Chapter 4
Viewers 180

🏫 Chapter 4



နေ့လယ်ခင်းတွင် စာသင်ချိန်သုံးချိန်ရှိပြီး နောက်ဆုံးအချိန်က ကိုယ်ပိုင်လေ့လာချိန်ဖြစ်သည်။ ဖန်းဇီဖေးက ကျောင်းဆင်းခါနီး၌ မျက်လုံးများမှေးကျဉ်းပြီး ချီဖန့်ကို မေးလာခဲ့သည်။ 

"ဒီည ဂိမ်းသွားဆော့ကြမလား..."


ချီဖန့်က ခေါင်းယမ်းပြီး လွယ်အိတ်သိမ်းကာ ပြောပြလိုက်သည်။ 

"ဟင့်အင်း အိမ်ပြန်မှာ..." 


ချီမိသားစု၏ဗီလာက မြို့၏ဆင်ခြေဖုံးနေရာတွင်တည်ရှိသည်။ သူ၏ယခင်ဘဝတွင် အိမ်ပြန်ရန် အလွန်ကြာသည်ဟု ခံစားခဲ့ရပြီး ကားမူးသောကြောင့် အထက်တန်းပြီးနောက် ကျောင်းအနီး၌ တိုက်ခန်းတစ်ခုဝယ်နေကာ စနေနေ့မှသာ အိမ်ပြန်လေ့ရှိသည်။ 


ယနေ့က သောကြာနေ့ဖြစ်သော်လည်း သူ မစောင့်နိုင်တော့ချေ။ ကျောင်းခေါင်းလောင်းသံမြည်လာသည်နှင့် ချီဖန့် ဖန်းဇီဖေးကိုနှုတ်ဆက်ပြီး စာသင်ခန်းထဲမှပြေးထွက်လာခဲ့သည်။


ဖန်းဇီဖေးက သူ့ကိုမတားနိုင်ဘဲ သံသယစိတ်ဖြင့် သူ့ခေါင်းသူ ထိလိုက်သည်။


ချီဖန့်က ဒရိုက်ဘာမခေါ်ဘဲ ကျောင်းဂိတ်ဝမှထွက်ကာ ဘတ်စ်ကားမှတ်တိုင်သို့ သွားခဲ့သည်။ ကျောင်းမှ သူ့အိမ်သို့ တိုက်ရိုက်ရောက်သည့် ဘတ်စ်ကားတစ်စီးရှိသည်။ ချီဖန့် ထွက်လာသည်မှာ စောနေပြီး ဂိတ်ပေါက်ဝ၌ ကလေးများကြိုရန် စောင့်နေသော မိဘများစွာရှိနေသည်။


ချီဖန့် လူအုပ်ထဲမှဖြတ်လာပြီး နောက်ဆုံးတွင် လမ်းတစ်ဖက်ခြမ်းသို့ ရောက်လာခဲ့သည်။ သူ ဘတ်စ်ကားမှတ်တိုင်၌ မစောင့်မီ ဘတ်စ်ကားက သူ့အိမ်ကိုဖြတ်သွားကြောင်း သေချာစေရန်ကြည့်ခဲ့သည်။


ချီဖန့်နောက်ရှိ ဆန့်ကျင်ဘက်ခြမ်းတွင် ကျောင်းသားများက စာသင်ဆောင်မှ စထွက်လာကြပြီး နေရာတစ်ခုလုံး လူများရှုပ်လာခဲ့သည်။ 


ဒီလောက်လူအများကြီးထဲက မိဘတွေ သူတို့ကလေးကို ဘယ်လိုရှာကြလဲ မသိဘူး...မိဘတွေရဲ့ထူးခြားတဲ့ စွမ်းရည်ကြောင့်များလား...


ချီဖန့် ဘတ်စ်ကားကို လေးနက်စွာစောင့်နေပြီး လမ်းဘေးတွင် ရပ်ထားသော အနက်ရောင်ကားတစ်စီးကို သတိပြုမိခဲ့သည်။


သူ ကားများကို သဘောမကျလှသည့်အပြင် ဂရုတစိုက် မလေ့လာဖူးချေ။ သူ သိသော ဘရန်းများက လူသုံးများသော ဘရန်းများသာဖြစ်သည်။ သူ ထိုကား၏ ဘရန်းကို မမြင်ရသော်လည်း တစ်ချက်ကြည့်ရုံဖြင့် ဈေးပေါမည်မဟုတ်သည်ကို သိ၏။


လူချမ်းသာတွေပဲ...


ချီဖန့်၏စိတ်ထဲတွင် တိတ်တဆိတ် အဓိပ္ပါယ်ဖွင့်ပြီးနောက် တည်ငြိမ်စွာဖြင့် တစ်ဖက်ခြမ်းသို့ အကြည့်လွှဲလိုက်သည်။


ခဏအကြာတွင် တစ်စုံတစ်ယောက်က လမ်းဖြတ်ကူးလာပြီး ကားဆီသို့ လျှောက်လာခဲ့သည်။ ချီဖန့် ခေါင်းလှည့်ကြည့်ပြီး အံ့အားသင့်သွားခဲ့သည်။ 


ယွီမော့က ကားဆီသို့ အမူအရာမဲ့စွာလျှောက်လာခဲ့သည်။ ထို့နောက် ကားထဲမှ လူတစ်ဦးထွက်လာပြီး သူ့အတွက် တံခါးဖွင့်ပေးခဲ့သည်။ ယွီမော့ ကားထဲဝင်ထိုင်ပြီးချိန်တွင် ထိုလူက သူ့အတွက် တံခါးပိတ်ပေးခဲ့သည်။


ချီဖန့် : "..."

သူက တကယ်ကြီး သခင်ငယ်လေးလား...


ယခင်ဘဝတွင် အွန်လိုင်းပေါ်၌ ယွီမော့၏ မိသားစုအခြေအနေနှင့်ပတ်သက်ပြီး ထင်ကြေးပေးမှုများ ပွထခဲ့ကာ အမွေသန်းပေါင်းများစွာ ဆက်ခံခဲ့ရသည်ဟု ပြောခဲ့ကြသည်။ ထိုအချိန်တွင် ယွီမော့၏ နောက်ခံက လျှို့ဝှက်ချက်များပြည့်နေပြီး မည်သည့်မိသားစုနှင့်မှ အဆက်အသွယ်မရှိသောကြောင့် ယွီမော့ကို တန်ပြန်တိုက်ခိုက်ရန် ရုန်းကန်နေသော လူငယ်တစ်ဦးအဖြစ် မှတ်ယူခဲ့သည်။


သို့သော် ယခုတွင် ဘီလီယံနှင့်ချီသော အမွေများ ဆက်ခံရသည်ဟူသောထင်ကြေးက အမှန်တရားနှင့် ပိုနီးစပ်ပုံရသည်။


အနက်ရောင်ကားက သူ့ပိုင်ရှင် အထဲဝင်ပြီးသည့်တိုင် အကြောင်းတစ်ခုခုကြောင့် ထိုနေရာတွင် မလှုပ်မလျက်ရပ်နေဆဲဖြစ်သည်။ ချီဖန့် စူးစမ်းစွာကြည့်နေစဉ် ဘတ်စ်ကားရောက်လာသောကြောင့် အကြည့်လွှဲကာ ဘတ်စ်ကားပေါ်တက်ခဲ့သည်။


ဘတ်စ်ကားပေါ်တွင် လူများစွာမရှိချေ။ ဤဘတ်စ်ကားလမ်းကြောင်းက မြို့အစွန်အဖျားသို့သွားပေသည်။ ထိုနေရာ၌ ချီမိသားစုနေထိုင်သည့် ဗီလာဧရိယာမှလွဲ၍ အခြေခံအားဖြင့် လူနေရပ်ကွက်များ မရှိချေ။ ထို့အပြင် ဗီလာဧရိယာတွင်နေထိုင်ကြသူများက အခြေခံအားဖြင့် ကိုယ်ပိုင်ကားများရှိကြပြီး ဘတ်စ်ကားစီးမည်မဟုတ်ချေ။


ချီဖန့်က နောက်တန်းတွင် ခုံတစ်ခုံရှာပြီး ထိုင်လိုက်သည်။ သူ မျက်လုံးများမှိတ်ပြီး ခဏအိပ်ရန် စီစဉ်ထားသည်။ သူက သူကိုယ်တိုင်ကားမောင်းချိန်မှလွဲ၍ ကားစီးတိုင်း ကားမူးဒဏ်ကို အမြဲခံစားရပေသည်။ သို့သော် ကားမတော်တဆမှုဖြစ်ပြီးနောက် စတီယာတိုင်ကို ထိမိသည်နှင့် စိတ်ဖိစီးလာသောကြောင့် နောက်ဆုံးတွင် လက်လျှော့ခဲ့ရသည်။ 


နောက်ဆုံး၌ ကားမတော်တဆမှုနှင့် ယှဉ်လျှင် ကားမူးခြင်းက ဘာမှမဟုတ်ချေ။


သူ တစ်လမ်းလုံး အိပ်လိုက်လာပြီး ဗီလာအိမ်ရာသို့ရောက်ချိန်တွင် အနည်းငယ်မှောင်နေပြီဖြစ်သည်။


သူ တံခါးဝ၌ ရပ်နေသော တံခါးစောင့်ကို နှုတ်ဆက်ပြီးနောက် အိမ်ရာထဲသို့ ဝင်လာခဲ့သည်။ ဗီလာအိမ်ရာတွင် လူများစွာမရှိသောကြောင့် ဗီလာများကြား၌ အကွာအဝေးရှိသည်။ လမ်းနှစ်ဘက်ရှိ သစ်ပင်များပေါ်တွင် သစ်ရွက်များက အနည်းငယ် အဝါရောင်သန်းနေကာ မြေပြင်ပေါ်သို့ ကျဆင်းလာစဉ် အသံအချို့ရှိနေသည်။


သူ အိမ်နှင့် ပိုနီးလာလေ သူ့စိတ်ထဲရှိ ခံစားချက်များကို မထိန်းနိုင်လေဖြစ်လာခဲ့၏။


သူ လမ်းထောင့်ချိုးပြီးသည်နှင့် ချီမိသားစုဗီလာကို မြင်နိုင်ပြီဖြစ်သည်။ 


ချီဖန့်၏ခြေလှမ်းများက မနေနိုင်ဘဲ ရပ်တန့်သွားခဲ့သည်။

တကယ်တော့ အရာအားလုံးက ငါ ထင်ယောင်ထင်မှား ဖြစ်နေတာတွေပဲဆိုရင်ရော... ပြန်လည်မွေးဖွားလာတယ်ဆိုတာက ငါ ဖိအားတွေမခံနိုင်တော့လို့ ထင်ယောင်ထင်မှားဖြစ်နေတာဆိုရင်ရော...ငါလမ်းဆက်လျှောက်သွားရင် အေးစက်နေတဲ့ ဗီလာကိုပဲ မြင်ရမှာလား...


ချီဖန့် အလွန်မတွေးဝံ့ဘဲ ရှောင်တိမ်းရန် အတွေးဝင်လာခဲ့သည်။ 


သူ ခြေတစ်လှမ်းပြန်ဆုတ်ပြီး ထွက်သွားရန် တုံ့ဆိုင်းနေစဉ်...


"ပွမ်..." 

သူ့နောက်မှ ကားဟွန်းသံတစ်သံ ကြားလိုက်ရသည်။


ချီဖန့် လှည့်ကြည့်လိုက်ရာ သူ လမ်းလယ်သို့ ဘယ်အချိန်က ရောက်နေသည်မသိဘဲ ထိုနေရာ၌ အချိန်အတန်ကြာ ရပ်နေသည်ကို သိလိုက်ရ၏။ ချီဖန့် လမ်းဘေးသို့ အမြန်ပြန်ဖယ်ပေးပြီး သူ့ဘေးမှ ကားဖြတ်မောင်းသွားသည်ကို ကြည့်နေခဲ့သည်။


ဒီကားက... 

ချီဖန့်၏မျက်လုံးများက ကားပြတင်းပေါက်ပေါ် ရောက်သွားခဲ့သည်။ မှောင်မဲနေသော ကားပြတင်းပေါက်ကြောင့် အထဲရှိလူများကို မမြင်နိုင်သော်လည်း ကားထဲမှ တစ်စုံတစ်ယောက်က သူ့အားစိုက်ကြည့်နေသည်ဟု ချီဖန့် ခံစားခဲ့ရသည်။


ဒါပေမယ့် အဲဒါက ဖြစ်နိုင်ပါတယ်လေ... လူတစ်ယောက်က လမ်းလယ်မှာအကြာကြီးရပ်နေတာကို တစ်ယောက်ယောက်မြင်ရင် ဒီလူဦးနှောက်မကောင်းဘူးလားလို့ ထင်သွားမှာပေါ့...


ချီဖန့် ထိုသို့တွေးပြီး ကားလိုင်စင်နံပါတ်ပြားကို မသိစိတ်အရ ကြည့်လိုက်၏။


ချီဖန့် : "..."


ခဏလေး ဒီကားက... ယွီမော့ရဲ့ကားမလား...


ငါစီးလာတဲ့ဘတ်စ်ကားက လမ်းမှာရပ်သေးတာတောင် ဒီကားထက်မြန်နေတာလား...


ချီဖန့်က အရှေ့ရှိလမ်းထောင့်ချိုး၌ ပျောက်ကွယ်သွားသောကားကို ဗလာဖြစ်စွာ ကြည့်နေခဲ့သည်။


ယွီမော့လည်း ဒီမှာနေတာပဲလား...


ချီဖန့် အံ့သြမှုဖြင့် မျက်တောင်ခတ်လိုက်သည်။ 

အရင်တုန်းက ငါ့အိမ်နားမှာ ယွီမော့ကို မမြင်ဖူးပါဘူး...ဒါပေမယ့် ဒါက ထင်ကြေးပေးရုံပဲ...ငါ ဖောက်ထွင်းမမြင်နိုင်တော့ ကားထဲက လူကိုမမြင်ရဘူး... 


သူ ယခင်ဘဝ၌ ယွီမော့နှင့် အကြိမ်များစွာ တွေ့ဖူးနိုင်သည်ကိုတွေးပြီး ချီဖန့် သူ့နှာခေါင်းထိပ်ကို ပွတ်လိုက်သည်။


အံ့သြစရာမရှိတော့ဘူး... အရင်တုန်းက လေလံဆွဲကြတိုင်း ယွီမော့ကုမ္ပဏီက ချီကုမ္ပဏီကို အကြိမ်တော်တော်များများ ရွေးချယ်ခဲ့တာ သူငါ့ကို ရင်းနှီးတယ်လို့ ထင်လို့လား...


ထိုသို့ ကိစ္စများဖြစ်ပြီးနောက် ချီဖန့် သူ့မှတ်ဉာဏ်များကို ပြန်ကြည့်လိုက်မိသည်။ သူ ခပ်ဖွဖွပြုံးပြီး နှာခေါင်းထိပ်ကိုပွတ်ကာ ထိုမျှရှက်နေရန် မမျှော်လင့်ထားချေ။


သူ လမ်းထောင့်ချိုးပြီးနောက် အပြာနှင့်အဖြူစပ်ထားသော ဗီလာကြီးကို မြင်လိုက်ရသည်။ ဗီလာ ပြတင်းပေါက်မှတစ်ဆင့် နွေးထွေးသော အလင်းရောင်ကို မြင်လိုက်ရပြီး ချီဖန့်၏မျက်လုံးများ စိုစွတ်သွားခဲ့သည်။ သို့သော် သူ လျင်မြန်စွာပင် မျက်နှာပေါ်၌ အပြုံးတစ်ခုဆင်မြန်းပြီး ဗီလာအတွင်းသို့ ဝင်သွားခဲ့သည်။



🏫🏫🏫