အပိုင်း ၂၈၁-၂၈၂
Viewers 27k

Part 281


ခရစ္စမတ်အကြိုနေ့၌ ယွဲ့စုန့်နှင့်ကျန်းယန်ရှန့်တို့ အတူတူရှိနေခဲ့ကြသည်။


ယွဲ့စုန့်သည် များသောအားဖြင့် အဘိုးကြီးယွဲ့ နှင့် အတူရှိနေတတ်သော်လည်း အိမ်ခွဲ၍သီးခြားနေထိုင်နေခြင်းဖြစ်သည်


လူငယ်စုံတွဲသည် သူတို့၏နေ့စဉ်ချိန်းဆိုမှုအများစုကို အတူကုန်ဆုံးကြပြီး ထိုနေရာတွင် ညအိပ်‌လေ့ရှိကြသည်။


ကျန်းယန်ရှန့်  ယွဲ့စုန့်၏လက်ကိုဆွဲကာ သူမ၏လက်ဖဝါးထဲသို့ထည့်လိုက်သည်။


သူမ၌ အေးချမ်းပြီး သက်တောင့်သက်သာရှိသောအမူအရာရှိ၏။


ယွဲ့စုန့်က သူမ၏မျက်နှာကို ညင်သာစွာ ပွတ်သပ်ပြီး နောက်ပြောင်ကျီစယ်သည်။


 “ က်ိုယ်ပြောခဲ့သားပဲ...မင်းက ကိုယ့်လက်လို ကြည့်ကောင်းတဲ့အရာတွေကိုသဘောကျတာပါလို့... ခုထိဝန်မခံသေးဘူး " 


ကျန်းယန်ရှန့်က မျက်လုံးကိုမှိတ်ပြီး ပြုံးသည်။


"ဒီခံစားချက်ကို သဘောကျတယ်"


"ဘယ်လိုခံစားရလို့လဲ?"  ယွဲ့စုန့်က မေး၏။


ထိုအခါ ကျန်းယန်ရှန့်က သူမ၏မျက်လုံးများကိုပြန်ဖွင့်လိုက်ပြီး ပြော၏။ 


" အရမ်းစိတ်သက်သာရာရတယ် "


သူမ၏ယခင်ဘဝက ကြောက်စိတ်ကို ဖြေဖျောက်ရန် ဤလက်ကို ဆုပ်ကိုင်ထားမှဖြစ်မည်။


ယွဲ့စုန့်၏လက်တစ်စုံက သူမ၏စိုးရိမ်ပူပန်မှုနှင့် ရန်ငြိုးဖွဲ့မှုကိုလည်း ကုစားပေးနိုင်စွမ်းရှိသည်။


ယွဲ့စုန့်၏ မျက်ဝန်းများထဲတွင် အပြုံးတစ်ခု ပွင့်လာပြီး 


ကျန်းယန်ရှန့်ကိုနမ်းရန် အနားသို့တိုးကပ်လာ၏။


နောက်တစ်နေ့တွင် စစ်မေးခံရန်အတွက် ယွဲ့စုန့်ကို ကုမ္ပဏီက ဆင့်ခေါ်တော့သည်။


 “ ကိုယ်တိုင်ဝန်ခံမလား ဝန်ခံအောင်လုပ်ပေးရမလား " အဘိုးကြီးက ရာဇသံပေးသည်။


" ဘာတွေပြောနေတာလဲဗျ "


" ဘာဖြစ်ရမှာလဲ "  အဘိုးကြီးက မကျေမနပ်ဖြစ်သွားပြီး စားပွဲကို လက်ဖြင့်ထုသည်။


 “ မင်းရည်းစားအကြောင်းလေ...ငါ့ကိုဘာလို့မပြောတာလဲ! မြေးလိမ္မာမပီသချက်ပဲ ! "


ယွဲ့စုန့်က မျက်ရိုးများကို လက်နှစ်ချောင်းဖြင့်ခပ်ဖွဖွဖိလျက် အခြေအနေကိုပြန်သုံးသပ်နေ၏။


ယွဲ့စုန့်အား ဤပုံစံဖြင့်မြင်လိုက်ရသော အဘိုးကြီးသည် ဝမ်းသာအားရဖြစ်သွားပြီး မျက်ခုံးပင့်သည်။


 “ဒါဆို မင်းမှာ တကယ်ရည်းစားရှိတယ်ပေါ့... မနေ့ကအဘိုးကြီးရှုသာ မပြောရင် ငါတကယ်ကို သိမှာမဟုတ်ဘူး... ပြောစမ်းပါဦး ဘယ်အိမ်က သမီးလဲ...


နှစ်​​ဖက်မိသားစု ဆုံကြမယ်​...စီစဉ်လိုက်တော့ ... မင်္ဂလာရက်ရွေးကြမယ်...ငါဘယ်ချိန်မြေးချီရမလဲ "


" အဲ့ဒါကြောင့်ပဲ ကျွန်တော်က အဘိုးကိုပြောမပြတာ....အဘိုးဒီလိုလုပ်နေရင် မနက်ဖြန် ကျွန်တော့်မှာ ရည်းစားရှိ တော့မှာကိုမဟုတ်ဘူး"


 ယွဲ့စုန့် ပခုံးတွန့်၍ မကျေမနပ်ပြောလိုက်၏။


"ဘာကိုမရှိရမှာလဲ ... ငါ့လို အဘိုးကြီးတစ်ယောက်မှာ ဒီလိုဆန္ဒရှိတာ ဆန်းသလား " 


ယွဲ့ချီဖုန်းကလည်း  ပြန်ချေပလေသည်။


" အဲ့ဒါအဘိုး အပိုင်းလေ.... မိန်းကလေးငယ်ငယ်လေးရဲ့ ဆန္ဒမှ မဟုတ်တာ ...ကျွန်တော့်ရည်းစားက ဒီနှစ်မှ ပထမနှစ်ကျောင်းသူလေးပဲ ရှိသေးတယ်..၁၉တောင်မပြည့်သေးဘူး... အိမ်ထောင်ပြုပြီး ကလေးယူဖို့ လူကြီးတွေဆီက ဖိအားပေးခံရရင် ပျော်မယ်လို့ ထင်နေတာလား... နောက်ပြီးတော့ သူ့ဘက်က အိမ်ထောင်ပြုချင်ပါတယ်ဆိုရင်တောင် အသက်က မပြည့်သေးဘူး”


"အရမ်းငယ်သေးတာပဲ" အဘိုးကြီးက စိတ်ပျက်လက်ပျက်ဖြစ်နေသော လေသံဖြင့်ပြော၏။


 “ဒါဆို မင်းနှစ်တွေအကြာကြီး စောင့်ရဦးမှာ...

သွားသွား... ကြိုးကြိုးစားစားနဲ့ အလုပ်သွားလုပ်တော့ "


" ....... "


“အေးပါကွာ မင်္ဂလာကိစ္စ ၊‌ မြေးကိစ္စတွေမပြောပါဘူး... အရင်တော့ တွေ့ထားလို့ရတယ်မလား " အဘိုးကြီးယွဲ့ကပြောသည်။


 " စကားမစပ် ပြောပါဦး... ဘယ်အိမ်က သမီးလဲ "


"သူ့နာမည်က ကျန်းယန်ရှန့်ပါ" ယွဲ့စုန့်က ဖြေ၏။


 "ရှင်းနမ်အုပ်စုက အဘွား စုန့်လန်ယင်းက သူ့အဘွားပဲ"


“ဪ...သူတို့မိသားစုကိုးး " အဘိုးကြီးက စားပွဲကို လက်ဖြင့်ပုတ်လျက်။


“အဲ့အဘွားကြီးက တကယ်ထက်တယ်.. ငယ်ငယ်ကတည်းကဆိုပါတော့...သူ့အကြောင်းကြားဖူးပေမယ့် လူချင်းမတွေ့ဖူးသေးဘူး ... မဆိုးဘူး မဆိုးဘူးး .... ရှင်းနမ်အုပ်စုကို မှတ်မိတယ် … အဘွားကြီးစုန့် မှာ သားနှစ်ယောက်ရှိတယ် ဟုတ်တယ်မလား...တစ်ယောက်က ကျန်းဟွမ်... နောက်တစ်ယောက်က ကျန်းယုမလား...ဪ...မအံ့ဩတော့ပါဘူး နောက်ဆုံးတစ်ကြိမ်တုန်းက မင်းမိတ်ဆက်ပေးခဲ့တာကို "


ယွဲ့စုန့်က ခေါင်းညိတ်လိုက်ပြီး “သူ့အဖေက ကျန်းဟွမ်ပါ...သူ့ဦးလေးဘက်က အစ်ကိုနဲ့အစ်မ ဝမ်းကွဲနှစ်ယောက်ရှိတယ်...   မောင်လေးတစ်ယောက်နဲ့ ညီမလေးတစ်ယောက်လည်း ရှိတယ် "


ယွဲ့စုန့်က ခေတ္တရပ်ပြီး ဆက်ပြောသည်။


 “ နှစ်ယောက်စလုံးက ယန်ရှန့်နဲ့ ဖအေတူ မအေကွဲတွေ...သူ့အမေရင်းက လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က ကင်ဆာရောဂါနဲ့ ဆုံးသွားတယ်...သူ့အဖေက နောက်အိမ်ထောင်ပြုထားတာပါ ”


"ကျန်းဟွမ်ကိုခေါ်ပြီး အတူတူထမင်းစားရအောင်" 

ခမည်းခမက်တွေဖြစ်လာမယ်မှန်းသိရင် နောက်ဆုံးတစ်ခေါက်က နည်းနည်းလေးပဲဖြစ်ဖြစ် အတူတူပိုသောက်ခဲ့ပါတယ် "


 "မဟုတ်သေးဘူး‌လေ ... ကျွန်တော် အဘိုးကိုပြောတယ်လေ... အဘိုးဒီလိုလုပ်နေရင် မနက်ဖြန် ကျွန်တော့်မှာရည်းစားရှိတော့မှာမဟုတ်ဘူးလို့ "


အဘိုးကြီးက အလိုမကျဖြစ်နေသည်။


 “အရင်က မသိခဲ့လို့လေ..အခုတော့ သိသွားပြီလေ...နှစ်ယောက်အတူတူ ထမင်းလေးဘာလေး မစားသင့်ဘူးလား "


"အဘိုး သူ့ကိုတွေ့ချင်ရင် ကျွန်တော့်ရည်းစားအဖြစ်နဲ့တွေ့ဖို့ စီစဉ်ပေးလို့ရတယ် " 


ယွဲ့စုန့်က ဈေးဆစ်နေသော အဘိုးကြီးအား သတိထပ်ပေးခဲ့သည်။


 "ဒါပေမဲ့ နှစ်ဖက်မိဘတွေစုပြီးမှတော့ မင်္ဂလာကိစ္စပြောမလားမပြောဘူးလား ကျွန်တော်မှမသိနိုင်တာ "


" ငါက ထမင်းလေးအတူစားချင်ရုံပါကွ " အဘိုးကြီးက အဆုံးထိ ကပ်သတ်နေသည်။


"ကျွန်တော်ထပ်ပြောမယ်နော် သူက အသက် ၁၉အောက်ပါ...သူ့အသက်အရွယ်အရ အိမ်ထောင်ပြုဖို့ လုံးဝစိတ်ကူးဦးမှာ မဟုတ်ဘူး...

အိမ်ထောင်ပြုဖို့ ဖိအားပေးတဲ့ လူကြီးတွေကိုလည်း သဘောကျမှာမဟုတ်ဘူး ... စေ့စပ်ကြောင်းလမ်းဖို့ ဇွတ်ပြောတာမျိုးလုပ်ရင် သူကမလွတ်မလပ်ဖြစ်ပြီး ကျွန်တော်နဲ့ လမ်းခွဲမလားတောင် မသိနိုင်ဘူး... သူတစ်ယောက်ပဲဒီလိုမဟုတ်ဘူး...အဲ့အရွယ်လေးတွေအကုန်လုံးက တစ်ပုံစံတည်းပဲ "


အဘိုးက အမှန်တရားကို နားလည်သော်လည်းချက်ချင်းလက်မခံနိုင်သေးဘဲ ပွစိပွစိလုပ်နေသေးသည်။


ထိုအခါယွဲ့စုန့် က မျက်ခုံးပင့်လိုက်ပြီးပြော၏။


 “ အဘိုး သဘောမတူနိုင်လည်း ယန်ရှန့်နဲ့ မဆုံတော့တာ ပိုကောင်းပါတယ်...ဘယ်တုန်းကမှ မသိခဲ့သလိုပဲ သဘောထားလိုက်ပါ " 


" တွေ့မယ် တွေ့မယ် ! တွေ့မယ်လို့... နောက်ဆုံးတော့ ငါ့မြေးရဲ့ ဇနီးလောင်းလေးကို တွေ့ရတော့မယ်...မစောင့်နိုင်တော့ဘူး "


မြေးချီချင်သောအဘိုးကြီး၏အိပ်မက်သည် ပြိုပျက်သွားသော်လည်း မြေးချွေးမအလောင်းအလျာလေးနှင့် တွေ့ရမည့်အခွင့်အရေးကို‌တော့လက်မလွှတ်နိုင်ပေ။သူ ကပျာကယာဖြင့်ပြောလိုက်သည်။


 “ မြန်မြန်  စီစဉ်ပေးတော့... ငါ့မြေးချွေးမလေးနဲ့ တွေ့ချင်ပြီကွ ! "


........

                                          

 ကျန်းယန်ရှန့်သည် ခရစ္စမတ်အကြိုနေ့တွင် ဟွမ်ကျဲနှင့်တွေ့ဆုံရန် စောင့်ဆိုင်းနေခဲ့သည်။


 သူမ၏ မူလအစီအစဉ်က ရိုးရှင်းလှသည်။


ဟွမ်ကျဲနှင့် မိတ်ဖွဲ့ပြီး သူ၏ နေ့စဉ်လုပ်ဆောင်မှုအချို့အကြောင်း သတင်းနှိုက်မည်။


ထို့နောက် လက်တုံ့ပြန်နိုင်မည့် အခွင့်အရေးကိုရှာဖွေမည်ဟု အစီအစဉ်ဆွဲထားခဲ့၏။


လက်တုံ့ပြန်မည့်နည်းလမ်းမှာ ရဲလက်အပ်ခြင်းပင်ဖြစ်သည်။


ဟွမ်ကျဲသည် သူကိုယ်တိုင် မူးယစ်ဆေးသုံး

ရုံသာမက အခြားသော ဆယ်ကျော်သက်များကိုလည်းမူးယစ်ဆေးသုံးရန် သွေးဆောင်၏။


 ကျန်းယန်ရှန့်ကိုပင် ဆေးခတ်ခဲ့သည်။


သူသည် လူတကာကို လူညွန့်တုံးအောင် ချောက်တွန်းခဲ့သူဖြစ်၏။


ဟွမ်ကျဲသည် ကိုယ်တိုင်ကိုယ်ကျ မူးယစ်ဆေးရောင်းချနေနိုင်သည်။ သို့မဟုတ်မူးယစ်ဆေးဒိုင်တစ်ခု အတွက် အလုပ်လုပ်ပေးနေနိုင်သည်ဟု ကျန်းယန်ရှန့်ကသံသယရှိခဲ့သည်။


ဤလိုလူမျိုးကိုမှ ရဲလက်မအပ်လျှင် မည်သူ့ကိုအပ်မည်နည်း။


ကျန်းယန်ရှန့်က ဟွမ်ကျဲထံ ချဉ်းကပ်ချင်သည်။


ချဉ်းကပ်ပြီးပါက ဦးစွာသူ့နေရပ်ကို သိအောင်လုပ်မည်။ ထို့နောက်မူးယစ်ဆေးဝါး သုံးစွဲဖြန့်ဝေလျက်ရှိနေသည်ကို အတည်ပြုမည်။


သို့သော် ဝမ့်ချမ်က ထိုနေရာတွင် ပေါ်လာလိမ့်မည်ဟု ကျန်းယန်ရှန့် မမျှော်လင့်ခဲ့ပေ။


ဝမ့်ချမ်နှင့် သူမသည် ဤဘဝ၌ ရေစက်ကုန်သွားပြီဟုထင်ခဲ့သည်။


ဝမ့်ချမ်၏ပေါ်ပေါက်လာမှုကြောင့် ကျန်းယန်ရှန့်၏သံသယများတိုးပွားလာခဲ့ပြီး  အရာအားလုံးရှုပ်ထွေးကုန်၏။


သူမတစ်ယောက်တည်းမဖြစ်နိုင်ချေ။


ကြံရာပါတစ်ယောက်ယောက်ကတော့ ကျိန်းသေရှိမည်ဖြစ်သည်။


Xxxxxxx


Part 282


ရှုလီချန်က နောက်တစ်နေ့တွင် ဝမ့်ချမ် အကြောင်းကို စုံစမ်းခဲ့၏။


“ကိုယ်ပိုင်ကျောင်းကနေ ပြောင်းသွားပြီးတဲ့နောက်... အဲ့နေရာမှာ တစ်နှစ်ကျော်လောက်ပဲ ဆက်နေခဲ့တာတဲ့.... အထက်တန်းကျောင်းပြီးတဲ့နှစ်မှာ ပြည်ပကိုထွက်ပြီး  ကျောင်းသွားတက်တယ်လို့ကြားတယ် "


ရှုလီချန်က ကျန်းယန်ရှန့်အား ပြောပြသည်။


 "  ခရစ္စမတ်ရာသီဆိုတော့ နိုင်ငံခြားကျောင်းတွေက အားလပ်ရက်ပိတ်တယ်လေ... အိမ်ပြန်လာမှာပါ...အသေးစိတ်သိချင်ရင် ငါနင့်ကိုပို့လိုက်တဲ့ screenshot ကိုကြည့်လိုက် "


ရှုလီချန်သည် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပြီး သူနှင့်တစ်ခါမိတ်ဖွဲ့ပြီးသည်နှင့် ထာဝရသူငယ်ချင်းများ ဖြစ်သွားမည်ဖြစ်သည်။


ရှုလီချန်က အတန်း(၈)မှ စောစီးစွာ ထွက်သွားခဲ့သော်လည်း သူငယ်ချင်း တော်တော်များများနှင့် အဆက်အသွယ်ရှိနေဆဲပင်ဖြစ်၏။


သူသည် ဝမ့်ချမ်နှင့် ရင်းနှီးသောကောင်လေးတစ်ယောက်ထံမှ သတင်းနှိုက်ခဲ့သည်။


ဖန်သားပြင်မှဓာတ်ပုံသည် ထိုကောင်လေးနှင့် ဝမ့်ချမ်တို့၏ စကားပြောမှတ်တမ်းဖြစ်သည်။


_မင်း တရုတ်ပြည်ကို ပြန်ရောက်နေတာလား... မနေ့က မင်းနဲ့တူတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်တယ်လို့ ငါ့အသိက ပြောတယ်_


_ တိုက်ဆိုင်လိုက်တာဟယ်....ဟုတ်တယ်...ငါပြန်‌ရောက်နေပြီ.... မနေ့က ဘားလမ်းကိုတောင် ရောက်ခဲ့သေးတယ် _


_ ငါ့အသိပြောတာတော့ မင်းကိုကောင်လေးနဲ့အတူတွဲတွေ့လိုက်တာတဲ့ အမှန်ပဲလား _


_ မဟုတ်ပါဘူးဟယ်...အမျိုးပါ_


" အမျိုး..."


ကျန်းယန်ရှန့်သည် ထိုစခရင်ရှော့ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။


" ဖတ်ပြီးပြီလား" ရှုလီချန်ကမေးသည်။


 " ဖတ်ပြီးရင် မင်းကိုပြောစရာတစ်ခုရှိသေးတယ်"


“ပြောလေ " ကျန်းယန်ရှန့်က လေးနက်သော အသံဖြင့် ပြောသည်။


" ကံကောင်းတာပဲ... ဝမ့်ချမ်က ရီအထက်တန်းကျောင်းကနေ သိပ်မကြာဘဲပြောင်းသွားတာဆိုတော့လေ ... မနေ့က ခေါင်းပေါက်ထွက်လောက်အောင် စဉ်းစားလိုက်ရတယ်...

ဒီတစ်‌ယောက်က သူနဲ့အဆက်အသွယ်ရှိလောက်မယ်ထင်လို့ လိုက်ရှာခဲ့လိုက်တာ... " ရှုလီချန်ကပြော၏။


ထိုတစ်ယောက်သည် ရှုလီချန်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။ 


သူက ရှုလီချန်အကူအညီတောင်းသည်ကို လက်ခံခဲ့၏။ ထို့နောက်တစ်ခုခုကို ဝန်ခံလာခဲ့သည်။


" ဝမ့်ချမ်အကြောင်းစုံစမ်းပေးဖို့ မင်းပြောတော့ ငါသတိရမိသွားတာ..... တကယ်တော့....သူတခြားကျောင်းကို ပြောင်းသွားပြီးတဲ့နောက် ငါ့ဆီကို ခဏခဏ ဆက်သွယ်ခဲ့သေးတယ်...ပြီးတော့အတန်း(၂)က ကျန်းယန်ရှန့် ၊ ကျိုကျီဟန်နဲ့ ငါတို့အတန်းထဲက တခြားမိန်းကလေးတွေအကြောင်းမေးတယ်...သူတို့ကို မှတ်မိတယ်မလား.... အစပိုင်းမှာတော့ ဝမ့်ချမ်နဲ့ အတူတူ သူတို့ပါ ပါပေမဲ့ နောက်ပိုင်းကျ ဝမ့်ချမ်တစ်ယောက်တည်းပဲ ကျောင်းထုတ်ခံထိသွားတာလေ "


 “အဲဒီတုန်းက သူ မင်းကို ကြိုက်ခဲ့တာကို တစ်တန်းလုံး သိတယ်...ဒါပေမဲ့ မင်းက ကျန်းယန်ရှန့်ကို သဘောကျတာလေ...ကျိုကျီဟန် နဲ့ ကောင်မလေးတွေကလည်းသူ့ကို ငြိုးခဲ့ကြတာ...ငါသူ့ခံစားချက်တွေကို နည်းနည်းလေး  နားလည်ပေးနိုင်ခဲ့တယ်လို့ထင်တယ်...သူငါ့ကိုလာမေးသမျှ အကုန်ပြန်ပြောခဲ့တာ ... အထွေအထူးတော့ မပါပါဘူး... ကျောင်းက ကိစ္စတွေပါပဲ "


ရှုလီချန်က စိတ်ထဲမထားကြောင်းပြောသည်။

ဆက်လက်ကူညီရန်လည်း တောင်းဆိုခဲ့၏။


တခြားကောင်လေးများမှာ ဝမ့်ချမ်နှင့် အဆက်အသွယ်ရှိပြီး friend လည်းဖြစ်ကြသောကြောင့် ပို့စ်များကိုမြင်နိုင်၏။


ဝမ့်ချမ်၌ မူမမှန်သော တစ်စုံတစ်ခုရှိလာလျှင် သူ့ထံသို့ အသိပေးရန် ရှုလီချန်က မေတ္တာရပ်ခံခဲ့သည်။


ထိုကောင်လေးက သဘောတူပြီး ပြုံးသည်။


" ဟေ့ကောင် အဲဒါတွေဖြစ်ပျက်သွားတာ နှစ်နှစ်သုံးနှစ်ရှိနေပြီ... ဘာကိစ္စပြန်အစဖော်နေတာလဲ... သူ့ကိုပြန်လိုက်မလို့လား "


 ရှုလီချန်သည် ဇဝေဇဝါဖြစ်ပြီး ထိုစကားကို ဒီတိုင်းကျော်သွားလိုက်သည်။


 " ငါသူ့အကြောင်းမေးတယ်လို့ ပြန်မပြောနဲ့ "


 အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးနောက် ကျန်းယန်ရှန့်က  ရုတ်တရက်စကားစလာပြန်၏။


 "နင့်အိပ်မက်‌လေ...H မြို့မှာ နင်နဲ့လာတွေ့တုန်းက မက်ခဲ့တဲ့ဟာ...နင့် အိပ်မက်ထဲမှာ ငါသေသွားတယ်လို့ ပြောခဲ့တယ်နော်... ဘယ်သူက နင့်ကို အသိပေးခဲ့တာလဲ" 


" ဝမ့်ချမ်လေ " ရှုလီချန်က ဖြေသည်။


  " သူ နင့်ကိုပြောပြတဲ့ရက်အတိအကျကို မှတ်မိသေးလား... ငါသေတာ ဘယ်လောက်ကြာပြီးမှပြောတာလဲ... တစ်ဆင့် သိခဲ့တာလို့ ပြောတာလား ဒါမှမဟုတ် ဘယ်လိုသိတာလဲ” 


ရှုလီချန်၏ တစ်ကိုယ်လုံး တောင့်တင်းလာသည်။ 


"ကျန်းယန်ရှန့်ရေ!" 


ရှုလီချန်က နေ့ခင်းဘက်တွင်ကြည်လင်နေသော ကောင်းကင်ကို ကြည့်ပြီး အော်ပြော၏။


 “ စချင်ရုံသပ်သပ်နဲ့ ငါ့ကိုဖြဲမခြောက်ပါနဲ့ဟ ! "


 H မြို့ မှ ထွက်ခွာလာပြီးကတည်းက ရှုလီချန်သည် ထိုအိပ်မက်ကို မေ့ပစ်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ အိပ်မက်ထဲမှ ခံစားချက်က စစ်မှန်လွန်းသည်။


အိပ်မက်၏အဆုံးသတ်၌ သူသည် ပျက်ကျတော့မည့် လေယာဉ်ပေါ်တွင် ထိုင်နေပြီး လေယာဉ်ပျံမှာမြေပြင်ထက်သို့ ငုပ်လျှိုးနေခဲ့၏။သေခြင်းတရားဖြင့် ရင်ဆိုင်ရသည့် ခံစားချက်က အလွန်ကြောက်စရာကောင်းလှသည်။


မည်သူက ပြန်တွေးချင်မည်နည်း !


" နင် K မြို့ ကို ဘယ်ချိန်ပြန်လာမှာလဲ... ငါနဲ့လာတွေ့စမ်း စကားလေးဘာလေး ပြောကြတာပေါ့ "


" ဘာအကြောင်းပြောမလို့လဲ" ရှုလီချန်က တိုးတိုးလေးမေးသည်။


" နင့်အိပ်မက်အကြောင်းပေါ့ "


" ချီးပဲ  ! "


တီ~~~


ရှုလီချန်က ဖုန်းကိုဂွက်ခနဲချသွားတော့သည်။


......


ယွဲ့စုန့်သည် အဘိုးကြီးမှ တွေ့ချင်နေသည့်အကြောင်းကို ကျန်းယန်ရှန့် အား ပြောပြလိုက်သည်။


“အင်းပါ... တွေ့တာပေါ့  လူကြီးကတောင် ပြောနေပြီပဲ တွေ့ရမှာပေါ့ "


" နှစ်သစ်ကူးနေ့ဆိုအဆင်ပြေတယ်မလား " ယွဲ့စုန့်ကမေးသည်။


ထိုနေ့ရောက်ဖို့က တစ်ပတ်ပင်မလိုတော့ပေ။


 ကျန်းယန်ရှန့်၏ဖြတ်သန်းခဲ့ရသောနှစ်ဘဝလုံး၌


လူကြီးများနှင့် အထူးတလည်တွေ့ဖူးသည့် အတွေ့အကြုံမရှိခဲ့ပေ။ 


အကြံပြုချက်ရယူရန်အတွက် သူမသည် အဘွားကျန်းဆီသို့သွားလိုက်၏။


 “ဘာမှထွေထွေထူးထူးမရှိဘူး ... ယဉ်ယဉ်ကျေးကျေးလေးပဲနေရင်ရပြီ...   လူကြီးတွေနဲ့ အမြင်မတူရင်ငြင်းခုံမနေနဲ့...နောက်ကျမှ ရှောင်ယွဲ့နဲ့သပ်သပ်ပြော "


 “လူကြီးတွေရဲ့အမြင်က ဘယ်လိုမျိုးလဲဟင်

ချက်ချင်းလက်ထပ်ပြီး ကလေးယူခိုင်းမှာတော့ မဟုတ်ဘူးမလား "


" ခုထိမရင့်ကျက်သေးပုံများး "


 အဘွားကျန်းက သူမကို ဆူပူပြီးနောက် နှစ်တစ်ရာသက်တမ်းရှိသော ဂျင်ဆင်းရိုင်းကြီး ပေးလိုက်၏။


 " ကျန်တာတွေတော့ သမီးအဖေကို ပြင်ခိုင်းလိုက် "


ထိုအကြောင်းကို သိသွားသောကျန်းဟွမ်သည်လည်းသူ၏ ဝိုင်ပုလင်းကို ထုတ်ကာ ကျန်းယန်ရှန့် အား  ပေးသည်။ 


"ဒါက အဖေ့ရဲ့ collection တွေထဲကတစ်ခုပဲ...

အဘိုးကြီးက တစ်ချက်ကြည့်ရုံနဲ့ အဖေ့စိတ်ရင်းမှန်ကို ခံစားသွားရလိမ့်မယ် "


 ကျန်းယန်ရှန့် သည် ယွဲ့စုန့်၏အဘိုးနှင့်တွေ့ဆုံရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


ဒီဇင်ဘာ ၃၁ ရက် နံနက်ခင်း အစောပိုင်းတွင် ယွဲ့စုန့် အသံတချို့ကို ခပ်ဝါးဝါး ကြားလိုက်ရ၏။


သူသည်ကုတင်ပေါ်မှထကာ လျှောက်သွားပြီး ကန့်လန့်ကာကိုဖွင့်ကြည့်လိုက်သည်။ 


 အိမ်အောက်ထပ် ခြံဝင်းထဲ၌ ကားရပ်ထားလျက်ရှိပြီး အိမ်အကူများက ခရီးဆောင်အိတ်များကို ကားပေါ်မှချပေးနေကြ၏။


 ခရီးဆောင်အိတ်များစွာ ပါနေသည့်ပုံအရ


သူ၏မိဘများပင်ဖြစ်လိမ့်မည်။


ဟုတ်မှန်သည်။


ယွဲ့စုန့် အောက်ထပ်သို့ ဆင်းသွားချိန်၌ မတွေ့ရကြာပြီဖြစ်သော သူ၏မိဘနှစ်ပါးစလုံးကို တွေ့လိုက်ရ၏။


နှစ်ယောက်လုံးက အနည်းငယ်မဝံမရဲဖြစ်နေကြသည်။


 


" စုန့်စုန့် အမေ‌တို့ပြန်လာပြီ "


"ချွေးမလေးနာမည်က ဘယ်လိုခေါ်လဲ"


"ချောလား "


Xxxxxxx