Chapter 13
Viewers 178

🏫 Chapter 13



အောက်တိုဘာလကုန်တွင် ရာသီဥတုက တဖြည်းဖြည်း အေးစက်လာပြီး လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က မိုးရွာသွန်းခဲ့သည်။ ချီဖန့်က ကျောင်းဝတ်စုံအောက်တွင် နောက်ထပ် အင်္ကျီတစ်ထည် ထပ်ဝတ်ဆင်ထားသော်လည်း အေးစက်သည့်လေကြောင့် အနည်းငယ် ချမ်းနေသေးသည်။ နေ့လည်စာ စားပြီးနောက် ဖန်းဇီဖေးက ချီဖန့်ကို သူနှင့်အတူတူ ဆော့ကစားပေးရန် ပူဆာနေလေ၏။ 


ချီဖန့်က တွေဝေသွားပြီး သဘောတူကြောင်း ခေါင်းညိတ်လိုက်လေသည်။ ဤရက်ပိုင်းတွင် သူ အတန်းထဲ၌သာ စာကို အမြဲတမ်းဖတ်နေသောကြောင့် သူ့ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းလာသလို ခံစားရလေသည်။ 


နှစ်ယောက်စလုံးက အားကစားကွင်းကို လမ်းလျှောက်သွားကြလျက် ယွီမော့နှင့် လမ်းတစ်ဝက်လောက်တွင် တည့်တည့်တိုးကြလေသည်။ ယွီမော့က မည်သည့် အမူအရာမှ မပြသဘဲ လျှောက်သွားနေသည့်ပုံစံက သူတို့နှစ်ယောက်ကို မမြင်သလိုပင် ဖြစ်လေသည်။ 


ချီဖန့်က ဂရုမစိုက်ဘဲ ပြုံးလိုက်ပြီး ယွီမော့ကို နှုတ်ဆက်လိုက်သည်။


"အမ်..."

ဖန်းဇီဖေးက မည်သို့ လုပ်ရမည်ကို မသိဖြစ်သွားသည်။ လူများကို ထိတွေ့ရခြင်းအား အမြဲတမ်း မကြိုက်နှစ်သက်ခဲ့သော ယွီမော့က ချီဖန့်ကို ခေါင်းညိတ်ရုံမျှသာ တုံ့ပြန်မှုပေးလာလေသည်။ 


"မင်းက ယွီမော့နဲ့ ဘယ်တုန်းကတည်းက ဒီလောက် ရင်းနှီးသွားတာလဲ..."


ငါ လေ့ကျင့်ရေးဆင်းတာက တစ်လခွဲပဲ ရှိသေးတာပါ...ကမ္ဘာကြီးက ဘယ်လို ပြောင်းလဲသွားတာလဲ...


ချီဖန့်က ယွီမော့ကို လှည့်ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။

"နှုတ်ဆက်ရုံလေးနဲ့ ရင်းနှီးသွားပြီလို့ ပြောရလို့လား..."


ဖန်းဇီဖေးက သံသယများဖြင့် ယွီမော့ကို ပြန်ကြည့်လိုက်သည်။ ချီရှောင်ဖန့်ပြောသည်က မှန်ကန်သော်လည်း တစ်ဖက်က ယွီမော့ဖြစ်နေသည်။ ကျောင်းအစပိုင်းမှနေ ယခုအထိ ယွီမော့က စကားငါးခွန်းထက်ပို၍ ပြောဆိုခြင်းကို သူက မတွေ့ဖူးချေ။ 


ဖန်းဇီဖေးက နားမလည်နိုင် ဖြစ်နေလေသည်။

"မင်း သူ့ကို စိတ်မဆိုးဘူးလား...သူက မင်းကို အဝတ်လျှော်ခိုင်းခဲ့တာလေ..."


ချီဖန့်က တွေဝေသွားပြီး သူ့ခေါင်းထဲမှ လုံးဝမေ့ပျောက်သွားသည့် ထိုကိစ္စကို ပြန်သတိရလိုက်ကာ ဖန်းဇီဖေး၏ ခေါင်းကို ခေါက်လိုက်လျက် မျက်လုံးကို လှိမ့်ပြ၍ ပြောလိုက်သည်။

"ကိစ္စသေးသေးလေးပါပဲကွ..."


သေးသေးလေးတဲ့လား...


ဖန်းဇီဖေး၏ မျက်လုံးများက ပြူးကျယ်သွားလုမတတ်ဖြစ်လာလေသည်။

အဲဒီတုန်းက ဘယ်သူက အရမ်းစိတ်ဆိုးနေခဲ့တာလဲကွ....


ချီဖန့်က ဖန်းဇီဖေး၏ အမူအရာကို ကြည့်ပြီး သူ့ကို တံတောင်နှင့်တို့လိုက်လျက် ခေါင်းစဉ်ကို တိတ်ဆိတ်စွာ ပြောင်းလိုက်လေသည်။

"တော်တော့...အတင်းပြောမနေနဲ့တော့...ဆောင်းဦးခရီးစဉ်အတွက် မင်း ပြင်ဆင်ပြီးပြီလား..."


မဖြစ်ဘူး...ယွီမော့က ငါ့ကိစ္စမှာ ဝင်ပါနေတာကို သိပြီးကတည်းက ဖန်းဇီဖေးက ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ငါ ထင်လာမိနေတယ်...


ဖန်းဇီဖေးက သတိပြန်ဝင်လာပြီး ပြောလိုက်သည်။

"ငါ ပြင်ဆင်စရာ ဘာမှမရှိဘူး...ပိုက်ဆံနဲ့ လူပဲ ယူသွားရမှာ..."


ထို့နောက် သူက မနေနိုင်မထိုင်နိုင်ဖြစ်လာလျက် ညည်းညူလိုက်လေသည်။

"တကယ်ပါပဲ...ဆောင်းဦးခရီးစဉ်အတွက် နေရာကို ပြောင်းလို့မရဘူးလားဟ...မူလတန်းကျောင်းသားဘဝတုန်းက တိရိစ္ဆာန်ရုံကိုသွားရတယ်...အလယ်တန်းမှာလည်း တိရိစ္ဆာန်ရုံ...အခု အထက်တန်းရောက်တော့လည်း တိရိစ္ဆာန်ရုံကိုပဲ သွားရပြန်ပြီ...တိရိစ္ဆာန်ရုံမှာ မျောက်ဘယ်နှစ်ကောင်ရှိတယ်ဆိုတာတောင် ရေတွက်လို့ရလောက်ပြီကွ..."


ချီဖန့်က ရယ်မောလိုက်သော်လည်း ဖန်းဇီဖေး၏ ညည်းညူမှုက မှန်ကန်သည်ကို ထောက်ခံလေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာသို့ အကြိမ်ပေါင်းများစွာ သွားပြီးသည့်နောက်၌ မျှော်လင့်စရာ မည်သည့်အရာမှ မရှိတော့ချေ။ 


ဆောင်းဦးခရီးစဉ်ကို နောက်ဆုံးတွင် ဤတစ်ပတ်၏ စနေ၊ တနင်္ဂနွေ၌ ပြုလုပ်ရန် သတ်မှတ်လိုက်ကြသည်။ တိရိစ္ဆာန်ရုံက မြို့ပြင်တွင်ရှိသောကြောင့် မနက်(၇)နာရီ၌ ကျောင်းတွင်တွေ့ဆုံပြီး ဘတ်စ်ကားနှင့် တိရိစ္ဆာန်ရုံကို သွားရန် ဆုံးဖြတ်လိုက်ကြသည်။ 


ကြာသပတေးနေ့ နေ့လည်ပိုင်း တတိယချိန်က ပုံမှန် အတန်းအစည်းအဝေးဖြစ်ပြီး ဆောင်းဦးခရီးစဉ်အကြောင်း ဆွေးနွေးရန်သာ ရှိလေသည်။ အတန်းခေါင်းဆောင်က ပိုနီတေးဆံပင်နှင့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမက စာရွက်ပေါ်က သတိပြုရမည့်အချက်များကို သေချာစွာ ဖတ်ပြနေသည်။ ချီဖန့်က ငယ်စဥ်ကတည်းက အကြိမ်ပေါင်းများစွာ သွားဖူးသောကြောင့် စကားအနည်းငယ်လောက်ကို နားထောင်ပြီးသည်နှင့် အာရုံပြောင်းလာခဲ့လေသည်။ 


"အိုး အိုး..."

ချီဖန့်၏ အနောက်တွင်ထိုင်နေသော ဖန်းဇီဖေးက ရုတ်တရက် သူ့ခုံကို ခေါက်လာလေသည်။ ချီဖန့်ခေါင်းကို အနည်းငယ်လှည့်လိုက်သောအခါ ဖန်းဇီဖေး၏ မပျော်ရွှင်သော အမူအရာကို မြင်လိုက်ရပြီး သူ့(ချီဖန့်)ကို နောက်လှည့်ကြည့်ရန် အချက်ပြနေလေသည်။ 


ချီဖန့်လည်း ခိုးပြီး တစ်ချက်ကြည့်လိုက်သည်။ 


ယွီမော့က ယခင်ကနှင့်မတူညီစွာ နံရံကိုမကြည့်ဘဲ အတန်းခေါင်းဆောင်ပြောနေသည်ကို သေချာနားထောင်နေပြီး စာရွက်ပေါ်၌ပါဝင်သည်များကို ဆက်ဖတ်နေသည်။


သူက ဆောင်းဦးခရီးစဉ်ကို မျှော်လင့်နေသော ကလေးတစ်ယောက်နှင့်ပင် တူညီလှ၏။ 


ဖန်းဇီဖေးက အသံကို နှိမ့်ချပြီး မေးလိုက်လေသည်။

"ဟေ့ ချီဖန့်...မင်းပြောတော့ ယွီမော့ရဲ့ အိမ်က အရမ်းဆင်းရဲမှာမဟုတ်ဘူးလို့ ပြောတယ်မလား...သူက တစ်ခါမှ အပြင်ထွက်မဆော့ဖူးဘူးဆို...ဟုတ်တယ်မလား..."


ချီဖန့်က သူ့ကို စိတ်ရှုပ်ထွေးသည့်အကြည့်မျိုးနှင့် ကြည့်လိုက်မိသည်။ big boss၏ မိသားစုက ဆင်းရဲလျှင် မည်သူမှ ချမ်းသာလိမ့်မည် မဟုတ်ပေ။ သို့သော် ချီဖန့်က ယွီမော့ကို နောက်တစ်ခါ ထပ်မံ၍ ကြည့်မိသွားလေသည်။ အတန်းခေါင်းဆောင် စကားရပ်သွားပြီး ယွီမော့က မော့ကြည့်လိုက်သည့်အချိန်တွင် ချီဖန့်က သူ့ကို ပြုံးပြလိုက်လျက် ခေါင်းကို လှည့်လိုက်သည်။


ဒီလူကြီးက...တကယ်တမ်း အပြင်ထွက်မဆော့ဖူးတာလည်း ဖြစ်နိုင်တာပဲ...


အတန်းခေါင်းဆောင်လည်း သူပြောနေသည်များက ရှေးရိုးဆန်နေခြင်းကိုသိသော်လည်း ဖြစ်နိုင်လျှင် အနည်းဆုံးတစကြိမ်မျှ ဖတ်ပြရမည်ဟူ၍ တွေးထားခဲ့သည်။ ဖတ်ပြပေးပြီးနောက် စိတ်သက်သာရာရသွားပြီး ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်လေသည်။

"မေးစရာရှိကြသေးလား..."


"မရှိပါဘူး..."


"ရှိပါတယ်..."

လူများကလည်း ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်ကြ၏။


ချီဖန့်က ယွီမော့ တစ်ခုခုပြောချင်နေပုံရသော်လည်း နောက်ဆုံးတွင် တိတ်ဆိတ်နေခြင်းကို မြင်လိုက်ရလေသည်။


"ကောင်းပြီ...ပိတ်ရက် မနက် (၇)နာရီနော်... လစ်ထွက်သွားဖို့ကို ခွင့်မပြုပါဘူး...နောက်မကျစေနဲ့...မေးစရာရှိရင် ငါ့ကိုဖြစ်ဖြစ် အားကစားကော်မတီအဖွဲ့ဝင်ကိုဖြစ်ဖြစ် ဖုန်းခေါ်လို့ရတယ်...ပြီးပါပြီ..."

အတန်းခေါင်းဆောင်က ကျန်သည့်ကိစ္စများကို ပြတ်ပြတ်သားသား ရှင်းပြပြီး သူ့နေရာကို ပြန်သွားလိုက်လေသည်။ 


ချီဖန့်က အနည်းငယ်အံ့သြသွားပြီး ဖန်းဇီဖေးကို တီးတိုးပြောလိုက်သည်။

"ဆရာတွေ မပါဘူးလားဟ..."


"ပါလာမှာပေါ့..."

ဖန်းဇီဖေးက စိတ်ဝင်တစားဖြင့် ပြန်ပြောလေသည်။

"ဒါပေမဲ့ တိရိစ္ဆာန်ရုံထဲကို ရောက်ပြီးရင်တော့ အုပ်စုခွဲသွားကြမယ်ထင်တယ်...ဆရာတွေက လိုက်နိုင်မှာ မဟုတ်ဘူး...ဘာပဲဖြစ်ဖြစ် လူတိုင်းက ရင်းနှီးနေကြတော့ ဘာပြဿနာမှ မရှိဘူးလို့ ထင်တာပဲ..."


ချီဖန့်က ခေါင်းညိတ်လိုက်သည်။ သူက အတိအကျကို မမှတ်မိသော်လည်း အထက်တန်းကျောင်း၏ ဆောင်းဦးခရီးစဉ်၌ မည်သည့်အရာမှ မဖြစ်ခဲ့ချေ။ 


ကျောင်းခေါင်းလောင်းထိုးသံကြားသည်နှင့် ဖန်းဇီဖေးက သူ့ကျောင်းလွယ်အိတ်ကို ဆွဲပြီး အတန်းထဲမှနေ ပြေးထွက်သွားသည်။ ဤစနေနေ့၌ သူ့အသင်း၏ နောက်ဆုံးပွဲ ရှိနေပြီး လေ့ကျင့်ချိန် မလုံလောက်သေးချေ။ ချီရှောင်ဖန့်က သူ့ကို အတန်းပျက်ခိုင်းခြင်းကိုသာ တားမြစ်မထားလျှင် ဖန်းဇီဖေး ဤအပတ်အတန်းထဲတွင် ပေါ်လာလိမ့်မည် မဟုတ်ပေ။ 


ချီဖန့်က သူ အလျင်အမြန် နောက်တံခါးမှ ပြေးထွက်သွားသည်ကို ကြည့်ပြီး မကျေမနပ်ဖြင့် ခေါင်းခါယမ်းကာ ပြုံးလိုက်သည်။ ထို့နောက် သူ့အကြည့်ကို ဘေးကို ရွှေ့လိုက်သောအခါ ယွီမော့က မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရလေ၏။

"ဘာဖြစ်လို့လဲ..."


ယွီမော့က ခေါင်းကိုလှည့်ကာ ဘေးကို ကြည့်လိုက်လေသည်။ ချီဖန့်က သူ့ကျောင်းလွယ်အိတ်ကို ထုပ်ပိုးပြီး သယ်လာကာ သူ့ဘေးတွင် ပေါ့ပေါ့ပါးပါး လာရပ်နေပြီး သူ့ကို လှပသည့် မျက်လုံးများနှင့် တိတ်ဆိတ်စွာ ကြည့်နေသည်။ 

"ဘာမှ မဟုတ်ပါဘူး..."


ချီဖန့်က တစ်ဖက်လူ မပြောချင်သည်ကို သိသောအခါ အတင်းမမေးမြန်းဘဲ ယွီမော့၏ ဘေးတိုက်မျက်နှာကိုသာ ငေးကြည့်နေမိသည်။ 


ယခု သူ့ထံတွင် ယွီမော့အပေါ် အနည်းငယ် ရှုပ်ထွေးသော ခံစားချက်များ ရှိနေလေသည်။ သူက ဤလူ အရပ်မြင့်မြင့်နှင့် ရပ်နေသည်ကို မြင်ဖူးသလို နောင်အနာဂတ်တွင်လည်း ဤလူက မည်မျှအထိ အစွမ်းထက်နိုင်မည်ကို သိရှိထားလျက် ယခုချိန်၌ ယွီမော့က ကလေးလေးတစ်ယောက်ပင် ရှိသေးသည်အား ပြန်တွေ့လိုက်ရသလိုမျိုး ခံစားနေရသည်။ 


ချီဖန့်က ယွီမော့ကို နောင်အနာဂတ်၏ big bossအပေါ်ထားရှိသော သူ့အမူအရာများနှင့် ဆက်ဆံချင်နေမိသည်။ 


ချီဖန့်က သူ့ကို အကြောင်းမဲ့ ငေးကြည့်နေသည်ကို ယွီမော့က နားမလည်နိုင်ဖြစ်နေလေသည်။

"မင်း...ဘာဖြစ်လို့လဲ..."


ချီဖန့်က သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး ပြုံးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး...ငါ အရင်ပြန်လိုက်ဦးမယ်..."


ယွီမော့က မည်သည့်စကားပြောရမည်ကို မသိဖြစ်သွားသလို မည်သည့်အမူအရာမှ မပြဘဲ ခေါင်းညိတ်လိုက်လေသည်။ 


သို့သော် ချီဖန့် နောက်တံခါးမှ ထွက်သွားသည်နှင့် ယွီမော့က မနေနိုင်ဘဲ သူ့ကျောင်းလွယ်အိတ်ကို အမြန်ထုပ်ပိုးလိုက်ကာ ချီဖန့်အနောက်ကို လိုက်ပြီး အတန်းထဲမှ ထွက်သွားလိုက်သည်။ 



🏫🏫🏫