Chapter 5
Viewers 182

🏫 Chapter 5



မာမားချီက အပြင်၌ မည်သူရှိနေသည်ကို တွေးပြီး တံခါးဖွင့်လိုက်သည်။ ရလဒ်အနေဖြင့် သူမ၏သားငယ်က တံခါးရှေ့၌ ရပ်နေသည်ကိုတွေ့လိုက်ရ၏။


သူ့မျက်လုံးများကလည်း နီရဲနေပေသည်။


"ရှောင်ဖန့် ဘာဖြစ်လာတာလဲ...ဘာဖြစ်လို့လဲ..."  

မာမားချီက လန့်ဖျပ်သွားပြီး လက်ဆန့်ကာ သူမ၏သားငယ်ကို အိမ်ထဲသို့ဆွဲခေါ်လိုက်သည်။ သူမက ချီဖန့် နောက်ကို လှည့်ကြည့်လိုက်သော်လည်း အခြားမည်သူကိုမျှ မတွေ့သောကြောင့် တွန့်ဆုတ်စွာ တံခါးပြန်ပိတ်လိုက်သည်။  

"ရှောင်ဖန့် ဘာဖြစ်လို့လဲ...ကျောင်းမှာ အနိုင်ကျင့်ခံရလို့လား..."


မာမားချီ၏အသံက မကျယ်လှသည့်တိုင် ဧည့်ခန်း၌ထိုင်နေသော ပါပါးချီနှင့် ချီမိသားစုဒုတိယမြောက်သားတို့နှစ်ဦးလုံး ကြားသွားခဲ့ကြသည်။ ချီဖန့်၏ဒုတိယအစ်ကိုက ရုတ်တရက် ထရပ်လာခဲ့သည်။ 

"မား ဘာဖြစ်တာလဲ...ရှောင်ဖန့် အနိုင်ကျင့်ခံရလို့လား..."


ချီဖန့် ကူကယ်ရာမဲ့ဖြစ်သွားခဲ့သည်။ 


သူ့အမေ၏မျက်လုံးထဲတွင် သူက ငိုယိုပြီး သူ့အမေကိုရှာရန် အိမ်ပြန်ပြေးလာသော ကလေးလေးဖြစ်နေဆဲဖြစ်သည်။


"မား ကျွန်တော်အဆင်ပြေပါတယ်... ကျွန်တော်က ဒီတိုင်း..."


ချီဖန့်က သူ့လေသံထဲရှိ ခံစားချက်များကို ထုတ်မပြဘဲ ခဏရပ်လိုက်သည်။ 

"ကျွန်တော်က ဒီတိုင်း မားကိုတွေ့ဖို့ပြန်လာတာ...လေတိုက်ပြင်းတော့ ဖုန်တွေမျက်လုံးထဲဝင်သွားလို့ နည်းနည်းနီနေတဲ့ပုံဖြစ်နေတာ..."


မာမားချီက ချီဖန့်၏မျက်လုံးထောင့်ကို ဂရုတစိုက်ကြည့်ပြီး ယုံတစ်ဝက် မယုံတစ်ဝက်နှင့် ပြောလိုက်သည်။

"တကယ်လား..."


ချီဖန့် ခေါင်းညိတ်ပြလိုက်သည်။ မာမားချီက ချီဖန့်၏နဖူးကို ကူကယ်ရာမဲ့စွာဖြင့် အသာအယာတို့ပြီး ပြောလိုက်သည်။

"မင်းကတော့လေ... အိမ်ပြန်လာချင်တာပဲ ဒရိုက်ဘာကို လာကြိုခိုင်းလိုက်ပါ့လား... တစ်ယောက်တည်း ပြန်လာတယ်ဆိုတာ ဘယ်လောက်အန္တရာယ်များလဲ သိရဲ့လား..."


ချီဖန့်က ပြန်မငြင်းဘဲ အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဒုတိယအစ်ကိုချီက အနားတွင် ရပ်နေပြီး သူ့ညီ၏ စိတ်အခြေအနေကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည်။


ယခင်က ချီဖန့်၏စိတ်အခြေအနေမှာ ဆိုးလှသည်မဟုတ်သော်လည်း သူက ချုပ်နှောင်ခံရသည်ကို မကြိုက်ချေ။ သူ အိမ်မှထွက်ပြီး တစ်ယောက်တည်းနေရသည့် အကြောင်းအရင်းတစ်ဝက်က ချီမိသားစု၏ဗီလာမှာ အလွန်ဝေးသောကြောင့်ဖြစ်ပြီး အခြားတစ်ဝက်က အိမ်တွင် မာမားချီက အမြဲပွစိပွစိပြောသောကြောင့်ဖြစ်သည်။ 


ဒါပေမယ့် ဒီနေ့တော့ ငါ့ညီလေးစိတ်ရှည်နေတဲ့ပုံပဲ...


ချီဖန့်က မာမားချီကိုချော့ပြီးနောက် လှည့်ကြည့်လိုက်ရာ ဘေးတွင်ရပ်နေသော ဒုတိယအစ်ကိုကိုတွေ့၍ သူ့မျက်လုံးများ တစ်ဖန်နီမြန်းလာခဲ့သည်။ သူက မျက်တောင်ခတ်ပြီး တောက်ပစွာ ပြုံးလိုက်သည်။ 

"ဒုတိယအစ်ကို..."


ချီမိသားစုဒုတိယသားက ခေါင်းညိတ်ပြီး တုံ့ပြန်လာခဲ့သည်။ သူက ချီဖန့်ထက် ခုနှစ်နှစ်သာကြီးပြီး ယခုနှစ်တွင် ၂၃ နှစ်သာ ရှိသေးသည်။ သူက ချီဖန့်ထက် များစွာ ရင့်ကျက်ပုံရပြီး ကိုယ်ပိုင်ကုမ္ပဏီ ရှိနေပြီဖြစ်သည်။ ချီကျန့် မကြာသေးမီက ကုမ္ပဏီတွင် အချိန်ပိုဆင်းခဲ့ပြီး ယနေ့ အနားယူရန်ပြန်လာစဉ် ရုတ်တရက် အိမ်ပြန်လာသော ချီဖန့်နှင့် တွေ့ခဲ့ရသည်။


"အနိုင်ကျင့်ခံရတာလား..."  

ချီကျန့်က ချီဖန့်၏အကြောင်းပြချက်ကို မယုံချေ။ 


ဘယ်လိုတောင်ဆန်းကြယ်တာလဲ...ဒီနေ့ အပြင်မှာတိုက်နေတဲ့လေက သစ်ရွက်လှုပ်အောင်တောင် မတိုက်နိုင်တာကို...


ချီဖန့်က ချောင်းဟန့်ပြီးပြောလိုက်သည်။ 

"မဟုတ်ဘူး တကယ်တော့... ကျွန်တော် စာမေးပွဲမှာကောင်းကောင်းမဖြေနိုင်ခဲ့လို့..." 


ချီဖန့် ဆင်ခြင်တစ်ခုကောက်ပေးပြီးနောက် ဒုတိယအစ်ကိုမယုံမည်ကိုစိုးကာ ဧည့်ခန်းထဲလှည့်ကြည့်၍ မေးလိုက်သည်။ 

"အစ်ကိုကြီးရော မရှိဘူးလား..."


"မရှိဘူး..." 

ချီကျန့်က ပြန်ဖြေပြီး ချီဖန့်ကို အပေါ်အောက်ကြည့်လိုက်သည်။ 

"စာမေးပွဲရလဒ်တွေကြောင့်လား..."


ချီဖန့်က ဝမ်းနည်းစွာ ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် ဘာလုပ်ရမလဲ..." 


ချီကျန့်က သူ့ညီငယ်လေး၏နူးညံ့သောဆံပင်များကို ပွတ်သပ်လိုက်သည်။

"ရပါတယ်...‌ဒီဒုတိယအစ်ကိုက မင်းကို ထောက်ပံ့မှာပေါ့..."


ချီဖန့်က အိမ်တွင် အမြဲမျက်နှာသာပေးခံရပေသည်။ သူ့မိဘများက သူ့ကိုအဆင့်များကြောင့် ဆူမည်မဟုတ်သည်ကိုသိသော်လည်း ချီကျန့်၏ဘက်လိုက်သော အသွင်အပြင်က သူ့နှလုံးသားကို နွေးထွေးစေဆဲဖြစ်သည်။


ချီမိသားစု ညစာစားချိန်၌ စားပွဲပေါ်တွင် ဟင်းများစွာရှိနေပြီဖြစ်သည်။ ချီမိသားစုက ထမင်းချက်မငှားဘဲ မာမားချီကသာ အမြဲချက်ပြုတ်ပေသည်။ မာမားချီက သူမမိသားစု ဟင်းပွဲများအား မြိန်ယှက်စွာစားနေသည်ကို ကြည့်ရခြင်းမှာ အထူးကျေနပ်ဖွယ်ကောင်းသည်ဟု ဆိုသည်။


ချီဖန့်က သူပြန်လာမည့်အကြောင်းကြိုမပြောထားသော်လည်း မာမားချီချက်ထားသော ဟင်းပွဲအများစုမှာ သူ့အကြိုက်များဖြစ်နေဆဲဖြစ်သည်။ မာမားချီက နောက်ဆုံးဟင်းပွဲကို စားပွဲပေါ်ယူလာပြီး ပါပါးချီ၏နှိုက်စားရန် ကြိုးစားနေသော တူများကို တွန်းထုတ်လိုက်သည်။


ပါပါးချီက တိတ်တဆိတ် ချောင်းဟန့်ပြီး တူများပြန်ဖယ်လိုက်သည်။


သူတို့ တရားဝင်ညစာမစားမီ လူလေးယောက်လုံး စားပွဲ၌ထိုင်ပြီးသည်ကို စောင့်ခဲ့ကြသည်။ ချီမိသားစုတွင် အစားအသောက်အလေ့အထများစွာ မရှိချေ။ မာမားချီက ချီဖန့်ကို သူ့အနှစ်သက်ဆုံးဖြစ်သည့် ဝက်သားနှပ်ထည့်ပေးလိုက်သည်။ 

"ရှောင်ဖန့် များများစား...သားကြည့်ရတာ ပိန်နေတာပဲ...အဲဒါ ပုံမှန် ကောင်းကောင်းမစားလို့ဖြစ်ရတာ..."


ပါပါးချီ၏မျက်နှာက ဝမ်းနည်းသွားခဲ့သည်။ 

ငါ့အကြိုက်ဆုံးအပိုင်းလေး ပါသွားရှာပြီ... 


ချီဖန့် ခေါင်းညိတ်လိုက်ပြီး သူ့နဖူးပေါ်ရှိ ဆံပင်များက သူ့လှုပ်ရှားမှုနောက်လိုက်၍ ဝဲခါသွားခဲ့သည်။


မာမားချီက နူးညံ့စွာခေါင်းညိတ်လိုက်သည်။ 


မကြာမီ ချီဖန့်၏ထမင်းပန်းကန်ထဲတွင် ဟင်းမျိုးစုံဖြင့် ပြည့်နှက်လာခဲ့သည်။ မာမားချီ၏မျက်နှာက ခံစားချက်များ အပြည့်ဖြစ်နေပြီး တူပြန်ချကာ သူ့ဘေးရှိ သူမ ယောင်္ကျားကိုကြည့်လိုက်သည်။ 

"မြန်မြန်စားလေ...ရှင် ဘာတွေကြည့်နေတာလဲ..."


ပါပါးချီက ကုန်လုနီးပါးဖြစ်နေသော ဝက်သားနှပ်ကို တစ်ချက်ကြည့်ပြီး တူများကို တိတ်တဆိတ်ရွှေ့ကာ ကြက်ဥမွှေကြော်သာ စားလိုက်သည်။


"အာ...သားရဲ့အစ်ကိုကြီး အလုပ်ခရီးထွက်နေတာ နှမြောစရာပဲ... သူ သန်ဘက်ခါ ပြန်လာလိမ့်မယ်ထင်တယ်..." 


မာမားချီက မနေနိုင်ဘဲ ပြောလိုက်သည်။ 

"မဟုတ်ရင် မားတို့မိသားစု စုံစုံလင်လင်ညစာစားရမှာ..."


"ရပါတယ်..." 

ချီဖန့်က မော့ကြည့်ပြီးပြုံးလိုက်သည်။ 

"ကျွန်တော် တနင်္လာနေ့မှ ပြန်လို့ရတယ်... အိမ်က ဒရိုင်ဘာကိုပဲ ဒုက္ခပေးရတော့မယ်..."


သူ ကားမူးလေ့ရှိသဖြင့် ဘတ်စ်ကားမစီးနိုင်ပေ။


"ဘာမှ ဒုက္ခမဖြစ်ဘူး..." 

မာမားချီ၏မျက်လုံးများက ထောက်ပသွားခဲ့သည်။ 

"ဟုတ်သားပဲ... သား အိမ်မှာနောက်ထပ်ရက်နည်းနည်းလောက် နေလိုက်ဦး... မား မင်းကြိုက်တာတွေ ချက်ပေးမယ်..."


ချီဖန့်က တိတ်တဆိတ်ခေါင်းညိတ်ပြပြီး သူ့အဖေ၏မနာလိုသော အကြည့်များက သူ့ကိုသတ်နေသည်ဟုခံစားလိုက်ရသည်။ 


ညစာစားပြီးနောက် ချီဖန့်နှင့် ချီကျန့်တို့က ထမင်းစားပွဲကို သိမ်းဆည်းခဲ့ကြသည်။ 


ချီကျန့် မီးဖိုချောင်ထဲဝင်လာချိန်တွင် အိမ်အလုပ်မလုပ်တတ်သော သူ့ညီလေးက ပန်းကန်များဆေးနေသည်ကို တွေ့ရပြီး အံ့အားသင့်သွားခဲ့သည်။ 


ပြီးတော့ အရမ်းကျွမ်းကျင်နေတယ်...


ချီဖန့် အရင်တစ်ပတ်ပြန်လာတုန်းကတောင် ဒီလိုမဟုတ်ပါဘူး...ဒီအပတ်မှ ဘာဖြစ်သွားတာလဲ...


ချီကျန့်က မီးဖိုချောင်ကိုပင် သန့်ရှင်းရေးလုပ်နေသော ချီဖန့်ကို ထိတ်လန့်စွာကြည့်နေခဲ့သည်။ 


ချီဖန့် သန့်ရှင်းရေးလုပ်ပြီးနောက် ခေါင်းမော့လိုက်စဉ် ချီကျန့်၏အမူအရာကိုတွေ့ရပြီး ထိတ်လန့်စွာနောက်ဆုတ်လိုက်မိသည်။ 

"အစ်ကို ဘာဖြစ်လို့လဲ..."


"ဘာ ဘာမှမဟုတ်ဘူး..." 

ချီကျန့်က သူ့မျက်နှာပေါ်ရှိအမူအရာကို တိတ်တဆိတ် ဖယ်ရှား၍ သန့်ရှင်းထားသော မီးဖိုချောင်ကိုတစ်ချက်ကြည့်ပြီး တုံ့ဆိုင်းစွာမေးလိုက်သည်။

"ရှောင်ဖန့် မင်းရဲ့စာမေးပွဲရလဒ်က တော်တော်ဆိုးလို့လား..."


ဒီလှုံ့ဆော်မှုက အရမ်းကြီးတာပဲ... ငါ့ညီလေးက အနာဂတ်မှာ အိမ်မှုကိစ္စလုပ်ဖို့ စီစဉ်နေတာများလား... 


ချီဖန့်၏မျက်နှာက နီရဲလာပြီး သူ့အမှတ်ကို မရှင်းပြနိုင်ခဲ့ချေ။ 

"အစ်ကို မမေးပါနဲ့တော့...အဲဒါက တော်တော်ဆိုးတယ်..."


"ဒါနဲ့ အစ်ကို..." 

ချီဖန့် ရုတ်တရက် တစ်ခုခုတွေးမိသွားပြီး ချီကျန့်ကို ကြည့်လိုက်သည်။ 

"အစ်ကို့အသိထဲ ကျူတာကောင်း‌ကောင်းရှိလား..."


"ကျူတာလား..."


"ဟုတ်တယ်..."

ချီဖန့် လက်များချပြီး သက်ပြင်းချလိုက်သည်။ 

"ကျွန်တော့်အခြေခံက အရမ်းဆိုးလွန်းလို့ ကျောင်းက သင်ခန်းစာတွေ လိုက်မမှီဘူး...အဲဒါကြောင့် သင်ခန်းစာတွေ ပြန်နွှေးဖို့ ကျူတာတစ်ယောက်လောက်ရှာချင်တယ်..."


ငါ့ညီလေး တကယ်ကြီး စာမေးပွဲရလဒ်ကြောင့်လှုံ့ဆော်ခံရခဲ့တာလား... 


ချီကျန့်ခေါင်းညိတ်ပြီး ပြောလိုက်သည်။ 

"ငါ မင်းကို သင့်တော်တဲ့သူရှိလား ကူကြည့်ပေးမယ်..."


"ကောင်းပါပြီ ကျေးဇူးပါ..."

ချီဖန့်က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။


ချီကျန့်က ချီဖန့်၏နူးညံ့သောဆံပင်များကို ပွတ်သပ်လိုက်သည်။ 

"မင်းကို ဘယ်သူက ငါ့ညီလေးဖြစ်ခိုင်းခဲ့လို့လဲ..." 


ချီဖန့်က ခေါင်းညိတ်ပြကာ ခဏခန့်တုံ့ဆိုင်းနေပြီးနောက် ချီကျန့်အနားကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။ 

"ဒါနဲ့ အစ်ကို...ပါပါးက မြို့မြောက်ဘက်မှာရှိတဲ့ မြေကိုလေလံဆွဲနေတာမလား..."


ချီကျန့် အံ့အားသင့်သွားခဲ့သည်။ 


ချီဖန့်က ပုံမှန်ဆိုမိသားစုစီးပွားရေးကို ဂရုမစိုက်တတ်ပါဘူး... အခုမှ ဘာလို့ရုတ်တရက် မေးတာပါလိမ့်... 


သူခေါင်းညိတ်ပြပြီး ပြန်မေးလိုက်သည်။ 

"မင်း ဘယ်လိုသိတာလဲ..." 


ချီဖန့်က နှုတ်ခမ်းများတင်းတင်းစေ့ပြီး တံခါးအပြင်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။ ဧည့်ခန်းထဲတွင် ပါပါးချီက သတင်းစာဖတ်နေပြီး မာမားချီက တီဗီရှိုးတစ်ခုကြည့်နေသည်။ တီဗွီမှအသံက အနည်းငယ်ကျယ်နေပြီး ညီအစ်ကိုနှစ်ယောက် မီးဖိုချောင်ထဲ၌ အချိန်အတန်ကြာရှိနေသည်ကို သူတို့နှစ်ယောက်လုံး သတိမထားမိကြချေ။


"အစ်ကို အဲဒီမြေကွက်က တစ်ခုခုမှားနေတယ်လို့ မထင်ဘူးလား..."


ချီကျန့် ရယ်မောလိုက်သည်။ 

"မင်းကို ဘယ်သူပြောလိုက်တာလဲ... ဖန်းဇီဖေးလား... သူက အဲဒါတွေ ဘယ်လိုလုပ်သိမှာလဲ..."


ချီဖန့် ကူကယ်ရာမဲ့ ဖြစ်သွားခဲ့သည်။


သူ့ကို ထိုအကြောင်း မည်သူမှမပြောခဲ့ပေ။ ယခင်ဘဝတွင် ချီမိသားစုက ထိုမြေကွက်အတွက် ယှဉ်ပြိုင်ခဲ့သည်။ သို့သော် မြေကွက်ရပြီးနောက်တွင် ထိုနေရာက ပြဿနာမျိုးစုံရှိလာခဲ့သည်။ ညွှန်ကြားချက်ဖိုင်က လွှဲပြောင်းမရသည်သာမက ပရိုဂရမ်က အလုပ်မလုပ်နိုင်ချေ။ အဆုံးတွင် ထိုအပိုင်းက အများပြည်သူထံမှ စာချုပ်ချုပ်ခံရပြီး ချီမိသားစု၏ အစောပိုင်းရင်းနှီးမြှုပ်နှံထားသောငွေများ ဆုံးရှုံးခဲ့ရသည်။


ချီမိသားစု၏မျိုးဆက်ဟောင်းများက ထိုအဖြစ်အပျက်ကြောင့်နှင့် မပြိုလဲသွားသော်လည်း ထိုအချိန်က ရင်းနှီးငွေ လည်ပတ်မှုလျော့နည်းသွားသည့် အခြေအနေက ထိုမြေမှ ပြဿနာများဖြစ်ရန် စတင်ခဲ့သည်။


ချီဖန့် ခဏခန့်တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ 

"မဟုတ်ဘူး...ကျွန်တော့် ဘာသာစဉ်းစားခဲ့တာ..."


"အစ်ကိုကြည့်လေ...မြို့မြောက်ပိုင်းက တဖြည်းဖြည်း ဖွံ့ဖြိုးလာတယ်ဆိုပေမယ့် မြို့လယ်နဲ့ ဝေးလွန်းတယ်... အစိုးရရဲ့ ဦးစားပေးက မြို့တောင်ပိုင်းရဲ့ ကူးသန်းရောင်းဝယ်ရေး ဧရိယာဖွံ့ဖြိုးလာဖို့ပဲ...အဲဒါဖွံ့ဖြိုးဖို့ဆိုရင်တောင် နှစ်အကြာကြီးအချိန်ယူရဦးမှာ... တခြားမူဝါဒတွေအရ အဲဒီမြေကွက်က မြို့မြောက်ပိုင်းရဲ့ အချက်အချာနေရာဖြစ်လာနိုင်တယ်..."


ချီကျန့် အစပိုင်း၌ ချီဖန့်၏စကားများကို ဂရုမစိုက်ခဲ့ချေ။ သို့သော် ချီဖန့် စကားပြောပြီးနောက် ချီကျန့် မနေနိုင်ဘဲ မျက်မှောင်ကြုတ်မိခဲ့သည်။ 


ချီဖန့်ပြောတာက မဖြစ်နိုင်တာတော့မဟုတ်ဘူး...မြေဧရိယာက အရမ်းကြီးလွန်းတယ်...တကယ် အချိန်ကြန့်ကြာရင် ချီမိသားစု အဲဒါကို ထောက်ပံ့နိုင်မှာမဟုတ်ဘူး... 


ချီကျန့် ခေါင်းညိတ်ပြီးပြောလိုက်သည်။

"ကောင်းပြီ...ငါ အဲဒီအကြောင်း အဖေ့ကို ပြောလိုက်မယ်..."


ချီဖန့် ခေါင်းညိတ်ပြလိုက်သည်။ 


ယခုတွင် လေလံစျေးက အလွန်ကြီးနေပြီဖြစ်သည်ကို သူသိ၏။ ပါပါးချီက ထိုမြေအတွက် လပေါင်းများစွာ အလုပ်ရှုပ်ခဲ့သည်။ သူ့စကားကြောင့်နှင့် ထိုကဲ့သို့ အရေးကြီးသောမြေကွက်ကို စွန့်လွှတ်ရန် မဖြစ်နိုင်ချေ။ သို့သော် အမှန်တွင် လူများစွာက ထိုမြေ၏အခြေအနေကိုသိထားသော်လည်း လျှို့ဝှက်ထားခဲ့ကြသည်။ ယခင်ဘဝတွင် ပါပါးချီက ပေါ့ဆမိပြီး ထိုမြေ၏ဖုံးကွယ်ထားသော အန္တရာယ်များကို သတိမပြုမိခဲ့ချေ။ ယခု ဒုတိယအစ်ကိုက သတိကြီးနေပြီဖြစ်၍ ပါပါးချီ ယခင်ဘဝကဲ့သို့ တူညီသောအမှားမျိုး ထပ်မပြုလုပ်နိုင်လောက်ချေ။


ချီဖန့် သူ့စိုးရိမ်မှုကိုဖြေရှင်းပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။



🏫🏫🏫