Part 291
အိမ်ထောင်ရေးဆိုင်ရာသစ္စာစောင့်သိမှုသည် ကျန်းဟွမ်အတွက် အရေးကြီးသောအရာမဟုတ်ပေ။
သေချာနှိုင်းယှဉ်ကြည့်လျှင်ကျန်းဟယ်လင်း နှင့် ကျန်းရှို့ချန် တို့က ပိုအရေးကြီးသည်။
အိမ်ထောင်တစ်ခု ထူထောင်သောအခါတွင် အခြားအချက်များစွာကို ထည့်သွင်းစဉ်းစားရန် လိုအပ်သော်လည်း ကျန်းဟွမ်သည် လိင်မှုကိစ္စကိုသာ ရှေ့တန်းထား၏။
လျန့်ယင်းယင်း၏ဖောက်ပြန်ခြင်းသည် ကျန်းဟွမ်အတွက် မျက်စိစုံမှိတ်ပေး၍ရသော ကိစ္စဖြစ်သည်။
သို့သော် ကျန်းဟွမ်က အသည်းအသန်ကွာရှင်းချင်နေ၏။
ကျန်းဟွမ်ထံ၌ ဆိုးသွမ်းသော အကြံအစည်များ ရှိနေပြန်သည်ကို ကျန်းယန်ရှန့်သတိထားမိလိုက်သည်။
" အဲ့တစ်ယောက်မှာ အနာဂါတ်ကောင်းလည်းမရှိဘူး ဘာလို့တအားတွေ ကိုယ်ဖိရင်ဖိ စင်တင်ပေးချင်နေတာလဲ "
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကျန်းဟွမ်သည် ထိုရွက်ပုန်းသီးကြယ်ပွင့်ကလေးအတွက် ငွေအမြောက်အမြားရင်းနှီးမြှုပ်နှံခဲ့သည်။
ထိုတစ်ယောက်သည် တီဗီစီးရီး လေးငါးခု ရိုက်ကူးခဲ့၏။ လှတပတမျက်နှာလေးရှိပြီး ရုပ်ရည်ချောမောနေရုံနှင့်
ကံကောင်းမလာနိုင်ပေ။
ပင်ကိုဆန်းမရှိလျှင် အလကားသာဖြစ်သည်။
" ဘာတွေပြောနေတာလဲ? စကားတွေက သိပ်အနှောင့်အသွားမလွတ်ဘူးနော် " ကျန်းဟွမ်က မကျေမနပ်ပြော၏။
သို့သော်လည်း သူ မငြင်းဆန်နိုင်ခဲ့ချေ။
"လျန့်ယင်းယင်းနဲ့ တကယ်ကွာရှင်းမှဖြစ်မှာလား
သူက အဖေအပြင်မှာ အငယ်အနှောင်းထားလည်း တားမဲ့သူမဟုတ်ပါဘူး "
" တော်စမ်းပါ.... သူသေချာပေါက်ထွက်သွားရမှာ "
ကျန်းဟွမ်က ဆက်ပြောသည်။
“ အခု တကယ်ကိုငြီးငွေ့နေပြီ....သူ အိမ်မှာရှိနေရင်ကို ပြန်မလာချင်တော့ဘူး"
လျန့်ယင်းယင်းကို အဆုံးထိစွန့်ပစ်ရန် ရည်ရွယ်ထားသော ကျန်းဟွမ်ပါပင်။
"ဒါဆို ကလေးစရိတ်ကိုသေချာညှိ ... ဘယ်လိုပဲဖြစ်ဖြစ် သူက ကျန်းဟယ်လင်းနဲ့ ကျန်းရှို့ချန် ရဲ့အမေပဲ....သူ့အလုပ်ဟောင်းကို ပြန်သွားရအောင်လုပ်ပြီး အရှက်ရအောင်မလုပ်နဲ့တော့ "
" ဟုတ်တယ် ! " ကျန်းဟွမ်က လက်ဖျောက်တီးပြီးပြောသည်။
" ဟယ်ဟယ်နဲ့ရှို့ရှို့ကို အရှက်ရစေလို့မဖြစ်ဘူး... ဒါပေမဲ့ ငါလည်း သူ့ကို အများကြီး မပေးနိုင်ဘူး...ပမာဏနည်းနည်းလောက်ဆို ရလောက်ပါတယ်...စဉ်းစားကြည့်ရအောင်… ဘယ်လောက်ဆို ရမလဲ "
ကျန်းယန်ရှန့်သည် ရုတ်တရက် တိတ်ဆိတ်သွား၏။
ကျန်းဟွမ် မော့ကြည့်လိုက်သောအခါ ကျန်းယန်ရှန့်က သူ့အား စိုက်ကြည့်လျက်ရှိနေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့ အဖေ့ကိုဒီလိုကြည့်နေတာလဲ"
ကျန်းယန်ရှန့်၏အကြည့်က ကျန်းဟွမ်ကို စိတ်မသက်မသာဖြစ်စေ၏။
ကျန်းယန်ရှန့် သူမအဖေကို စိုက်ကြည့်နေမိသည်။
သူသည် ဤအသက်အရွယ်တွင် ရွယ်တူအများစုထက် အရွယ်တင်၏။
အကြောင်းမှာ သူ့တွင် ချမ်းသာမှု၊ အဆင့်အတန်း၊ အကောင်းစားအိမ် ၊ ဇိမ်ခံကားနှင့် သားသမီးများ စသည့်
အရာအားလုံးကို ပိုင်ဆိုင်နိုင်ထားသောကြောင့် ဖြစ်သည်။
အရွယ်ငယ်ငယ်မိန်းကလေးထံမှအချစ်ကိုသာ ထပ်ရလိုက်လျှင် နတ်ဘုရားပင်ဆန်သွားဦးမည်။
" အဖေ့ကို နားမလည်ဘူး...ဘာလို့ အိမ်ထောင်ပြုရတာကို အရမ်းကြိုက်နေတာလဲ”
လျန့်ယင်းယင်းနှင့် လက်ထပ်ခဲ့သည်မှာ ယခင်အိမ်ထောင်ဖက် ဆုံးပါးသွားသောကြောင့်ဖြစ်သည်။
သူမသည် ကျန်းဟွမ်အတွက် သားတစ်ယောက် သမီးတစ်ယောက်လည်း မွေးဖွားခဲ့ပေးသေး၏။
နားလည်ပေးရန် မခက်ခဲပေ။
သို့သော် ကျန်းဟွမ်သည် ဤအရွယ်ကြီးရောက်မှ
လျန့်ယင်းယင်း နှင့် ကွာရှင်းပြီး အိမ်ထောင်ထပ်ပြုချင်နေ သေးပါက ကျန်းယန်ရှန့်သည် အမှန်တကယ် မေးခွန်းထုတ်မိတော့မည်ဖြစ်သည်။
" ယောက်ျားက မိန်းမလိုချင်တယ်...မိန်းမက ယောက်ျားလိုချင်တယ် အဲ့ဒါက ဘ-ဘာထူးဆန်းနေလို့လဲ ... သူက အမြဲတမ်း ပြဿနာပဲရှာနေတာ "
ကျန်းဟွမ်က အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။
ကျန်းယန်ရှန့်၏စကားမှာ အချည်းနှီးပင်။
ရှုလီချန်၏အသည်းမာသောဖခင်နှင့်မတူစွာပင် ကျန်းဟွမ်သည် နူးညံ့သိမ်မွေ့သော နှလုံးသားရှိသည့် လူယုတ်မာတစ်ဦးဖြစ်သည်။
သူ၏ကြယ်ကလေးထံမှ ငိုသံနှင့် ညဉ်းညူသံများကို မခံစားနိုင်သော်လည်း လျန့်ယင်းယင်းကိုတော့ လမ်ဘေးတွင်လဲသေနေလည်း စိတ်ဝင်စားမည်မဟုတ်ချေ။
နောက်ဆုံးတွင် လျန့်ယင်းယင်း၏ဟာကွက်ကို ခုတုံးလုပ်ကာ ခွာပြဲရန်စိုင်းပြင်းနေခြင်းဖြစ်သည်။
ယောက်ျားတစ်ဦး အသက်အရွယ်ရလာသောအခါ တစ်အိမ်လုံးကို မီးပတ်မွှေးပြီး ပြဿနာရှာတတ်၏။
ကျန်းယန်ရှန့်သည် ယခင်ဘဝ၌ ကျန်းဟွမ်၏ကြယ်ပွင့်လေးနှင့် မတွေ့ခဲ့ရပေ။
သို့သော်ဤဘဝ၌ ကြယ်ပွင့်ကလေးပေါ်လာပြီး တစ်အိမ်လုံးကို ဗြောင်းဆန်အောင်လုပ်နေသည်။
ရှုထောင့်မျိုးစုံမှကြည့်လျှင် ထိုကြယ်ပွင့်လေးသည်
လျန့်ယင်းယင်း ထက် ပို၍ ဒုက္ခပေးန်ိုင်၏။
ယခုအသက်အရွယ်တွင် ကျန်းယန်ရှန့်အမှန်တကယ်လိုချင်သောအရာသည် ဖခင်မေတ္တာမဟုတ်ဘဲ လက်တွေ့ကျသောအကျိုးခံစားခွင့်များသာဖြစ်သည်။
ကျန်းဟွမ် ဖူးဖူးမှုတ်ထားသော ထိုအမျိုးသမီးငယ် ဤမိသားစုထဲသို့ ဝင်ရောက်လာသည်နှင့် အကျိုးသက်ရောက်မှုများစွာရှိလာမည်ကို ကျန်းယန်ရှန့် ကြိုတင်မှန်းဆနိုင်၏။
အခြေအနေကိုတည်ငြိမ်စေလိုပါက လျန့်ယင်းယင်းကို မထိဘဲ ယခင်အတိုင်း မူမပျက်နေရမည်ဖြစ်သည်။
သို့သော် သူမ မတွေ့ဖူးသေးသည့် ထိုကြယ်ကလေးမှာ ကျန်းဟွမ်အပေါ် လွန်စွာ စိုးမိုးထားနိုင်သောကြောင့် ကျန်းယန်ရှန့်သည် ဖိအားကို သိသိသာသာခံစားခဲ့ရ၏။
လူမှန်လျှင် ကိုယ့်အကျိုးစီးပွားကိုယ် အမြဲကာကွယ်တတ်ရမည်။
" အဲ့တစ်ယောက်က အသက်ဘယ်လောက်လဲ.... သမီးထက် နည်းနည်းပဲ ပိုကြီးတာမဟုတ်လား...ကွာရှင်းရလောက်အောင်ကို မြူစွယ်နိုင်တယ်နော်...ကြည့်ကြပ်ပြီးလုပ်ဦး.... သူက ဖျော်ဖြေရေးနယ်ပယ်က ...လျှော့တွက်မရဘူး "
ကျန်းယန်ရှန့်၏စကားအဆုံးတွင် ကျန်းဟွမ်က သူ၏ကြယ်ငယ်လေးဘက်မှ ချေပပြောဆိုတော့သည်။
“ဒီလိုတွေမပြောနဲ့... သူက ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပဲ...အဆင့်အတန်းမရှိတဲ့သူ မဟုတ်ဘူး "
" အဖေ့လို အဘိုးကြီးအရွယ်နဲ့ ယူချင်နေတဲ့သူက အဆင့်အတန်းမရှိတဲ့သူ မဟုတ်ဘူးပေါ့ ...ဒါဆိုသမီးလည်း ယွဲ့စုန့်အစား အဘိုးယွဲ့ကို ချိန်လိုက်ရင်ရော ? ဘယ်လိုသဘောရလဲ " ကျန်းယန်ရှန့်က လှောင်ရယ်လျက်။
ထိုအခါ ကျန်းဟွမ်က မကျေမနပ်ဖြစ်သွားသည်။
" ငါက ဘာကိစ္စ အဘိုးကြီးဖြစ်ရမှာလဲ...
သူက ငါ့ကိုဘာမှမလုပ်ခိုင်းဘူး... ဂုဏ်သိက္ခာရှိရှိတွဲချင်တယ်လို့ပဲပြောတာ "
ကျန်းဟွမ်က ပြောပြောဆိုဆိုနှင့် သူ့ဆံပင်တွေကိုသပ်တင်သည်။ဆံပင်က ထူနေသေးသည်။ထိပ်ပြောင်ခြင်းမရှိပေ။ကျန်းမိသားစုတွင် ထိပ်ပြောင်သောမျိုးဗီဇမရှိပါ။
“ သတိလေးဘာလေး ကပ်စမ်းပါဦး ... အဖေပြောသလို သူက မိန်းမကောင်းဆိုရင် အဖေနဲ့ဘာလို့ တွဲနေရတာလဲ...ရွယ်တူ ယောက်ျားလေးတစ်ယောက်နဲ့ တွဲရတာက ပိုအဆင်မပြေဘူးလား... ဒါပေမဲ့ သူကအဖေအရွယ်ကြီးနဲ့ယူချင်နေတာ....အဖေကပဲ တအားတွေ စွမ်းဆောင်နေနိုင်လို့လား " ကျန်းယန်ရှန့်က အပီအပြင်ဖဲ့သည်။
ကျန်းယန်ရှန့်၏မျက်နှာမှာ ထိန်းမနိုင်သိမ်းမရဖြစ်သွား၏။
"ဘာလို့ အသက်ကြီးလာလေလေ စကားကို ကောင်းကောင်းမွန်မွန်မပြောနိုင်လေလေဖြစ်လာရတာလဲ.... ပါးစပ်ကြမ်းလိုက်တာ "
" သူက နာမည်ကြီးချင်နေတာ...ဘာလို့ သူ့ကိုယူနေဦးမှာလဲ ...သူက အမွေတွေမက်နေတာ မဟုတ်ဘူးလား... ဒါမှ အဖေသေရင် ပိုက်ဆံတွေရမှာပေါ့ "
"သူဘယ်လောက် စိတ်ရှည်ရှည်စောင့်နိုင်မယ်တော့ မသိဘူး ... အဖေသေတဲ့အထိရော စောင့်နိုင်ပါ့မလား "
ကျန်းယန်ရှန့်က ဆက်ပြောသည်။
" စိတ်ရှည်နိုင်ရင်လည်း ကိစ္စတော့မရှိပါဘူး.... တစ်အိပ်ရာထဲအိပ်တဲ့သူက ခေါင်းအုံးနဲ့ဖိသတ်တာကိုတားဖို့က အခက်ခဲဆုံးအရာပဲ...ဒါမှမဟုတ်လည်း မူးနေတုန်း ချောက်ကမ်းပါးပေါ်ကနေ တွန်းချတာတို့... ရေချိုးဇလုံထဲ ခေါင်းနှစ်သတ်တာတို့... နည်းလမ်းကောင်းတွေမှ စုံနေရော "
ထိုအခါကျန်းဟွမ်က ထိတ်လန့်သွားတော့သည်။
"ယန်ယန်! မဟုတ်မဟတ်တွေမပြောစမ်းနဲ့
ဘာလို့ လူတွေအပေါ် ဒီလောက်ထိ အဆိုးမြင်နေတာလဲ "
" မဟုတ်ရင် ဘာကျန်သေးလို့တုန်း "
" ဘတ်စကက်ဘောကွင်းမှာ ပြေးနေရင်း အဖေသေမှာကို စောင့်နေတဲ့ ကြယ်ပွင့်လေးကို မသေခင် အဝကြည့်သွားမလို့လား "
“ဘာအကြံမှမရှိဘဲ သူ့အဖေအရွယ်လောက်ရှိတဲ့ အဘိုးကြီးနဲ့ ဘယ်လိုလက်ထပ်မလဲ”
"အဘွားက အခုချိန်ကျမှ ကလေးမယူချင်တဲ့ အဘိုးကြီးနဲ့ လက်ထပ်မယ်ဆိုရင် အဖေလက်ခံမှာလား အဲ့လိုလူမျိုးက စစ်မှန်နိုင်ပါ့မလား ....အသက်ကြီးပြီး အချိန်မစီးဘူးဆိုပြီး ခေါင်းကိုက်ရမှာပဲမလား... ရှုလီချန်ရဲ့ အဖေ အခုဘာဖြစ်သွားလဲ တွေးကြည့်...မိန်းမက ပိုက်ဆံလောဘရှိရင် ယောက်ျားက တစ်ခုခုဖြစ်မှာပဲ "
Xxxxxxx
Part 292
ရှုလီချန်၏မိခင်သည် ကျန်းဟွမ်၏အကြိုက်စတိုင်မျိုးဖြစ်သည်။
ရှုလီချန်သည် ကျန်းယန်ရှန့်အား သူ၏အမေကရက်စက်သည်ဟူ၍ အကြိမ်ပေါင်းများစွာ တိတ်တဆိတ်ပြောခဲ့ဖူး၏။
“မိန်းမတွေကို အပြစ်မတင်နဲ့... မိန်းမတွေဒီလိုမျိုးရက်စက်နိုင်တယ်ဆိုတာ ယောက်ျားတွေကိုက အညှာလွယ်လို့ "
" သူ့ကို ထိပ်စီးတစ်ခုပေးချင်တာလား...သူ့ကိုယူပြီးကျန်းမျိုးရိုးရဲ့ ဇနီးနေရာပေးလိုက်တာနဲ့
အဖေသေမှာကို နေ့နေ့ညညထိုင်စောင့်နေမဲ့ လူတစ်ယောက်တိုးလာမယ်လို့ မထင်မိဘူးလား "
"အဲဒီတုန်းကလည်း ဒီလိုပဲ....လျန့်ယင်းယင်းက ကျန်းဟယ်လင်းကိုမွေးပြီး မျှော်လင့်ချက်တွေပေးခဲ့တာ " ကျန်းယန်ရှန့်၏မျက်လုံးများက အနည်းငယ်နီရဲနေပြီး ရန်လိုနေသည်။
" အဲ့အချိန်ကစပြီး လျန့်ယင်းယင်းက အမေသေမဲ့ရက်ကိုပဲ ထိုင်မျှော်နေတော့တာလေ "
ကျန်းဟွမ် ဆွံ့အသွား၏။
“ ဒီလိုကိစ္စတွေကို..... "
လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက အဖြစ်အပျက်များကို ပြန်တွေးမိသောကြောင့် ကျန်းယန်ရှန့်အံကိုကြိတ်ထားရသည်။
“ဒီလိုကိစ္စတွေကို အမုန်းဆုံးပဲ "
စာကြည့်ခန်းထဲတွင် အပ်ကျသံပင်မကြားရ။
ကျန်းဟွမ်၏နှုတ်ခမ်းများက အနည်းငယ်တုန်လှုပ်နေကာ တစ်ခုခုပြောရန်ကြိုးစားနေသော်လည်း ဘာသံမှထွက်မလာနိုင်ပေ။
ကျန်းယန်ရှန့်က လှည့်ထွက်သွားသည်။
သူမ စာကြည့်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် တစ်စုံတစ်ယောက်က ရပ်လျက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုသူမှာ လျန့်ယင်းယင်းမဟုတ်ဘဲ ကျန်းဟယ်လင်းသာဖြစ်၏။
အရာအားလုံးကို ဖုံးကွယ်ရန် နောက်ကျလွန်းသွားပြီ ဖြစ်သည်။
ကျန်းဟယ်လင်း၏ လက်တစ်ဆုပ်စာမျက်နှာက
ဖြူလျော့နေပြီး မျက်ရည်များတွင်တွင် စီးကျနေ၏။
ကျန်းယန်ရှန့်က တံခါးလက်ကိုင်ဘုကို ကိုင်ထားပြီး ညီအစ်မနှစ်ယောက် အချင်းချင်းစိုက်ကြည့်နေမိကြသည်။
ကျန်းဟယ်လင်းက ရုတ်တရက် လှည့်ထွက်ပြေးသွားတော့သည်။
ကျန်းယန်ရှန့်သည်လည်း ခေတ္တငြိမ်သက်သွားပြီးနောက် ကျန်းဟယ်လင်း၏အခန်းသို့လိုက်သွားခဲ့၏။
ကျန်းယန်ရှန့် က အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။
ကျန်းဟယ်လင်းသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာကို စောင်ထဲတွင် ဖွက်ထားကာ ပခုံးတွန့်လျက် လူမသိအောင် ငိုနေ၏။
ကျန်းယန်ရှန့်လည်း ဘာမှမပြောဘဲ ကုတင်ဘေးသို့ လျှောက်သွားလိုက်သည်။
ခဏတာ ငိုပြီးနောက် ကျန်းဟယ်လင်း စိတ်တည်ငြိမ်သွားသည်။
မော့မကြည့်သော်လည်း ကုတင်ဘေးတွင် ကျန်းယန်ရှန့်ထိုင်နေမှန်း သူမ သိ၏။
ကျန်းဟယ်လင်းက ရှိုက်သံဖြင့်မေးသည်။
" မမ… ညီမလေးကို အရမ်းမုန်းနေလား ”
"ငါမုန်းတာက ဒီလိုကိစ္စတွေ ဖြစ်လာတာကိုပါ " ကျန်းဟယ်လင်းက ထထိုင်၏။မျက်ရည်များကျနေဆဲဖြစ်သည်။
"ဒါပေမဲ့ ညီမသာမွေးမလာရင်....…"
" နင်က တန်ခိုးရှင်လား မွေးလာတာ မမွေးလာတာကို ထိန်းချုပ်နိုင်လို့လား”
ကျန်းယန်ရှန့်က အရွှန်းဖောက်သည်။
ကျန်းဟယ်လင်းသည် မျက်ရည်များကို သုတ်လိုက်သော်လည်း တစ်ဖန်ပြန်စီးကျလာပြန်၏။
မျက်ရည်များသုတ်ရန် တစ်ရှူးအထပ်လိုက်သုံးခဲ့ရသည်။
" ငယ်ငယ်တုန်းကတော့ ခဏခဏ တွေးပြီး တစ်ခုခုမှားနေတယ်လို့ အမြဲလိုလို ခံစားရတာ " ကျန်းဟယ်လင်းကပြော၏။
"ရှို့ရှို့ နဲ့ညီမ ဒီကိုရောက်လာပြီး မကြာခင် မမအမေဆုံးသွားတယ်....ဒါပေမဲ့ ညီမတို့နှစ်ယောက်လုံးက သိတတ်တဲ့အရွယ်တော့ရောက်နေပြီ.... ခြောက်တန်းရောက်တော့ သိလိုက်ရတယ်...ညီမက အငယ်အနှောင်းရဲ့ကလေးဆိုတာကို "
မျက်ရည်များထပ်ကျလာပြန်သည်။
“အဖေနဲ့ မယားငယ်ဆီမှာ သားသမီးရလာရင် ဘာဖြစ်မလဲလို့အတန်းဖော်တွေကို မေးကြည့်တယ်...မယားငယ်က မွေးတဲ့ကလေးတွေကို သတ်ပစ်သင့်တယ်လို့ လူတိုင်းက ပြောကြတယ် ... မွေးမလာသင့်ဘူးတဲ့ …”
“သူတို့ကိုယ်သူတို့ ဘယ်လိုပုံစံနဲ့ မွေးဖွားလာရမယ်ဆိုတာကို ဘယ်သူမှ ဆုံးဖြတ်လို့မရဘူး...ငါကိုယ်တိုင်ဆုံးဖြတ်လို့ရခဲ့ရင်လည်း ဒီမိသားစုမှာမွေးလာဖို့ လုံးဝရွေးချယ်မှာမဟုတ်ဘူး... နင်လည်းအငယ်အနှောင်းရဲ့ကလေး ဖြစ်ချင်လွန်းလို့ဖြစ်လာရတာမှမဟုတ်တာ "
ကျန်းယန်ရှန့်က ဆက်ပြောသည်။
" အရင်ကတော့ မျိုးရိုးဗီဇလိုက်တတ်တယ်ဆိုတာကို ယုံကြည်ခဲ့ဖူးပေမဲ့ အခုမယုံတော့ဘူး... လူတွေက မတူညီတဲ့ရွေးချယ်မှုတွေလုပ်ပြီး မတူတဲ့လမ်းကိုလျှောက်ကြတာ....နောက်ဆုံးမှာ မိဘနဲ့ကွဲပြားတဲ့သူလည်း ဖြစ်သွားနိုင်ကြတာပဲ ...ကိုယ်က ဘယ်သူ့သားသမီးဆိုတာထက် ဘယ်လိုလူစားမျိုးလဲဆိုတာကပဲ ပိုအရေးကြီးတယ်"
လူအများစုသည် တစ်ကြိမ်သာ အသက်ရှင်နိုင်ပြီး ပြန်လည်စတင်ရန် အခွင့်အရေးမရှိသည်မှာ နှမျောစရာကောင်းလွန်းသည်။
မှန်ကန်သောရွေးချယ်မှုကိုပြုလုပ်ရန် လွယ်ကူသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အလွန်ခက်ခဲလေ့ရှိသည်။
ရွေးချယ်မှု မှားယွင်းကြောင်းသိပြီး နောင်တရလာသည့်အချိန်ရောက်မှ ကူနိုင်ကယ်နိုင်မည့်ဆေးလည်း ရှိမည်မဟုတ်ပေ။
ကျန်းဟယ်လင်းက ကျန်းယန်ရှန့်၏စကားကို နားထောင်အပြီးတွင် ခေါင်းအုံးကို ပွေ့ဖက်ကာ ရှိုက်ကြီးတငင်ငိုတော့သည်။
"ဒါဆို အဖေနဲ့အမေက ကွာရှင်းကြမှာလား"
ကျန်းဟယ်လင်းသည်ငိုရလွန်းသဖြင့် နှာရည်များပင်ထွက်လာပြီဖြစ်၏။
ကျန်းဟွမ်သည် အစကတည်းက ကွာရှင်းရန်စိတ်ကူးရှိခဲ့သည်ဖြစ်သည်။ဤအရာကိုလည်း သူက မဖုံးကွယ်ခဲ့ပေ။
အောက်ထပ်တွင် ရှုပ်ပွနေပြီး ရဲများ ၊ အန်တီများနှင့် သက်တော်စောင့်များအားလုံး ကိစ္စအစအဆုံးကိုသိကြသည်။
ဤအိမ်ထောင်ရေး ပြတ်စဲတော့မည်မှာ သေချာ၏။
“လူကြီးတွေရဲ့ ကိစ္စပဲ ... နင်ဘာမှဝင်လုပ်လို့မရဘူး ငိုနေလည်းအပိုပဲ "
ကျန်းဟယ်လင်းက ခေါင်းအုံးကို ပွေ့ဖက်လျက် ဆက်ငိုနေသည်။
ကျန်းယန်ရှန့် အောက်ထပ်သို့ဆင်းလာသောအခါတွင် လျန့်ယင်းယင်းက လှေကားထစ်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ရ၏။
သူမကို မြင်သောအခါ လျန့်ယင်းယင်းက ထရပ်သည်။
ကျန်းယန်ရှန့်က သူမကို မကြည့်ဘဲ မြေပြင်ကိုသာ စိုက်ကြည့်နေ၏။
ဒရိုင်ဘာကျိုးသည် မြေပြင်ပေါ်တွင် ခွေလျက်လဲပြီး သူ့မျက်နှာပေါ်မှ သွေးများက ခဲနေပြီဖြစ်သည်။
ဒရိုင်ဘာကျိုးသည် အိမ်တွင်နှစ်အတော်ကြာ အလုပ်လုပ်ခဲ့သည့် ဝန်ထမ်းတစ်ဦးဖြစ်၏။
ကျန်းယန်ရှန့် အထက်တန်းကျောင်းစီနီယာနှစ်သို့ရောက်စဉ်က ဒရိုင်ဘာကျိုး လက်ထပ်ခဲ့သည်။
ထိုအချိန်က ကျန်းယန်ရှန့်သည် အနီရောင်စာအိတ်ကြီး တစ်အိတ်ကို လက်ဖွဲ့ခဲ့၏။
သို့သော် မျက်စိတစ်မှိတ်အတွင်း၌ပင် သူသည် လျန့်ယင်းယင်းနှင့် ဖောက်ပြန်သည်။
အိမ်ထောင်ရေးဆိုသည်မှာအဘယ်နည်း။
ကမ္ဘာပေါ်ရှိ လူများက အဘယ်ကြောင့် လက်ထပ်ချင်ကြပါသနည်း။
ကျန်းယန်ရှန့်သည် ဤအိမ်တွင် တစ်စက္ကန့်လေးမျှပင် ထပ်မနေချင်တော့ပေ။
သူမသည် ယွဲ့စုန့်၏တိုက်ခန်းသို့ ပြန်မောင်းလာခဲ့၏။ တံခါးကိုဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လေထုသည် လုံးဝခြားနားသွားသည်ကို ခံစားလိုက်ရသည်။
အခန်းတွင်းမှ ထွက်လာသော ယွဲ့စုန့်၏အသံကို သူမ ကြားလိုက်ရသည်။
ယွဲ့စုန့်သည် နူးညံ့သော ညအိပ်ဝတ်စုံကို ၀တ်ဆင်ထားပြီး တစ်ကိုယ်လုံးက သန့်ပြန့်နေသည်။
"ပြန်လာပြီလား?" ယွဲ့စုန့်က ကျန်းယန်ရှန့်ထံ လှမ်းလာပြီးမေး၏။
"အိမ်အခြေအနေ ဘယ်လိုလဲ "
ကျန်းယန်ရှန့် ယွဲ့စုန့်၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
ယွဲ့စုန့်ဘက်မှ ပြန်လည်ပွေ့ဖက်ပြီးနောက်
ကျန်းယန်ရှန့်ထံမှ လေသံခပ်တိုးတိုးထွက်လာ၏။။
"ယွဲ့စုန့်.....လက်မထပ်ကြရအောင် ... ဒီတိုင်းလေးပဲနေကြရအောင် "
ဒုတိယမြောက်လက်ထပ်ခွင့်ပန်ခြင်း၏အဖြေကို ယွဲ့စုန့်ကြားလိုက်ရသည်။
Xxxxxx