Chapter 10
Viewers 186

🏫 Chapter 10



ဝမ့်ဖန်းယွီနှင့် လောင်းကြေးထပ်ပြီးနောက် ချီရှောင်ဖန့်က အရူးတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်ကို ဖန်းဇီဖေး သိခဲ့ရသည်။ သူက အတန်းချိန်အတွင်း မအိပ်တော့သည့်အပြင် အတန်းပြီးနောက်တွင်လည်း စကားမပြောတော့ချေ။


ပိတ်ရက်တွင် ချီဖန့် ယွီမော့၏ကျောင်းဝတ်စုံကို ဗီလာသို့ပြန်ယူလာခဲ့သည်။


သူ အဝတ်အစားများ မလျှော်နိုင်သည်မှာ သေချာပေသည်။


ထိုကျောင်းဝတ်စုံ‌က ကျောင်းပိတ်ရက်၌ အိမ်အကူထံသို့ ပစ်ပေးခံခဲ့ရသည်။ 


ဘာပဲဖြစ်ဖြစ် ယွီမော့က အဲဒါကို ငါလျှော်လား အိမ်အကူအန်တီလျှော်တာလား သိမှာမှမဟုတ်ပဲ...


သို့သော် ချီဖန့် အိမ်အကူအန်တီကြီးကို ကျောင်းဝတ်စုံအား ဂရုတစိုက်လျှော်ရန် ပြောခဲ့သည်။ 


ယွီမော့ရဲ့နားမလည်နိုင်တဲ့ သဘောထားနဲ့ဆို အဲဒါကို သန့်သန့်ရှင်းရှင်းမလျှော်ထားလို့ ငါလျှော်တာကြည့်ချင်တယ်လို့ပြောလာရင် ဘယ်လိုလုပ်မလဲ...


ချီဖန့် ပိုတွေးလေ ယွီမော့က ထိုသို့လုပ်ရန် အလားအလာများလေဟု ခံစားရပြီး အိမ်အကူအန်တီကြီးကို ပိုလေးနက်စွာမှာကြားခဲ့သည်။ 


ချီဖန့်၏အပြုအမူက အိမ်အကူအန်တီပေါ် သက်ရောက်သွားပြီး ထိုဝတ်စုံအတွက် အလွန်စိုးရိမ်သွားသည်။ 


သခင်လေးချီက ဒီဝတ်စုံကို အရမ်းအလေးအနက်ထားနေတာ...ဒါက အရမ်းအရေးကြီးတဲ့လူရဲ့ဝတ်စုံပဲဖြစ်ရမယ်...


သူတို့ဘေးနားရှိမာမားချီက ချီဖန့်၏ အပြုအမူကိုကြည့်ပြီး အပြုံးတစ်ခုဖြင့် မေးလာခဲ့သည်။ 

"အဲဒါက ဖန်းဇီဖေးရဲ့ဟာလား..."


ကျောင်းဝတ်စုံက ချီဖန့်ထက် သိသာစွာ တစ်ဆိုဒ်ကြီးနေပြီး ချီဖန့်ကလည်း အိမ်သို့ လျှော်ရန်ယူလာသဖြင့် ဖန်းဇီဖေးမှလွဲ၍ အခြားလူကို မာမားချီမတွေးနိုင်ချေ။


သို့သော် ချီဖန့်က ခေါင်းယမ်းပြီး သူ့အမေဘေးတွင် မပျော်မရွှင်မျက်နှာဖြင့်ဝင်ထိုင်လိုက်သည်။ 

"ဒီတိုင်း စိတ်ညစ်စရာသရဲတစ်ကောင်ရဲ့ဟာပါ..."


"ဒီကလေး ဘာတွေပြောနေတာလဲ..." 

မာမားချီက ချီဖန့်၏နဖူးကို ညင်သာစွာခေါက်လိုက်သည်။ 

"ဘာဖြစ်လို့လဲ... ကျောင်းမှာတစ်ယောက်ယောက်အနိုင်ကျင့်လို့လား.."


ချီဖန့် ခေါင်းခါပြလိုက်သည်။ 

အဲဒါက အနိုင်ကျင့်တာမဟုတ်ပေမယ့် နည်းနည်း... ညှင်းဆဲတာလိုမျိုးပဲ... 


သူ့စိတ်ထဲ ထိုစကားလုံးပေါ်လာချိန်တွင် ချီဖန့် ထိတ်လန့်သွားပြီး ထိုစကားလုံးကို သူ့စိတ်ထဲမှ အမြန်ထုတ်လိုက်သည်။ 


သူ့ကို ထိုသို့မြင်ရစဉ် မာမားချီက များစွာမမေးတော့ဘဲ အခြားအကြောင်းပြောလာခဲ့သည်။ 

"ဪ ဒါနဲ့ သားအစ်ကိုကို အရင်ပတ်က ပြောခဲ့တဲ့ကိစ္စလေ..."


မာမားချီ စကားပြော၍မဆုံးမီ ချီဖန့် မတ်မတ်ထိုင်ကာ ပြောလိုက်သည်။ 

"လေလံဆွဲထားတာ ဖျက်လိုက်ပြီလား..."


မာမားချီက အပြုံးတစ်ခုဖြင့် ချီဖန့်၏ မျက်လုံးထဲရှိစိတ်သက်သာရာရသွားသော အရိပ်အယောင်ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ 

"အင်း သားအဖေက ရှင်းရှင်းလင်းလင်းစုံစမ်းပြီးသွားပြီ...လေလံဆွဲတာ ဖျက်သိမ်းတဲ့နေရာမှာ ဆုံးရှုံးမှုတော့ ရှိနိုင်ပေမယ့် အဲဒါက လက်ခံနိုင်တဲ့ကန့်သတ်ချက်ထဲမှာပဲ...သားအဖေတောင် သားကို ချီးကျူးနေသေးတယ်..."


ချီဖန့်၏အသွင်အပြင်ကိုကြည့်ပြီး မာမားချီ၏နှလုံးသားထဲရှိ ကျောက်တုံးကြီးက အနည်းငယ် ကျဆင်းသွားခဲ့သည်။


သူမတို့မိသားစုထဲရှိ အကြီးဆုံးသားနှင့် ဒုတိယသားက အရည်အချင်းရှိပြီး အရွယ်ရောက်နေကြပြီဖြစ်၍ မာမားချီ သူတို့ကို ဂရုစိုက်ခဲလှသည်။ ထိုသားအငယ်ဆုံးလေးကသာ အရွယ်မရောက်သေးသောကြောင့် မာမားချီ စိုးရိမ်ပူပန်မှုများခံစားနေရသည်။


ငါ ချီဖန့်ကို ကာကွယ်ဖို့ ယုံကြည်ချက်ရှိပေမယ့်...အနာဂတ်မှာ ချီဖန့် ဘာပဲလုပ်ချင်လုပ်ချင် ငါတို့မိသားစုက ထောက်ပံ့ပေးနိုင်ပေမယ့်...


တကယ်လို့ ချီမိသားစုပြိုလဲသွားပြီး ငါတို့အားလုံးမရှိတော့ရင် ဘယ်လိုလုပ်မလဲ... ဒီအပူအပင်ကင်းတဲ့ သားငယ်လေးက ဘာဖြစ်သွားမှာလဲ...


ထိုကဲ့သို့အတွေးမျိုးက အနည်းငယ်ဆိုးဝါးသော်လည်း မိသားစု၏ကာကွယ်မှုမရှိလျှင် သူမ၏သားငယ်လေး မည်မျှညှင်းပန်းနှိပ်စက်ခံရမည်ကို မတွေးမိဘဲ မနေနိုင်ခဲ့ချေ။


ချီဖန့်က အလွန်လိမ္မာပုံရသော်လည်း တကယ်တမ်းတွင် ကလေးသုံးယောက်ထဲ သူက ခေါင်းအမာဆုံးဖြစ်သည်။ 


သူရဲ့ဒီစရိုက်ကြောင့် သူ မကြိုက်တဲ့အရာတစ်ခုခုကို လုပ်ရရင် ဘာဖြစ်သွားမလဲ...


ထိုအရာများက မာမားချီ၏စိုးရိမ်မှုသက်သက်သာဖြစ်သောကြောင့် အိမ်ရှိ မည်သူ့ကိုမှ သူမ မပြောဖူးခဲ့ချေ။ 


"အာ..." 

ချီဖန့်က ရှက်ရွံစွာပြုံးပြီး ဆိုဖာပေါ်မှ ခေါင်းအုံးကိုယူကာ သူ့မျက်နှာကို ခေါင်းအုံးထဲဝှက်ထားလိုက်သည်။ 

"ကျွန်တော်က ဒီတိုင်းပြောလိုက်တာပါ... ပါပါးကသာ အရမ်းတော်လို့..."


မားမားချီက ခေါင်းခါလိုက်သည်။ 

"သားကြောင့်သာမဟုတ်ရင် မင်းအဖေက ဒီဆုံးဖြတ်ချက်အမှားတစ်ခုကို မပြောနဲ့... သူတို့ပြုသမျှနုနေရမှာ...ဒါရိုက်တာတွေကလည်း အဲဒီကိစ္စကို သေချာပေါက်ကိုင်တွယ်ကြလိမ့်မယ်..."


ချီဖန့် မျက်တောင်ခတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။


ယခင်ဘဝတွင် ထိုအဖြစ်အပျက်ကြောင့် သူ့ဖခင်၏ဂုဏ်သတင်းက အမှန်ပင် ထိခိုက်ပြီး ကုမ္ပဏီရှိ သူ့နာမည်ကောင်းက ကျဆင်းလာခဲ့သည်။ 


သို့သော် ချီဖန့်ကို ပျော်ရွှင်စေသည်မှာ ဤရှုထောင့်မှကြည့်လျှင် သူအနာဂတ်အပြောင်းအလဲများအပေါ် အမှန်ပင်လွှမ်းမိုးနိုင်သောကြောင့် ချီမိသားစုက ယခင်ဘဝကဲ့သို့ ဆင်းရဲဒုက္ခရောက်မည် မဟုတ်တော့ချေ။


ချီဖန့် ယခုတစ်ပတ်တွင် မာမားချီနှင့်သာ တွေ့ခဲ့ရသည်။ ပါပါးချီနှင့် သူ့အစ်ကိုကြီးနှစ်ယောက်က ကုမ္ပဏီတွင် အလုပ်ရှုပ်နေခဲ့သည်။ လေလံကို ပယ်ဖျက်ခြင်းက စီရင်ချက်တစ်ခုသာဖြစ်သော်လည်း ထို‌နောက်တွင် လုပ်ဆောင်ရမည့်အရာများစွာ ရှိနေဆဲဖြစ်သည်။


လူနှစ်ယောက်သာရှိသော်လည်း ချီဖန့်က ဟင်းပွဲများကို အလွန်လေးနက်စွာ ချက်ပြုတ်ခဲ့သည်။ မာမားချီက စားသောက်ပြီးနောက် သူမ၏ဗိုက်လေးကိုကြည့်၍ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။


"ဒါနဲ့ မား..." 

ချီဖန့်က တူများကို သန့်ရှင်းရေးလုပ်နေခဲ့သည်။ 

"ယွီမော့ကိုသိလား..." 


မာမားချီက ကြောင်အသွားခဲ့သည်။ 

"ယွီမော့လား..."


ချီဖန့်က သူမ အမှန်ပင် မသိသည်ကိုမြင်ချိန်၌ ခဏမျှအံ့သြသွားခဲ့သည်။ 


အမှန်တွင် ယခု ချီမိသားစု၌ ကျယ်ပြန့်သော ကွန်ရက်တစ်ခုရှိသည်။ ယွီမိသားစုက ပိုက်ဆံပိုရှိလျှင်ပင် သူတို့ဘာမှမသိနိုင်သည်က မဖြစ်နိုင်ဟု ချီဖန့်တွေးမိခဲ့သည်။


"သူ့ကိုတော့ မသိဘူး ဒါပေမယ့်...ယွီမိသားစုအကြောင်း ပြောနေတာဆိုရင်တော့ မားနည်းနည်းသိတယ်..." 

မာမားချီက ပြောလာခဲ့သည်။


"ယွီမိသားစုလား..." 

ချီဖန့်က သူ့အမေကို အမြန်လှည့်ကြည့်လိုက်သည်။ 

"သူတို့က အရမ်းအင်အားကြီးတဲ့ မိသားစုလား..."


မာမားချီက မျက်မှောင်ကြုတ်ပြီး ခဏခန့်တွေးလိုက်သည်။ 

"အင်း...သူတို့မိသားစုက ဆိုးရွားတယ်လို့တော့ မဆိုနိုင်ဘူး..."


"ဒါပေမယ့် သူတို့က လျှို့ဝှက်လွန်းတယ်..." 

မာမားချီက တည်ကြည်စွာပြောလိုက်သည်။ 

"ယွီမိသားစုမှာ လုပ်ငန်းခွဲတွေအများကြီးရှိပေမယ့် သူတို့အားလုံးက နယ်ပယ်တူတူတွေကပဲ မဟုတ်တော့ ပြိုင်ဆိုင်မှု ပြဿနာတွေ မရှိဘူး...သူတို့ မိသားစုနဲ့ လုပ်ငန်းတူတွေကြားထဲမှာ စိတ်ဝင်စားစရာကြီးကြီးမားမားမရှိဘူး... အငြင်းပွားစရာတွေမရှိလို့ သူတို့မှာ အတိအကျနယ်ပယ်ဘယ်လောက်များများရှိမှန်း ဘယ်သူမှမသိကြဘူး... လူတော်တော်များများကတောင် သူတို့လုပ်နေတဲ့ ကုမ္ပဏီက တကယ်တော့ ယွီမိသားစုပိုင်မှန်း မသိကြဘူး..."


"ယွီမိသားစုအကြောင်းပြောရင် ဘယ်သူမှမသိတာက အံ့သြစရာတော့ မဟုတ်ဘူး..."


ချီဖန့် အံ့အားသင့်သွားခဲ့သည်။ 

"ဘာလို့လဲ..."


မာမားချီက ချီဖန့်ကို သူမ လက်ထဲရှိ အသီးများပေးလိုက်သည်။ 

"ဘာလို့ဆို သူတို့မိသားစုမှာ အရမ်းထူးဆန်းတဲ့မိသားစုစည်းမျဉ်းရှိလို့ပဲ... မျိုးဆက်သစ်မိသားစုဝင်တွေက သူတို့ရဲ့ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းမစခင်အထိ မိသားစုနောက်ခံကို သုံးခွင့်မရှိဘူး... အဲဒါကြောင့် သဘာဝအတိုင်း သူတို့ကို ဘယ်သူမှ အဆက်အသွယ်ယူလာပေးမှာ မဟုတ်ဘူး..."


"သားပြောနေတဲ့ ယွီမော့က အသိအမှတ်မပြုခံရသေးတာများလား..."


ချီဖန့်က နာခံစွာဖြင့် အသီးများယူလိုက်၏။ ထိုအချိန်တွင် သူ့နဖူးပေါ်ရှိဆံပင်များက ကျလာကာ သူ့မြင်ကွင်းကို အနည်းငယ် ဖုံးသွားခဲ့သည်။


အဲဒီသာ့ကောက ဒီနှစ်မှ ဆယ့်ငါးနှစ်ပဲရှိသေးတာဆိုတော့ သူ့ရဲ့စီးပွားရေးစွန့်စားမှုကြီး မစလောက်သေးဘူး...


အရင်ဘဝတုန်းက ယွီမော့ ရုတ်တရက်ပေါ်လာပြီး ဘယ်သူမှ သူ့နောက်ခံကို လိုက်ရှာမရတာ အံ့သြစရာမရှိတော့ဘူး...


"ဘာဖြစ်လို့လဲ...ဘာလို့ အဲဒါကို ကောက်ခါငင်ခါထမေးနေတာတုန်း..." 

မာမားချီက ချီဖန့်၏ဆံပင်ကို လှန်တင်ပေးလိုက်သည်။ 

"နည်းနည်းတောင်ရှည်နေပြီ..."


ချီဖန့်က နာခံစွာ ခေါင်းညိတ်လိုက်သည်။ 

"မနက်ဖြန် သွားညှပ်လိုက်ပါ့မယ်..." 


"ဘာမှတော့မဟုတ်ပါဘူး...သားတို့ အတန်းထဲမှာ သားတို့ဗီလာအိမ်ရာကပဲ မျိုးရိုးယွီနဲ့ အတန်းဖော်တစ်ယောက်ရှိတယ်လေ... အဲဒါနဲ့ နည်းနည်းစပ်စုချင်လို့ မေးလိုက်တာပါ..." 

ချီဖန့် ပြန်ပြောလိုက်သည်။


မာမားချီက စိတ်ရှုပ်ထွေးမှုဖြင့် သူမ သားဖြစ်သူကို မေးခွန်းထုတ်သော အကြည့်ပေးလိုက်သော်လည်း ဘာမှမပြောချေ။ 


ချီဖန့်က သူ့ဘေးနားက လူတွေကို သိပ်ဂရုမစိုက်တတ်ဘူး...သူ့မှာ ငယ်ငယ်လေးကတည်းက သူငယ်ချင်းဆိုလို့ ဖန်းဇီဖေးတစ်ယောက်ပဲရှိတာ... အဲဒီယွီမော့...ချီဖန့်က ဘာလို့ သူ့အကြောင်းသိချင်နေတာလဲ...


×××××


တနင်္ဂနွေနေ့ နေ့လယ်ပိုင်းတွင် ချီဖန့် အပြင်ထွက်ကာ ဆံပင်ညှပ်ခဲ့သည်။ ထို့နောက် အိမ်အကူအန်တီ လျှော်ပေးထားသော ကျောင်းဝတ်စုံကိုယူပြီး သူ့တိုက်ခန်းသို့ပြန်လာခဲ့သည်။ ချီဖန့် ညဘက်အိမ်ရာမဝင်မီ သူ့သူငယ်ချင်းများ၏ ပို့စ်များကို ခဏကြည့်နေခဲ့သည်။ သူ ရုတ်တရက် တစ်ခုခုတွေးမိသွားပြီး browser ကို ဖွင့်ကာ ယွီမိသားစုအကြောင်း ရှာလိုက်သည်။ 


ရလဒ်အနေဖြင့် အချက်အလက်အနည်းငယ်သာ ထွက်လာခဲ့သည်။


ချီဖန့်က ယွီမိသားစုမှ စာလုံးသုံးလုံးကိုဖျက်ပြီး ယွီဟူသော စာလုံးတစ်လုံးသာ ရှာဖွေခဲ့သည်။ 


ပထမဦးစွာ ထွက်လာသောလူက သူ့ကို အနည်းငယ် အံ့အားသင့်စေခဲ့သည်။ ထိုဘစ်ဘော့စ်ကြီး၏အမည်က ကျော်ကြားနေသည့်တိုင် ချီဖန့် ဤတစ်ကြိမ်၌ မရှာဖွေမိခဲ့လျှင် ထိုလူကလည်း ယွီမိသားစုမှဖြစ်သည်ကို သိမည်မဟုတ်ချေ။


ယွီမိသားစုရဲ့လွှမ်းမိုးနိုင်စွမ်းက တကယ်အင်အားကြီးတာပဲ...


တနင်္လာနေ့မနက်အစောတွင် ချီဖန့် ယွီမော့၏ကျောင်းဝတ်စုံကို ကျောင်းသို့ ယူလာခဲ့သည်။ ယွီမော့က အမြဲကျောင်းသို့ စောစောရောက်လေ့ရှိသည်။ ချီဖန့် စာသင်ခန်းထဲဝင်လာသည်နှင့် အနှီကောင်လေးက သူ့ထိုင်ခုံတွင်သူ ရှိနေသည်ကို တွေ့လိုက်ရ၏ ချီဖန့် နှုတ်ခမ်းဆူပြီး သူ၏မပျော်ရွှင်မှုကို ဖိနှိပ်လိုက်သည်။


"ရော့ ဒီမှာ မင်းအဝတ်..." 

ချီဖန့်က စက္ကူအိတ်ကို စားပွဲပေါ်တင်ပြီး ယွီမော့၏အဖြေကိုမစောင့်ဘဲ လှည့်ထွက်ရန် ပြင်လိုက်သည်။


"အဲဒီနေ့က…" 

ယွီမော့က စက္ကူအိတ်ကို ယူလိုက်သည်။ 


ချီဖန့် ဒေါသထွက်နေပုံရသည်ကို သူ ခံစားမိသော်လည်း ချီဖန့် မည်သည့်အပေါ် ဒေါသထွက်သွားသည်ကို သူ မသိချေ။ သူနှင့် ချီဖန့်ကြားရှိ တွေဆုံမှုက ထိုနေ့က လမ်းလေးတွင်သာဖြစ်သည်။


ချီဖန့် သံသယဖြင့် ပြန်လှည့်ပြီး ယွီမော့ကို ကြည့်လိုက်သည်။


ဒီကောင်စုတ်လေး နောက်ဆုံးတော့ ငါ့ကို ကျေးဇူးတင်တော့မှာလား...


ယွီမော့ ချီဖန့်၏သဘောထားကိုကြည့်ပြီး သူ့မှန်းဆချက် မှန်သည်ဟုတွေးကာ သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။ 

"ငါ အဲဒီလူတွေကို ရိုက်နှက်ပြီးသွားပြီ..."


အဲဒါကြောင့် စိတ်မဆိုးနဲ့တော့...


ချီဖန့် : "..."


ချီဖန့် : ……………


ချီဖန့်က မထူးခြားသောအမူအရာဖြင့် ပြောလိုက်သည်။ 

"အိုး..."


ငါ့ကိုများ လာရှုပ်ရဲတယ်ပေါ့လေ...


ချီဖန့် သူ့ထိုင်ခုံသို့ ထူးမခြားနားစွာ ပြန်သွားခဲ့သည်။


ယွီမော့က စက္ကူအိတ်ကိုကိုင်ထားလျက် သူ့အမူအရာမှာ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်နေခဲ့သည်။


ချီဖန့် ကြည့်ရတာ ...ပိုဒေါသထွက်သွားသလိုပဲလားလို့... 


****


စာရေးသူမှာ ပြောစရာရှိပါတယ်...


အခြေအနေက တော်တော်ဆိုးနေပြီဟေ့…



🏫🏫🏫


အထင်တွေလွဲနေကြတာ အူတက်ပြီ😆