Chapter 8
Viewers 189

🏫 Chapter 8



ချီဖန့် အေးခဲသွားပြီး အမြန်နောက်ဆုတ်လိုက်သည်။ သူ့အကြည့်များက သူ့ထက် ပိုကြီးသော ကျောင်းဝတ်စုံမှ ယွီမော့၏ အမူအရာမဲ့သော မျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။


သူ၏မသိစိတ်အရ မျက်နှာပေါ်တွင် သိမ်မွေ့သောအပြုံးပေါ်လာခဲ့သည်။


ယခင်ဘဝ၌ ချီမိသားစု၏အခြေအနေက အမှန်ပင် ဆိုးရွားခဲ့သည်။ ချီဖန့်လည်း လူများကိုပြုံးပြခြင်းနှင့် ကျင့်သားရနေပြီဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူက အပြုအမူကောင်းရှိပြီး လူအများကို စိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မည်မဟုတ်ချေ။


ယွီမော့ မျက်မှောင်ကြုတ်လိုက်သည်။  

"မင်း မရယ်ချင်ရင် မရယ်နဲ့..."


ချီဖန့်၏မျက်နှာပေါ်ရှိ အမူအရာက တန့်သွားပြီး ခဏအကြာတွင် သူ အနည်းငယ် ပြုံးလိုက်သည်။ 

"ငါ အခုသွားတော့မယ်နော်..."


ယွီမော့ ခဏခန့် အေးခဲနေပြီး ချီဖန့် သူ့အနားမှ ထွက်သွားသည်ကိုကြည့်ကာ တစ်ခုခုဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။


ချီဖန့်က အနည်းငယ် ဒေါသထွက်နေပုံရသည်ကို သူ ယောင်ဝါးဝါးသတိပြုမိသော်လည်း ချီဖန့် အဘယ်ကြောင့် ဒေါသထွက်သည်ကို မသိပေ။ ယွီမော့ ထိုနေရာ၌ ခဏရပ်နေပြီးနောက် လမ်းသွယ်ထဲမှ ထွက်လာခဲ့သည်။ လမ်းမကြီးဘေးတွင် စောင့်နေသော ဒရိုင်ဘာက အမြန်မောင်းလာခဲ့သည်။


ယွီမော့ ကားထဲဝင်မထိုင်မီအထိ အနည်းငယ် မိန်းမောနေခဲ့သည်။ သူ့ဘေးနားရှိအိမ်တော်ထိန်းက ယွီမော့ကို ကြည့်လာခဲ့သည်။ 

"သခင်လေး... အဝတ်အရင်လဲချင်လား..."


ယွီမော့ အေးခဲသွားပြီး အောက်ငုံ့ကြည့်လိုက်ရာ သူ့ကျောင်းဝတ်စုံပေါ်၌ ဆီအစွန်းအထင်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။  


ချီဖန့် ငါ့ကို ဝင်တိုက်တုန်းက သူ ပန်ကိတ်ကိုင်ထားတဲ့ပုံပဲ...


ယွီမော့ ခဏခန့် တုံ့ဆိုင်းသွားသော်လည်း သူ့အဝတ်အစားများကို ချွတ်လိုက်သည်။ သို့သော် ၎င်းကို အိမ်တော်ထိန်းအား မပေးဘဲ သူ့ဘာသာကိုင်ထားခဲ့သည်။


 ...


ချီဖန့် စူပုတ်ပုတ်ရုပ်ဖြင့် သူ့တိုက်ခန်းသို့ လျှောက်လာခဲ့သည်။ သူ ဓာတ်လှေကားထဲရပ်ပြီးချိန်တွင် နက်ရှိုင်းစွာ သက်ပြင်းချပြီး ဓာတ်လှေကားတံခါးကို ငေးမောကြည့်နေခဲ့သည်။


သူက အသက်နှစ်ဆယ်ကျော်ယောင်္ကျားတစ်‌ဦးဖြစ်သည်မှာ ထင်ရှားသော်လည်း ကလေးတစ်ယောက်၏စကားကြောင့် ဒေါသထွက်ခဲ့သည်။ 


အဲဒီကလေး အနာဂတ်ကျရင် စီးပွားရေးပညာရှင်ဖြစ်လာမှာကို မပြောနဲ့ဦး...ငါက ရွှေပေါင်လုံးကိုဖက်ထားဖို့ အခွင့်ရေးယူရမယ့်အစား ဒေါသတောင် ထွက်ပြလိုက်သေးတယ်...


ဓာတ်လှေကားက အသံတစ်ခုနှင့်အတူ ရပ်သွားပြီး ချီဖန့်နောက်လှည့်ကြည့်ကာ ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။


ထားလိုက်တော့...ဘာပဲဖြစ်ဖြစ် ငါ ဒေါသထွက်ပြီးနေပြီ...နောင်တရနေလို့ ဘာမှအသုံးမဝင်ဘူး...


သူ ညစာအတွက် ကြက်ဥပန်ကိတ်ကိုသာ စားခဲ့သည်။ ၎င်းက အနည်းငယ်အေးနေသော်လည်း ချီဖန့် စားရပျော်ပေသည်။


ဤရက်အနည်းငယ်အတွင်း သူအလယ်တန်းတည်းက သင်ခန်းစာများကို သေချာနားမထောင်ခဲ့သောကြောင့် သင်ယူခြင်း၏အခက်အခဲကို ချီဖန့် လေးနက်စွာ နားလည်ခဲ့သည်။ သူ ယခုကြိုးစားချင်လျှင်ပင် မည်သို့ကြိုးစားရမည်မသိဖြစ်နေသည်။


အိမ်စာများအပြီးသတ်ရန် ရုန်းကန်ပြီးနောက် ချီဖန့် အချိန်တစ်ချက်ကြည့်ကာ ဖုန်းဖွင့်လိုက်သည်။


ချီဖန့်မှာ ငယ်စဉ်ကတည်းက ဂိမ်းများကို စိတ်မဝင်စားသောကြောင့် သူ့ဖုန်းက ကောင်လေးတစ်ယောက်၏ဖုန်းနှင့်မတူဘဲ သန့်ရှင်းနေသည်။ ၎င်းတွင် ဖုန်းဂိမ်းများ မရှိဘဲ စကားပြောဆော့ဖ်ဝဲအနည်းငယ်သာ ရှိသည်။


ချီဖန့် ပင်ဂွင်းလေး (QQ chat) ကိုဖွင့်ပြီး သူ့သူငယ်ချင်းများ၏ပို့စ်များကို ပျင်းရိစွာကြည့်လိုက်သည်။ ယခုမတိုင်မီက ချီဖန့်တွင် သူငယ်ချင်း သုံး၊ လေးယောက်သာရှိခဲ့သည်။ ဖန်းဇီဖေးမှလွဲ၍ အခြားလူအနည်းငယ်ကို အတန်းအဖွဲ့ထဲရှိ နံပါတ်များဖြင့် တိုက်ရှာလိုက်သည်။


သို့သော် ၎င်းတို့ထဲမှ တစ်ယောက်က ယွီမော့ဖြစ်နေမည်ဟု ချီဖန့် မမျှော်လင့်ထားချေ။


ချီဖန့် အချိန်အတန်ကြာ စဉ်းစားကြည့်သော်လည်း သူ မည်သည့်အချိန်က ယွီမော့နှင့် သူငယ်ချင်းဖြစ်ခဲ့သည်ကို မမှတ်မိချေ။ ဤအကောင့်ကို သူ အရွယ်ရောက်လာချိန်တွင် မသုံးခဲ့ပေ။ ဤနေရာတွင် ဂျေနှင့် ဆက်သွယ်ရန် အချက်အလက်ရှိသည်ကို သူ သိပါက ချီဖန့် ဤပင်ဂွင်းကို သုံးမည်ဖြစ်သည်။


ဤရက်များတွင် သူ အတန်းဖော်များနှင့် အနည်းငယ်ရင်းနှီးလာပြီး သူ့သူငယ်ချင်းစာရင်းက တဖြည်းဖြည်းတိုးလာခဲ့သည်။ 


ပုံမှန်ဆို အရမ်းလေးနက်နေတဲ့ အတန်းဖော်တွေက ပို့စ်တင်တဲ့အခါမှာ အရမ်းထူးခြားနေတာပဲ...


"အား အား ကောကောရေ..." 

၎င်းက ကြယ်ပွင့်နောက်လိုက်သူ ဗားရှင်းဖြစ်သည်။


"အိပ်မက်က မနိုးထဘူး...အချစ်က ထာဝရမဟုတ်ဘူး... သူငယ်ချင်း နှစ်ယောက် သုံးယောက်...နားထဲက စန္ဒယားတီးသံလေး...လန်းဆန်းတဲ့အဝတ်နဲ့ မြင်းဖြူ..." 

၎င်းက စာပေဗားရှင်းဖြစ်သည်။


"ချောကလက်ကိတ်မုန့်၊ အော်ရီယိုရေခဲမုန့်၊ အသားပြုတ်၊ မာလာတုတ်ထိုးတွေ စားချင်တယ်..."

ချီဖန့် တိတ်တဆိတ် တံတွေးမျိုချလိုက်သည်။


၎င်းတွင် မှော်ဆန်သော စာပိုဒ်များလည်းရှိသည်။ 


ချီဖန့် ရောက်တက်ရာရာများ ကြည့်နေပြီး‌နောက် သူ၏သုညဖြစ်နေသော ပင်မစာမျက်နှာကို ကြည့်လိုက်သည်။ သူ တုံ့ဆိုင်းသွားပြီး စာလုံးအနည်းငယ်ရိုက်ကာ တင်လိုက်သည်။


"စာသင်ရတာမလွယ်ဘူး ဟူး..."


×××××


တစ်ဖက်ရှိ ယွီအိမ်တော်တွင်...


မာမားယွီက ပွဲမတက်ဘဲ ရှားရှားပါးပါးရှိနေခဲ့သည်။ အိမ်အကူက ထမင်းစားပွဲပြင်ပြီးနောက် ယွီသားအမိကို ညစာအတူစားရန်ချန်ကာ ထွက်သွားခဲ့သည်။ ညစာစားချိန်တွင် မာမားယွီက ယွီမော့ကိုမေးမြန်းရန် အကြောင်းအရာများ အမြဲရှာဖွေခဲ့သော်လည်း ယွီမော့က အနည်းငယ်သာ ပြန်ပြောခဲ့သည်။ 


ညစာစားပြီးနောက် ယွီမော့က မာမားယွီကို ပန်းကန်ဆေးရန်ကူညီပေးကာ အိမ်ပေါ်ထပ်တက်ရန် ပြင်လိုက်သည်။


"ရှောင်မော့..." 

မာမားယွီက မနေနိုင်ဘဲ သူ့ကိုခေါ်လိုက်သည်။ 


သို့သော် ယွီမော့ပြန်လှည့်လာချိန်တွင် သူမ ဘာပြောရမည်မသိဖြစ်သွားခဲ့သည်။

"သားမှာ မုန့်ဖိုးရှိသေးလား..." 


ယွီမော့ ခေါင်းညိတ်ပြလိုက်သည်။


မာမားယွီနှင့် ပါပါးယွီနှစ်ယောက်လုံးက ယွီမော့ကို ကတ်များပေးထားသော်လည်း ယွီမော့က ထိုနှစ်ကတ်လုံးကို လွန်ခဲ့သောခြောက်လကတည်းက အသုံးမပြုသည်ကိုမူ သူတို့မသိကြချေ။ သူက သူ့နည်းသူ့ဟန်နှင့် သူ့ကိုယ်သူထောက်ပံ့နေပြီဖြစ်သည်။


မာမားယွီက ခေါင်းတညိတ်ညိတ်နှင့် ယွီမော့အပေါ်တက်သွားသည်ကို ကြည့်နေခဲ့သည်။


ယွီမော့ အခန်းထဲပြန်သွားသော်လည်း အိမ်စာမလုပ်သေးဘဲ စားပွဲပေါ်ရှိကျောင်းဝတ်စုံကို ကြည့်နေခဲ့သည်။ ကျောင်းဝတ်စုံပေါ်ရှိ ဆီအစွန်းအထင်းက အလွန်သိသာသော်လည်း ယွီမော့ လျှော်ဖွတ်ရန်မပေးဘဲ ယူထားခဲ့သည်။ 


ငါ ဘာလုပ်ချင်နေတာလဲ...


ယွီမော့ စက္ကန့်အနည်းငယ်တွေးပြီးနောက် သူ့အဝတ်ကိုထည့်ရန် အိတ်ရှာလိုက်သည်။


_


နောက်တစ်နေ့တွင် ဖန်းဇီဖေးက အရိုက်ခံထားရသောအသွင်အပြင်ဖြင့် စားပွဲပေါ် လှဲနေခဲ့သည်။ ချီဖန့် ဝင်လာသည်ကိုမြင်ချိန်တွင် သူ ထကြည့်လာခဲ့သည်။


ချီဖန့် ကူကယ်ရာမဲ့ဖြစ်သွားပြီး ဖန်းဇီဖေးအတွက်ယူလာသော ‌မုန့်များကို သူ့စားပွဲပေါ်တင်ပေးလိုက်သည်။ 

"မင်း တစ်ညလုံးကစားပြန်ပြီပဲ..."


ဖန်းဇီဖေးက ထထိုင်ပြီး ပေါင်မုန့်ကို နှစ်ကိုက် သုံးကိုက်စားကာ သွေးအပြည့်ဖြင့် ပြန်လည်ရှင်သန်လာသကဲ့သို့ အသက်ရှူလိုက်သည်။ 

"ငါ ဒီရက်ထဲ ဖိုင်နယ်ပွဲကစားဖို့ရှိလို့..."


ချီဖန့်က ဖန်းဇီဖေး ကစားသည့် ဂိမ်းအမျိုးအစားကို မသိချေ။ အထက်တန်းကျောင်းတွင် ဖန်းဇီဖေးက အတန်းအမြဲပြေးပြီး သူ့ကို အင်တာနက်ကဖေးသို့ ခေါ်သွားလေ့ရှိသည်။ သို့သော် ချီဖန့်က အွန်လိုင်းဂိမ်းကဲ့သို့ အရာများကို အမှန်ပင် စိတ်မဝင်စားချေ။ အခြေခံအားဖြင့် ဖန်းဇီဖေး ကစားနေချိန်၌ သူတိတ်တဆိတ်သာကြည့်နေခဲ့သည်။


"အဲဒါက ပျော်စရာကောင်းလို့လား..." 

ချီဖန့်က ဖန်းဇီဖေး၏မျက်လုံးအောက်ရှိ အနက်ရောင်အဝိုင်းများကိုကြည့်ကာ မနေနိုင်ဘဲ မေးလိုက်သည်။


ဖန်းဇီဖေးက ပေါင်မုန့်များကို သူ့ပါးစပ်ထဲသွပ်သွင်းလိုက်သည်။ 

"ပျော်စရာတော့ မကောင်းပါဘူး...ငါက ဒီတိုင်းအနိုင်ရချင်လို့...လူတိုင်းက ကြိုးစားလာတာကြာပြီမလား..."


"ဘောနပ်စ်တွေ ဘာတွေရှိလို့လား..." 

ချီဖန့် စပ်စုလိုက်သည်။ 


"ဒါပေါ့ ပထမနေရာက 10,000 နဲ့ ဒုတိယနေရာက 5,000 ရမှာ..."


ချီဖန့်က ဖန်းဇီဖန်း၏စိတ်လှုပ်ရှားနေသော အမူအရာကိုကြည့်ပြီး စကားလုံးများကို ပြန်မျိုချလိုက်သည်။


ဒီကောင်လေးကတော့ သူ့မှာ ယွမ်ထောင်နဲ့ချီတန်တဲ့ ဖိနပ်တွေရှိမှန်းမေ့သွားမှာ စိုးမိတယ်... 


ယွီမော့ စာသင်ခန်းထဲဝင်လာစဉ် ချီဖန့်က ဖန်းဇီဖေးအားပြုံးပြနေသည်ကို ချက်ချင်းတွေ့လိုက်ရသည်။ သူ မျက်မှောင်ကြုတ်ပြီး သူ့လက်ထဲရှိအိတ်ကို ဆုပ်ကိုင်ကာ ချီဖန့်ဆီသို့ လျှောက်သွားခဲ့သည်။


ချီဖန့် ခေါင်းလှည့်လိုက်ချိန်တွင် ယွီမော့က သူ့အရှေ့၌ စက္ကူအိတ်တစ်အိတ်ကိုင်ကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ 


ချီဖန့် : ? ? ?


"ဘာဖြစ်လို့လဲ..." 

ချီဖန့်က ယွီမော့ကို ဗလာဖြစ်စွာ မော့ကြည့်လိုက်သည်။ 


ယွီမော့၏နားရွက်ထိပ်ဖျားများက အကြောင်းအရင်းမရှိ နီမြန်းသွားခဲ့သည်။ သူက သူ့လက်ထဲရှိအိတ်ကို ချီဖန့်၏စားပွဲခုံပေါ် တင်လိုက်သည်။ 


ချီဖန့် ၎င်းကိုကြည့်လိုက်ရာ ကျောင်းဝတ်စုံဖြစ်နေသည်ကို မြင်လိုက်ရ၏။


"မင်း ညစ်ပတ်အောင်လုပ်ခဲ့တာ မင်းမှာတာဝန်ရှိတယ်..." 

ယွီမော့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။


***

 

စာရေးသူမှာ ပြောစရာရှိပါတယ်...


နောက်တော့ ဒီချစ်စရာလေးနှစ်ယောက် နမ်းတဲ့အခါကျ ယွီမော့က ပြောလိမ့်မယ် : မင်း ကိုယ့်ကိုစခဲ့တာနော် မင်းမှာတာဝန်ရှိတယ်...



🏫🏫🏫