Chapter 6
Viewers 193

🏫 Chapter 6



ဒရိုင်ဘာက ကားပါကင်ထိုးပြီးသွား၍ အိမ်တော်ထိန်းက တစ်ဖက်မှ တံခါးလာဖွင့်ပေးသော်လည်း ယွီမော့ ကားထဲထိုင်နေဆဲဖြစ်သည်။


"သခင်လေး..."


ယွီမော့ နောက်လှည့်ကြည့်ပြီး ကားပေါ်မှ အမူအရာမဲ့စွာ ဆင်းလိုက်သည်။


ဗီလာထဲ၌ မီးများလင်းထိန်နေသည့်တိုင် မည်သူမှ ရှိမနေချေ။


"သခင်ကြီးနဲ့ သခင်မက ညနေဘက်မှာ ပွဲတစ်ခုတက်စရာရှိလို့ ညစာစားဖို့ ပြန်လာမှာမဟုတ်ပါဘူး...သခင်လေးအတွက်တော့ ညစာပြင်ထားပြီးပါပြီ..."


ယွီမော့ လက်ဝှေ့ယမ်းပြလိုက်၏။ 


အိမ်တော်ထိန်းက ခေါင်းညိတ်ပြပြီး ထွက်သွားရန်ပြင်လိုက်စဉ် ယွီမော့ တားလိုက်သည်။ သူ၏အမူအရာမဲ့သောမျက်နှာပေါ်တွင် သံသယရိပ် အနည်းငယ်ရှိနေခဲ့သည်။


"ဘာလို့..." 


ယွီမော့ ခဏရပ်လိုက်ပြီး သူ့ပြဿနာအား မည်သို့ဖော်ပြရမည်ကို တွေးလိုက်သည်။ စောစောက သူကားထဲ၌ထိုင်နေစဉ် ကားပြတင်းပေါက်မှ ချီဖန့်ကို တွေ့ခဲ့ရသည်။ ချီဖန့် မမြင်နိုင်သည်ကို သူ သိသော်လည်း မသိစိတ်အရ ရှောင်မိခဲ့သည်။


တစ်စုံတစ်ယောက်က သူ့နှလုံးခုန်နှုန်းကို မိသွားသကဲ့သို့ ခံစားရသည်။


ထိုအခြေအနေက ပထမဆုံးအကြိမ် မဟုတ်ချေ။ အထက်တန်းကျောင်းတွင် သူ ချီဖန့်နှင့် မျက်နှာချင်းဆိုင်မိစဥ်တိုင်း ယွီမော့ မနေနိုင်ဘဲ ရှောင်ချင်မိခဲ့သည်။ သူ့မှတ်ဥာဏ်ထဲတွင် ထိုအခြေအနေအထိ မည်သူ့ကိုမှ မကြောက်ဖူးခဲ့ပေ။


ချီဖန့်မှာ ဘယ်လိုစွမ်းရည်မျိုးတွေ ရှိနေတာလဲ...


"သခင်လေး..." 

ယွီမော့က ယနေ့ အနည်းငယ်ပုံမှန်မဟုတ်သည်ကို အိမ်တော်ထိန်း သိရှိသော်လည်း သူ၏အထောက်အထားကြောင့် ထပ်မံမေးမြန်းခွင့်မရှိချေ။ သခင်လေးက ယုံကြည်မှုကြောင့် ပြောပြလိုသည်ကို သူ ထပ်မေးလိုက်ပါက ဒုက္ခရောက်သွားလိမ့်မည်ဖြစ်သည်။


ယွီမော့ ခေါင်းခါလိုက်သည်။ 

"ဘာမှမဟုတ်တော့ဘူး..."


ယွီမော့ တိတ်ဆိတ်စွာ ညစာစားပြီးနောက် အိမ်စာလုပ်ရန် အပေါ်ထပ်သို့တက်လာခဲ့သည်။ အိမ်စာလုပ်နေစဉ် သူ့အမေထံမှ ဖုန်းဝင်လာခဲ့သည်။


"မား..."


မာမားယွီက ယွီမော့အသံကိုကြားချိန်တွင် သူမမျက်နှာပေါ်ရှိအပြုံးက ပိုနက်ရှိုင်းလာခဲ့သည်။ သူမနောက်ရှိပွဲက ဆက်လက်ကျင်းပနေသော်လည်း အိမ်ရှိ ကလေးကိုစိတ်မချနိုင်သောကြောင့် ပွဲထဲမှတိတ်တဆိတ်ထွက်လာကာ ယွီမော့ကို ဖုန်းခေါ်ခဲ့သည်။ 

"စားပြီးသွားပြီလား..."


"အင်း..."  

ယွီမော့ ပြန်ဖြေလိုက်သည်။


"အိမ်စာလုပ်နေတာလား..."


"ဟုတ်ကဲ့..."


"စာမေးပွဲရော ဘယ်လိုနေလဲ..."


"အဆင့်တစ်..."


"မာမားသားလေးက အတော်ဆုံးပဲ... ဟေး စောစောနားနော်...မာမား မနက်ဖြန် သားအတွက် ဟင်းချက်ပေးမယ်..."


"ကောင်းပါပြီ..."


မာမားယွီက ကျသွားသောဖုန်းကိုကြည့်ပြီးနောက် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။  


ဒီကလေးက ဘယ်သူနဲ့တူမှန်းကိုမသိဘူး...မွေးကတည်းက ငိုတာရှားတယ်... ကြီးလာပြန်တော့လည်း အမူအရာသိပ်မရှိရုံတင်မကဘူး စကားပါနည်းလာတယ်...


ပြီးပြည့်စုံတဲ့ စက်ရုပ်လိုပဲ...


"အိုး မဒမ်ယွီ ဘယ်လိုလုပ်ပြီးဒီရောက်နေတာလဲ..."  

သူမနောက်မှ အမျိုးသမီးတစ်ယောက်၏ အသံထွက်လာခဲ့သည်။


မာမားယွီ၏မျက်နှာပေါ်ရှိ စိုးရိမ်သော အမူအရာက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ယဉ်ကျေးသောအပြုံးဆင်ကာ လှည့်ကြည့်လိုက်သည်။ 

"ခဏထွက်လာတာပါ...ပြန်သွားကြရအောင်လေ..."


×××××


ချီဖန့်က ဗီလာတွင် နှစ်ရက်နေခဲ့သည်။ သူ ယခင်ကဲ့သို့ အိမ်ပြန်ရောက်လာတိုင်း ဖန်းဇီဖေးနှင့် ထွက်မကစားသည့်အပြင် အိပ်ခန်းထဲ၌လည်း တစ်နေကုန်ရှိမနေခဲ့ချေ။ ထိုအစား သူက မာမားချီနောက်ကို အမြီးလေးကဲ့သို့ တကောက်ကောက်လိုက်နေခဲ့သည်။


ပိတ်ရက်ညတွင် သူကိုယ်တိုင်ပင် ဟင်းချက်ကျွေးခဲ့သည်။


ချီမိသားစု၏အစ်ကိုအကြီးဆုံးက သူ့ညီငယ်လေး တစ်ခုခုမှားယွင်းနေသည်ကို ကြားသိခဲ့ရသည်။ အလုပ်ခရီးပြီးသည်နှင့် သူ ပိတ်ရက်အမှီပြန်လာခဲ့သည်။ 


ဆိုဖာပေါ်တွင် ထိုင်နေသောလူများက တစ်ယောက်ကိုတစ်ယောက်ကြည့်နေခဲ့ကြသည်။ မာမားချီက မီးဖိုချောင်ကို မနေနိုင်စွာ ကြည့်နေပြီး ချီဖန့် မတော်တဆ ဒဏ်ရာရသွားမည်ကို စိုးရိမ်နေခဲ့သည်။


ချီကျန့်က ၎င်းကိုမစိုးရိမ်ချေ။ သူ ပိုစိုးရိမ်နေသည်က သူ့ညီလေးချက်ထားသမျှကို အရသာမရှိလျှင်ပင် မျက်နှာမပျက်ဘဲ၊ သူ့ညီလေးရှာမတွေ့ဘဲ ဘယ်လိုစားရမည်ကိုဖြစ်သည်။ 


ငါ မတော်တဆ ထုတ်ပြမိပြီး ငါ့ညီလေးရဲ့ ယုံကြည်ချက်ကို ရိုက်ချိုးမိသွားရင်ဘယ်လိုလုပ်မလဲ...


အစ်ကိုကြီးချီယန်၏ အမူအရာက သူ့နာမည်ကဲ့သို့ လေးနက်နေသည်။


"ဘာတဲ့လဲ..."  

ပါပါးချီက လက်ထဲမှ သတင်းစာကိုချပြီး မေးလိုက်သည်။


ချီယန်က ဖုန်းကိုင်ထားပြီး ပြတင်းပေါက်နားမှ ပြန်လျှောက်လာကာ ခေါင်းယမ်းပြလိုက်သည်။  

"မစ္စတာလင်းပြောတာတော့ ချီဖန့်က ပြီးခဲ့တဲ့တစ်ပတ်လုံး ပုံမှန်ပဲတဲ့...ဒါပေမယ့် သူ သောကြာနေ့က စာမေးပွဲရလဒ်တွေရတဲ့အချိန်မှာ နည်းနည်းထူးဆန်းသွားတဲ့ပုံပဲတဲ့...ကျူတာရှာဖို့က မစ္စတာလင်းပြောခဲ့တာပဲ...ပြီးတော့ ချီဖန့်က လက်မခံချင်တဲ့ပုံ မရှိဘူးလို့ ပြောတယ်..."


"သူ တကယ်ကို ရလဒ်တွေကြောင့် လှုံ့ဆော်ခံရတာပဲ..." 

ချီကျန့် ဆွံ့အသွားခဲ့သည်။ 


အဲဒါက ချီဖန့် ဆင်ခြေပေးတာလို့ ထင်ခဲ့တာလေ...


"ဒါဆို သူ့စာမေးပွဲရလဒ်က ဘယ်လောက်ဆိုးလို့လဲ..."


ချီယန်က မစ္စတာလင်း စောစောက ပြောခဲ့သည့်အမှတ်များကိုတွေးပြီး တိတ်ဆိတ်သွားခဲ့သည်။ 

"ဘာလို့ မေးခွန်းတွေအရမ်းများနေတာလဲ...မင်း ငယ်ငယ်တုန်းကလည်း စာမေးပွဲမှာ အမှတ်မကောင်းတာမျိုးမဖြစ်ဖူးလို့လား..."


ချီကျန့် တုံ့ဆိုင်းသွားပြီး သူ့အစ်ကိုကြီး အဘယ်ကြောင့် သူ့ဘက် ဒေါသလှည့်လာသည်ကို နားမလည်နိုင်ဖြစ်သွားသည်။ သူ ချေပချင်သော်လည်း မီးဖိုချောင်တံခါးက ရုတ်တရက် ပွင့်သွားခဲ့သည်။


ရနံ့တစ်ခုက လေထဲပျံ့လွင့်လာခဲ့သည်။


ချီကျန့် တံတွေးမျိုချပြီး သူပြောမည့်စကားများကို မေ့သွားခဲ့သည်။ သူ မတ်တတ်ထရပ်ပြီး ချီဖန့်ထံသို့ ပြေးသွားခဲ့သည်။ 

"လာ...ငါ မင်းကို ကူညီပေးမယ်..."


ဘုရားရေ ငါ့ညီလေးက အဆင်ပြေနေတုန်းပဲ...


ချီဖန့် ပြုံးပြီး မငြင်းလိုက်ချေ။ မကြာခင် မီးဖိုချောင်ထဲမှ ပန်းကန်များ ထမင်းစားပွဲသို့ ရောက်လာခဲ့သည်။ ချီဖန့်က ဘာထူးထူးခြားခြားမှ မလုပ်ခဲ့ဘဲ အိမ်ချက်ဟင်းလျာများသာချက်ခဲ့သည်။


မိသားစုငါးယောက်လုံး အတူစုံသည်က ရှားလှသည်။ ပါပါးချီက ချီကျန့်ကို ဝိုင်နီတစ်ပုလင်းဖွင့်ခိုင်းခဲ့သည်။ သနားစရာ ချီဖန့်က ငယ်သေးသောကြောင့် ရေကိုသာ သောက်နိုင်ခဲ့သည်။ ချီမိသားစုက ချီဖန့် ချက်ထားသော ဟင်းလျာများကို မြည်းစမ်းကြည့်ပြီးနောက် သူတို့အားလုံး အံ့သြသွားခဲ့ကြသည်။


"ရှောင်ဖန့် မင်း ဟင်းချက်တတ်တယ်ပေါ့..."  

ချီကျန့်က ဝက်နံရိုးချိုချဉ်ကို ကိုင်ထားပြီး ချီဖန်ကို ချီကျူးလိုက်သည်။ 

"မင်း စားသောက်ဆိုင်ဖွင့်ချင်လား... အစ်ကိုနှစ် မင်းအတွက်ရင်းနှီးမြုပ်နှံပေးမယ်..."


ရိုးသားစွာပြောရလျှင် ချီဖန့် ချက်ထားသော ဝက်နံရိုးချိုချဉ်က ဆီမများသလို ချွဲကျိကျိဖြစ်မနေချေ။ ချီကျန့် နှစ်ခုမျှသာ စားရသေးပြီး နောက်တစ်ခုထပ်ယူလိုသော်လည်း ပါပါးချီထံမှ လုခံခဲ့ရသည်။


ချီကျန့် နှုတ်ခမ်းတွန့်ပြီး သူ့တူများကို ငါးချဉ်ဘက်သို့ ရွေ့လိုက်သည်။


မည်သို့ပင်ဖြစ်စေ ချီဖန့် လုပ်ထားသော ဟင်းပွဲတိုင်းက အရသာရှိပေသည်။


ချီဖန့် သူတို့ကိုကြည့်နေပြီး သူ့မျက်လုံးထဲရှိအပြုံးက ပျောက်ကွယ်မသွားချေ။ 


ယခင်ဘဝတွင် သူ့ဘဝ၏နောက်ဆုံးနှစ်အနည်းငယ်ကို သူတစ်ယောက်တည်း ဖြတ်သန်းခဲ့ရသည်။ ယခင်က အကြောင်းအချို့ကြောင့် သူ ခံတွင်းပျက်လာခဲ့သည်။ နောက်ပိုင်းတွင် ချီဖန့်က သူကိုယ်တိုင်ချက်ထားသော အစားအစာများကို ပိုစားနိုင်ကြောင်းသိပြီး တဖြည်းဖြည်းချင်း ချက်ပြုတ်ရန် လေ့လာခဲ့သည်။


မိသားစုအတွက် ချက်ပြုတ်နိုင်သည်က အမှန်ပင်ကောင်းပေသည်။


ညစာစားပြီးနောက် ချီမိသားစု၏ မိသားစုအစည်းအဝေးလေးတစ်ခုစတင်ခဲ့သည်။  


အဓိကခေါင်းစဉ်က...

ချီဖန့်အတွက် ကျူတာ ဘယ်လိုရှာရမလဲ...


ပိုက်ဆံရှိသောပါပါးချီက ဦးစွာပြောလာခဲ့သည်။ 

"မနက်ဖြန် ကုမ္ပဏီဝန်ထမ်းရေးရာဌာနကို အလုပ်ခေါ်စာလုပ်ခိုင်းပြီး လစာမြင့်မြင့်နဲ့ ပါမောက္ခတစ်ယောက် ရှာလိုက်မယ်..." 


ချီဖန့် : ငါက အထက်တန်းကျောင်းသားလေးပဲရှိသေးတာလေ...ပါမောက္ခကျူတာရှာတာက နည်းနည်းမပိုလွန်းဘူးလား...


ချီဖန့်က ထိုကဲ့သို့သော မြင့်မားသော အရည်အချင်းများကို မဖြုန်းတီးလိုသောကြောင့် ပါပါးချီ၏အကြံကို ပြတ်သားစွာငြင်းပယ်ခဲ့သည်။


ညီအစ်မကောင်းများရှိသော မာမားချီက ဝင်ပြောလာခဲ့သည်။- 

"မကြာသေးခင်တုန်းက လျိုမိသားစုရဲ့သမီးလေး တက္ကသိုလ်ဝင်ခွင့်ရတယ်လို့ကြားမိတယ်...သူ့ကို ချီဖန့်ကို စာပြပေးဖို့ အကူအညီတောင်းရမလား..."


ချီဖန့် : အဲဒီကလေးမလေးက ဂီတကောလိပ်တက်နေတာလေ...မား မားရဲ့သားကို အရမ်းစိတ်ချတာပဲလား...


ချီဖန့်က ယခု အသက် ၁၆ နှစ်သာရှိသေးသော်လည်း သူ့စိတ်ပိုင်းဆိုင်ရာက ၂၆ နှစ်ရှိနေပြီဖြစ်သည်။ 


စာပြနေတဲ့အချိန် အခုမှအရွယ်ရောက်တဲ့ ကလေးမလေးနဲ့နှစ်ယောက်တည်းဖြစ်နေရမှာ...ထားလိုက်တော့... 


ချီဖန့် ခေါင်းခါပြလိုက်သည်။


လူများစွာ၏အကြံပြုချက်များက တစ်ခုပြီးတစ်ခု ပယ်ချခံခဲ့ရသည်။ အဆုံးတွင် မာမားချီက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ 

"ဖန်းဇီဖေးရဲ့အဆင့်တွေက ပိုကောင်းရင် ချီဖန့်ကိုပြန်သင်‌ပေးဖို့ သူ့ကို့ပြောတာ ကောင်းသားပဲ...အနည်းဆုံး သူတို့နှစ်ယောက်က အတန်းတူတော့ ပိုအဆင်ပြေတာပေါ့..."


ချီဖန့်က ဖန်းဇီဖေး၏သင်္ချာအမှတ်ကို တွေးမိပြီး ဘာမှမပြောခဲ့ချေ။


ထိုအကြောင်းပြောလျှင် ယွီမော့၏အဆင့်များက မည်သို့ရှိသည်ကို သူ မသိသော်လည်း ထိုကဲ့သို့ အေးစက်စက်လူက တစ်ယောက်ယောက်ကို စာပြန်သင်ပေးချိန်၌ မည်သို့ရှိလိမ့်မည်ကို ချီဖန့် စိတ်မကူးကြည့်ဘဲ မနေနိုင်ပေ။


သူ့ခေါင်းထဲရှိ ရှုပ်ထွေးနေသောအတွေးများကို ဘေးဖယ်ထားပြီး ချီဖန့် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ 

"ရပါတယ်...အဲဒီကိစ္စက အလျင်မလိုဘူး...ဖြည်းဖြည်းရှာလို့ရတယ်..."



🏫🏫🏫