Chapter 16
Viewers 195

🏫 Chapter 16



ချီဖန့် အိမ်ပြန်ရောက်သောအခါ မာမားချီက မအိပ်သေးဘဲ ဧည့်ခန်းတွင် တီဗီကြည့်နေသည်။ သူမက တံခါးဖွင့်သံကို ကြားသည်နှင့် တီဗီမှ အစီအစဉ်ကို ခဏရပ်ပြီး သားငယ်လေးကို ကြိုဆိုရန် ထရပ်လိုက်သည်။


"ဘယ်လိုလဲ ပျော်ခဲ့ရဲ့လား..."

မာမားချီက အပြုံးတစ်ပွင့်ဖြင့် မေးလိုက်သည်။


ချီဖန့်က ခေါင်းညိတ်လိုက်ပြီး မျက်နှာတွင် ပင်ပန်းနွမ်းလျသည့်အမူအရာ ပေါ်လာသည်။

"ဖန်းဇီဖေးက ချန်ပီယံဆုရသွားတယ်လေ ပြီးတော့ အဖွဲ့ဝင်တွေနဲ့အတူ ရူးရူးမူးမူး လိုက်သွားတယ်..."


"ကောင်းတာပေါ့..."


မာမားချီက နူးညံ့သောမျက်နှာဖြင့် ပြောလိုက်ပြီး ချီဖန့်၏ နဖူးကို ထိလိုက်သည်။

"ပင်ပန်းနေပြီလား ရှောင်ဖန့်...သွား နားလိုက်ဦး ခဏနေရင် သက်သာသွားလိမ့်မယ် တကယ်လို့ အရမ်းပင်ပန်းနေရင် မနက်ဖြန် ခွင့်ယူလိုက်လေ..."


ချီဖန့်က ခေါင်းညိတ်လိုက်ပြီး မာမားချီကို စကားအနည်းငယ် ပြောဆိုပြီးမှ အပေါ်ထပ်၊အခန်းသို့ တက်သွားတော့သည်။


သူ့အခန်းထဲသို့ ရောက်သည်နှင့် ချီဖန့်၏ တင်းထားသည့်စိတ်များက ချက်ချင်း ပြေလျော့သွားသည်။ သူ့မျက်လုံးထဲရှိ မောပန်းမှုများက တစ်ချက်ကြည့်လိုက်ရုံဖြင့် သိသာနိုင်ပြီး မီးဖွင့်ရန်ပင် ပျင်းနေသည်။ ချီဖန့်က ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ခုတင်ပေါ်သို့ တိုက်ရိုက် လှဲချလိုက်သည်။


ပထမဦးစွာ တစ်နေ့လုံးနီးပါး ထိုင်နေရပြီးနောက် ချီဖန့်တစ်ကိုယ်လုံး မသက်မသာဖြစ်နေသကဲ့သို့ ခံစားရခြင်းကြောင့် သူ့တွင် အင်အား လုံးဝ မရှိတော့ချေ။ တစ်ကိုယ်လုံး ခုတင်ပေါ်တွင် လေဖြတ်ထားသကဲ့သို့ ဖြစ်နေပြီး အချိန်အတော်ကြာမှ ခုတင်ပေါ်ရှိ ကောင်လေးက နှစ်ကြိမ်မျှ လှုပ်ရှားလိုက်ပြီး အိပ်နေသည့်ပုံစံမှ ပက်လက်ပုံစံသို့ ပြောင်းလဲသွားသည်။


ချီဖန့်က နိုးလာပြီးနောက်တွင် သူ့ခေါင်းပေါ်ရှိ မီးလုံးကို ငေးကြည့်ပြီး မှိန်းနေသည်။


သူပြန်လည်မွေးဖွားလာပြီးကတည်းက ချီဖန့်က သူ့ကိုယ်သူ ကောင်းစွာ ဖုံးကွယ်ထားသည်ဟု အမြဲတမ်း ခံစားခဲ့ရသည်။ ရုတ်တရက် စာကြိုးစားပြီး ပညာသင်ကြားခဲ့သည်မှလွဲ၍ အခြားအရာများ မပြောင်းလဲခဲ့ချေ။ သို့သော် ယနေ့ညတွင် ယွီမော့၏ စကားများက ချီဖန့်ကို လုံးဝ နိုးကြားစေခဲ့သည်။


ချီဖန့် မည်မျှပင် ကြာရှည်စွာ ဖုံးကွယ်ထားပါစေ၊ တစ်ချိန်က ရွှံ့နွံထဲသို့ ကျဆင်းသွားခဲ့သော နှစ်များက သူ့အား မဖျက်နိုင်သော အကျင့်တစ်ခုကို ချန်ထားခဲ့သည်။ လိမ္မာပါးနပ်သောမာမားချီပင် သတိမထားနိုင်ခဲ့သည့်အရာကို ယွီမော့က သတိထားမိခဲ့သည်။ သူ့(ချီဖန့်)ကို အရှက်ရစေမည်စိုးသောကြောင့် ယွီမော့က ထပ်မံ မမေးမြန်းခဲ့ခြင်းဖြစ်သည်။


ချီဖန့်က ခဏမျှ ရပ်တန့်သွားပြီးနောက် ရုတ်တရက် ခုတင်ပေါ်မှ ထထိုင်လိုက်သည်။


စံအိမ်ရှိ အိပ်ခန်းများတွင် ရေချိုးခန်းများရှိသောကြောင့် ချီဖန့်က ရေချိုးခန်းမှန်ရှေ့တွင် ရပ်ပြီး မှန်ထဲရှိ လူကို ကြည့်လိုက်သည်။


အသက်ဆယ့်ငါးနှစ်အရွယ် ချီဖန့်၏ မျက်နှာတွင် ကလေးအဆီများ အနည်းငယ် ကျန်ရှိနေသေးသော်လည်း အရပ်အမြင့်မှာ နောက်ပိုင်းမျိုးဆက်များနှင့် များစွာ ကွာခြားခြင်း မရှိချေ။ သို့သော် မှန်ထဲတွင် မိမိကိုယ်ကို ပြန်လည်ကြည့်ရှုသောအခါ ချီဖန့်က အနည်းငယ် ထိုင်းမှိုင်းနေပုံရသည်။


သူက အရွယ်ရောက်ပြီးသားလူတစ်ယောက်၏ မျက်လုံးများကို မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။


မှန်ထဲရှိလူက ပြုံးပြရန် ကြိုးစားလိုက်သော်လည်း ချီဖန့်က ရင်းနှီးကျွမ်းဝင်သည့် ယဉ်ကျေးသော အပြုံးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက နှုတ်ခမ်းထောင့်များကို ကော့ကွေးလိုက်ပြီး အပြင်းအထန် ပြုံးရန် ကြိုးစားသော်လည်း သူ့အပြုံးများက ရယ်စရာကောင်းလှသည်။ 

"အို..." 


ချီဖန့်က စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်ပြီး မတ်တတ်ရပ်လိုက်ကာ မှန်ထဲရှိ သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်သည်။ 

"မင်းကိုယ်မင်း ပြန်ကြည့်စမ်း... ဒီလို အသေးအဖွဲ ကိစ္စလေးတောင် မလုပ်နိုင်ဘဲ အသက်ဆယ့်ငါးနှစ်အရွယ် မကောင်းဆိုးဝါးလေးကို သိသွားစေတယ် အရမ်း အသုံးမကျဘူး..."


ချီဖန့်က မှန်ရှေ့တွင် အနည်းငယ် မှိန်းသွားသည်။


သို့သော် ထိုမကောင်းဆိုးဝါးလေးက နောက်မျိုးဆက်တွင် အစ်ကိုကြီးတစ်ယောက် ဖြစ်နေသည်။ 

အဲ့အစ်ကိုကြီးက နည်းနည်း ပျင်းဖို့ကောင်းပေမယ့်...ထားလိုက်တော့...နောက်ကျရင် ယွီမော့နဲ့ ဝေးဝေးနေရမယ်... မဟုတ်ရင် လျှို့ဝှက်ချက်တွေ ဘယ်အချိန် ထပ်ပေါ်သွားမလဲ မသိနိုင်ဘူး...


ချီဖန့်က သက်ပြင်းချလိုက်ပြီး တံခါးမှ ရုတ်တရက် တံခါးခေါက်သံ နှစ်ချက် ကြားလိုက်ရသည်။

"ရှောင်ဖန့် ထမင်းစားမယ်..."


"လာပြီ..."


ချီဖန့်က အလိုအလျောက် တုံ့ပြန်လိုက်ပြီး နောက်ဆုံးအကြိမ် မှန်ထဲရှိ သူ့ကိုယ်သူ ကြည့်လိုက်ကာ တံခါးကို ဖွင့်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။


ပါပါးချီနှင့် အစ်ကိုကြီးတို့က ကုမ္ပဏီတွင် အချိန်ပိုအလုပ်လုပ်နေကြဆဲဖြစ်သော်လည်း ဒုတိယအစ်ကိုက မည်သည့်အချိန်က ပြန်ရောက်လာခဲ့သည်ကို သူ သေချာမသိပေ။ ယခု ဒုတိယအစ်ကိုက မာမားချီအား ဟင်းလျာများ စားပွဲပေါ်တင်ပေးရာတွင် ကူညီပေးနေသည်။


ဤအရာကို မြင်သောအခါ ချီဖန့်က လှေကားမှ အနည်းငယ် ဆင်းလာပြီး စားပွဲပြင်ဆင်ရာတွင် အတူတကွ ကူညီပေးခဲ့သည်။


မာမားချီနှင့် ချီကျန့် နှစ်ဦးစလုံးက စာသောက်နေချိန်တွင် ချီဖန့်၏ တိတ်ဆိတ်မှုကို ခံစားမိပြီး တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြသည်။


ချီကျန့်က ညီငယ်အတွက် နံရိုးကို ညှပ်ယူရန် တူကို မြှောက်ကာ ထည့်ပေးလိုက်သည်။

"ဒီနေ့ ဂိမ်းက ဘယ်လိုလဲ..."


ချီဖန့်က ပြန်ကြည့်လိုက်ပြီး အလိုအလျောက် ပြုံးချင်သော်လည်း နှုတ်ခမ်းထောင့်စွန်းများက ကော့တက်မသွားချေ။ ချီဖန့်က ယွီမော့၏ စကားများကို သတိရလိုက်ပြီး နှုတ်ခမ်းရှိ အပြုံးများက တောင့်တင်းသွားသည်။


အကျင့်ပါနေတာ ဆိုးတာပဲ...


ချီဖန့်က စိတ်အနှောင့်အယှက်ဖြစ်စွာ တိတ်တဆိတ် စားနေသည်။


သူ့ညီလေး နေမကောင်းဖြစ်နေသည်က ထင်ရှားနေပြီး ချီကျန့်က မာမားချီကို သံသယဖြင့် ကြည့်လိုက်ချိန်တွင် သူမက ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်သည်။ မနက်ပိုင်းတွင် ချီဖန့်က ဖန်ဇီဖေး၏ဂိမ်းကို ကြည့်ရန် သွားခဲ့ပြီး ကောင်းမွန်စွာ နေထိုင်ခဲ့သည်။ ထို့နောက် နေ့လည်ပိုင်းတွင် စိတ်ချမ်းသာစွာဖြင့် မက်ဆေ့ခ်ျ ပို့ခဲ့ပြီး ညနေဘက်တွင် အိမ်ပြန်ရောက်လာသည့်အချိန်၌ ထူးဆန်းနေသည်။

သူပြန်လာတဲ့အချိန်မှာ တစ်ခုခု ဖြစ်ခဲ့တာများလား...


"အဆင်ပြေပါတယ်..."


ချီကျန့်က ခဏ စဉ်းစားပြီး မေးလိုက်သည်။

"ပြိုင်ပွဲက ကွန်ဗင်းရှင်းစင်တာမှာလား အဝေးကြီးပဲနော်... ညီလေးက တက္ကစီနဲ့ ပြန်လာတာလား..."


(T/N: convention center (ကွန်ဗင်းရှင်းစင်တာ) - အစည်းအဝေးတွေ၊ ပြပွဲတွေ၊ ညီလာခံတွေ စတဲ့ ပွဲတွေကို ကျင်းပဖို့အတွက် ဆောက်ထားတဲ့ အဆောက်အအုံကြီးကို ဆိုလိုပါတယ်)


ချီဖန့်က အနည်းငယ် ထူးဆန်းသော အကြည့်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။

"မဟုတ်ဘူး... ပွဲကအပြန်မှာ အတန်းဖော်တစ်ယောက်နဲ့ တွေ့ခဲ့တယ်လေ... သူလိုက်ပို့ပေးလို့ ပြန်လာတာ..."


ချီကျန့် အနည်းငယ် အံ့အားသင့်သွားပြီး မည်သူဖြစ်ကြောင်း မေးမြန်းလိုသော်လည်း မာမားချီက စကားပြောသည်ကို ကြားလိုက်ရသည်။


"ယွီမော့လား..."

မာမားချီက ခဏ စဉ်းစားပြီးမှ မှတ်ဉာဏ်ထဲမှ နာမည်ကို ပြန်လည် ဖော်ထုတ်လိုက်သည်။ နောက်ဆုံးအပတ်က ချီဖန့်က ဤကောင်လေးအကြောင်းကို ပြောခဲ့ပြီး သူမ အနည်းငယ် မှတ်မိနေသေးသည်။


ချီဖန့်က ခေါင်းညိတ်လိုက်သော်လည်း မည်သည်မှ မပြောချေ။

"အင်း..."


ချီကျန့်က သူ၏ထိုင်းမှိုင်းနေသော ညီလေးကို ကြည့်ပြီး ယွီမော့အပေါ် ပထမဆုံး ခံစားချက်က ချက်ချင်း အနုတ်လက္ခဏာပြောင်းသွားတော့သည်။

ဒီကောင် ငါ့ညီလေးကို အနိုင်ကျင့်ခဲ့တာ ဖြစ်ရမယ်...


×××××


စနေနေ့၊ မနက်တွင် ချီဖန့်နိုးလာသောအခါ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသကဲ့သို့ ခံစားလိုက်ရသည်။ သူက ခုတင်ပေါ်တွင် ငါးမိနစ်ခန့် ရုန်းကန်ပြီးမှ အံကြိတ်ကာ ထထိုင်နိုင်ခဲ့သည်။ မာမားချီက ချီဖန့်အတွက် မနက်စာအချို့ ပြုလုပ်ပေးရန် စဉ်းစားသော်လည်း ချီဖန့်က ပြတ်သားစွာ ငြင်းဆိုလိုက်သည်။


ချီဖန့် ကျောင်းတံခါးဝသို့ ရောက်သောအခါ စုဝေးချိန်မတိုင်မီ ဆယ်မိနစ်အလိုဖြစ်ပြီး တံခါးဝတွင် ကျောင်းသားအုပ်စုတစ်စု စကားပြောဆိုနေသည်ကို တွေ့လိုက်ရသည်။ ချီဖန့်က ဒရိုင်ဘာအား ဘေးသို့ ရပ်ခိုင်းပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့သည်။


သူ တစ်ချက်ကြည့်လိုက်သောအခါ ဖန်းဇီဖေးကို မတွေ့ရဘဲ ယွီမော့တစ်ယောက်တည်း ရပ်နေသည်ကို တွေ့လိုက်ရသည်။ ချီဖန့်က ယမန်နေ့က သူပြောခဲ့သည့်စကားကို နားထောင်နေသည်ဟု ယူဆကာ ယွီမော့၏ ကျောပိုးအိတ်ကို အလိုအလျောက် ကြည့်လိုက်သည်။ ယွီမော့၏ ကျောပိုးအိတ်က အနည်းငယ် ဖောင်းကားနေသော်လည်း ပုံမှန်အတိုင်းဖြစ်သည်။


ချီဖန့်က သက်ပြင်းချလိုက်ပြီးနောက် အနည်းငယ် စကားလုံးမဲ့သွားသည်။

ငါ ယွီမော့နဲ့ဝေးဝေးနေမယ်လို့ ဆုံးဖြတ်ထားတာမလား...ဘာလို့ အာရုံစိုက်နေမိတာလဲ...


ချီဖန့် စဉ်းစားလျက် ရင်းနှီးသော အတန်းဖော်အချို့ကို ပြုံးပြနှုတ်ဆက်လိုက်ပြီး ခဏအကြာတွင် သူတို့၏ အကြောင်းအရာကို လိုက်၍ စကားပြောဆိုခဲ့သည်။


ယွီမော့က အနည်းငယ် ဝေးသောနေရာတွင် ရပ်နေပြီး ချီဖန့်၏ မျက်နှာမှ ဖုံးကွယ်ထားသော အပြုံးကို ကြည့်နေကာ ခဏ ရပ်တန့်သွားသော်လည်း မည်သည်မှ မပြောချေ။


ချီဖန့်က သူ့ရှေ့ရှိ အတန်းဖော်များနှင့် စကားပြောဆိုနေသော်လည်း ယွီမော့ဘက်သို့ မနေနိုင်ဘဲ လှည့်ကြည့်မိသည်။ ယွီမော့က စာသင်ခန်းတွင် မည်သို့သောအခါမှ စကားမပြောဘဲ သူငယ်ချင်းလည်း မရှိချေ။ သူက အမူအရာကင်းမဲ့နေသော မျက်နှာဖြင့် ထိုနေရာတွင်သာ ရပ်နေနိုင်သည်။


"စိတ်မပျော့နဲ့..."

ချီဖန့်က သူ့ကိုယ်သူ သတိပေးလိုက်ပြီး ယွီမော့ကို ကျောခိုင်းလိုက်သည်။


ခဏအကြာတွင် အတန်းပိုင်ဆရာ ရောက်လာပြီး ချီဖန့်က ကျောင်းသားများနှင့်အတူ ရပ်နေလိုက်သည်။ တစ်ချက်ပြန်ကြည့်လိုက်ချိန်တွင် အတန်းထဲတွင် ဖန်းဇီဖေးကို မတွေ့ရသေးချေ။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းထဲမှ Chatအက်ပ်ကို ဖွင့်လိုက်သည်။ ဖန်းဇီဖေးက ညက သူ့ထံ မက်ဆေ့ခ်ျ ပို့ထားသည်ကို တွေ့လိုက်ရသည်။


ယမန်နေ့က ချန်ပီယံဆုရသည့်ည၌ ဖန်းဇီဖေးက အတူစားသောက်ပြီး အိမ်ပြန်ချင်ခဲ့သော်လည်း နောက်ဆုံးတွင် ပျော်လွန်းသဖြင့် အင်တာနက်ဆိုင်မှာ ဂိမ်းကစားရန် သွားခဲ့သည်။ ယနေ့မနက်တွင် မထနိုင်ဘဲ ခုတင်ပေါ်တွင် လေဖြတ်ထားသကဲ့သို့ ဖြစ်နေ၍ ဆရာထံမှ ခွင့်တောင်းရသည်။


ဝတုတ်လေး : အရမ်းနာကျင်တယ် ... ငါ့ရဲ့ ဆောင်းဦးခရီးစဉ်လေး...

(T/N: ဝတုတ်လေးက ချီဖန့်က ဖန်းဇီဖေးကို ပေးထားတဲ့နာမည်ပါ)


ချီဖန့်က Chatကို ကြည့်ပြီး ဖန်ဇီဖေး၏ ဒေါသကို ဖန်သားပြင်မှတစ်ဆင့် ခံစားမိလိုက်သည်။ ဖန်းဇီဖေးက စိတ်မဝင်စားဟု ပြောခဲ့သော်လည်း သူက လာချင်ပုံရသည်။

ချီဖန့်: မပြောနဲ့တော့ ကောင်းကောင်း နားလိုက်... မင်း မနက်ဖြန်မှ လာတော့…


ကျောင်းသားများ စုဝေးပြီးချိန်တွင် ချီဖန့်က ဖုန်းကို သိမ်းလိုက်ပြီး ရှေ့မှ ကားထဲသို့ လိုက်ပါသွားသည်။


ဖန်းဇီဖေးက ယမန်နေ့ညက လေးနာရီမှ အိပ်ခဲ့ပြီး သူက အတင်းနှိုးကာ ချီဖန့်ကို စကားအနည်းငယ် ပြောလိုက်သည်။ သူ့တစ်ကိုယ်လုံး ကိုက်ခဲပြီး ခေါင်းများမူးဝေနေသော်လည်း ချီဖန့်တွင် မည်သည့်ပြဿနာများ မရှိကြောင်း တွေ့ပြီးနောက် မျက်လုံးကို မှိတ်ကာ နောက်ဆုံး စာတစ်ကြောင်း ပို့လိုက်ပြီး အိပ်ပျော်သွားပြန်သည်။


ချီဖန့်က ထိုင်လိုက်ပြီး ဖုန်းကို ဖွင့်ကာ ဖန်းဇီဖေး၏ နောက်ဆုံး မက်ဆေ့ခ်ျကို ကြည့်ပြီး မျက်တောင်ခတ်လိုက်မိသည်။


ဖန်းဇီဖေး: အဖေ...

*爸爸- Bàba (အဖေ)*


ချီဖန့် အနည်းငယ်တွေဝေ သွားပြီးနောက် ပြန်ပို့လိုက်သည်။

ချီဖန့်: အင်း...


_____


စာရေးသူမှာ ပြောစရာရှိပါတယ်...


ဖန်းဇီဖေး: မင်းတို့ ယုံမှာ မဟုတ်ဘူး...ငါ့ကို ဂြိုဟ်သားတွေက ထိန်းချုပ်ထားတာ...



🏫🏫🏫