Chapter 20
Viewers 187

🏫 Chapter 20



ဖန်းဇီဖေးက မကြာသေးမီက စိတ်အနှောင့်အယှက်ဖြစ်နေသည်။


သူက E-sportsပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သော်လည်း အလွန်ဒေါသထွက်နေဆဲဖြစ်သည်။


သူ မပျော်ရွှင်ရသည့် အကြောင်းရင်းက ချီရှောင်ဖန့်နောက်သို့ အရိပ်လို ကပ်လိုက်နေသော ထိုကောင်လေးကြောင့်ဖြစ်သည်။


[T/N - E-sports (Electronic Sports) ဆိုတာ ဗီဒီယိုဂိမ်းတွေကို အသုံးပြုပြီး ယှဉ်ပြိုင်ကစားတဲ့ အားကစားတစ်မျိုးပါ။ ကစားသမားတွေဟာ တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ ယှဉ်ပြိုင်ကြပြီး ပရိသတ်တွေကလည်း တိုက်ရိုက်ကြည့်ရှုခြင်း (သို့) အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုအားပေးကြပါတယ်]


ဖန်းဇီဖေးက အမှန်တကယ်ကို မစဉ်းစားတတ်တော့ပေ။ 

ငါက ပြိုင်ပွဲတစ်ခုမှာ ပါဝင်ခဲ့ပြီး ဆောင်းဦးခရီးစဉ်ကို ကျော်သွားခဲ့ရုံလေးကို သူက ငါ့ကလေး (ချီဖန့်)ကို ဘယ်လို ခိုးယူသွားတာလဲ...


နေ့လည်စာစားချိန်တွင် အထက်တန်းကျောင်းကန်တင်းက လူများဖြင့် ပြည့်နှက်နေ၍ ဖန်းဇီဖေးက သူအကြိုက်ဆုံး ငါးချဉ်စပ်ဟင်းကို မဝယ်ယူမီ အချိန်အတော်ကြာ တန်းစီခဲ့ရသည်။ လူအုပ်ထဲမှ လှမ်းကြည့်လိုက်သောအခါ ချီဖန့်နှင့် ယွီမော့တို့က သူတို့ထိုင်ခုံများကို တွေ့ရှိသွားကြပြီဖြစ်သည်။ 


သူက မျက်ဆံများကို လှိမ့်လိုက်ပြီး လျှောက်သွားကာ သူ၏ပန်းကန်ကို ချီရှောင်ဖန့်၏ မျက်နှာချင်းဆိုင်တွင် ဆောင့်ချလိုက်ပြီး ထိုင်ချလိုက်သည်။


ကန်တင်းမှ ငါးချဉ်စပ်ဟင်းက အရသာရှိသော ဟင်းလျာအနည်းငယ်ထဲမှ တစ်ခုဖြစ်သော်လည်း ဖန်းဇီဖေးက မည်သည်မှ မစားရသလို ခံစားနေရသည်။ သူက ဒေါသများဖြင့် ပြည့်နှက်နေပြီး ယွီမော့က ဖန်းဇီဖေး၏ စူးရှသောအကြည့်ကို လုံးဝ ဂရုမစိုက်ဘဲ ချီဖန့်ကို အချိုရည်ဘူးတစ်ဘူး ပေးလိုက်သည်။


ချီဖန့်က ပြုံးပြီး ယူလိုက်သည်။ 

"မင်းလည်း ဒီတံဆိပ်ကို ကြိုက်တာလား..."


ယခင်က သူတို့ ဘတ်စ်ကားပေါ်တွင် ရှိနေစဉ် ယွီမော့၏ အိတ်ပေါ်တွင် ဤတံဆိပ် အချိုရည်ရှိသည်။ 


ယွီမော့က တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။


သူက စွဲမြဲစွာ ကြိုက်သည့်အရာ မရှိဘဲ ချီဖန့်က မကြာခဏ ဝယ်သောက်သည်ကို မြင်သောကြောင့်သာ ဝယ်ခဲ့ခြင်းဖြစ်သည်။ အမှန်ပြောရလျှင် ယခုအချိန်အထိ သူက ချီဖန့်ကို အဘယ်ကြောင့် ကြောက်ရသည်ကို မသိသေးပေ။ 


ချီဖန့်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုက ထိုမျှမသန်မာဘဲ တစ်ချက်ကြည့်ရုံဖြင့်ပင် ချီဖန့်က သူ့ကို အနိုင်မယူနိုင်ကြောင်း ယွီမော့ သိသည်။ အခြားရှုထောင့်များအတွက်မူ ယွီမော့က ခြိမ်းခြောက်မှုဟု ခံစားရနိုင်သည့် နေရာကို မတွေးတတ်ပေ။

ဒါဆို ဘာလို့ ချီဖန်နဲ့နီးလာရင် ခြေလက်တွေ တောင့်တင်းပြီး နှလုံးခုန်နှုန်း မြန်လာရတာလဲ...


ချီဖန့်က ခေါက်ဆွဲကို နှစ်လုတ်နှင့်ပင် ကုန်အောင်စားပြီးနောက် လှည့်ကြည့်လိုက်သည့်အခါ ယွီမော့က ဖြည်းညင်းစွာနှင့် စားနေသည်ကို တွေ့လိုက်ရသည်။


ယွိီမော့က နောက်ဆုံးတွင် တူများပင် ရပ်တန့်သွားပြီး သူ၏ရှေ့မှ ပန်းကန်ကို စိုက်ကြည့်နေကာ စိတ်ရှုပ်ထွေးနေသည့်အမူအရာဖြင့် မည်သည်ကို စဉ်းစားနေသည်ကိုပင် မသိနိုင်တော့ပေ။


"ဘာဖြစ်လို့လဲ ဟင်းတွေက မကောင်းလို့လား..."

ချီဖန့်က မေးလိုက်သည်။


ယွီမော့က ပြန်ကြည့်ပြီး ခေါင်းခါလိုက်သည်။


ဖန်းဇီဖေးက ချီဖန့်အပေါ် ယွီမော့၏ မထီမဲ့မြင်ပြုသည့် အပြုအမူကို ကြည့်ကာ မျက်အိမ်များကို အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး ပန်းကန်ပေါ်မှ ငါးခေါင်းကို ကိုက်စားလိုက်သည်။


လူသုံးယောက် အတန်းထဲသို့ ပြန်ရောက်သောအခါ ဖန်းဇီဖေးက ချီဖန့်ကို စင်္ကြံဘေးသို့ ဆွဲခေါ်သွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။

"မဖြစ်နိုင်ဘူး မင်းနဲ့ ယွီမော့ ဘာတွေဖြစ်နေတာလဲ... မင်းတို့နှစ်ယောက်က ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ..."


ချီဖန့်က အံ့အားသင့်သွားပြီး ဖန်းဇီဖေး၏ တုံ့ပြန်မှုက အဘယ်ကြောင့် ဤမျှပြင်းထန်ရသည်ကို နားမလည်နိုင်ပေ။ 

"သူငယ်ချင်းဖြစ်သွားရုံပါပဲ..."


"စကားမပြောတတ်တဲ့ အေးစက်စက်နဲ့ ဒီလူက ဘာကောင်းတာရှိလို့လဲ ဘယ်သူက သူ့ကို သူငယ်ချင်းလုပ်မှာလဲ... မင်းသူ့ကြောင့် အနိုင်ကျင့်ခံရရင် ချီရှောင်ဖန့်... ငါ့ကိုပြော၊ ငါကန်ထုတ်ပေးမယ်..." 


ဖန်းဇီဖေးက မယုံနိုင်ပေ။ သူ (ချီဖန့်)က အနိုင်ကျင့်ခံရပြီး မခုခံနိုင်သောကြောင့် ထိုကောင်နှင့် သူငယ်ချင်းဖြစ်သွားသည်ဟု သူထင်သည်။


ချီဖန့်က စက္ကန့်အနည်းငယ်ကြာ ငြိမ်သက်သွားပြီးနောက် ပြောလိုက်သည်။

"ယွီမော့က ငါ့ကို အနိုင်မကျင့်ပါဘူးကွာ သူက ကောင်းပါတယ်၊ ပြီးတော့..." 


ချီဖန့်က ဖန်းဇီဖေးကို ထူးဆန်းစွာဖြင့် အပေါ်အောက် ကြည့်လိုက်သည်။

"နောက်ဘာလဲ..." 


ဖန်းဇီဖေးက အံ့အားသင့်သွားသည်။


"မင်း ယွီမော့နဲ့ ရန်မဖြစ်ဘူးမလား..."

ချီဖန့်က မေးလိုက်သည်။


ဖန်းဇီဖေးက မျက်လုံးကို လှန်လိုက်ပြီး ပြောလိုက်သည်။

"မဖြစ်ပါဘူး ဒါပေမဲ့ အခုတော့ ငါရန်ဖြစ်ဖို့ လိုနေပြီလို့ ထင်တယ်..."


ဟိုကောင်က ငါ့ကို မဖော်ရွေတာထားဦး ချီရှောင်ဖန့်ကို အနိုင်ကျင့်ပြီး ချီဖန့်ကို သူ့သူငယ်ချင်းလုပ်ဖို့ ခြိမ်းခြောက်သေးတယ်...ချီရှောင်ဖန့်က စိတ်ကောင်းရှိပြီး သူ့ကို ဂရုစိုက်တယ်၊ သူ့ကို ဒီလောက်လွယ်လွယ်နဲ့ လွှတ်ထားလို့မဖြစ်ဘူး...


"အိုး၊ ငါမင်းကို မလုပ်ဖို့ အကြံပေးတယ်..."

ချီဖန့်က လေးနက်စွာ ပြောလိုက်သည်။ 

"ယွီမော့က အရမ်းတော်တယ်..."


ဖန်းဇီဖေးက ချီဖန့်ကို သံသယဖြင့် ကြည့်လိုက်သော်လည်း သူယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ မပြောခဲ့ပေ။ ချီဖန့်ကလည်း များများမပြောခဲ့ပေ။ မည်သို့ပင်ဖြစ်စေ  သူ့မျက်နှာကိုထောက်ပြီး ယွီမော့က ဖန်းဇီဖေးကို ရက်စက်စွာ လုပ်မည်ဟုတ်ချေ။

ဟုတ်တယ်မလား...


ဤသို့ စဉ်းစားလိုက်သောအခါ ချီဖန့်က ဤကိစ္စကို ခိုင်မာစွာ နောက်ချန်ထားခဲ့သည်။ အကြောင်းမှာ ယခုတွင် သူ၌ အရေးကြီးသော အခြားကိစ္စတစ်ခု ရှိသေးသည်။


ဝမ့်ဖန်းယွီနှင့် လောင်းကြေးထပ်ခြင်း။


စာမေးပွဲ မတိုင်မီ တစ်လခွဲသာ ကျန်တော့သည်။ ချီဖန့်က စာအုပ်များစွာကို ဖတ်၍ မပြီးသေးပေ။


ဖန်းဇီဖေး ပြောသကဲ့သို့ ဝမ့်ဖန်းယွီက သာမန်အားဖြင့် ကျွမ်းကျင်မှုမရှိသော်လည်း သူက ပထမနှစ်ကို နှစ်ကြိမ်တက်ခဲ့သူဖြစ်သည်။ နောက်ဆုံး၌ သူ၏ အဆင့်များက မကောင်းသော်လည်း အလယ်အလတ်အဆင့်တွင် ရှိသည်။ ချီဖန့်က နောက်ဆုံးလပတ်စာမေးပွဲမှ ဝမ့်ဖန်းယွီ၏ အမှတ်စာရင်းကို ရှာဖွေတွေ့ရှိခဲ့သည်။


သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒ သုံးဘာသာက အလွန်ဆိုးရွားသော်လည်း မှတ်သားရန် လိုအပ်သော လစ်ဘရယ်အနုပညာဘာသာရပ်များဖြစ်သည့် သမိုင်း၊ နိုင်ငံရေးနှင့် တရုတ်စာပေတို့တွင် ဝမ့်ဖန်းယွီ၏ အဆင့်များက အတော်အသင့် ကောင်းမွန်သည်။


လစဉ်စာမေးပွဲ ကိုးဘာသာတွင် စုစုပေါင်းရမှတ် ၉၆၀ ရှိသည်။ ဝမ့်ဖန်းယွီက အမှတ် ၄၀၀ ကျော်ရရှိပြီး ကျောင်းတစ်နှစ်တာလုံးတွင် အဆင့် ၆၀၀ ကျော်၌ ရှိသည်။ 


ချီဖန့်ကတော့...


ချီဖန့်က သူ၏ အမှတ် ၁၀၀ သာရသော အမှတ်စာရင်းကို လှမ်းကြည့်ကာ တိတ်ဆိတ်စွာ ပိတ်လိုက်သည်။


အင်္ဂလိပ်စာနှင့် ပတ်သက်၍ သူ့၌ ပြဿနာမရှိသင့်ပေ။ နိုင်ငံရေး၊ တရုတ်စာပေနှင့် သမိုင်းတို့ကို ချီဖန့်က မှတ်သားရန် အသည်းအသန် ကြိုးစားခဲ့သည်။


၎င်းက သူ၏ ကိုယ်ပိုင်ထင်မြင်ချက်လားဟု မသိသော်လည်း ချီဖန့်က သူ့ကိုယ်သူ ပြန်လည်မွေးဖွားလာခြင်း မတိုင်မီကထက် သူ၏ မှတ်ဉာဏ်က ပို၍ကောင်းမွန်သည်ဟု အမြဲတမ်း ခံစားရသည်။


အလွတ်ကျက်မှတ်နိုင်သည်ဟု မဟုတ်သော်လည်း ဖတ်ရုံဖြင့် သူ၏ စိတ်ထဲတွင် ပြန်လည်မှတ်မိနေသည်။


သင်္ချာနဲ့ ရူပဗေဒ... 

ချီဖန့်က သက်ပြင်းချလိုက်သည်။


အိမ်၌ သင်ပေးမည့်သူ မရှိသည်က ကြာပြီဖြစ်ပြီး ချီဖန့်က စာအုပ်ကို သူ့ဘာသာ ဖတ်ကြည့်သော်လည်း အလယ်တန်းသင်ခန်းစာတွင် မသင်ခဲ့ရသည့် အယူအဆပိုင်းများမှာ အတော်လေး ရှုပ်ထွေးနေသည်။ 


ပုစ္ဆာအကြောင်း မပြောနဲ့၊ တခါတလေ မေးခွန်းက ဘာမေးမှန်းတောင် နားမလည်ဘူး...


ဒီလိုသာ ဆက်သွားရင်၊ နောက်ဆုံးနှစ်မှာ သင်္ချာအမှတ် ၈၀ ရာခိုင်နှုန်းက တစ်ဂဏန်းပဲ ရှိနေဦးမယ်....


စားပွဲပေါ်က လေ့ကျင့်ခန်းများကိုကြည့်ပြီး ချီဖန့်က သက်ပြင်းအကြီးကြီး ချလိုက်သည်။ ချီဖန့်၏ဘေးခုံမှ လူက ကျန့်ရှောင်ရင်ဟုခေါ် မိန်းကလေးတစ်ယောက်ဖြစ်သည်။ ကျန့်ရှောင်ရင်က အနည်းငယ်အနေအေးပြီး အလွန် တက်ကြွစွာ စကားမပြောချေ။


ချီဖန့်က သူ့ကို မေးခွန်းမေးကြည့်လိုက်သည်။ ကျန့်ရှောင်ရင်က သင်ပေးချင်သော်လည်း ရှက်နေပြီး တစ်ကြောင်းတည်းတွင်ပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်ပြီး၊ နောက်ပိုင်း ပို၍ ဆိုးလာပြီးနောက် မည်သည်ကိုပြောရမလဲဆိုသည်ကိုပင် မေ့သွားသည်။


ချီဖန့်လည်း အတော်ကြာသည့်အခါ ကလေးမလေးကို အနိုင်ကျင့်ရန် အားနာလာပြီး တိတ်ဆိတ်နေရတော့သည်။


သို့ရာတွင် သင်္ချာတွင် ချီဖန့်က အဓိပ္ပာယ်ကို နက်နဲစွာ နားလည်သွားသည်။ 


အဖြေကိုကြည့်လိုက်သည့်အခါ…

ဪ ငါသိပြီ... ပြီးတော့...


သူက လှည့်ပြီး လေ့ကျင့်ခန်းကို ကြည့်လိုက်သည့်အခါ…

ဟာ ဒါကို ဘယ်လိုလုပ်ရမှာလဲ...


ဒီလိုဆို မဖြစ်တော့ဘူး ...


ချီဖန့်က နဖူးကို ပွတ်ပြီး ဘောပင်ကိုချကာ အတန်းထဲကို လှည့်ကြည့်လိုက်သည်။


ယနေ့က သောကြာနေ့ ညနေ၏ နောက်ဆုံးအချိန်ဖြစ်သော ကိုယ်ပိုင်စာလေ့လာချိန်ဖြစ်သည်။ ဖန်းဇီဖေးက အိမ်တွင် ကိစ္စရှိ၍ ထွက်သွားပြီး ဖန်းဇီဖေး၏ဘေးခုံက အားကစားကော်မတီအဖွဲ့ဝင်ဖြစ်ကာ ကျောင်းအသင်းတွင်လည်း ပါဝင်သည်။ ကျောင်းအသင်းက သောကြာနေ့ ညနေတွင် လေ့ကျင့်ရေးရှိသောကြောင့် အားကစားကော်မတီအဖွဲ့ဝင်လည်း မရှိတော့ချေ။ ချီဖန့်က သူ့ကို စကားပြောမည့်သူ မတွေ့ဘဲ နောက်ကို လှည့်ကြည့်သည့်အခါ သူက တွေဝေနေခဲ့သည်။


ချီဖန့် မျက်တောင်လေး ခတ်လိုက်ရာ သူ့မျက်လုံးများက ရုတ်တရက် တောက်ပသွားသည်။ သူက စားပွဲပေါ်မှ လေ့ကျင့်ခန်းစာအုပ်နှင့် ဘောပင်ကို သန့်ရှင်းရေးလုပ်ကာ သယ်လိုက်ပြီး ယွီမော့ဘေးရှိ ထိုင်ခုံအလွတ်သို့ လျှောက်သွားကာ ထိုင်လိုက်သည်။


ယွီမော့က တစ်စုံတစ်ခုကို စဉ်းစားနေစဉ် စားပွဲပေါ်ရှိ လက်မောင်းကို ရုတ်တရက် ညင်သာစွာ တို့ထိခံလိုက်ရသည်။


အသိပြန်ဝင်လာသောအခါ ယွီမော့က တွေဝေစွာ ခေါင်းလှည့်ကြည့်လိုက်သည့်အချိန်တွင် ချီဖန့်က သူ့ဘေးမှာ မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ ထိုင်နေကာ သူ့ကို ပြုံးလျက် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့်မေးလာသည်ကို တွေ့လိုက်ရသည်။

"ယွီမော့ အဟမ်း... ငါတို့က သူငယ်ချင်းတွေ ဟုတ်တယ်မလား..."


ယွီမော့က ချီဖန့်၏ မျက်နှာပေါ်မှ အပြုံးကို ပို၍တွေဝေစွာ ကြည့်လိုက်သည်။


"ကြည့်ပါဦး...ငါ့ကို သင်ပေးလို့ ရမလား..."

ချီဖန့်က တောင်းပန်စွာ မေးလိုက်သည်။


ချီဖန့်အတွက် အခြားနည်းလမ်း မရှိတော့ပေ။ သူက တွက်ချက်ပြီးသားလည်း ဖြစ်၍ ဝမ့်ဖန်းယွီကို ကျော်တက်လိုလျှင် သင်္ချာက အနည်းဆုံး အမှတ်လေးဆယ်ရမှ ဖြစ်ပေမည်။ သို့သော် ယခု လေးဆယ်ရရန် မပြောနှင့်၊ တစ်မှတ်ရဖို့ပင် အလွန်ခက်ခဲနေသည်။


ယွီမော့က ချီဖန့်၏ စာအုပ်ကိုယူကာ မေးခွန်းပုစ္ဆာကို လှမ်းကြည့်လိုက်သည်။ ဤပုစ္ဆာက မခက်ခဲဘဲ ပုစ္ဆာကို ကြည့်ရုံဖြင့် ဖြေနိုင်သည်ဟု ဆိုနိုင်သည်။ ယွီမော့က ခေါင်းခါ၍ ငြင်းလိုသော်လည်း ချီဖန့်၏ မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုကို ရုတ်တရက် သတိရသွားသည်။


ထို့ပြင် ချီဖန့်က ယခင်က ပို့စ်တင်ခဲ့သည့် အခြေအနေကို ပြန်အမှတ်ရသွားသည်။

ထားလိုက်တော့...


ယွီမော့က စာရွက်တစ်ရွက်ကို ထုတ်ကာ စာရွက်ပေါ်တွင် အရန်မျဉ်းများ ဆွဲရန် စတင်လိုက်သည်။ ယွီမော့က အပြောနည်းပြီး လိုအပ်မှသာ စကားပြောတတ်သည်။ သို့သော် သူက မြန်ဆန်စွာ မရှင်းပြဘဲ တစ်ခါတစ်ရံ ရပ်တန့်ကာ ချီဖန့်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းပြီးမှ ဆက်ရှင်းပြသည်။


ချီဖန့်က ဆန်စေ့ကို စားနေသော ကြက်ပေါက်လေးကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ တိုးတိုးလေး ပြောနေသည်။

"ဝိုး..."


"ဒါကြောင့် အဖြေက ဒါပဲ၊ နားလည်ရဲ့လား..."

ယွီမော့က စာရွက်ကို ချီဖန့်ထံ တွန်းပေးကာ မေးလိုက်သည်။


ချီဖန့်က သေချာစွာ ခေါင်းညိတ်လိုက်၏။ ယွီမော့က မေးခွန်းကို ရှင်းလင်းစွာ ရှင်းပြရုံသာမက မေးခွန်းအမျိုးအစားကိုပင် အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။


"အာ… ငါနားမလည်တဲ့ တခြားမေးခွန်းတွေရှိရင် မင်းကိုမေးလို့ရမလား..." 

ချီဖန့်က မျှော်လင့်တကြီး မေးလိုက်သည်။


သူက Big Boss၏ခြေထောက်ကို မှီခိုနိုင်လျှင် သင်္ချာကို မည်သို့မှ စိုးရိမ်စရာမရှိသလို နောက်ဆုံးနှစ် စာမေးပွဲတွင်ပင် အောင်နိုင်သည်။


ယွီမော့က ချီဖန့်ကို လှမ်းကြည့်ပြီး တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ 

"ရတယ်..."


ချီဖန့်က စာအုပ်ကို ပျော်ရွှင်စွာ ပွေ့ဖက်ကာ သူ့ထိုင်ခုံသို့ ပြန်သွားသည်။ သူလှည့်လိုက်သည်နှင့် သူ့ဘေးခုံရှိကျောင်းသူက သူ့ကို အံ့အားသင့်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ..."


ကျန့်ရှောင်ရင်က တံတွေးမျိုချပြီး မယုံနိုင်စွာ မေးလိုက်သည်။ 

"နင် ခုနက ယွီမော့ကို မေးခွန်းမေးလိုက်တာလား..."


ချီဖန့်က တုံ့ဆိုင်းစွာ ခေါင်းညိတ်လိုက်သည်။

"အင်းလေ..."


"ယွီမော့က နင့်ကို သင်ပေးလိုက်တာလား..." 


ကျန့်ရှောင်ရင်၏အမူအရာက ဒိုင်နိုဆော ပြန်ရှင်လာသည်ကို မြင်လိုက်ရသလို ဖြစ်နေသည်။


"အင်း၊ ဟုတ်တယ်လေ..." 

သူမ၏အမူအရာကြောင့် ချီဖန့်က အနည်းငယ် တုံ့ဆိုင်းသွားသည်။

"ဘာဖြစ်လို့လဲ..."


"ဟူး..." 

ကျန့်ရှောင်ရင်က သက်ပြင်းချပြီး အသံကို နှိမ့်လိုက်သည်။

"နင် သိတယ်မလား... ယွီမော့က တစ်တန်းလုံးမှာ ပထမရတယ်လေ..."


ချီဖန်းက ခေါင်းညိတ်လိုက်သည်။


"ပထမလပတ်စာမေးပွဲမှာ ယွီမော့က တစ်တန်းလုံးမှာ ပထမရတယ်လေ ပြီးတော့ အတန်းထဲက ကျူးလင်က သူ့ကို မေးခွန်းသွားမေးတယ်..." 


ကျူးလင်က အတန်း(၂)တွင် အလှဆုံးမိန်းကလေးဖြစ်ပြီး တစ်တန်းလုံးမှ အလှဆုံးမိန်းကလေးနှင့် မကွာလှပေ။ သူမက အနည်းငယ် မာနကြီးပြီး သာမန်အားဖြင့် လူများနှင့် တော်ရုံ စကားမပြောလှပေ။ ၎င်းအချိန်ကာလ၌ ကျူးလင်က မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ ယွီမော့ကို ရုတ်တရက် မေးခွန်းသွားမေးခဲ့သည်။


"ပြီးတော့ ဘာဖြစ်သွားလဲ သိလား..."


ချီဖန့်က ကျန့်ရှောင်ရင်၏ အသံအနေအထားကြောင့် ကူးစက်သွားပြီး အသံကို တိုးလိုက်ကာ နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး စားပွဲပေါ်တွင် ခေါင်းငုံ့သွားကြသည်။

"ဘာဖြစ်သွားလဲ..."


"ယွီမော့က ကျူးလင်ရဲ့ မေးခွန်းကို ဖတ်ပြီး တစ်ကြောင်းပဲ ပြောလိုက်တယ်..."


ကျန့်ရှောင်ရင်က တိုးတိုးလေး ထပ်ပြောလိုက်သည်။ 

"ဉာဏ်ရည်မမီတဲ့သူကို ငါမသင်ပေးနိုင်ဘူးတဲ့..."


ချီဖန့်က ခဏမျှ ငြိမ်သက်သွားပြီးနောက် ဤစကားက Big Boss ပြောနိုင်မည့်စကားဟု ထင်မိသည်။ ယခင်ဘဝက Big Bossက အလွန်ရက်စက်စွာ ပြောတတ်ပြီး ချီဖန့်က Big Boss၏ ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောဆိုသည့်အခါ၌ပင် မှားယွင်းစွာ ပြောမိမည်ကို ကြောက်ရွံ့ခဲ့ရသည်။


"တကယ်တော့ အံ့ဩစရာတော့ မဟုတ်ပါဘူး..." 

ကျန့်ရှောင်ရင်က အနည်းငယ် ထပ်ပြောပြီး နှုတ်ခမ်းကို ကွေးလိုက်သည်။ 


"ကျူးလင်ရဲ့ မေးခွန်းက လုံးဝမခက်ဘူးလေ သာမန်လုပ်ဆောင်မှုဆိုင်ရာ ပြဿနာတစ်ခုပဲ ငါတောင် ဖြေနိုင်တယ်... သူက ယွီမော့နဲ့ ရင်းနှီးဖို့အတွက် မေးခွန်းကို အသုံးချနေတာလေ..."


"ယွီမော့က သူ့ကို မျက်နှာသာမပေးဘဲ တိုက်ရိုက်မျက်နှာဖြတ်ရိုက်လိမ့်မယ်လို့ မထင်ထားတာပဲ..."


ချီဖန့်က သူ့နှုတ်ခမ်းကို မတွန့်ဘဲ မနေနိုင်ဖြစ်သွားသည်။ ယွီမော့ကို သူနားလည်ထားသည်နှင့်အညီ ထိုစကားက မည်မျှ ရယ်စရာကောင်းသည်ကို သတိမထားမိဘဲ သူ့(ယွီမော့)စိတ်ထဲရှိ အမှန်တရားကိုသာ ပြောလိုက်ခြင်းဖြစ်သည်။


"ယွီမော့က ကျူးလင်ကို လှောင်ပြောင်ပြီးတဲ့နောက်မှာ ကျူးလင်က တော်တော်လေး ငိုခဲ့တယ် ဒါကြောင့် ယွီမော့ရဲ့ နာမည်က အတန်းထဲမှာ အမြဲတမ်း မကောင်းခဲ့ဘူး..." 


ကျန့်ရှောင်ရင်က သက်ပြင်းချလိုက်သည်။ 

"ငါက ဒီကိစ္စကို ယွီမော့ကို အပြစ်တင်ဖို့ ပြောချင်တာ မဟုတ်ပါဘူး… ဒါပေမယ့် သူက ဘာကိုမှ ဂရုမစိုက်တဲ့ပုံရတယ်..."


ချီဖန့်က တိတ်ဆိတ်စွာ လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတန်းတွင် တစ်ယောက်တည်း ထိုင်နေသူကို ကြည့်လိုက်ရာ သူ့စိတ်ထဲတွင် စိတ်တိုင်းမကျသည့် ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။


----------


ဘာသာပြန်မှတ်ချက်။ ။ အပေါ်မှာဆိုရင် အရှိန်ပျက်မှာစိုးလို့ noteကို ဒီမှာပဲ ရေးလိုက်မယ်နော်


Liberal arts ဆိုတာ လူသားတွေရဲ့ ယဉ်ကျေးမှု၊ အတွေးအခေါ်နဲ့ အနုပညာတွေကို လေ့လာတဲ့ ပညာရပ်တစ်ခုပါ။ အလုပ်အကိုင်နဲ့ သက်ဆိုင်တဲ့ အတတ်ပညာတွေထက် ယေဘုယျဗဟုသုတနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပါတယ်။

Liberal arts မှာ အဓိကပါဝင်တဲ့ ပညာရပ်တွေကတော့:

* လူမှုရေးဘာသာရပ်များ (Humanities):

   * သမိုင်း (History)

   * စာပေ (Literature)

   * ဒဿနိကဗေဒ (Philosophy)

   * ဘာသာစကားများ (Languages)

   * ဘာသာရေး (Religion)

* လူမှုသိပ္ပံဘာသာရပ်များ (Social Sciences):

   * လူမှုဗေဒ (Sociology)

   * နိုင်ငံရေးသိပ္ပံ (Political Science)

   * စိတ်ပညာ (Psychology)

   * စီးပွားရေး (Economics)

   * ရှေးဟောင်းသုတေသနပညာ (Anthropology)

* အနုပညာဘာသာရပ်များ (Arts):

   * အမြင်အနုပညာ (Visual Arts)

   * ဂီတ (Music)

   * ပြဇာတ် (Theater)


Liberal arts ပညာရေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျောင်းသားတွေကို:

* ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical thinking)

* ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-solving skills)

* ဆက်သွယ်ရေးစွမ်းရည် (Communication skills)

* ယဉ်ကျေးမှုဆိုင်ရာ နားလည်မှု (Cultural understanding)

စတဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ဒီအရည်အချင်းတွေဟာ ဘယ်လိုအလုပ်အကိုင်မှာမဆို အသုံးဝင်ပါတယ်။ ဒါကြောင့် Liberal arts ဘွဲ့ရရှိသူတွေဟာ အလုပ်အကိုင်နယ်ပယ်အမျိုးမျိုးမှာ အောင်မြင်နိုင်ပါတယ်။


Politics ဘာသာရပ် ဆိုတာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘာသာရပ်တစ်ခုပါ။ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးစနစ်တွေ၊ အစိုးရတွေ၊ နိုင်ငံတကာဆက်ဆံရေးတွေ၊ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ အခြားဆက်စပ်တဲ့ အကြောင်းအရာတွေကို လေ့လာသင်ယူရတဲ့ ဘာသာရပ်တစ်ခုပါ။



🏫🏫🏫