Chapter 12
Viewers 177

🏫 Chapter 12



ယွီမော့က သူ့ဘက်က ရပ်တည်ပေးလိမ့်မည်ဟု ချီဖန့်က လုံးဝ မထင်ထားခဲ့ချေ။ နောက်ဆုံးတွင် သူတို့နှစ်ယောက်က ခင်မင်မှုဟူ၍ သတ်မှတ်၍ ရလောက်သည်အထိ အဆက်အသွယ် အလွန်အမင်း မရှိခဲ့ကြပေ။ 


ကျောင်းဝတ်စုံကိစ္စကို အတင်းအကျပ်တာဝန်ယူခိုင်းခံရခြင်းကို ပြန်တွေးမိသောအခါ ချီဖန့်တစ်ယောက် မျက်လုံးကို လှိမ့်လိုက်မိပြန်သည်။ 


ယွီမော့၏ နာမည်ကိုကြားလိုက်ရသည်နှင့် ကောင်လေးက စိတ်ပိုင်းဆိုင်ရာ ယိုင်နဲ့သွားပြီး မည်သည့်စကားများပြောနေသည်နှင့် ချီဖန့်၏ မေးခွန်းများကို မည်ကဲ့သို့ဖြေနေသည်ကို သတိမထားမိတော့ချေ။ သတိပြန်ဝင်လာသောအခါ ချီဖန့်က သူ့ဆီမှနေ၍ အလွန်အမင်း မေးမြန်းပြီးသွားခြင်းကို တွေ့လိုက်ရသည်။ 


ယွီမော့က အားကစားရုံ၏ ကျောင်းအသင်းအတွက် လာရောက် ကစားပေးခြင်းဖြစ်ပြီး ထိုအထဲ၌ ကောင်လေးက ယွီမော့ကို အရှုံးပေးလိုက်ရကာ သူ့မာနကို မကျေနပ်နိုင်ဖြစ်နေခဲ့သည်။ ညနေပိုင်း၌ ယွီမော့ကို လမ်း၌တားဆီးရန် လူလွှတ်လိုက်ပြီးနောက် ထပ်မံ၍ အရိုက်ခံရပြန်သည်။


ချီဖန့်က သူ့ကို ဂရုမစိုက်ချင်သော်လည်း သေချာစွာ မေးမြန်းပြီးမှ လွှတ်ပေးလိုက်လေသည်။ ကောင်လေး ပြေးသွားသည်ကို ကြည့်ပြီး ချီဖန့်သက်ပြင်းချကာ သူ့နဖူးကို ပွတ်သပ်လိုက်လျက် ခေါင်းကိုက်နေမိတော့သည်။ 


အခြားမဟုတ်ဘဲ ၎င်းနေ့၌ ယွီမော့က လူများကို ရိုက်နှက်နိုင်သည်ဟု သူ့ကို ပြောခဲ့ခြင်းကို ရုတ်တရက် သတိရသွားခဲ့သည်။ 


ချီဖန့်က ၎င်းအချိန်က ယွီမော့ သူ့ကို လှောင်ပြောင်ပြောဆိုနေသည်ဟူ၍သာ ထင်ခဲ့လေပြီး ယခုပြန်စဉ်းစားကြည့်သောအခါ ဤကောင်လေးက ယမန်နေ့ညက ယွီမော့ကို တားဆီးရန် လူငါးယောက်ခေါ်သွားခြင်းဖြစ်လေသည်။ ရလဒ်အနေဖြင့် big bossက မည်သည့်အရာမှ မဖြစ်ခဲ့ဘဲ သူ့ကို လာရောက်တားဆီးသည့်လူများကသာ ဆိုးရွားစွာ အရိုက်ခံခဲ့ရလေသည်။ 


ထိုည၌ ယွီမော့က အမှန်တကယ်ကို အလုပ်များနေခဲ့ပုံရလေသည်။


ချီဖန့်က သက်ပြင်းကို ထပ်ချလိုက်ပြန်၏။ 

အဲတော့ ယွီမော့က ညကဖြစ်ခဲ့တာကို ပြန်ဆပ်ချင်လို့ ဒီကောင်လေးကို သင်ခန်းစာပေးလိုက်တာလား...


ချီဖန့်က အံ့အားသင့်သွားသော်လည်း မည်သို့ပင်ဖြစ်စေ သူ့စိတ်ထဲ၌သာ မှတ်ထားလိုက်လေသည်။ 


အကြောင်းမဲ့ ကျေးဇူးတင်စရာ ဖြစ်သွားသောကြောင့် ချီဖန့်က တစ်စုံတစ်ခုကို သတိရလိုက်ပြီး စာသင်ချိန်၌ ယွီမော့ကို ပိုမို၍ အာရုံစိုက်မိသွားသည်။


ရက်အနည်းငယ်လေ့လာကြည့်ပြီးနောက် ယွီမော့က အမှန်တကယ်ပင် ထူးဆန်းနေသည်ဟု ချီဖန့်က သိလိုက်ရလေသည်။ ပုံမှန်အတန်းချိန်များ၌ ယွီမော့က စာများကိုသာ လုပ်နေတတ်ပြီး တစ်ခါတစ်ရံ ငေးနေတတ်သလို မည်သူ့ကိုမှလည်း စကားပြောဆိုခြင်း မရှိချေ။ ယွီမိသားစုက ဆရာကို လာဘ်ထိုးထားခြင်းရှိမရှိ မသိသော်လည်း များသောအားဖြင့် ဆရာက ယွီမော့ကို မေးခွန်းများ ဖြေဆိုရန် မခေါ်တတ်ချေ။ 


ဒါပေမဲ့ ယွီအိမ်ရဲ့ သိုးထိန်းပုံစံ ပညာရေးနဲ့ ယွီမော့ကို အထူးဆက်ဆံတာလို့ပဲ ပြောလို့ရမလား...ဒါမှမဟုတ် ဖြစ်နိုင်တာက ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ရဲ့ အခွင့်ထူးများလား...


ချီဖန့်က သူ့အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူ့ရှေ့က သင်္ချာပုစ္ဆာကို ဆက်လက်၍ ကြည့်နေလိုက်သည်။ အထက်တန်းပထမနှစ်တွင် သိပ္ပံနှင့် ဝိဇ္ဇာဟူ၍ မခွဲထားသေးသောကြောင့် လေ့လာစရာ ဘာသာရပ်များစွာ ရှိသော်လည်း အရေးကြီးဆုံး ဘာသာရပ်များက ဘာသာဗေဒနှင့် သင်္ချာဘာသာရပ်သာဖြစ်ပေသည်။ 


အင်္ဂလိပ်စာအတွက်မူ ချီဖန့်က စိတ်မပူဘဲ တရုတ်စာကိုမူ သူက ပိုပြီးလေ့လာရန် လိုအပ်လေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်က အသက်(၂၀) လူတစ်ယောက်ဖြစ်နေ၍လား မသိသော်လည်း ချီဖန့်၏မှတ်ဉာဏ်က ယခင်ထက် အများကြီး ပိုမို၍ ကောင်းမွန်လာခြင်းကို တွေ့လိုက်ရလေသည်။ 


သင်္ချာတစ်ခုသာ ကျန်ရှိလျက် ၎င်းက ချီဖန့်အတွက် အခက်ခဲဆုံး ဘာသာရပ်တစ်ခု ဖြစ်ပေသည်။ 


သင်္ချာက အခြားဘာသာရပ်များနှင့် မတူညီဘဲ တတ်နိုင်သမျှ များစွာ လေ့လာရလေပြီး ပုစ္ဆာ၏ အချက်အလက်များကို နားလည်ရသကဲ့သို့ မေးခွန်းက မည်သည်ကို မေးနေခြင်းကိုလည်း သိရှိရမည်ဖြစ်သည်။ ချီဖန့်က သင်္ချာပုစ္ဆာကို မြင်လိုက်သည့်အခါတိုင်း သူ့ဦးနှောက်၏ မသိစိတ်ကအစ နာကျင်လာသည်။ 


ချီဖန့်က နောက်ထပ် ဆယ်မိနစ်ခန့်အထိ ရုန်းကန်နေလိုက်ပြီးနောက် ခေါင်းလောင်းထိုးသံကြားသောအခါမှ သူက တိတ်ဆိတ်စွာ ဘောပင်ကိုချလိုက်ပြီး အပြင်ထွက်ကာ အသက်ရှူရန် ဆုံးဖြတ်လိုက်လေသည်။


အပြင်သို့ ရောက်သောအခါ သူက မတွေ့ချင်သည့် လူတစ်ယောက်ဖြင့် ဝင်တိုက်မိသွားလေသည်။ 


ဝမ့်ဖန်းယွီက သူ၏ နောက်လိုက်တပည့်တစ်စုကို ခေါ်လာပြီး အတန်း(၁၇)မှနေ၍ အတန်း(၂) တံခါးဝအထိ မည်ကဲ့သို့ ရောက်လာသည်ကို သူ မသိချေ။ ချီဖန့်တစ်ယောက်တည်းကို တွေ့လိုက်ရပြီး ဖန်းဇီဖေးလည်း မရှိသည်ကိုမြင်သောအခါ ဝမ့်ဖန်းယွီက မျက်ခုံးပင့်လိုက်လေသည်။ 


ပတ်ဝန်းကျင်က သူ၏ နောက်လိုက်တပည့်ချည်းများသာဖြစ်လျက် သူ့အမူအရာကို ကြည့်လိုက်သည်နှင့် ချက်ချင်းပင် လှောင်ပြောင်ပြောဆိုလာကြသည်။

"ဒါက ငါတို့ကျောင်းရဲ့ နောက်ဆုံး မဟုတ်ဘူးလား...မကြာသေးခင်ကပဲ မင်းရုန်းကန်နေရတယ်လို့ ကြားတယ်...နောက်ဆုံးစာမေးပွဲမှာ ဒုတိယနေရာရပြီး ဟန်ပြချင်နေတာလား..."


ချီဖန့်က မျက်မှောင်ကြုတ်လိုက်ရုံမှလွဲ၍ မည်သည့်အမူအရာမှမပြဘဲ လူအနည်းငယ်ကို ရှောင်ပြီး ထွက်သွားရန် ကြိုးစားလေသည်။


သို့သော် မကြာမီတွင် ဝမ့်ဖန်းယွီက လက်ကိုဆန့်တန်းပြီး ချီဖန့်ကို တားဆီးလိုက်လေသည်။

"မသွားနဲ့...မသွားနဲ့ဦး...သာ့ကောမှာ မေးခွန်းလေးတွေ နည်းနည်းရှိသေးတယ်...ခင်မင်တဲ့စိတ်ဓာတ်လေး ပြပေးပါဦးလား..."


ဖန်းဇီဖေးက နေ့တိုင်း ချီဖန့်ရှေ့၌ သူ့ကိုယ်သူ နာမည်ခံနေသော်လည်း အားလုံးက စနောက်သည့်သဘောမျိုးသာ ဖြစ်သည်။ ချီဖန့်က ဒေါသထွက်လေ သူ့မျက်နှာပေါ်ရှိ အပြုံးက ပိုမို၍ တောက်ပလာလေဖြစ်လျက် သူက ပြုံးလိုက်ပြီး ဝမ့်ဖန်းယွီကို လှည့်ကြည့်လိုက်ကာ ပြောရန်ပြင်လိုက်သည်။

"မင်း..."


ထိုအချိန်၌ ယွီမော့က ဝမ့်ဖန်းယွီဆီသို့ လျှောက်လာလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်း ငါ့လမ်းကိုပိတ်ထားတယ်..."


ဝမ့်ဖန်းယွီက မျက်လုံးများကို အနည်းငယ် မှေးကျဥ်းလိုက်သည်။ သူက ချီဖန့်ကို ဒုက္ခပေးချင်သော်လည်း အခြားလူများ၏ ဒေါသကို မဆွချင်သောကြောင့် ချီဖန့်၏ လမ်းကိုသာ ပိတ်ထားခဲ့သည်။ ဤလူက သွားချင်လျှင် အခြားဘက်မှနေ ထွက်သွား၍ ရလေသည်။


ဒီချီဖန့်...ဘာလို့ လူတွေအများကြီးက သူ့ကို ကာကွယ်ပေးနေရတာလဲ...


"အိုး..."

ဝမ့်ဖန်းယွီက နှာခေါင်းရှုံ့ပြီး မထီမဲ့မြင်စွာ ခေါင်းကိုလှည့်လိုက်သည်။

"သာ့ကောက လမ်းကိုပဲ ပိတ်ထားတာပါ...မင်းက-..."


ဘာ...


နောက်ထပ်စကားကို ပြောဆိုရန် သူက အခွင့်မရလိုက်ချေ။ ဝမ့်ဖန်းယွီက လူတစ်ယောက် ချီဖန့်ရှေ့ကို ခြေတစ်လှမ်းတက်လာပြီး သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်ကိုသာ မြင်လိုက်ရသည်။ ထို့နောက် သူက တစ်ပတ် လှည့်သွားပြီး မြေပြင်ပေါ်ကို လဲကျသွားကာ ကြောင်အမ်းစွာဖြင့် မျက်နှာကြက်ကို ငေးကြည့်နေမိသည်။ 


ပတ်ဝန်းကျင်က စိတ်လှုပ်ရှားစွာ ကြည့်နေကြသော ကျောင်းသားများက လန့်ဖျပ်သွားကြလေသည်။

"တစ်ယောက်ယောက် ရန်ဖြစ်နေကြပြီ..."


ချီဖန့်လည်း ယွီမော့ကြောင့် လန့်ဖျပ်သွားသည်။ big bossက သဘောမတူလျှင် တိုက်ရိုက်လုပ်ဆောင်လိမ့်မည်ဟု သူက မထင်ထားခဲ့ချေ။ သူ့ပတ်ဝန်းကျင်က ကျောင်းသားများ အနည်းငယ်လန့်ဖျပ်နေသည်ကိုမြင်သောကြောင့် ချီဖန့်က ခေတ္တခဏ ရပ်လိုက်ပြီး ဝမ့်ဖန်းယွီကို မြေပြင်မှနေ၍ ထူပေးလိုက်ကာ သူ့ကို ပုတ်ပေးလိုက်လျက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"မဟုတ်ပါဘူး...မဟုတ်ပါဘူး...ငါတို့က စနောက်နေကြတာ...ရန်မဖြစ်ပါဘူး..."


ဝမ့်ဖန်းယွီက နှစ်ကြိမ်တိုင်တိုင် ချီဖန့်ကို ကြည့်ပြီး အံ့အားသင့်သွားကာ သူ့ကို ပြန်ပြောချင်ရုံရှိသေးသော်လည်း ချီဖန့်က သူ့နားထဲကို အသံတိုးတိုးနှင့် ခြိမ်းခြောက်ခြင်းကို ကြားလိုက်ရလေသည်။

"မင်းကို စကားမပြောဖို့ အကြံပေးတယ်...ရန်ဖြစ်တာကို ကျောင်းကမိသွားရင် ငါက အပြစ်ပေးခံရလိမ့်မယ်ဆိုပေမဲ့ မင်းကတော့...တိုက်ရိုက်နှင်ထုတ်ခံရဖို့များတယ်..."


ဝမ့်ဖန်းယွီက ချက်ချင်း သတိဝင်လာပြီး အလျင်အမြန် ပြုံးလိုက်ကာ ပြန်ဖြေသည်။

"ဟုတ်တယ် ဟုတ်တယ်..ဝင်မရှုပ်ကြနဲ့..."


ပတ်ဝန်းကျင်ရှိ ကျောင်းသားများက မယုံကြည်နိုင်သော်လည်း နှစ်ယောက်စလုံးက ထိုကဲ့သို့ပြောသောကြောင့် တဖြည်းဖြည်းချင်းစီ ပြန်ခွဲထွက်သွားကြသည်။ နှစ်ယောက်စလုံးက လှေကားထောင့်ကို လျှောက်သွားပြီး မည်သူမှ မရှိသည်ကို သေချာသောအခါမှ အေးစက်စွာ ဟန်ဆောင်ရယ်မောလျက် လက်များကို တစ်ချိန်တည်းပင် လွှတ်လိုက်ကြသည်။ 


တစ်လမ်းလုံး အတူလိုက်လာသော ယွီမော့က နှစ်ယောက်ကွဲထွက်သွားသည်ကို မြင်သောအခါ သူ့ကိုယ်ပေါ်က အေးစက်သည့်လေထုကို အနည်းငယ် ရုပ်သိမ်းလိုက်လေ၏။


ဝမ့်ဖန်းယွီက အေးစက်စွာ ပြောလိုက်သည်။

"မင်းကို ကျေးဇူးတင်မှာ မဟုတ်ဘူး..."


ချီဖန့်က တောက်ပစွာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး...မင်း နှင်ထုတ်ခံရရင် ငါ့ရဲ့ အခမဲ့ ညီလေး ပျောက်သွားမှာကိုပဲ ကြောက်တာပါ..."


ဝမ့်ဖန်းယွီက စကားလုံးများ ဆွံ့အသွားပြီး ယိမ်းယိုင်ကာ ထွက်သွားတော့သည်။ 


ချီဖန့်က လူများထွက်သွားခြင်းကို ကြည့်ပြီး စိတ်သက်သာရာရသွားသော်လည်း ယွီမော့ကို စိတ်ပျက်လက်ပျက်ဖြင့် လှည့်ကြည့်လိုက်သည်။ ဤလူ၏ ပထမဆုံး စကားတစ်ခွန်းမှလွဲလျှင် တစ်ကိုယ်လုံးက တိတ်ဆိတ်နေပြီး သူ့နောက်ကို လိုက်နေသော ခွေးကြီးတစ်ကောင်နှင့် တူညီလှ၏။ 


ချီဖန့်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။

"မင်း...နောက်တစ်ခါ ဒီလောက်အထိ စိတ်လိုက်မာန်ပါမလုပ်နဲ့..."


ယွီမော့က အတန်းထဲတွင် ပထမဖြစ်၍ ရန်ဖြစ်ပြီး မှတ်တမ်းဝင်သွားခဲ့လျှင် တက္ကသိုလ်ရွေးချယ်ရေး သို့မဟုတ် ထောက်ခံချက်၌ ပြဿနာများ ရှိလာနိုင်ပေသည်။


ယွီမော့၏ မျက်လုံးများက မှောင်မိုက်သွားပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။ 


"ဒါပေမဲ့..."

ချီဖန့်က သူ့အသံကို ဆွဲဆန့်ပြီးပြောကာ ပြုံးလိုက်လေသည်။

"ဒီတစ်ခါတော့ ကျေးဇူးတင်ပါတယ်..."


ယွီမော့က မော့ကြည့်လာပြီး ချီဖန့်၏ အပြုံးကို မြင်လိုက်ရသောအခါ မသိစိတ်မှနေ၍ သူ့ညာဘက်လက်နှင့် ဘယ်ဘက်ရင်ဘက်ကို ဖိလိုက်မိသည်။ သူ့စိတ်ထဲရှိ မကျေနပ်မှုများက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး နားထဲ၌ နှလုံးခုန်သံကိုသာ ကြားနေရတော့သည်။ 



🏫🏫🏫