Chapter 15
Viewers 194

🏫 Chapter 15



"သခင်လေး..."


ယွီမော့က ခေါင်းညိတ်လိုက်သည်။

"စံအိမ်တော်ကို ပြန်မယ်..."


ဒါရိုင်ဘာက ကားကို ခေတ္တရပ်ပြီးနောက် မြန်ဆန်စွာပင် လှုပ်ရှားလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေး..."


ဒါ အိမ်ကို ခေါ်သွားမလို့လား...


ချီဖန့်၏ မျက်နှာပေါ်ရှိ အပြုံးက မပြောင်းလဲဘဲ ယွီမော့က သူကလည်း ဗီလာအိမ်ရာတွင် နေထိုင်သည်ကို သိရှိသည်ဟု စိတ်ထဲ၌ တီးတိုးပြောလိုက်သည်။ 


ကားက ချောမွေ့စွာ မောင်းနှင်နေ၍ ချီဖန့်က စိတ်သက်သာရာရသွားသည်။ ကားမူး၍ ခေါင်းအနည်းငယ်ကိုက်ခြင်းက သူ့ကို အခုထိ မသက်မသာဖြစ်စေသည်။ ချီဖန့်က မျက်လုံးမှိတ်ချင်စိတ်ကို ထိန်းထားပြီး တစ်ခဏရပ်လိုက်ကာ ကားထဲက လေထုကို အဆင်ပြေစေရန်အတွက် စကားစမြည်ပြောရန် စတင်ရှာဖွေလိုက်သည်။

"မင်း ဂိမ်းကစားပွဲကို သွားကြည့်တာလား..."


ယွီမော့က ခေါင်းခါလိုက်ပြီး ပြန်ပြောသည်။

"မသွားဘူး..."


ချီဖန့်က ယွီမော့၏ နောက်စကားကို စောင့်နေသော်လည်း မည်သည့်စကားမှ ထပ်မလာတော့ချေ။

"..."


ကောင်းပြီလေ...


ချီဖန့်က ယွီမော့ စိတ်ဝင်စားသင့်သော အကြောင်းအရာကို ပြောင်းလဲပြီး ဆက်မေးလိုက်သည်။

"အာ...မနက်ဖြန် ဆောင်းဦးခရီးစဉ်အတွက် မင်း အဆင်သင့်ဖြစ်ပြီလား..."


ယွီမော့က တစ်ခဏရပ်သွားပြီး ခေါင်းညိတ်လိုက်လေသည်။ သူ့မျက်လုံးများက ချီဖန့်၏ ဖြူဖျော့နေသည့် မျက်နှာကို ဖျတ်ခနဲ ကြည့်မိသွားပြီး မျက်ခုံးတစ်စုံက တိတ်တဆိတ် တွန့်ချိုးသွားသည်။


ချီဖန့်က ယွီမော့ ထိုအချိန်က မှတ်စုများကို အလေးအနက်ထားပြီး မှတ်သားနေသည်ကို တွေးလိုက်မိပြီး အဖွဲ့ခေါင်းဆောင်ပြောသော အရာအားလုံးကို သူဝယ်ထားခြင်းက သေချာသလောက်ရှိသည်ကို ၈၀% ယုံကြည်လေကာ သူက ပြောလိုက်သည်။

"တကယ်တော့...မင်း အများကြီးပြင်ဆင်ဖို့ မလိုပါဘူး...တိရိစ္ဆာန်ရုံမှာ ဆိုင်တွေ အများကြီးရှိတယ်လေ...အဲမှာ အတော်များများ ဝယ်လို့ရတယ်..."


ယွီမော့က ရုတ်တရက် သူ့စကားကို ဖြတ်ပြောလိုက်သည်။

"စကားမပြောနဲ့တော့..."


ချီဖန့်၏ မျက်နှာပေါ်ရှိ အပြုံးက တစ်ခဏရပ်သွားပြီး ကားထဲမှ လေထုက ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဒရိုင်ဘာဦးလေးက စတီယာရင်ကို တင်းတင်းကျပ်ကျပ် မကိုင်ထားနိုင်တော့ဘဲ လူငယ်လေးက ကားရပ်ခိုင်းလျှင် ရပ်ရ၊မရပ်ရဆိုသည်ကို စိတ်ထဲ၌တွေးတောကာ တွေဝေနေသည်။ 


ယွီမော့လည်း ကားထဲက လေထုပြောင်းလဲသွားသည်ကို ခံစားမိပြီး သူ့လက်ချောင်းများက ထိုင်ခုံကို သတိလက်လွတ် ဆုပ်ကိုင်လိုက်မိသည်။ 


သူ၏ စကားပြောပုံက အခြားသူများကို မကြာခဏ စိတ်အနှောင့်အယှက်ဖြစ်စေသည်ကို သူသိလေသည်။ ထို့ကြောင့် အချိန်အများစု၌ စကားပြောဆိုရန် တွန့်ဆုတ်နေပြီး ပြောလိုက်သည့်စကားများကလည်း ရိုးရှင်းကာ နားလည်ရ လွယ်ကူသည်။ ထို့ကြောင့် သူ၏ စကားပြောပုံကို ပြောင်းလဲရန်အတွက် မကြိုးစားခဲ့ချေ။ အကယ်၍ လူများကို စိတ်အနှောင့်အယှက်ဖြစ်စေလျှင်ပင် ယွီမော့က အရေးမကြီးဟု ထင်မိလေသည်။ မည်သို့ပင်ဖြစ်ပါစေ ထိုလူများက သူ့ကို အနိုင်မရရှိနိုင်ချေ။ 


သို့သော် ယွီမော့က ဤတစ်ကြိမ်တွင် အမှန်တကယ် စိတ်မသက်မသာမှုကို ခံစားနေရသည်။ ထိုင်ခုံတွင် မတ်မတ်ထိုင်နေသော်လည်း ယွီမော့၏ မျက်လုံးထောင့်က ဘေးရှိ ချီဖန့်ကို မကြည့်ဘဲ မနေနိုင်ခဲ့ချေ။


ချီဖန့်၏ မျက်နှာက အေးစက်နေပြီး မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားသည်။ ပါးစပ်ထောင့်က ပါးချိုင့်များကိုလည်း မမြင်ရတော့ဘဲ ပြတင်းပေါက်အပြင်ကို တိတ်တဆိတ် ငေးကြည့်နေလေသည်။ 


တကယ်ကို ဒေါသထွက်နေတာပဲ...


ယွီမော့၏ နှလုံးသားထဲတွင် အနည်းငယ် နှိမ့်ချမိပြီး သူ့မျက်နှာပေါ်ရှိ အမူအရာက ပို၍လေးနက်လာသည်။


ကားထဲရှိ လေထုက အနည်းငယ် အနေရခက်နေပြီး ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သည်။


ချီဖန့်က သေချာပေါက် ယွီမော့၏ စကားကြောင့် အလွန် ဒေါသထွက်နေလေသည်။ သူ၏ အမူအရာက တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း သူ့စိတ်ထဲတွင် ယွီမော့ကို စတင်ဆဲဆိုနေမိသည်။ 


ဒီလူက စကားပြောတတ်ရဲ့လား...စကားပြောတတ်ရဲ့လားကွ...


ငါက ကားမူးတာကို သက်သာစေဖို့ စကား ရှာနေခဲ့တာလေ...နောက်ခန်းမှာ ထိုင်နေတဲ့ ငါတို့အတွက် လေထုက သိပ်းနေရခက်ဖို့မကောင်းအောင် လုပ်ပေးနေရတာ မဟုတ်ဘူးလား...


မူလက စကားအနည်းငယ်ပြောလျှင် လုံလောက်ပြီဟု ထင်ခဲ့သော်လည်း ယွီမော့က ဒုတိယစကားတစ်ခွန်းဖြင့်ပင် သူ့ကို အောင်မြင်စွာ ပိတ်ဆို့သွားနိုင်ခဲ့သည်။ 


ယွီမော့ကို အခုတလော အထင်ကြီးမိပေမဲ့ ဒီလို စကားမပြောတတ်တဲ့ စရိုက်က တကယ်ကို...


ချီဖန့်က ယွီမော့၏ စိတ်မတည်ငြိမ်သော အမူအရာကို ကြည့်ပြီး သူ့စိတ်ထဲက ဗီလိန်ချီဖန့်ကို မဆဲဘဲ မနေနိုင်တော့ချေ။ 


ချီဖန့်က ငိုချင်သော်လည်း ဆက်ပြီး သည်းခံလိုက်သည်။ သူက ယွီရှောင်မော့ကို လက်မလျှော့ချင်သေးပေ။ 


နှလုံးသားကို နူးနူးညံ့ညံ့ထားစမ်း...နောက်တစ်ကြိမ်ကျရင် သူက မင်းကိုတောင် တံတွေးနဲ့ထွေးပစ်နိုင်တယ်ကွ...


ချီဖန့်က သက်ပြင်းချကာ အပြုံးတစ်ခုဖြင့် ခေါင်းကိုလှည့်ကြည့်လိုက်ပြီးနောက် တောင်းပန်လိုက်သည်။

"ငါတောင်းပန်ပါတယ်...ငါမင်းကို စကားများမိသွားလား..."


ချီဖန့်၏ မျက်နှာပေါ်တွင် ပေါ်လာသော အပြုံးမျိုးကို ယွီမော့က ကြည့်လိုက်သည့်အခါ သူ့မျက်နှာက ပိုမိုပြီး ရုပ်ဆိုးလာသည်။ ချီဖန့်က နားမလည်သလို မျက်တောင်ပုတ်ခတ်လိုက်ပြီး ယွီမော့ ခြေတစ်လှမ်းဆုတ်နိုင်ရန် ဦးဆောင်ကာ အစပျိုးပေးလိုက်သည်။

ဒီကလေးက ဘာလို့ ပိုပြီးတော့တောင် စိတ်မချမ်းမြေ့တဲ့ပုံပေါက်နေရတာလဲဟ...


"ဘယ်လို..."


"မရယ်နဲ့..."

ယွီမော့က သူ့လက်ကို ဆန့်ထုတ်ပြီး ချီဖန့်၏ မျက်လုံးများကို ညင်ညင်သာသာ အုပ်လိုက်သည်။ ချီဖန့်၏ မျက်တောင်များက တုန်ခါနေပြီး သူ့လက်ဖဝါးထက်ကို ပွတ်တိုက်နေသည်။

"မရယ်နဲ့…"


အဘယ့်ကြောင့်ဆိုသည်ကို မသိသော်လည်း ချီဖန့်၏ မျက်နှာပေါ်က အပြုံးကို သူ လုံးဝမမြင်ချင်ပေ။ 


ချီဖန့်က သူ့ရှေ့တွင် မှောင်မိုက်နေသည်ကို ကြည့်ပြီး မျက်တောင်ခတ်လိုက်သည်။ အရှေ့ခန်းရှိ ဒါရိုက်ဘာက နောက်ကြည့်မှန်ထဲမှနေ၍ သခင်လေး၏ အကြည့်ကို မြင်လိုက်ပြီး သတိလက်လွတ်နှင့် သူ့အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ရသည်။ 


ယွီမော့၏ လက်ဖဝါးက အလွန်နွေးထွေးပြီး အပူချိန်က သူ့မျက်ခုံးနှင့် ထိတွေ့ထားသော အသားအရေတစ်လျှောက် ပျံ့နှံ့သွားသည်။ ချီဖန့်က မမြင်နိုင်၍ ထိတ်လန့်သွားသင့်သော်လည်း သူ၏ ပထမဆုံး တုံ့ပြန်မှုက...


သာ့ကောရေ...မင်းရဲ့ အသန့်ကြိုက်တဲ့စိတ်က ဘယ်ရောက်သွားတာလဲ...


သတိပြန်ဝင်လာပြီး ချီဖန့်က အားမလိုအားမရဖြစ်လျက် မေးလိုက်သည်။

"ငါ ဘာလို့ ရယ်လို့တောင် မရတာလဲ..."


လေထုက ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးမှ ယွီမော့က သတိပြန်ဝင်လာကာ တီးတိုးပြောလိုက်သည်။

"မင်း မရယ်ချင်ဘူးမလား...ဒါဆို ရယ်ဖို့ မလိုဘူး..."


ဤစကားကို ပြောပြီးမှ သူ တစ်စုံတစ်ခုကို သတိထားမိသွားပြီး ဆက်ပြောလိုက်သည်။

"မင်း စကားမပြောချင်ရင်လည်း မပြောနဲ့...ကိုယ့်ကိုယ်ကိုယ် အတင်းလုပ်စရာ မလိုဘူး..."


ယွီမော့၏အသံက တိတ်ဆိတ်သွားပြီးနောက် ချီဖန့် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အုပ်ထားသည့် မျက်လုံးများက မှိတ်တစ်ချက် ဖွင့်တစ်ချက်လုပ်ကာ ခေတ္တခဏ နှုတ်ခမ်းကို ဖိထားပြီး နောက်ကို မှီလိုက်သည်။ 


ကားက တိတ်ဆိတ်သွားပြန်ပြီး ချီဖန့်လည်း စကားပြောရန်အတွက် အကြောင်းအရာ ရှာဖွေရန် မကြိုးစားတော့ချေ။ ယွီမော့က သူ့မျက်လုံးများကို အုပ်ထားသောကြောင့် ယွီမော့၏ အနည်းငယ် မြန်ဆန်နေသော အသက်ရှူသံကို ကြားနိုင်ကာ ချီဖန့်က ရုတ်တရက် မေးလိုက်သည်။

"ငါတို့ ရောက်ပြီလား..."


ယွီမော့က ပြတင်းပေါက်အပြင်ကို ငေးကြည့်လိုက်သည်။ 


ဗီလာအိမ်ရာ၏ တံခါးဝက မဝေးတော့ချေ။ ဒရိုင်ဘာဦးလေးက နောက်ခန်းတွင်ရှိသော လူနှစ်ယောက်ကို နှောင့်ယှက်ရန် မဝံ့ရဲဘဲ ကားကို ညင်ညင်သာသာ ရပ်လိုက်လေသည်။ 


ယွီမော့က သူ့လက်များကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ အတွင်းစိတ်ထဲက ဆုံးရှုံးမှုကို လျစ်လျူရှုကာ အသံတိုးတိုးလေးဖြင့် တုံ့ပြန်လိုက်သည်။

"အင်း..."


ချီဖန့်က ပြုံးလိုက်ပြီး ကားပေါ်မှ ဆင်းလိုက်ကာ ဒရိုင်ဘာဦးလေးကို ကျေးဇူးတင်စကားပြောရန်ပင် မမေ့ချေ။ 


အနည်းဆုံး သူ၏ အမူအရာမှတစ်ဆင့် အနည်းငယ်လေးမှ မပျော်မရွှင်ဖြစ်နေသည်ကို မမြင်ရချေ။ သို့သော် ယွီမော့က အမြဲတမ်း အနည်းငယ် စိတ်မသက်မသာဖြစ်မှုကိူ ခံစားနေရသည်။ သူက တွေဝေနေပြီး ဒရိုင်ဘာကို ဦးစွာ သွားခိုင်းလိုက်ကာ သူ့ဘာသာကားပေါ်မှ ဆင်းလိုက်၍ ချီဖန့်နောက်ကို လိုက်သွားလေသည်။ 


ချီဖန့်က သူ့နောက်က အပိုပါလာသည့် အမြီးလေးကို သတိမထားမိချေ။ တံခါးဝရှိ အစောင့်က ချီဖန့်နှင့် ယွီမော့ကို သိ၍ သူတို့အတွက် တံခါးဖွင့်ပေးလိုက်သည်။ 


ယွီမော့က ချီဖန့်နောက်ကို တိတ်ဆိတ်စွာ လိုက်သွားလိုက်ပြီး သူ့ကိုယ်သူ စိတ်မချမ်းသာခြင်း သို့မဟုတ် စိတ်မသက်မသာဖြစ်နေခြင်းလားကို မပြောနိုင်သော်လည်း ဤခံစားချက်များအားလုံးကို သူ့မျက်လုံးတစ်စုံက ဖိနှိပ်ထားပြီး မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မပေါ်လာချေ။


နှစ်ယောက်စလုံးက တိတ်တဆိတ် လမ်းလျှောက်လာကြပြီး နောက်ဆုံး အကွေ့တွင် ချီဖန့်က ရပ်လိုက်သောကြောင့် သူ့နောက်က လိုက်လာသည့် ယွီမော့လည်း သတိလက်လွတ် ရပ်လိုက်သည်။ 

"ငါ ပြန်တော့မယ်..."


ယွီမော့က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။


သို့သော် ချီဖန့် လှည့်သွားပြီးနောက် ယွီမော့က ထိုနေရာ၌ ဆက်လက်၍ ရပ်နေဆဲ ဖြစ်သည်။ သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မရှိသော်လည်း သူ့ရင်ထဲက ဆုံးရှုံးမှုများကို ခံစား၍ရသေးသည်။ 


ချီဖန့်က သက်ပြင်းမောချလိုက်ပြီး အနောက်ကို လှည့်၍ ပြန်လျှောက်လာလိုက်သည်။

"တကယ်ကို အဆင်ပြေပါတယ်..."


ချီဖန့်က ယွီမော့ရှေ့၌ ရပ်လိုက်သည်။ သူ့အရပ်က 1.7မီတာကျော်သော်လည်း ယွီမော့က သူ့ထက် ခေါင်းတစ်ဝက်မျှ ပိုမြင့်နေသေးသည်။ သူက ယွီမော့၏ ချောမွေ့ပြီး ဖြူစွတ်နေသော မေးရိုးကိုပင် မြင်နိုင်သည်။


ချီဖန့်က ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး ယွီမော့ကို လှမ်းကြည့်လိုက်ကာ စိတ်ဆင်းရဲစွာဖြင့် သူ့နဖူးကို ပွတ်လိုက်သည်။

"ငါ မဒေါသထွက်ပါဘူး...ငါက...ငါက ကျင့်သားမရသေးလို့ပါ..."


ယွီမော့က ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး ချီဖန့်၏ အမူအရာကို ရှုပ်ထွေးမှုနှင့် ဆုံးရှုံးမှုများဖြင့် ကြည့်လိုက်သည်။ ချီဖန့်က သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း မည်သည့်စကားကိုမှ မပြောဖြစ်တော့ချေ။ 


ကြာမြင့်ခဲ့ပြီဖြစ်သော အဖုအထစ်များကို ထပ်မံပြောဆိုရန် မလိုအပ်ပေ။ 


-----


စာရေးသူမှာ ပြောစရာရှိပါတယ်...



ချီဖန့်က စကားပြောရန် ပြင်လိုက်သည်။

ယွီမော့- စကားပြောတာကို ရပ်လိုက်...


ချီဖန့်က တိတ်ဆိတ်စွာ ပြုံးလိုက်သည်။

ယွီမော့- မရယ်နဲ့...


ချီဖန့်...သူက ယွီမော့ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ကြမ်းတမ်းစွာ ရိုက်နှက်ခဲ့သည်။


ယွီမော့ - ရိုက်၊ ရိုက်သာရိုက်လိုက်…




🏫🏫🏫