဲသွားခဲ့သည်။ 

"မဟုတ်ဘူး...မင်းက မတူဘူးလေ...ငါတို့က အဆင်ပြေတယ်...ယွီမော့က ဒီတိုင်း..." 

ဖန်းဇီဖေး ရုတ်တရက် သူ့နောက်ကျောမှ ရင်းနှီးသော အေးစက်မှုကို ခံစားမိပြီး စကားဆက်မပြောတော့ချေ။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ သေချာစွာပင် ယွီမော့က သူ့အား အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။


အဲဒီကောင်က ရူးနေတာလား ဘာလား...


ဖန်းဇီဖေး အလွန်ဒေါသထွက်သွားပြီး စားပွဲကိုလက်ဖြင့်ပုတ်ကာ ထရပ်ချင်ခဲ့သည်။ သို့သော် သူ မလှုပ်ရှားမီ ယွီမော့က ရုတ်တရက် ပြန်လှည့်သွားသောကြောင့် ဖန်းဇီဖေး သူ့ဒေါသများကို ပြန်မျိုချကာ ဒေါသတကြီး ထိုင်နေခဲ့သည်။


ချီဖန့် သူ့ပါးပြင်သူပွတ်ပြီး မသိစိတ်ဖြင့် ပြုံးပြလိုက်မိသည်။



🏫🏫🏫