Chapter 9
Viewers 184

🏫 Chapter 9



"ငါ ပြောမယ်... ရှောင်ဖန့် ငါ့ကိုမတားနဲ့... အဲဒီကောင်စုတ်လေးကိုကန်ခွင့်ပေး...သူ့ကို 'ပန်းတွေ ဘာလို့အရမ်းနီနေလဲ' * ဆိုတာ သိအောင်လုပ်ရမယ်..."

ဖန်းဇီဖေးက အမူအရာမဲ့စွာဖြင့် စောဒကတက်လိုက်သည်။


[T/N *'ပန်းတွေ ဘာလို့အရမ်းနီနေလဲ' က သီချင်းစာသားတစ်ခုပါ - ပန်းတွေ ဘာလို့အရမ်းနီနေလဲ... ငယ်ရွယ်မှုရဲ့သွေးတွေနဲ့ရေလောင်းထားလို့ပဲ... အခုတော့ လူတချို့က တစ်ယောက်ယောက်ကို မင်း အရိုက်ခံဖို့ လိုနေပြီလို့ အသိပေးတဲ့ စကားစုအနေနဲ့ သုံးပါတယ်...]


ငါတို့ရဲ့ချစ်စရာရှောင်ဖန့်လေး... အမူအကျင့်ကောင်းလည်းရှိတယ်...ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတာ... အဝတ်လျှော်ဖို့မပြောနဲ့ ပန်းကန်တောင် တစ်ခါမှမဆေးဖူးဘူး ...အဲဒီယွီမော့က ရှောင်ဖန့်ကို သူ့အဝတ်တွေလာလျှော်ခိုင်းရဲတယ်လို့...


ဖန်းဇီဖေး တွေးနေလျက်ပင် ပိုဒေါသထွက်လာခဲ့သည်။ သူ နောက်ဆုံးတွင် တစ်ဖက်လှည့်ကာ ပြန်လာခဲ့သည်။ 

"မရဘူး...ငါ သူ့ကို ရိုက်ချင်နေတုန်းပဲ..."


ချီဖန့်က သူ့ကိုပြန်ဆွဲခေါ်လာခဲ့သည်။ 

"ဟုတ်ပါပြီ မသွားနဲ့တော့…"


သူလည်း ယွီမော့က သူ့ကျောင်းဝတ်စုံကို ကျောင်းယူလာပြီး သူ့(ချီဖန့်)ကို လာလျှော်ခိုင်းရန် မမျှော်လင့်ထားချေ။ သူက ယွီမော့အဝတ်အစားပေါ်၌ ဆီစွန်းထင်းစေခဲ့သောကြောင့် ယွီမော့ သူ့ကို တာဝန်ယူခိုင်းသည်က ဘာမှမမှားသော်လည်း ချီဖန့် မပျော်နေချေ။ ယမန်နေ့ညက သူ ယွီမော့ကို ကယ်ခဲ့သည်ဟု ယူဆနိုင်သော်လည်း ယွီမော့က သူ့ကျောင်းဝတ်စုံအား ဆီစွန်းစေသည်ကိုသာ သတိရခဲ့သည်။


ဒေါသမထွက်နဲ့...သူက အနာဂတ်သူဌေးလောင်းလေးပဲ...ဒေါသထွက်လို့...မဖြစ်ဘူးဆိုပေမယ့် ဒေါသထွက်နေတုန်းပဲ...


ဖန်းဇီဖေးက ချီဖန့် အမူအရာကိုကြည့်ပြီး မနေနိုင်ဘဲ လည်ပင်းကျုံ့လိုက်သည်။


သွားပြီ...ချီဖန့်ရဲ့ဒေါသ ပေါက်ကွဲနေပြီ...


ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် ဒုတိယအချိန်က ကာယချိန်ဖြစ်သည်။ ချီဖန့်နှင့် အခြားသူများက မီတာတစ်ထောင်ပြေးခဲ့ရသည်။ ကာယဆရာက အချိန်ပြည့်ခါနီးကိုတွက်ချက်ပြီး လက်ဝှေ့ယမ်းပြကာ သွားကစား၍ရပြီဟု ပြောခဲ့သည်။


ဖန်းဇီဖေး ဦးဆောင်သော ကောင်လေးအချို့က ဘတ်စကတ်ဘောကွင်းထဲသို့ ပြေးသွားခဲ့ကြသည်။ ကျောင်းတွင် ဘတ်စကတ်ဘောကွင်းများစွာမရှိသဖြင့် သူတို့အားလုံး ကာယချိန်၌ အတူဆော့ကြရသည်။ သူတို့ ဘတ်စကတ်ဘောကွင်းကို ယူလိုက်ချိန်တိုင်း တိုက်ပွဲတစ်ခုကဲ့သို့ ဖြစ်နေသည်။


ဖန်းဇီဖေးက အရပ်မရှည်သော်လည်း လျင်မြန်ကာ ကွင်းသို့ ဦးစွာပြေးသွားခဲ့သည်။ သူက ဘောလုံးကိုပုတ်ပြီး ရှေ့သို့ ပြေးသွားခဲ့သည်။


သူ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဘတ်စကတ်ဘောကို ကောက်ကိုင်လိုက်သည်။ 


ဖန်းဇီဖေး လှည့်ကြည့်လိုက်ရာ ချီဖန့်က ဖြည်းညင်းစွာလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူ မနေနိုင်ဘဲ မျက်လုံးလှိမ့်ပြီး ဘောလုံးကိုပစ်ပေးလိုက်သည်။ 

"သခင်လေးချီ ဒီနေ့ အရှိန်က တော်တော်မြန်တာပဲ..."


ချီဖန့်က ဘတ်စကတ်ဘောကိုယူပြီး နှစ်ကြိမ်ပုတ်လိုက်သည်။ သူ ဘတ်စကတ်ဘောကို မထိသည်မှာ ကြာလှပြီဖြစ်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။


ဖန်းဇီဖေး၏ဦးဆောင်မှုဖြင့် ကောင်းကောင်းကစားနိုင်သော အတန်းထဲရှိ ကောင်လေးအချို့က သူတို့၏ယခင်ကစားနည်းအတိုင်း အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ကြသည်။ ချီဖန့် ဘတ်စကတ်ဘောကို အချိန်အတန်ကြာမထိခဲ့သည့်တိုင် သူ၏ရုပ်ပိုင်းဆိုင်ရာမှတ်ဥာဏ်က ရှိနေဆဲဖြစ်သည်။ လက်ခံစားချက်နှင့် ရင်းနှီးလာပြီးနောက် သူ လျင်မြန်စွာနေသားကျလာပြီး ပို၍လိုက်လျောညီထွေဖြစ်လာခဲ့သည်။ 


အောက်တိုဘာလကုန်တွင် ရာသီဥတုအေးလာပြီဖြစ်သော်လည်း ချီဖန့်၏နဖူးပေါ်၌ ချွေးများစွာထွက်နေဆဲဖြစ်သည်။ သူ ချွေးများကို သူ့ကျောင်းယူနီဖောင်းဖြင့် ဖြစ်သလိုသုတ်လိုက်သည်။ 


သူ မတ်တပ်ထရပ်ပြီး ဖန်းဇီဖေးကို အနားယူရန်ပြောတော့မည့်အချိန်တွင် ရုတ်တရက် သူ့နောက်မှ မိန်းကလေးတစ်ယောက်၏စူးစူးရှရှ အော်သံကို ကြားလိုက်ရသည်။


ဘုတ်... 

ချီဖန့် ရှေ့သို့ယိုင်သွားပြီး ဒယိမ်းဒယိုင်ဖြင့် ခြေလှမ်းလိုက်သော်လည်း မလဲကျသွားခဲ့ပေ။


"ချီး...ရှောင်ဖန့် မင်း အဆင်ပြေရဲ့လား..."

ဖန်းဇီဖေးက ချီဖန့် ဘောလုံးထိမှန်သွားသည်ကိုမြင်လိုက်ရပြီး သူ့အသံက တုန်ယင်သွားခဲ့သည်။ ဖန်းဇီဖေးက သူ့လက်ထဲရှိဘတ်စကတ်ဘောကို ဘေးပစ်ချပြီး ချီဖန့်ကိုကူညီရန် ပြေးသွားခဲ့သည်။


ချီဖန့်၏မျက်နှာက အနည်းငယ်ဖြူဖျော့နေသော်လည်း သူ့အမူအရာက တည်ငြိမ်နေဆဲဖြစ်သည်။ သူက လက်တစ်ဖက်ကို ခေါင်းနောက်တင်ထားပြီး ပင့်သက်ရှိုက်လိုက်သည်။ 


ဖန်းဇီဖေးက ဆဲရေးပြီး တရားခံဆီသို့ တိုက်ရိုက်သွားလိုက်သည်။


ရလဒ်အနေဖြင့် ဖန်းဇီဖေး ကြောင်အသွားခဲ့ရသည်။ ထိုလူက အပြစ်ရှိစိတ်မရှိသည့်အပြင် ချီဖန့်ကိုပင် မတောင်းပန်ဘဲ ဘောလုံးကိုယူပြီး ဆက်ကစားနေခဲ့သည်။ 


ဖန်းဇီဖေးက အေးစက်စက်မျက်နှာဖြင့် လက်ဆန့်ပြီး ထိုလူ့လက်ထဲရှိ ဘောလုံးကို ပုတ်ထုတ်လိုက်သည်။

"မင်း ဘာလုပ်တာလဲ..."  


ထိုလူက ဒေါသအပြည့်ဖြင့် ခေါင်းလှည့်ကြည့်လာခဲ့သည်။ သူက ဖန်းဇီဖေးကိုမြင်ချိန်တွင် အကြည့်လွှဲလိုက်သော်လည်း ဒေါသဖြင့် ပြောလာခဲ့သည်။ - 

"ပြဿနာလာမရှာနဲ့..."


ဖန်းဇီဖေးက ခြိမ်းခြောက်မှုကို လျစ်လျူရှုပြီး ထိုကောင်လေး၏ကော်လံကိုကိုင်ကာ ချီဖန့် ရှေ့သို့ဆွဲခေါ်လာ၍ အေးစက်စွာ ပြောလိုက်သည်။ - 

"ခွေးကောင် ဒီလောင်ဇီကို ပြန်တောင်းပန်စမ်း..."


ဆွဲခေါ်ခံလာရသူက ချီဖန့်ရှေ့တွင် လဲကျလုမတတ်ဖြစ်သွားပြီး ဆဲရေးလာခဲ့ဖြစ်သည်။  

"အဲဒါက ထိသွားရုံလေးလေ...သခင်လေးချီက ဘယ်လောက်တောင်နူးညံ့လို့ ကလေးမလေးလိုဖြစ်နေရ..."


ထိုကောင်လေး၏အသံက ရုတ်ခြည်းရပ်တန့်သွားပြီး သူ့နောက်ကျောတွင် ချွေးအေးတစ်လွှာထွက်လာကာ မသိစိတ်အရ နောက်ပြန်ဆုတ်လုမတတ်ဖြစ်သွားခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိလူများက သူ၏ ပုံမှန်မဟုတ်မှုကို တွေ့ပြီး ချီဖန့်ကို သံသယဖြင့် ကြည့်လိုက်ကြသည်။


ချီဖန့်၏ခေါင်းက ဘောလုံးထိမှန်ခံထားရပြီး သူ့ပတ်ဝန်းကျင် ရုတ်တရက် တိတ်ဆိတ်သွားသည်ကို သတိမထားမိခဲ့ပေ။


"ဘာဖြစ်တာလဲ..."  

သူနှင့်အတူကစားနေသော လူအချို့က ရောက်လာခဲ့ကြသည်။ သူတို့ထဲမှ တစ်ယောက်က ဖန်းဇီဖေးကိုကြည့်ပြီး လှောင်ပြောင်လာခဲ့သည်။ 

"ဘာလဲ ဖန်းဇီဖေး...မင်း ထပ်အရိုက်ခံချင်နေတာလား..."


ဖန်းဇီဖေး ခေါင်းလှည့်ကြည့်လိုက်သည်။


ဝမ့်ဖန်းယွီဟုခေါ်သောလူမှာ မူလက သူတို့ထက် အတန်းတစ်တန်းကြီးသော်လည်း အမှားတစ်ခုကြောင့် နှစ်ကျဖြစ်ခဲ့သည်။ သူက ဖန်းဇီဖေး၏ရန်ဘက်အဖြစ် သတ်မှတ်ခံထားရသည်။ သူတို့နှစ်ဦး မည်သို့ရန်ဖြစ်ခဲ့ကြသည်ကို ဖန်းဇီဖေး မမှတ်မိသော်လည်း အလယ်တန်းမှ အထက်တန်းအထိ သူတို့တွေ့ချိန်တိုင်း ရန်ဖြစ်လျှင်ဖြစ် သို့မဟုတ် ရန်ဖြစ်ရန် ချိန်းဆိုလေ့ရှိကြသည်။


"ဘာလို့လဲ...မင်းမျက်ခွက်ပေါ်က ဒဏ်ရာ သက်သာသွားတာနဲ့ အသစ်ရဖို့ထပ်တွေးနေတာလား..."  

ဖန်းဇီဖေးက သရော်လိုက်သည်။


လွန်ခဲ့သောလက ဝမ့်ဖန်းယွီ ဖန်းဇီဖေးကိုပညာပေးရန် လူနှစ်ဦးခေါ်လာခဲ့သော်လည်း ထိုအစား ဖန်းဇီဖေးထံမှ မျက်လုံးကို ထိုးခံခဲ့ရပြီး နှစ်ရက်ခန့် ယောင်ကိုင်းနေခဲ့သည်။ ဝမ့်ဖန်းယွီက ထိုနှစ်ရက်အတွင်း အိမ်၌သာနေပြီး ကျောင်းသို့ပင်မလာခဲ့ကြောင်း သူ သိခဲ့ရသည်။


ဝမ့်ဖန်းယွီ၏အနာပေါ် တုတ်ကျသွားပြီး သူ့မျက်နှာက ချက်ချင်းကြည့်ရဆိုးသွားခဲ့သည်။ ချီဖန့် အနည်းငယ် မူးဝေဝေခံစားနေရဆဲဖြစ်ပြီး သူတို့ရန်ဖြစ်တော့မည်ကိုမြင်ချိန်တွင် ခေါင်းခါယမ်းလိုက်သည်။

"တော်တော့...ကာယဆရာ ဒီမှာရှိတယ်..."


ကာယဆရာက နေရိပ်ထဲနားနေသည့်တိုင် ဤနေရာရှိ အခြေအနေကို သတိပြုမိဆဲဖြစ်သည်။ သူတို့ရန်စဖြစ်ပါက ဖန်းဇီဖေး မိဘ ထပ်ခေါ်ခံရလိမ့်မည်ဖြစ်သည်။


ဖန်းဇီဖေးက သူ့မိဘများကိုရှာရန် မကြောက်သော်လည်း ဤကိစ္စအတွက်နှင့် သူ့အဖေ သူ့ကို ရိုက်နှက်ပါက ချီရှောင်ဖန့် သူ့အပေါ် သေချာပေါက် အပြစ်ရှိစိတ်ခံစားရပေလိမ့်မည်။


ဖန်းဇီဖေးက ဖြူဖျော့ဖျော့ကောင်လေး၏ စကားအား နားထောင်သည်ကို ဝမ့်ဖန်းယွီမြင်ချိန်တွင် နောက်ပြန်ဆုတ်ကာ လှောင်လိုက်သည်။ 

"အို...ဖက်တီးက မြေးလေးဖြစ်နေပြီပေါ့…"

[T/N * နောက်လိုက်]


ဖန်းဇီဖေးက အံကြိတ်လိုက်သော်လည်း ဘာမှပြန်မပြောခဲ့ချေ။


"ဟားဟား..."  

ဝမ့်ဖန်းယွီက ကျေနပ်စွာ လှောင်ပြောင်ပြီး လှည့်ထွက်သွားခဲ့သည်။


"ဟေး..." 

ချီဖန့်က ဖန်းဇီဖေးကို တစ်ချက်ကြည့်ပြီး ရုတ်တရက် ဝမ့်ဖန်းယွီကိုခေါ်လိုက်သည်။ 

"မင်း ငါနဲ့ ပြိုင်ချင်လား..."


ဝမ့်ဖန်းယွီက အထင်သေးစွာ ခေါင်းလှည့်လာပြီး ချီဖန့်ကို အပေါ်အောက်ငုံ့ကြည့်လာခဲ့သည်။  

"ဂျပုလေး...မင်း မလုပ်နိုင်တာကို မလုပ်ဖို့ ငါ အကြံပေးလိုက်မယ်...ငါ မင်းလိုအရပ်မျိုး ဆယ်ယောက်နဲ့တောင် ချနိုင်တယ်..."


ချီဖန့် မျက်စောင်းထိုးလိုက်သည်။


သူက အရပ်မပုဘဲ ၁.၇ မီတာရှိပေသည်။ ဝမ့်ဖန်းယွီက ထိုစကားများကို ချီဖန့်ကို လှောင်ရန် ပြောခဲ့ခြင်းဖြစ်သည်။


"ရန်ဖြစ်တာက ပျင်းစရာမကောင်းလွန်းဘူးလား..."  

ချီဖန့် ခေါင်းမော့ပြီး သူ့မျက်လုံးများတွင် ပိုရန်လိုသော အမူအရာဖြင့် ဝမ့်ဖန်းယွီကို တည့်တည့်စိုက်ကြည့်လိုက်သည်။


ဝမ့်ဖန်းယွီက ချီဖန့်၏ရန်စမှုကို ခံစားမိပြီး သရော်လိုက်သည်။ 

"မင်းက ဘာပြိုင်ချင်လို့လဲ..."


"အဆင့်..." 

ချီဖန့် စိတ်အားထက်သန်စွာပြောလိုက်သည်။


ကစားကွင်းတစ်ခုလုံး သုံးစက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ဝမ့်ဖန်းယွီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ 

"စာလေ့လာတာ စာကျက်တာလား...မင်း ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းသလိုဖြစ်မှာ စိုးမိပါရဲ့..."


"ဒီမှာမသိတဲ့သူတွေ လိုက်မေးကြည့်လိုက်ဦး… ချီဖန့် မင်းက ပထမနှစ်မှာ ဘိတ်ချေးပဲ..."


"မင်း အဆင့်ပြိုင်ချင်သေးတာလား..."


ချီဖန့် အေးခဲသွားပြီး သူ့သင်္ချာ၏အမှတ်နှစ်မှတ်ကို တွေးမိသွားခဲ့သည်။ ထို့ကြောင့် သူပြောသည်ကို နားလည်ရမခက်ချေ။


ဝမ့်ဖန်းယွီက လှောင်ရယ်လိုက်သည်။ 

"ဒီမှာ သခင်လေး...ငါ မင်းကိုအကြံပေး..."


"ကြောက်တာလား..."  

ချီဖန့် သူ့ကို စကားဖြတ်ပြောလိုက်သည်။


ဝမ့်ဖန်းယွီ၏မျက်နှာက မည်းမှောင်သွားခဲ့သည်။ သူက နှစ်ကျကျောင်းသားဖြစ်သောကြောင့် အတန်းဖော်များက သူ့ကို အနည်းငယ် ကြောက်လန့်ကြပြီး တစ်ခါမှ မလေးမစားမလုပ်ဝံ့ကြချေ။ သူ ငယ်စဉ်ကတည်းက သိလာသော ဖန်းဇီဖေးမှလွဲ၍ တစ်စုံတစ်ယောက် သူ့ကိုရန်စဝံ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။


ဒီပျော့ညံ့ညံ့ကောင်လေးကများ...


ဝမ့်ဖန်းယွီက အရိပ်ထဲတွင် ထိုင်နေသော ကာယဆရာကို တစ်ချက်ကြည့်လိုက်သည်။ ဆရာက ထိုင်နေဆဲဖြစ်သည့်တိုင် သူတို့ကို သတိထားမိနေသည်။ သူ ယခု ရန်စဖြစ်လျှင် ဆရာက သူ့ကို တိုက်ရိုက်ဖမ်းမိသွားလိမ့်မည်ဖြစ်သည်။


သူက အပြစ်ပေးခံထားရပြီးဖြစ်ကာ နောက်တစ်ကြိမ် ထပ်ရန်ဖြစ်လျှင် ကျောင်းထုတ်ခံရနိုင်ချေရှိသည်။


"ကောင်းပြီ..." 

ဝမ့်ဖန်းယွီက အသံလျှော့ပြောပြီး ချီဖန့်ကို စိုက်ကြည့်လိုက်သည်။ 

"မင်းရဲ့အလောင်းအစားကို ငါလက်ခံတယ်..."


****


"မင်းက အရမ်းစိတ်လိုက်မာန်ပါလုပ်တာပဲ..." 

ဖန်းဇီဖေးက လက်ထဲ၌ ယွင်နန်ပိုင်ယောင်းပုလင်းကို ကိုင်ထားပြီး ဆေးပေးခန်းထဲမှ ချီဖန့်နှင့်အတူထွက်လာခဲ့သည်။

[T/N ယွင်နန်ပိုင်ယောင်းက တရုတ်ဆေးတစ်မျိုးပါ]


ချီဖန့်၏ခေါင်းနောက်တွင် ဘုကြီးထသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ပြင်းထန်စွာ မထိခိုက်သွားခဲ့ချေ။ ကျောင်းဆေးပေးခန်းမှ ဆရာဝန်က သူတို့နှစ်ယောက်ကိုပြန်မလွှတ်မီ ဖန်းဇီဖေးကို ပြစ်တင်ရှုတ်ချကာ ချီဖန့်ကို နှစ်သိမ့်ချော့မော့ခဲ့သည်။


"ရပါတယ်... နှစ်လတောင် ကျန်သေးတယ်လေ..."  

ချီဖန့် ပြုံးလိုက်သည်။  


သူတို့ နောက်ဆုံးစာမေးပွဲရလဒ်ကိုပြိုင်ရန် လောင်းခဲ့ကြသည်။ ချီဖန့် အနိုင်ရခဲ့လျှင် ဝမ့်ဖန်းယွီက စာသင်နှစ်တစ်နှစ်လုံး ချီဖန့်၏ညီလေး လုပ်ရပေမည်။


"အဲဒီကောင်က အထက်တန်းတက်တာ နှစ်နှစ်ရှိနေပြီဆိုတာ မင်း မေ့သွားတာလား...သူက မတော်ပေမယ့် သူ့အဆင့်တွေက အလယ်အလတ်လို့ ယူဆရသေးတယ်...မင်းက..." 

ဖန်းဇီဖေး မည်သို့ပြောရမည် မသိဖြစ်သွားသည်။ သူ ရှောင်ဖန့်ကို အပြစ်မတင်လိုသောကြောင့် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ 

"ငါ အရမ်းအားနည်းနေလို့ပေါ့ကွာ..."


"ရပါတယ်...အဆင်ပြေတယ်..." 

ချီဖန့် စာသင်ခန်းထဲသို့ လျှောက်သွားခဲ့သည်။ သူနှင့် ဖန်းဇီဖေးက ဆေးပေးခန်းသွားရန်ခွင့်တောင်းပြီးနောက် ပြန်လာခြင်းဖြစ်သည်။ စာသင်ခန်းတစ်ခုလုံးတွင် မည်သူမှမရှိတော့ချေ။ 


ချီဖန့် သူ့ထိုင်ခုံသို့ လျှောက်သွားပြီးနောက် ရုတ်တရက် ရပ်သွားခဲ့သည်။


သူ့စားပွဲပေါ်တွင် ယွင်နန်ပိုင်ယောင်းအသစ်တစ်ဘူး ရှိနေခဲ့သည်။


"မင်းကို ကြိတ်သဘောကျနေတဲ့ ကောင်မလေး ပေးတာလားမသိဘူး..."  

ဖန်းဇီဖေးက ဆေးပုလင်းကို တစ်ချက်ကြည့်ပြီး စနောက်လိုက်သည်။


မည်သို့ဆိုစေကာမူ သူက အင်ထရိုဗာ့ မဟုတ်သောကြောင့် စာသင်နှစ်တွင် သူ၏ ကျော်ကြားမှုက အလွန်တိုးလာခဲ့သည်။ နေ့တိုင်းလိုလို ကောင်မလေးများက ချီဖန့်ကိုကြည့်ရန်အတွက်နှင့် သူတို့အတန်းကို ဖြတ်သွားလေ့ရှိကြသည်။


သို့သော် ချီဖန့်က ထိုကဲ့သို့အရာမျိုးတွင် နှေးကွေးပုံရသည်။


ချီဖန့် ဆေးပုလင်းကို ယူကြည့်ပြီးနောက် စားပွဲပေါ်ပြန်တင်လိုက်သည်။ 


ဒီဆေးပုလင်းက ကျောင်းဆေးပေးခန်းမှာ ရှိတဲ့ ဆေးပုလင်းနဲ့ အတူတူပဲ...


အဲဒီတော့...တစ်ယောက်ယောက်က ငါ အားကစားကွင်းမှာ ဘောလုံးမှန်သွားတာမြင်ပြီး ငါ့အတွက်ဆေးယူပေးဖို့ ကျောင်းဆေးပေးခန်းကို တန်းသွားခဲ့တာပဲ...


ဘယ်သူများလဲ...


ချီဖန့် ထိုင်ချလိုက်ပြီး သူ့မျက်လုံးများက ဘေးနားရှိ စက္ကူအိတ်ပေါ် ဖြည်းညင်းစွာ ရွေ့သွားကာ မေ့လုနီးပါး ဒေါသများက သူ့စိတ်ထဲ ရုတ်တရက် ပြန်ပေါ်လာခဲ့၏။  


ငါမသိတဲ့ သူစိမ်းတစ်ယောက်က ငါ့ကို ဆေးပေးပေမယ့်... ငါကယ်ပေးခဲ့ရတဲ့ သာ့ကောကတော့ ငါ့ကို အဝတ်လျှော်ခိုင်းတယ်တဲ့လေ...


အဝတ်...လျှော်ခိုင်းတာတဲ့လေ...


ချီးတဲ့မှ--


ချီဖန့် စက္ကူအိတ်ကို သူ့စားပွဲခုံထဲ ထိုးထည့်လိုက်သည်။


"မသိဘူးကွာ...စာပဲလုပ်တော့မယ်..."



🏫🏫🏫