Chapter 7
Viewers 190

🏫 Chapter 7



ကျူတာရှာခြင်းကိစ္စကို ယာယီရပ်ဆိုင်းခဲ့သော်လည်း ချီဖန့် ပြောင်းလဲသွားသည်ကို သူ့ပတ်ဝန်းကျင်ရှိလူများက အမှန်ပင်ခံစားခဲ့ရသည်။ ချီဖန့် မူလက အတန်းထဲ၌ သူစိမ်းတစ်ယောက်သာသာဖြစ်သည်။ သူက အကျင့်စာရိတ္တကောင်းသော်လည်း ‌ဖန်းဇီဖေးမှလွဲ၍ အခြားသူများအပေါ် အေးစက်လေ့ရှိသည်။


ချီဖန့်ကို အတန်းထဲရှိ ကောင်မလေးများကပင် ခေါင်လင်းပန်း*ဟု နာမည်ပြောင်ပေးထားခဲ့ကြသည်။

[T/N * "ခေါင်လင်းပန်း" က အဝေးကနေပဲမြင်နိုင်ပြီး ထိတွေ့မရတဲ့အရာတွေမှာ သုံးတာပါ...ပြောချင်တာက တောင့်တရုံပဲတတ်နိုင်တဲ့ လက်လှမ်းမမှီတဲ့အရာမျိုးပါ...တော်ဝင်သစ်ခွ၊ သဇင် အဲဒီလိုတွေနဲ့တူပါတယ်...]


သို့သော် ယခုတွင် ချီဖန့်က အတန်းထဲ၌ စာလိုက်နားထောင်ရုံသာမက အတန်းပြီးချိန်တွင် သူတို့ကိုပင် စကားပြောခဲ့သည်။


အစပိုင်းတွင် အတန်းဖော်များက အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။ ချီဖန့်၏ပြောင်းလဲမှုက ရုတ်ချည်းဆန်လွန်းလှသည်။ သို့သော် ချီဖန့်နှင့် ပြောဆိုဆက်ဆံပြီးနောက် သူတို့ဘက်မှအစပြု၍ ချီဖန့်နှင့်နီးကပ်ရန် အကြောင်းပြချက်အမျိုးမျိုးရှာဖွေခဲ့ကြသည်။


- အရင်တုန်းက ချီဖန့် အရမ်းရှက်လို့ စကားမပြောရဲခဲ့တာပဲနေမှာ...


ချီဖန့်က အကျင့်စာရိတ္တကောင်းပြီး သူ့မိခင်၏မျက်ခုံးများကို အမွေဆက်ခံထားသော်လည်း မိန်းမ မဆန်သည့်အပြင် အပြစ်ကင်းစင်သောမျက်နှာလေးကြောင့် ရက်အနည်းငယ်အတွင်း အတန်းထဲရှိ မိန်းကလေးအများစု၏ကာကွယ်ပေးမှုကို ရရှိခဲ့သည်။


အတန်းရှိကောင်လေးများထဲမှ အချို့က ချီဖန့်ကို အထင်မြင်သေးကြသော်လည်း ဖန်းဇီဖေးက အတန်းထဲ၌ အာဏာရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသောကြောင့် ချီဖန့် အခြားသူများထံမှ ကာကွယ်ပေးခံရမှုအပေါ် မကျေနပ်မှုများ မပြဝံ့ကြချေ။


ချီဖန့်က ထိုလူများ သူ့အပေါ် ရန်လိုနေသည်ကို ရိပ်မိသော်လည်း သူ့တွင် ဆယ်ကျော်သက်လေးများကို ဂရုစိုက်ရန် အကြောင်းမရှိချေ။ သူ့ကို သူတို့ကိုယ်တိုင် အန္တရာယ်မပြုနိုင်သောကြောင့် မမြင်ချင်ယောင်သာဆောင်ထားခဲ့သည်။


ကျောင်းပြန်ရောက်ပြီးနောက် ချီဖန့် ဖတ်စာအုပ်များအားလုံးကို ရှာခဲ့သည်။ ကျူတာရှာသောကိစ္စက မပြေလည်သေးသည့်တိုင် သူ စိတ်အေးလက်အေးမနေနိုင်ပေ။ ချီဖန့်က စာလုပ်ချင်နေသည့်အတွက် ဖန်းဇီဖေးလည်း သူနှင့် လျှောက်လည်ရန် အတင်းအကြပ်မလုပ်နိုင်ခဲ့ပေ။ 


ဖန်းဇီဖေးအတွက်မူ သူ့ကိုစာလုပ်ခိုင်းသည်ထက် ရိုက်နှက်သည်က ပိုကောင်းသောကြောင့် လျှောက်လည်ရန် ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့သည်။


ချီဖန့်က ထိုအချိန်တွင် မေးခွန်းပုစ္ဆာတစ်ခုနှင့် ရုန်းကန်နေရသည်။ သူက ဖန်းဇီဖေးပြောနေသည်များကိုကြားချိန်တွင် ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြပြီးနောက် ထိုမေးခွန်းကိုသာ လေးနက်စွာ ဖြေရှင်းနေခဲ့သည်။


ဖန်းဇီဖေးက အံကြိတ်ပြီး ချီဖန့် ခေါင်းပေါ်မှ ဆံပင်လေးကို ညှစ်လိုက်သည်။


ထိုမေးခွန်းပုစ္ဆာက အထူးစိတ်ဝင်စားဖွယ်ကောင်းသောကြောင့် ချီဖန့်၏စိတ်အစဥ်တစ်ခုလုံး ပုစ္ဆာအပေါ်နစ်မြုပ်နေခဲ့သည်။ ၎င်းက သူ့ကို တမင်ရှောင်တိမ်းနေသကဲ့သို့ ခံစားရသော်လည်း မရှုပ်ထွေးလှချေ။ ချီဖန့် အများစုကိုဖြေရှင်းပြီးဖြစ်ကာ ယခုချိန်တွင် သူရပ်လိုက်ပါက ယခင်က အတွေးများအားလုံး ရှုပ်ထွေးသွားလိမ့်မည်ဟု ခန့်မှန်းရသည်။


စာသင်ခန်းက တဖြည်းဖြည်းတိတ်ဆိတ်လာပြီး ကျောင်းသားအနည်းငယ်သာရှိတော့သည်။


ချီဖန့်က နောက်ဆုံးဖော်မြူလာကိုရင်ဆိုင်ပြီး နံပါတ်တစ်ခုကိုတွက်ချက်ကာ မူရင်းပုစ္ဆာ၌ အစားထိုးလိုက်သည်။ သူ့တွက်ချက်မှုက မှန်ကန်သောကြောင့် စိတ်သက်သာရာရသွားပြီး သူ့မျက်နှာပေါ်တွင် အပြုံးနုနုတစ်ခု ပေါ်လာခဲ့သည်။


ချီဖန့်၏အပြုံးကြောင့် ယွီမော့ လှုပ်ရှားသွားပြီး သူ၏ဘောပင်ကိုင်ထားသော လက်က ပိုတင်းကြပ်သွားခဲ့သည်။


သူ ထွက်သွားသင့်သည်မှာ ကြာပြီဖြစ်သော်လည်း ချီဖန့်က သူ့ထိုင်ခုံ၌ထိုင်နေဆဲဖြစ်သည်ကိုမြင်ချိန်တွင် ယွီမော့ နားမလည်နိုင်စွာ မထွက်‌သွားချင်သကဲ့သို့ ခံစားခဲ့ရသည်။


သူ ၎င်းကို တွေးလျက် ထိုလူသား၏ အင်အားကြီးသောအရာနှင့် သူ့ကို ကြောက်လန့်စေခဲ့သည့်အရာများကို လေ့လာနေခဲ့သည်။


ယွီမော့က သူ့ဘေးညာဘက်ခြမ်းတွင်ထိုင်နေပြီး ချီဖန့်၏ဖြူဖွေးသော ဘေးတိုက်မျက်နှာလေးကို လေးနက်စွာ စိုက်ကြည့်နေခဲ့သည်။


သို့သော် သူ ပိုကြည့်လေ သူ့နှလုံးခုန်နှုန်းက *ဒို့ဂျို လေးနာရီလေ့ကျင့်ထားသကဲ့သို့ ပိုမြန်လာလေဖြစ်သည်ကို ခံစားခဲ့ရ၏။

[T/N *ဒို့ဂျို- ကရာတေးလို့လည်းပြောလို့ရပါတယ်]


ဒီလူသားက...တကယ်အန္တရာယ်များလွန်းတယ်...


အထက်တန်းပထမနှစ်တွင် ညအထိကိုယ်ပိုင်လေ့လာချိန် မရှိပေ။ ကျောင်းက ငါးနာရီခန့်တွင် ဆင်းပြီဖြစ်သည်။ ချီဖန့်က ပုစ္ဆာဖြေရှင်းနေသောကြောင့် အချိန်ကို သတိမထားမိလိုက်ချေ။ သူ သတိပြန်ဝင်လာချိန်တွင် အတန်းထဲရှိ လူတိုင်းနီးပါး အိမ်ပြန်သွားကြပြီဖြစ်သည်။


ချီဖန့် သူ့ပစ္စည်းများကို အမြန်သိမ်းပြီး သူ့တိုက်ခန်းလေးသို့ပြန်ရန် အသင့်ပြင်လိုက်သည်။


ချီမိသားစုဗီလာက ဝေးလှသည့်အတွက် ချီဖန့် သူ့တိုက်ခန်းလေးသို့သာ ပြန်လေ့ရှိသည်။ တိုက်ခန်းက ကျောင်းဘေး၌ရှိပြီး မကြီးလှသော်လည်း မီးဖိုချောင်ထဲတွင် အရာအားလုံးရှိသည်။ ချီဖန့်က ပုံမှန်အားဖြင့်အဆင်ပြေပြီး သူ့ဘာသာ ချက်ပြုတ်နိုင်သည်။


ချီဖန့် အာရုံများနေသောကြောင့် စာသင်ခန်းထဲရှိလူတစ်ယောက်က သူ့အား စိုက်ကြည့်နေသည်ကို သတိမထားမိခဲ့ချေ။ သူ့လွယ်အိတ်ပြင်ပြီးနောက် အနောက်တံခါးဆီသို့ တည့်တည့်သွားကာ ယွီမော့ရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။


ယွီမော့ မိန်းမောနေရာမှပြန်နိုးလာပြီး သူ့လက်ထဲ၌ရှိနေပြီးသား လွယ်အိတ်ကို မသိစိတ်ဖြင့်ယူကာ စာသင်ခန်းတံခါးမှ ထွက်လာခဲ့သည်။


သို့သော် ချီဖန့်၏အရှိန်က မြန်လွန်းသည်။ သူ ကျောင်းဂိတ်နားသို့ရောက်ချိန်တွင် အတန်းဖော်များစွာက သူ့မြင်ကွင်းကို စက္ကန့်အနည်းငယ်ခန့် ပိတ်ဆို့သွားခဲ့သည်။ သူ ပြန်ကြည့်ချိန်တွင်မူ ချီဖန့်၏ပုံရိပ်ကို ရှာမတွေ့တော့ချေ။


ယွီမော့ ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လမ်းသွယ်လေးတစ်ခုကို တွေ့လိုက်ရသည်။ သူ တစ်စက္ကန့်ခန့် တုံ့ဆိုင်းနေပြီးနောက် လမ်းသွယ်လေးထဲသို့ လျှောက်သွားခဲ့သည်။


တစ်ဖက်တွင် ချီဖန့်က သူ့လက်ထဲရှိ ကြက်ဥပန်ကိတ်ကိုကြည့်ကာ သွားရည်ကျနေခဲ့သည်။ သူ ကျောင်းထဲမှ ထွက်လာစဉ်တွင် ရနံ့တစ်ခုရခဲ့ပြီး စက္ကန့်အနည်းငယ်မျှရုန်းကန်ပြီးနောက် တင်းခံမှုကို လက်လျှော့ခဲ့သည်။


ထိုသို့နှောင့်နှေးမှုဖြင့် ကောင်းကင်ကြီးက ပိုမှောင်မဲလာခဲ့သည်။


ကျောင်းမှတိုက်ခန်းသို့သွားရန် လမ်းနှစ်ခုရှိသည်။ တစ်ခုက လမ်းမကြီးမှ ကွေ့ပတ်သွားရန်လိုပြီး အခြားတစ်ခုက လမ်းသွယ်ကို ဖြတ်သွားရန်လိုသည်။ ပုံမှန်အားဖြင့် ချီဖန့်က လမ်းမကြီးဘက်မှ သွားလေ့ရှိသော်လည်း ယနေ့တွင် သူ ကျောင်းဆင်းနောက်ကျနေသဖြင့် လမ်းမကြီးဘက်မှလျှောက်ရန် အချိန်မရှိတော့ချေ။


ချီဖန့် ကောင်းကင်ကိုမော့ကြည့်ပြီး လမ်းသွယ်မှသွားရန် ရွေးချယ်ခဲ့သည်။


လမ်းသွယ်လေးထဲ၌ လူ အလွန်နည်းလှသည်။ လမ်း၏ဘယ်ဘက်တွင် အထပ်မြင့်တိုက်တစ်ခုရှိပြီး လမ်းတစ်ခုလုံးကို နေရောင်မှ ပိတ်ဆို့ထားသောကြောင့် အပြင်ဘက်ထက်ပို၍ မှောင်မဲနေသည်။ ချီဖန့် လေအေးကြောင့် တုန်တက်သွားပြီး သူ့အဝတ်အစားများကိုဆွဲစေ့ကာ အရှိန်မြှင့်လိုက်သည်။


သူ အပြင်ထွက်ခါနီးတွင် သူ့အရှေ့နားမှ လူအနည်းငယ် စကားပြောနေသံကို ကြားလိုက်ရသည်။

"ဝမ်ကော ကျွန်တော် ဒီကောင့်ကို ဘယ်လို ပညာပေးမလဲဆိုတာကြည့်လိုက်..."


ချီဖန့်၏ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။


အသံက ထူးဆန်းသဖြင့် ချီဖန့် နံရံနားတွင် ဂရုတစိုက်ပုန်းကွယ်ကာ သူ့ရှေ့ကိုလှမ်းကြည့်လိုက်သည်။ ကောင်လေးတစ်ဦး၏ ပတ်လည်တွင် ကျောင်းလူဆိုးသုံးယောက်ရှိနေပြီး အခြားကျောင်းလူဆိုးတစ်ယောက်က ဘေး၌ရပ်ကာ သူတို့အား လှောင်ပြုံးဖြင့်ကြည့်နေသည်ကို ချီဖန့် မြင်လိုက်ရသည်။ ကောင်လေးကိုဝိုင်းထားကြသူများက ချီဖန့်ကျောင်းမှ ကျောင်းဝတ်စုံများဝတ်ထားပြီး အရပ်မြင့်ပုံရသော်လည်း အနောက်မှကြည့်လျှင် အနည်းငယ်ပိန်ပါးပုံရသည်။


ချီဖန့်က ကြက်ဥပန်ကိတ်ကို သူ့လက်ဖဝါးပေါ်တင်ပြီး လေအေးကြောင့် အေးစက်နေသော သူ့လက်များကို အနွေးဓာတ်ပေး၍ အပြင်ထွက်သွားသင့်၊ မသင့် တုံ့ဆိုင်းနေခဲ့သည်။


နောက်ဆုံးတွင် သူ၏ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းအားက အားနည်းနေသေးသည်။


သို့သော် သူတို့ကို ထိပ်တိုက်တိုးသောကြောင့် မမြင်ဟန်ဆောင်ရန် မကောင်းပေ။


ချီဖန့် ခဏခန့်တွေးပြီးနောက် တမင်အသံလျှော့ထားသော်လည်း အရှေ့မှလူများကြားစေရန် အသံထိန်း၍ ဖုန်းပြောဟန်ဆောင်လိုက်သည်။  

"ဟယ်လို ဦးလေး...ကျွန်တော် ရဲခေါ်ချင်လို့ပါ...ဒီမှာအုပ်စုဖွဲ့အနိုင်ကျင့်နေတာ တွေ့လို့ပါ...အဲဒါက မြို့ရဲ့အမှတ် ၁ အထက်တန်းကျောင်းဘေးက လမ်းသွယ်လေးထဲမှာပါ...ဟုတ် ကျွန်တော် သူတို့ကို ဓါတ်ပုံရိုက်ထားလိုက်ပါမယ်...သူတို့နဲ့ ရန်သွားမဖြစ်ပါဘူး ဟုတ်..."


အရှေ့ရှိ ကျောင်းလူဆိုးများက သူတို့ခေါင်းဆောင်ကို မသိစိတ်အရ လှည့်ကြည့်လိုက်ကြသည်။ 

"ဝမ်ကော ဒါ-ဒါက..."


သူတို့ ထိုကောင်လေးကို သင်ခန်းစာပေးချင်သော်လည်း ထိုကိစ္စကြောင့်နှင့် အဖမ်းမခံချင်ကြပေ။


ဝမ်ကောဟု အမည်ရသူက အရှေ့ထောင့်နားသို့ ခြေလှမ်းအနည်းငယ်လှမ်းကာ လာကြည့်သော်လည်း ထိုနေရာတွင် မည်သူမှရှိမနေချေ။ ဝမ်ကောက အနီးတစ်ဝိုက်ကို စူးစူးရဲရဲကြည့်သော်လည်း မည်သူ့ကိုမှ ဖမ်းမမိခဲ့ချေ။ သို့သော် ရဲများ အမှန်တကယ်ရောက်လာမည်ကို သူကြောက်ပေသည်။ သူ အံကြိတ်ပြီး ပြောရုံသာတတ်နိုင်ခဲ့သည်။

"သွားရအောင်..."


ထိုလေးယောက်လုံး လျင်မြန်စွာထွက်သွားကြပြီး ချီဖန့်က ပုန်းနေရာမှ ဂရုတစိုက်ခေါင်းပြူကြည့်လိုက်သည်။ လူများထွက်သွားသည်ကိုကြည့်ပြီးနောက် သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


သူ အမှန်တကယ် ရဲမခေါ်ခဲ့ဘဲ ထိုလူများကို ခြောက်လှန့်ရန် ကြိုးစားခဲ့ရုံသာဖြစ်သည်။ ကံကောင်းစွာဖြင့် ထိုလူများက တုံးအကြသည်။  


နောင်နှစ်နည်းနည်းကြာရင် ဘယ်သူမှ ဒီလိုလှည့်စားတာလေးကို ယုံတော့မှာမဟုတ်ဘူး...


ချီဖန့် တွေးနေလျက် ခေါင်းပြန်လှည့်လိုက်သည်။


ထို့နောက် သူ အခြားလူတစ်ယောက်၏ ရင်ခွင်ထဲ ဝင်မိသွားခဲ့လေသည်။



🏫🏫🏫