Chapter 14
Viewers 200

🏫 Chapter 14



ဖန်းဇီဖေး၏ ကစားပွဲက စနေနေ့တွင် စတင်မည်ဖြစ်ပြီး ချီဖန့်က မည်သည့်အားကစားကိုမှ စိတ်မဝင်စားသော်လည်း သူ့အမေကို အကြောင်းကြားပြီး ဖန်းဇီဖေး ပေးသော လက်မှတ်ကို ယူလျက် ကစားပွဲကို ကြည့်ရှုရန် ကားနှင့် ထွက်သွားခဲ့သည်။ 


ပြိုင်ပွဲကွင်းက အလွန်ကျယ်ပြန့်ပြီး ချီဖန့်က ပါဝင်သည့် ကစားသမားများ၏ လက်မှတ်ကိုကိုင်ဆောင်ကာ လျှောက်လာလျက် သူ၏ထိုင်ခုံက စင်မြင့်နှင့် သုံးလေးတန်းသာ ကွာဝေးသည်။ ကစားသမား၏ အမူအရာကို တစ်ဖက်မှနေ၍ မြင်တွေ့နိုင်ပြီး အံ့အားသင့်စရာက ကစားပွဲကို ကြည့်ရှုရန် လူအများအပြားလာရောက်ကြလျက် လူအတော်များများက အားပေးသော နဖူးစည်းများကိုပင် သယ်လာကြသည်။ 


ချီဖန့်က ၎င်းဂိမ်းကို မဆော့တတ်၍ ဂိမ်းကစားပွဲအပေါ် သူ၏ အထင်အမြင်က ဖန်းဇီဖေး ဆော့သည်ကို ကြည့်ရှုရုံပင်ရှိလေသည်။ သို့သော် ဤနေရာတွင် ထိုင်နေပြီး စင်ပေါ်က ကစားသမားများနှင့် စင်အောက်က အသင်းများကို အားပေးနေသူတိုင်းအား ကြည့်လိုက်သောအခါ ချီဖန့်က ရုတ်တရက် ဖန်းဇီဖေး ဤကစားပွဲအတွက် အဘယ့်ကြောင့် ထိုမျှအထိ ကြိုးစားချင်ရသည်ကို နားလည်သွားခဲ့သည်။ 


စင်မြင့်၏ အလယ်တွင်ရှိသော မျက်နှာပြင်ကြီးက ကစားသမားတစ်ဦးစီ၏ မိတ်ဆက်ကို ပြသနေသည်။ ဖန်းဇီဖေး၏ အသင်းနာမည်က ခွန်းဖမ်ဟူ၍ ချီဖန့်က သိရှိလိုက်ရလေသည်။ ကစားသမားအားလုံးကို မိတ်ဆက်ပြီးသည့်နောက် မျက်နှာပြင်ကြီးက ကစားပွဲမြင်ကွင်းမှ ရပ်တန့်သွားသည်။


ချီဖန့်က ဤအရာကို တစ်ခါမှပင် မဆော့ဖူးသလို ကစားပွဲ၏ လုပ်ဆောင်ပုံကိုလည်း နားလည်ခြင်းမရှိချေ။ သူက ပရိသတ်၏ ခံစားချက်ကိုကြည့်ပြီး အခြေအနေကို ခန့်မှန်းရုံသာ တတ်နိုင်လေသည်။ 


ဂိမ်းကစားပွဲတစ်ခုလုံးက အမှတ်ပေးစနစ်နှင့် သွားခြင်းဖြစ်ပြီး အနိုင်ရသည့်အသင်းများက အမှတ်ရကြကာ ရှုံးသည့်အသင်းများလည်း အမှတ်တစ်မှတ်စီရကြလေသည်။


ချီဖန့်က ဖန်းဇီဖေးကိုလည်း တွေ့လိုက်ရပြီး သူ့အထင်အမြင်ကဲ့သို့ အဆင်မပြေသော လူဝကြီးနှင့် လုံးဝမတူညီနေချေ။ ဖန်းဇီဖေးက ကစားသမားနေရာတွင် တည်တည်ငြိမ်ငြိမ်ထိုင်နေပြီး သူ၏ အသင်းသားများကို လှည့်ကြည့်ကာ စကားပြောနေလေသည်။ ချီဖန့်ထိုင်သည့်နေရာက သူနှင့် အလွန် နီးကပ်သော်လည်း ဖန်းဇီဖေးက ပရိသတ်များဆီကို တစ်ခါမှ မကြည့်လာချေ။ 


ယခင်ဘဝကဲ့သို့ လူများနှင့် စကားပြောသည့်အခါ တည်တည်တံ့တံ့နှင့် အထက်စီးဆန်သော အမူအရာအနည်းငယ်ရှိနေသည်။


ကစားပွဲက တစ်နေ့လုံးနီးပါး ကြာသွားခဲ့ပြီး နေ့လယ်ပိုင်းရောက်သောအခါ ကစားသမားများ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်သည့် အမူအရာများ သိသာလာသော်လည်း ပရိသတ်များ၏ စိတ်လှုပ်ရှားမှုက ပိုမိုပြီး တင်းမာလာခဲ့သည်။ 


ချီဖန့်က မျက်နှာပြင်ကြီး၏ တစ်ဖက်တွင်ရှိသော ရမှတ်ဘုတ်ကို တိတ်တဆိတ်ကြည့်နေသည်။ နောက်ထပ် နှစ်ပွဲကျန်သေးပြီး ဖန်းဇီဖေး၏ အသင်းက ဒုတိယအဆင့်တွင် ရပ်တည်နေကာ ပထမနေရာကိုရချင်လျှင် နောက်ပွဲ၌ အနိုင်ရရုံသာမကဘဲ အမှတ်အများကြီးလည်း လိုအပ်သေး၏။ 


စင်ပေါ်တွင် ဖန်းဇီဖေး၏ အမူအရာက ပိုပြီး တည်တည်ငြိမ်ငြိမ် ဖြစ်လာကာ ကျန်ရှိနေသေးသည့် နည်းဗျူဟာများကို ဆွေးနွေးနေကြသည်။ ဖန်းဇီဖေးက မျက်လုံးကို မှိတ်ထားပြီး တစ်ခဏတာ ကုလားထိုင်တွင် အနားယူခဲ့သည်။ ထို့နောက် သူက ချက်ချင်း ပြန်ထိုင်လိုက်ပြီး လေးနက်သောအသံဖြင့် မေးလိုက်လေသည်။

"အဆင်သင့်ဖြစ်ပြီလား..."


"ရပြီ..."


နောက်ဆုံး ကစားပွဲနှစ်ပွဲစ၊စချင်းတွင် ချီဖန့်လည်း ပြိုင်ပွဲ၏ အငွေ့အသက်များကြောင့် ကူးစက်ခံရသလို ခံစားလိုက်ရပြီး နားမလည်လျှင်ပင် မျက်နှာပြင်ကို အလေးအနက်ထားကာ စိုက်ကြည့်နေမိသည်။ 


တစ်ယောက်လဲကျသွားတယ်...နှစ်ယောက်လဲကျသွားတယ်...


ပြိုင်ပွဲက ပြီးဆုံးသွားပြီဖြစ်သည်။


ချီဖန့်ဘေးရှိ လူငယ်လေးက အားပေးသံများနှင့်အတူ သူ့လက်ထဲက"ခွန်းဖမ်"ဟူသော ဆိုင်းဘုတ်ကို မြှောက်လိုက်လေ၏။ 


......


"ဘယ်လိုလဲ...မင်းရဲ့ သာ့ကောက ချောတယ်မလား..."

ဖန်းဇီဖေးက သူ့မျက်နှာရှိ ချွေးများကို ပေါ့ပေါ့ပါးပါး သုတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော အမူအရာနှင့် ချီဖန့်၏ ပုခုံးပေါ် လက်တစ်ဖက်တင်လိုက်လေသည်။


ချီဖန့်က ကူကယ်ရာမဲ့စွာဖြင့် ဖန်းဇီဖေးကို တွန်းဖယ်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်ပါတယ်...ဟုတ်ပါတယ်...မင်းချွေးတွေထွက်နေတယ်...ငါ့အနားက ဝေးဝေးနေ..."


ဖန်းဇီဖေးက ရွံရှာသွားသော်လည်း ဂရုမစိုက်လျက် သူ့ချွေးများကို သုတ်လိုက်လေသည်။ သူ ထပ်မံ၍ စကားမပြောမီ အသင်းရှိ လူများက သူ့ကို လှမ်းခေါ်နေကြပြီဖြစ်ကာ ဤနေ့က သူတို့၏ ချန်ပီယံညဖြစ်လေသည်။ ဖန်းဇီဖေးက ထွက်သွားရန်အတွက် ခွင့်တောင်းခြင်းက အဆင်မပြေဖြစ်နေသောကြောင့် ချီဖန့်ကို တောင်းပန်စွာဖြင့် ကြည့်လိုက်လေသည်။


ချီဖန့်က သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

"ငါ့ကို စိတ်မပူနဲ့...မြန်မြန်သွားလိုက်...မနက်ဖြန် ဆောင်းဦးခရီးစဉ်ရှိတာ မမေ့နဲ့နော်...မသွားနိုင်ရင် ခွင့်တောင်းလိုက်..."


ဖန်းဇီဖေးက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်ပြီး သူ့အသင်းဖော်များဆီသို့ ပြေးသွားလိုက်လေသည်။ လူငယ်အချို့က မီးရောင်အောက်တွင် ရယ်မောနေကြပြီး နုပျိုသော စွမ်းအင်များနှင့် တက်ကြွမှုများစွာ ပြည့်နှက်နေကြလေသည်။


ချီဖန့်က သူတို့တစ်ယောက်ကိုတစ်ယောက် ပြုံးနေသည်ကိုကြည့်ပြီး မီးအိမ်ရှေ့ကို လျှောက်သွားလိုက်ကာ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ သူနှင့် ဖန်းဇီဖေးက အတူတူပင်ဟူ၍ ထင်ရသော်လည်း ချီဖန့်က ရုတ်တရက် သူ့ကိုယ်သူ အိုသွားပြီဟု ခံစားလိုက်ရသည်။


သူက တိတ်တဆိတ် ရယ်မောလိုက်၏။


ချီဖန့်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး သူ့ခေါင်းထဲက ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်လေသည်။ 


ကစားပွဲအဆုံးသတ်တွင် (၇)နာရီထိုးနေပြီဖြစ်ကာ ကြားထဲ နှစ်နာရီမျှခန့် အနားယူချိန်ရှိသော်လည်း တစ်ချိန်လုံး ထိုင်ခုံ၌ ထိုင်နေရသောကြောင့် ချီဖန့်က သူ့တစ်ကိုယ်လုံး တောင့်တင်းနေသကဲ့သို့ ခံစားရလေသည်။ ကွင်းအပြင်သို့ လူများအားလုံး ထွက်ခွာသွားကြပြီဖြစ်ပြီး တစ်ချက်ကြည့်လိုက်သည်နှင့် တက္ကစီမရနိုင်သကဲ့သို့ အိမ်ပြန်ရန် ဘတ်စ်ကားလည်း မရှိခြင်းကို ချီဖန့်က သိလိုက်ရလေသည်။ 


ချီဖန့်က သူ၏ ဖုန်းကိုထုတ်ပြီး အိမ်က ဒရိုင်ဘာကို ဖုန်းခေါ်ရန် တွေဝေနေစဥ် အနက်ရောင်ကားတစ်စီးက သူ့ရှေ့၌ ဖြည်းဖြည်းချင်း ဖြတ်သွားပြီး မလှမ်းမကမ်းတွင် ရပ်တန့်သွားသည်။ ချီဖန့်က စူးစမ်းလိုစိတ်ဖြင့် တစ်ချက်ခန့် ကြည့်လိုက်ပြီးနောက် သူ၏ အိမ်လိပ်စာကို ဆက်ကြည့်နေလိုက်သည်။ 


ကားထဲတွင် ယွီမော့က တံခါးလက်ကိုင်ပေါ်ရှိ သူ့လက်ချောင်းကို အနည်းငယ် တင်းတင်းဆုပ်လိုက်ပြီး ဒရိုင်ဘာပင် သူ့သခင်လေး တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိလိုက်သည်။ သူမေးခွန်းမထုတ်မီ ယွီမော့က ရုတ်တရက် အသက်ကို ဝအောင် ရှူလိုက်ပြီး တံခါးဖွင့်လိုက်ကာ ဆင်းသွားရန် သတ္တိအပြည့်ယူနေရသလိုမျိုး ဖြစ်နေသည်။ 


ချီဖန့်က မော့ကြည့်လိုက်သည်နှင့် သူ့ရှေ့ရှိ ကားထဲမှ ယွီမော့ ဆင်းလာခြင်းကို တွေ့လိုက်ရ၍ အံ့အားသင့်သွားလေသည်။ သူ့မှတ်ဉာဏ်ထဲက နံပါတ်ပြားနှင့် ဤနံပါတ်ပြားက မတူညီသောကြောင့် ၎င်းက အခြားကားတစ်စီးဖြစ်ပုံရလေသည်။


"မင်း..."

ယွီမော့က တစ်ခဏရပ်တန့်သွားပြီး ပြောလိုက်သည်။

"ငါ မင်းကို လိုက်ပို့ပေးမယ်..."


ချီဖန့်က မျက်တောင်ခတ်လိုက်ပြီး နားမလည်သလို ကြည့်ကာ ငြင်းဆိုလိုက်သည်။

"ဒုက္ခပေးသလို ဖြစ်နေလိမ့်မယ်...ငါ့ အိမ်က ဒရိုင်ဘာလာခေါ်တာကိုပဲ စောင့်လိုက်ပါမယ်..."


ယွီမော့၏ လက်များက သူ့နောက်တွင် တင်းတင်းဆုပ်ထားပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ..."


ထို့နောက် သူက ချီဖန့်ဘေးတွင် မည်သည့်စကားမှ မပြောသကဲ့သို့ မည်သည်ကိုမှမလုပ်ဘဲ ရပ်နေလိုက်သည်။ 


ချီဖန့်က သူ့နှုတ်ခမ်းကို လှုပ်လိုက်ပြီး သူ့ဘေးက လူငယ်ကို ခိုးကြည့်လိုက်သည်။


ယွီမော့က ယနေ့တွင် ကျောင်းဝတ်စုံကိုမဝတ်ထားဘဲ အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားလေသည်။ သူက နွေးထွေးပြီး ကျောက်စိမ်းနှင့်တူညီသော ခံစားချက်ပေးဆောင်ကာ ချောမောသည့် လူကြီးလူကောင်းတစ်ယောက်ပမာဖြစ်သည်။ သို့သော် ယခင်ဘဝက ယွီမော့၏ ရက်စက်သည့်နည်းလမ်းများကို တွေးလိုက်ရုံနှင့် ချီဖန့်က သူ့စိတ်ထဲရှိ လူကြီးလူကောင်းပုံရိပ်ကို ချက်ချင်း ဖျောက်ပစ်လိုက်လေသည်။ 


ဒါက ရိုးရိုးရှင်းရှင်း ဝံပုလွေဆိုးတစ်ကောင်ပဲ...ဒါပေမဲ့ ဒီဝံပုလွေကကျ ငယ်သေးပြီးတော့ ချစ်စရာကောင်းတဲ့ပုံပေါက်နေတယ်...


စားချင်လိုက်တာ...


(T/N ဟီး...ချီဖန့်က ယွီမော့ကို'စား'ချင်နေတာကိုပြောတာ)


ချီဖန့်က သူ၏ သတ္တိကို ချီးကျူးလိုက်ပြီး တိတ်ဆိတ်စွာ ဘေးကို ကြည့်လိုက်တော့သည်။


လူနှစ်ယောက်က လမ်းကို မျက်နှာချင်းဆိုင်ပြီး တိတ်ဆိတ်စွာ ငါးမိနစ်ခန့်ထိ ရပ်တန့်နေကြပြီး ချီဖန့်၏ မျက်နှာပေါ်ရှိ အပြုံးက ဆက်လက်ပြီး မထိန်းထားနိုင်တော့ချေ။ 


ယွီမော့က ငါ့ကို ကားဆီကို လိုက်ပို့ဖို့ ကြိုးစားနေတာများလား...ဒါပေမဲ့ ငါက အခုထိ ဖုန်းမခေါ်ရသေးဘူးလေ...


သူက ယွီမော့၏ မျက်နှာရှေ့တည့်တည့်တွင် ဒရိုင်ဘာကို ဖုန်းခေါ်ရမည်ဖြစ်သည်။


ယွီမော့က ငါ သူ့ကို မုန်းနေတယ်လို့ ခံစားရလို့...သူ့စကားကို ငါက တမင်တကာ သဘောမတူဘူးလို့ ထင်နေတာလား...


ချီဖန့်က မနေနိုင်ဘဲ ပြောလိုက်လေသည်။

"အိုး...မင်းမှာ လုပ်စရာတစ်ခုခုရှိရင် အရင်သွားလို့ရတယ်လေ...ငါတစ်ယောက်တည်း ဒရိုင်ဘာကို စောင့်နေလိုက်မယ်..."


စကားလုံးများ၏ အဓိပ္ပါယ်က အလွန် ထင်ရှားပြီး သူက ယွီမော့ကို ထွက်သွားစေချင်ရုံသက်သက်ဖြစ်လေသည်။ 


ချီဖန့်၏ အဓိပ္ပါယ်ကို နားမလည်သော ယွီမော့က ခေါင်းကို တည်တည်ကြည်ကြည် ခါယမ်းပြီး ပြောလေသည်။ 

"ငါ့မှာ တခြား ဘာမှလုပ်စရာမရှိဘူး...မင်းတစ်ယောက်တည်း ညဘက် ဒီမှာနေ၊နေရင် အရိုက်ခံရလိမ့်မယ်.."


ချီဖန့်က သူ့စကားကို ကြားပြီးနောက် အသက်ရှူကျပ်သွားပြီး မျက်လုံးကို တိုက်ရိုက်ပင် လှိမ့်လိုက်တော့သည်။ 


Big bossက ငါ ဓားပြတိုက်ခံရလိမ့်မယ်လို့ ကျိန်ဆဲနေတာလားဟ...


ချီဖန့်က သူ့ရင်ဘက်ကို အုပ်ကိုင်ပြီး သွေးအန်ချင်သလို ခံစားချက်ကို အတင်းအကျပ် ထိန်းထားကာ အသက်ကို ဝအောင် ရှူလိုက်လေသည်။ သူက ဒေါသထွက်ချင်သော်လည်း လှည့်ကြည့်လိုက်သည့်အခါ ယွီမော့၏ တည်ကြည်သော အမူအရာကို မြင်လိုက်ရခြင်းကြောင့် မည်သို့ဖြစ်သွားခြင်းမသိဘဲ သူ့ရင်ဘက်ထဲရှိ မီးစက တဖြည်းဖြည်း ငြိမ်းသွားလေသည်။ 


ပြောရလျှင် ယွီမိသားစုက နာမည်ကြီးသော်လည်း ငယ်ရွယ်သူများကို အကာအကွယ်ပေးခြင်းက အလွန် နည်းပါးသည်။


အရင်က ငါ အနိုင်ကျင့်ခံခဲ့ရဖူးလို့ ညဘက် အပြင်သွားတာနဲ့ပဲ အရိုက်ခံရလိမ့်မယ်လို့များ ထင်နေတာလား...


တစ်နေ့က ယွီမော့ လမ်းတွင် ပိတ်ဆို့ခံနေရခြင်းကို သူက တွေ့ရှိခဲ့ပြီး ချီဖန့်က ၎င်းကို ပြန်စဉ်းစားမိကာ သက်ပြင်းချမိသည်။ အကယ်၍ ထိုလူများက သူတို့ရှေ့ရှိလူက ယွီမိသားစုဝင်တစ်ယောက်ဆိုသည်ကို သိရှိခဲ့လျှင် ယွီမော့ကို ၎င်းကဲ့သို့ ပိတ်ဆို့ရဲကြမည် မဟုတ်ပေ။


ထို့ကြောင့် ယွီမော့က သူ၏ လုံခြုံရေးအတွက် စိတ်ပူပန်သောကြောင့် ဤကဲ့သို့လုပ်ခြင်း ဖြစ်လိမ့်မည်။ 


ချီဖန့်က သူ့ဖုန်းထဲက ဖုန်းနံပါတ်ကို ကြည့်လိုက်ပြီး ဖုန်းခေါ်ရန် ဝန်လေးနေသည်။


သူက သက်ပြင်းချလိုက်ပြီး ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ယွီမော့က ညဘက်၌တွင်မူ အလွန် ကြည့်ကောင်းနေ၍ သူ့ဘေးရှိလူများ၏ အာရုံကို အလွယ်တကူ ဖမ်းစားနိုင်ပြီး မလှမ်းမကမ်းရှိ မိန်းမငယ်အချို့က သူတို့ကို ကြည့်နေကာ တီးတိုးပြောနေကြသည်က ကြာပြီဖြစ်လေသည်။ မကြာမီတွင် ဖုန်းနံပါတ်တောင်းခံရလိမ့်မည်ဟုပင် သူက ခန့်မှန်းမိလေသည်။ 


ချီဖန့်က သူ့လက်ထဲရှိ ဖုန်းscreenကို lockချလိုက်ပြီး ပြုံးလိုက်ကာ ယွီမော့ကို လှည့်ကြည့်လိုက်သည်။

"အိမ်က ဒရိုင်ဘာက မလာနိုင်တော့ဘူးထင်တာပဲ...ငါလည်း သေချာတော့ မသိဘူး..."


"ကောင်းတယ်..."


ချီဖန့်၏ စကားမဆုံးမီ ယွီမော့က တည်တည်ကြည်ကြည်နှင့် ဖြေလိုက်ပြီး ချီဖန့်ကပင် ယွီမော့ မျက်လုံးထဲ၌ ဝမ်းသာမှုများကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။ ချီဖန့်က စိတ်ထဲတွင် ပြုံးလိုက်ပြီး ယွီမော့ကို ကျေးဇူးတင်စကားပြောဆိုကာ သူ့နောက်မှနေ၍ ကားဆီကို လိုက်သွားလိုက်သည်။ 


ကားထဲတွင် စောင့်နေသည့် ဒရိုင်ဘာက သူ့ သခင်လေး ကားထဲက ဆင်းသွားသည်ကို မြင်ခဲ့ရပြီးနောက် တစ်ခဏအကြာတွင် သခင်လေးက လူငယ်တစ်ယောက်ကိုလည်း ပြန်ခေါ်လာသည်ကို မြင်လိုက်ရသည်။ 


သခင်လေးယွီက သူ့အတန်းဖော်များနှင့် မည်သို့မျှ အဆက်အသွယ် လုပ်လေ့မရှိသည်ကို သူက သိရှိထားလေသည်။ သူက ပုံမှန်အတိုင်း ကျောင်းကို တစ်ယောက်တည်းသွားပြီး စနေနှင့် တနင်္ဂနွေနေ့များတွင် အိမ်ထဲ၌သာ နေလေသည်။ သခင်ကြီးသာမက သခင်မကြီးပင် စိတ်မကောင်းဖြစ်နေကြရသည်။ ယနေ့တွင် မည်သည့်အကြောင်းကြောင့်မသိသော်လည်း သခင်လေးက ရုတ်တရက် အပြင်ထွက်သွားပြီး သူ့ကို ဤနေရာဆီသို့ ကားမောင်းခိုင်းခဲ့သည်။ 


ပြီးတော့ သခင်လေးက တစ်ယောက်ယောက်ကို ပြန်ခေါ်လာတယ်...


ဒါက ဘယ်လို အခြေအနေမျိုးလဲဟ...



🏫🏫🏫


သခင်မလေး ရတော့မယ့် အခြေအနေမျိုးလေ😆