Chapter 17
Viewers 185

🏫 Chapter 17



ဖန်းဇီဖေးထံမှ အကြောင်းပြန်မလာသည်ကို မြင်သောအခါ ချီဖန့်က ဖုန်းကို သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။


အတန်း ၁-၂တွင် စုစုပေါင်း ကျောင်းသား သုံးဆယ်ကျော်ရှိပြီး ဖန်းဇီဖေးအပြင် ခွင့်ယူသူအနည်းငယ် ကျန်ရှိနေသေးသောကြောင့် ဘတ်စ်ကားပေါ်တွင် ထိုင်ခုံအချို့ လွတ်နေသည်။


[ Editor's Note : အတန်း (၁-၂) ရဲ့ ရှေ့က ၁က အထက်တန်း ပထမနှစ်ကို ပြောချင်တာပါ၊ ၂ကမှ သူတို့ရဲ့ အတန်းနံပါတ်ပါ အတန်း ၂ပဲ ရေးတာများတော့ ၁ -၂လို့ရေးလိုက်ရင် မှားရေးထားတယ် ထင်မှာစိုးလို့ ရှင်းပြပေးတာပါ ]


ဆောင်းဦးခရီးစဉ်များက နှစ်စဉ်ရှိနေသော်လည်း ကျောင်းသားများအတွက် အပြင်ထွက်လည်ပတ်ရန် အလွန်စိတ်လှုပ်ရှားစရာ ကောင်းနေဆဲဖြစ်သည်။


ချီဖန့်ဘေးတွင် ထိုင်နေသော ကောင်လေးက အတန်း၏ အားကစားကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ အနည်းငယ် ဂရုမစိုက်တတ်သော်လည်း စိတ်ထားကောင်းပြီး သူ့ကို မော့ကြည့်လိုက်သောအခါ ချီဖန့်ကို နှုတ်ဆက်လာသည်။


ချီဖန့်က သူ့ကို ပြုံးပြလိုက်ပြီး ကား၏ နောက်ခုံကို အလိုအလျောက် ကြည့်လိုက်သည်။ 

သေချာတာပေါ့...


နောက်ဆုံးခုံတွင် ယွီမော့တစ်ယောက်တည်း ထိုင်နေပြီး မျက်လုံးကို မှိတ်ကာ အနားယူနေသည်ကို သူ တွေ့လိုက်ရသည်။


"အင်း ဘာဖြစ်လို့လဲ ယွီမော့နဲ့ သွားထိုင်ချင်လို့လား.."


ချီဖန့်၏ မျက်လုံးကို လိုက်ကြည့်လျက် အားကစားကော်မတီအဖွဲ့ဝင်က ယွီမော့ကိုလည်း တွေ့လိုက်သည်။ အတန်းထဲရှိ ကျောင်းသားများက အလွန်ရင်းနှီးကြပြီး အားကစားကော်မတီအဖွဲ့ဝင်က လူအများစုနှင့် ရင်းနှီးသောကြောင့် မည်သည့် ထိုင်ခုံကိုမဆို ရွေးချယ်နိုင်သည်။ သို့သော် ချီဖန့်က ယွီမော့ကို ကြည့်နေသည်ကို မြင်သောအခါ ယွီမော့နှင့်အတူ ထိုင်ချင်သည်လားဟု တွေးမိခဲ့သည်။


အတန်းထဲတွင် ယွီမော့နှင့် စကားပြောနိုင်သူမှာ ချီဖန့်တစ်ယောက်သာ ရှိသည်။ နောက်ဆုံးတွင် အပြင်ထွက်လည်ပတ်ရန် ခက်ခဲပြီး လူတိုင်း ပျော်ရွှင်ချင်ကြသည်။


အားကစားကော်မတီအဖွဲ့ဝင်က ချက်ချင်း ထရပ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ 

"ရတယ် ငါ ယွီမော့နဲ့ သွားလဲလိုက်မယ်...မင်း ခဏစောင့်နေ..."


"အင်း...အဲ...မဟုတ်ဘူး... ခဏ ..." 


ချီဖန့် မတုံ့ပြန်နိုင်သေးမီ အားကစားကော်မတီအဖွဲ့ဝင်က ယွီမော့ဘေးသို့ ရောက်သွားသည်။ သူက ယွီမော့ကို မည်သည့်စကားပြောလိုက်သည်ကို မသိဘဲ ယွီမော့က ချီဖန့်ကို တစ်ချက်ကြည့်လိုက်ပြီး အားကစားကော်မတီအဖွဲ့ဝင်ကို ခေါင်းညိတ်ပြလိုက်သည်။


ချီဖန့်က ကျောပိုးအိတ်ကိုင်ပြီး လျှောက်လာသော ယွီမော့ကို ကြည့်လိုက်သည်။ ထို့နောက် ချီဖန့်က လူများကို ခုံနေရာပြန်ပြောင်းရန် အဆင်မပြေသောကြောင့် မတတ်နိုင်စွာ ထိုင်နေရသည်။


ယွီမော့က ချီဖန့်က သူ့ကို ဂရုမစိုက်ချင်ကြောင်းကိုလည်း သိရှိပြီး ချီဖန့်ဘေးတွင် ထိုင်ကာ ကျောပိုးအိတ်ကို ကိုင်ထားသည်။ သူ စကားမပြောဘဲ ကျောပိုးအိတ်ထဲမှ သေးငယ်သောဘူးတစ်ခုကို ထုတ်ယူပြီး ချီဖန့်ကို ပေးလိုက်သည်။


ချီဖန့် ကြည့်လိုက်သည့်အခါ အအန်သက်သာစေသော ဆေးဖြစ်နေသည်။ ချီဖန့်၏ ပျို့အန်ခြင်းက မပြင်းထန်လှပေ။ အများအားဖြင့် ကားထဲတွင် အိပ်ပြီး ဖြည်းဖြည်းချင်း ဆင်းလိုက်ရုံဖြင့် သက်သာသွားသောကြောင့် အအန်ပျောက်ဆေးကို ကိုယ်တိုင် ပြင်ဆင်ရန် ပျင်းနေတတ်သည်။


သူ့လက်ထဲရှိ ဆေးဘူးကို ကြည့်ပြီးနောက် ချီဖန့်က သူ့စိတ်ထဲရှိ ဗီလိန်က ငိုယိုပြီး သူ့ကိုယ်သူ မေးခွန်းထုတ်နေသည်ဟု ခံစားလိုက်ရသည်။

ကြည့်စမ်း... သူက အရမ်းကောင်းတာပဲ မင်း ဘာလို့ သူ့ကို ဂရုမစိုက်ရတာလဲ...


မင်း သူ့ကို ဂရုမစိုက်ဘူး သူက မင်းဖို့ ဆေးတောင် ယူလာပေးတယ်...မင်း သူ့ကို လျစ်လျုရှု့ရက်တယ်ပေါ့...


သူ့မှာ သူငယ်ချင်း မရှိဘူး ယွီမော့က အရမ်း သနားစရာကောင်းတယ်...


ချီဖန့်က သူ့စိတ်ထဲရှိ ဗီလိန်လေးကို တိတ်တဆိတ် ပုတ်ခတ်လိုက်ပြီး သူ့လက်ထဲရှိ ဆေးဘူးကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

"မနေ့ညက ငါ စကားပြောနေတာကို ဘာလို့ တားလိုက်တာလဲ..."


ယွီမော့က ခေါင်းကို လှည့်လိုက်ပြီး သူ့အကြည့်က ချီဖန့်၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။ ဘတ်စ်ကား မထွက်သေးသော်လည်း ချီဖန့်၏ မျက်ခုံးများက အလိုအလျောက် တွန့်သွားပြီး အကြောင်းက မနက်ပိုင်းတွင် ချီဖန့်က မနက်စာ မစားခဲ့သောကြောင့် နှုတ်ခမ်းအရောင်က အနည်းငယ် ဖျော့တော့နေသောကြောင့်ဖြစ်သည်။

"မနက်စာ မစားဘူးလား..."


ယွီမော့၏ အသံက အနည်းငယ် စိတ်တိုနေသလို ဖြစ်နေ၍ ချီဖန့်ကို အံ့အားသင့်စေသည်။


ချီဖန့်က မနက်ပိုင်းတွင် အစာစားချင်စိတ် မရှိဘဲ အထက်တန်းကျောင်းမှစ၍ မနက်စာကို ရှားရှားပါးပါးသာ စားခဲ့သည်။ မာမားချီက ချီဖန့်ကို ဂရုစိုက်ချင်သော်လည်း ချီဖန့်က အများအားဖြင့် တိုက်ခန်းတွင် နေထိုင်ပြီး စနေ၊ တနင်္ဂနွေမှသာ အိမ်ပြန်လာသောကြောင့် ဤကိစ္စက ဤနည်းဖြင့် ကျော်လွန်သွားခဲ့သည်။

ယွီမော့က ဘာလို့ ရုတ်တရက် ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်တိုနေတာလဲ...


ယွီမော့၏ မျက်နှာက အမူအရာမရှိဘဲ ခံစားချက်များကို ရှားရှားပါးပါးသာ ဖော်ပြတတ်သည်။ သူက နှုတ်ခမ်းကို စေ့လိုက်ပြီး ခေါင်းကို လှည့်ကာ အိတ်ထဲမှ အအေးတစ်ဘူးနှင့် သရေစာမုန့်အချို့ကို ထုတ်ယူပြီး ချီဖန့်ကို ပေးလိုက်သည်။


ချီဖန့်က ငြင်းဆန်ရန် ပြင်လိုက်သည်နှင့် ယွီမော့၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားသည်ကို တွေ့လိုက်ရသည်။ ရင့်ကျက်သူတစ်ယောက်၏ အရှိန်အဝါမရှိသေးသော်လည်း အသက် (၁၅) နှစ်အရွယ် ကလေးတစ်ယောက်ကို ခြောက်လှန့်ရန်လုံလောက်ပေသည်။

"ဗိုက်နာလိမ့်မယ်..."


ယွီမော့က ချီဖန့်ကို သရေစာမုန့်များပေးလိုက်ပြီး ချီဖန့်ကို လေးနက်စွာ ကြည့်လိုက်သည်။


ချီဖန့်က မတတ်နိုင်စွာဖြင့် တစ်ခုပြီးတစ်ခု ယူလိုက်ရသည်။ ကံကောင်းစွာဖြင့် ယွီမော့ ဝယ်လာသည်က သူကြိုက်သော မုန့်များဖြစ်သည်။ ချီဖန့်က သူ့လက်ထဲရှိ ကောပိကို ကြည့်ပြီး ရုတ်တရက် ပြန်လည်မွေးဖွားလာသည့်နေ့က စားပွဲပေါ်တွင် မည်သို့ပေါ်လာသည်ကို တွေးမိလိုက်သည်။


ယွီမော့က ချီဖန့်စားနေသည်ကို မြင်သည်နှင့် သူ၏ မျက်နှာ ပြန်ကောင်းသွားသည်။ ချီဖန့်က မေးချင်သည့်အရာများ ရှိသော်လည်း ဘတ်စ်ကား စထွက်သွားပြီး ပျို့အန်ချင်သည့် ခံစားချက်က စကားပြောရန် အကြံအစည်အားလုံးကို ချက်ချင်း ပြန်လည် သိမ်းယူသွားသည်။


အအေးနှင့်အတူ အအန်ပျောက်ဆေးကို သောက်ပြီး ချီဖန့်က မျက်လုံးကို မှိတ်ကာ ထိုင်ခုံတွင် မှီလိုက်သည်။


အအန်ပျောက်ဆေးက ကောင်းစွာ အလုပ်လုပ်ပြီး ချီဖန့်၏ မျက်မှောင်ကြုတ်မှုက ပြေလျော့သွားသည်။ ကားထဲရှိ အတန်းဖော်များက လေးငါးယောက် တစ်အုပ်စုစီဖြင့် စကားပြောနေကြသော်လည်း ချီဖန့် ရှိနေသောကြောင့် ယွီမော့က တော်တော်လေး တိတ်ဆိတ်နေသည်။


"မင်း အဆင်မပြေ ဖြစ်မှာစိုးလို့..."

ယွီမော့က ရုတ်တရက် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။


ချီဖန့်က အလိုအလျောက် မျက်လုံးကို ဖွင့်လိုက်သည်နှင့် မျက်လုံးများပေါ်တွင် ရင်းနှီးသော အပူချိန်တစ်ခုကို ခံစားလိုက်ရသည်။


"အိပ်လိုက်နော် ငါ နှိုးပေးမယ်..." 

ယွီမော့၏ အသံက ချီဖန့်၏ နားထဲသို့ ရောက်လာသည်။


ချီဖန့်က ခဏ စဉ်းစားပြီးမှ ယွီမော့၏ ဆိုလိုရင်းကို နားလည်လိုက်သည်။


သူက အန်ချင်သောကြောင့် ကားထဲတွင် စကားပြောလျှင် အဆင်မပြေဖြစ်မည်ကို စိုးရိမ်သောကြောင့် စကားပြောရန် ခွင့်မပြုခဲ့ခြင်းဖြစ်သည်။ ချီဖန့်၏အပြုံးက ပျော်၍ ပြုံးသည်မဟုတ်သည်ကို မြင်ချိန်တွင် သူက ချီဖန့်ကို ရယ်အောင်မလုပ်ချင်တော့ပေ။


ထိုသို့ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်သည်က အစ်ကိုကြီးတစ်ယောက်၏အရည်အချင်းတစ်မျိုးဟု မှတ်ယူ၍ရသည်။


အခြားရှု့ထောင့်မှကြည့်လျှင် ယွီမော့က အမှန်တကယ်ပင် အလွန်နူးညံ့သောသူဖြစ်သည်။

ဟုတ်တယ်မလား...


ချီဖန့်က လုံးဝ စိတ်သက်သာရာရသွားပြီး မျက်လုံးပေါ်ရှိ လက်ကို မဖယ်ရှားဘဲ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

"ယွီမော့ မင်းမှာ တခြားသူငယ်ချင်း မရှိဘူးလား..."


ထို့ကြောင့် ယွီမော့က သူ့(ချီဖန့်)ကို အလွန်ကောင်းမွန်စွာ ဆက်ဆံနေခြင်းဖြစ်ပြီး သူ့တစ်ဦးတည်းသော သူငယ်ချင်းကို ဆုံးရှုံးမည်ကို ကြောက်ရွံ့နေခြင်းဖြစ်သည်။


ချီဖန့်က သူ့ကိုယ်သူ အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ခံစားလိုက်ရသည်။


ယွီမော့က ခဏ ရပ်တန့်သွားပြီး ချီဖန့်၏ မျက်လုံးများပေါ်မှ လက်များကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်သည်။ ချီဖန့်က မျက်လုံးကို မှိတ်ထားဆဲဖြစ်ပြီး နေရောင်က ကားပြတင်းပေါက်မှတစ်ဆင့် သူ့မျက်နှာပေါ်သို့ ကျရောက်နေသည်။ ရှည်လျားသော မျက်တောင်များမှ အရိပ်ရှည်ကြီးတစ်ခု ထိုးဆင်းနေပြီး မူလ ဖြူစင်သော အသားအရေက ဖန်သားလို ကြည်လင်နေသကဲ့သို့ ထင်ရသည်။


အလွန်အမင်း ကြောက်လန့်တုန်လှုပ်ချိန်တွင်သာ ဖြစ်တတ်သည့် ထိန်းမနိုင်သိမ်းမရ မြန်ဆန်သော နှလုံးခုန်သံနှင့် လက်ခြေများ တောင့်တင်းလာခြင်းက သူ့ခန္ဓာကိုယ်မှ ပြန်လည်တုံ့ပြန်သည့် သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်သည်။ သို့သော် သူက ထွက်ပြေးရန် အနည်းငယ်မျှပင် စိတ်ကူးမရှိပေ။


ယွီမော့က မျက်လုံးများကို မှေးလိုက်ပြီး အချိန်အတော်ကြာမှ အသံနိမ့်နိမ့်ဖြင့် ပြန်ဖြေလိုက်သည်။

"ရှိတယ်..."


သို့သော် ချီဖန် မတုံ့ပြန်ချေ။


ယွီမော့က ခဏစောင့်နေပြီး ချီဖန့်၏ ခေါင်းက အနည်းငယ် ငိုက်ကျသွားသည်ကို တွေ့လိုက်ရသည်။ သူ မတုံ့ပြန်နိုင်သေးမီ သူ့ခန္ဓာကိုယ်က အလိုအလျောက် မှီကျလာသည်။


ချီဖန့်၏ ခေါင်းက သူ့ပုခုံးပေါ်သို့ ကျရောက်သွားသောအခါ အနည်းငယ် မြင့်နေပုံရသောကြောင့် အနည်းငယ် အားထည့်လိုက်သည်။


ယွီမော့၏ ခန္ဓာကိုယ်က လုံးဝ တောင့်တင်းသွားပြီး ချီဖန့်၏အားကြောင့် အောက်သို့ ကျုံ့သွားသည်။ ပထမဆုံးအကြိမ်အဖြစ် သူက ထိုင်ခုံတွင် တည့်တည့်မထိုင်ဘဲ ခါးကို အနည်းငယ် ကုန်းလိုက်ပြီး ပခုံးကို နိမ့်လိုက်သည်။


ချီဖန့်က သူ့ 'ခေါင်းအုံး' ကို ကျေနပ်စွာ ပွတ်သပ်လိုက်ပြီး ငြိမ်းချမ်းစွာ အိပ်ပျော်သွားသည်။


------------


စာရေးသူမှာ ပြောစရာရှိပါတယ်...


ချီဖန့်: ထတော့... ငါ မင်းကို မကောင်းတဲ့မှတ်ချက် ပေးပစ်မယ်...



🏫🏫🏫