အပိုင်း ၂၉၃-၂၉၄
Viewers 28k

Part 293


ကျန်းဟွမ်သည်ကွာရှင်းရန်စီစဉ်နေပြီဖြစ်သည်။


လျန့်ယင်းယင်းနှင့်ရှောင်ကျိုး တို့၏အရေးကိစ္စများကို ဖုံးကွယ်ထားခြင်းမရှိပေ။


သူမ၏ အနာဂါတ်အတွက် မျှော်လင့်ချက်မဲ့ပြီဖြစ်ကြောင်း လျန့်ယင်းယင်းနားလည်သည်။


M ဒရာမာ ဇာတ်ဝင်ခန်းထဲတွင်  ကွာရှင်းမှုအား အမှုရင်ဆိုင်ကာ ပိုင်ဆိုင်မှုများကို ခွဲဝေပေးသော ရှေ့နေကို သူမ မြင်ဖူး၏။


အငှားလိုက်သောရှေ့နေက အမှုကို မြင်သည်နှင့် အခြေအနေမဟန်ကြောင်းသိသည်။


သို့သော် အခကြေးငွေကိုမက်မော၍ အမှုလိုက်ပေးနေဆဲဖြစ်၏။


လျန့်ယင်းယင်းသည်လည်း ပိုက်ဆံ အလဟာသသုံးကာအမှုရင်ဆိုင်နေဆဲဖြစ်သည်။


သူမသည် ကျန်းဟွမ်ကို မနိုင်နိုင်ကြောင်းသိလိုက်ရသောအခါ သွေးတက်သွားတော့၏။


ဆန့်ကျင်ဘက်အနေဖြင့် ကျန်းဟွမ်သည် အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းနေခဲ့သည်။


 “ဟယ်ဟယ့်နာမည်နဲ့ အိမ်တစ်လုံးဝယ်ပေးထားတယ်...မင်းအဲဒီမှာနေလို့ရတယ်.... မင်းကို ကားပေးမယ် တစ်လကို ယွမ်၂သောင်းပေးမယ်...ဉာဏ်နီဉာဏ်နက်များမယ်တော့ မကြံနဲ့... ကလေးတွေ မျက်နှာကိုထောက် "


ထိုအခါ လျန့်ယင်းယင်းက သူမ၏မျက်နှာကို အုပ်ပြီးငိုကြွေးသည်။ 


"ယွမ် ၂ သောင်း နဲ့ ဘာလုပ်လို့ရမှာလဲ... အိတ်ဖိုးတောင် မရှိဘူး...ဘယ်လိုနေရမှာလဲ"


 “မင်း အိတ်ဝယ်ချင်တယ် ဆိုရင် ငါ့မိန်းမနေရာမှာ အဆင့်အတန်းရှိရှိ ငြိမ်ငြိမ်လေးနေခဲ့လိုက်ပါတော့လား ...မင်းဆန္ဒအတိုင်း ငါအခုလွှတ်ပေးလိုက်ပြီလေ ...ငါကစိတ်ကောင်းရှိပါတယ်... ဟယ်ဟယ်နဲ့ရှို့ရှို့ကြောင့်သာမဟုတ်ရင် မင်းနဲ့ကျိုးမျိုးရိုး မနက်ဖြန်ထွက်မဲ့နေကိုတောင် မြင်နိုင်မှာမဟုတ်ဘူး "


 


လျန့်ယင်းယင်းက ကြောက်သွားပြီး ပစ္စည်းများ ထုပ်ပိုးတော့၏။ထို့နောက် ဖရာရီကားကို မောင်းလာကာ ကျန်းဟွမ်ပြင်ဆင်ထားသော အိမ်ဆီသို့ ပြောင်းရွှေ့ခဲ့လိုက်သည်။


အိမ်မှာ သိပ်မကျယ်ပေ။စတုရန်းမီတာ တစ်ရာကျော်ကျော်သာရှိသော အိပ်ခန်းသုံးခန်းပါ အိမ်ငယ်ကလေးသာဖြစ်သည်။


ကျန်းအိမ်မှ အိပ်ခန်း တစ်ခန်းစာမျှပင်ဖြစ်၏။


လျန့်ယင်းယင်းသည် နောင်တွင် တစ်လလျှင် နေထိုင်စရိတ်ယွမ် ၂သောင်းဖြင့်သာ ကြပ်တည်းစွာ နေထိုင်နိုင် တော့မည်ဟု တွေးမိသောအခါ ဖြစ်ပျက်ခဲ့သမျှကိုနောင်တရခဲ့သည်။


ကျန်းဟွမ်သည် လျန့်ယင်းယင်းအား အောင်မြင်စွာ 

ပထုတ်နိုင်လိုက်ပြီဖြစ်၏။


  ဤသည်မှာ သူမအတွက် မစ္စကျန်းဖြစ်

လာစေမည့် တစ်ခုတည်းသောအခွင့်အရေးဖြစ်ကြောင်းကြယ်ငယ်လေးက နားလည်သည်။


 သို့သော် ကျန်းဟွမ်က တွေဝေနေ၏။


ထိုအချိန်တွင် ကုမ္ပဏီဆီသို့ ဧည့်သည်တစ်ဦး ရောက်လာခဲ့သည်။


တခြားသူတော့မဟုတ်ပေ။ကျန်းဟွမ်နှင့် မတွေ့ရကြာပြီဖြစ်သော ရှုလီချန်သာဖြစ်သည်။


ကျန်းဟွမ်ကအံ့သြသွား၏။


 "မင်းကဘာလို့ဒီကိုရောက်နေတာလဲ... ယန်ယန်ပြောတော့ M နိုင်ငံ မှာ ရိုက်ကူးရေးသွားလုပ်နေတယ်ဆို "


" ပြီးသွားပါပြီ ရိုက်ကူးရေးက "


 ရှုလီချန်က  ပြုံးပြုံးလေးပြောသည်။


 “ သေနေတဲ့သစ်ပင်က နွေဦးနဲ့တွေ့လာပြီလေ...ဒါ့ကြောင့်ပဲ ဦးလေးကျန်းဆီ လာခဲ့ရတာ "


[ သေနေသောသစ်ပင်က နွေဦးနှင့်တွေ့သည် ဆိုသည်မှာတရုတ်စကားပုံတစ်ခုဖြစ်ပြီး  ညှိုးနွမ်းခြောက်ကပ်နေသည့် သစ်ပင်များသည် နွေဦးတွင် ပြန်ရှင်လာသည်ဟုအဓိပ္ပါယ်ရသည်။သေခါနီးဆဲဆဲမှ ပြန်လည်ထောင်မတ်ကျန်းမာလာသော လူနာနှင့် ဥပမာပြနိုင်သည်။ ]


ရှုလီချန်သည် ပြောပြောဆိုဆိုနှင့် ကျန်းဟွမ်၏ရှေ့တွင် ဖိနပ်သေတ္တာအရွယ်အစားခန့်ရှိသော လက်ဆောင်သေတ္တာတစ်ခုကို ချပေးလိုက်၏။


ကျန်းဟွမ်က လေထဲသို့ လက်ညိုးထိုးရင်း " စကားပုံ တွေကို ဘယ်လိုသုံးရမှန်းမသိရင်လည်း ရမ်းမတုပ်စမ်းနဲ့ ! "


ရှေ့က လက်ဆောင်သေတ္တာကြီးအကြောင်း ကျန်းဟွမ် သိချင်နေသည်။


" ဘာလဲဒါက "


 " ဦးလေးရဲ့ပြန်လည်မွေးဖွားခြင်းအတွက် ဂုဏ်ပြုတဲ့လက်ဆောင်လေးပါ... ဘာလို့ဖွင့်မကြည့်သေးတာလဲဗျ"


ကျန်းဟွမ်၏လက်များတုန်ယင်နေသော်လည်း အဆုံးတွင် ၎င်းကို ဖွင့်လိုက်၏။


ကျားဟော်မုန်းဆေးဘူးများအပြည့်ပါသည့် သေတ္တာကြီးဖြစ်နေသည်။


ကျန်းဟွမ်က ခေတ္တကြောင်တောင်တောင်ဖြစ်သွား၏။


ထို့နောက်အသိစိတ်ဝင်လာကာ ဆေးဘူးတစ်ဘူးကို ယူပြီး ရှုလီချန်ကို ကောက်ပေါက်သည်။


“ ဒီကောင်တော့လား ! "


ကိုယ်ခံပညာ လေ့ကျင့်ထားသည့် ရှုလီချန်သည် အလွန်လက်သွက်သည်။


 ဆေးဘူးကိုတစ်ချက်တည်း လှမ်းဖမ်းလိုက်နိုင်၏။


 “ဒေါသမထွက်ပါနဲ့.... ကျွန်တော်တို့က အရမ်းရင်းနှီးကြတာလေ ... အပြင်လူတွေလည်းမဟုတ်ဘူး...ဦးလေးရဲ့ခေါင်းထဲက အတွေးတွေကို မပြင်နိုင်ဘူးဆိုရင် ဟောဒီက ကျွန်တော်က လက်တွေ့ကျကျလေး ကျိုးကြောင်းဆင်ခြင်ပေးမယ် "


ကျန်းဟွမ်က လက်ဖြင့် စားပွဲကို ထုလိုက်ပြီး 


 “မင်း လောက်လေးကများ”


“စိတ်မဆိုးပါနဲ့ ဦးလေးရာ ...အန်တီလေးက အသက် ၂၅ နှစ်ပဲရှိသေးတယ်လို့ ကြားတယ်...ဟုတ်တယ်မလား...အရင်လက ကျွန်တော်လည်း ၂၅ နှစ် တစ်ယောက်နဲ့ အိပ်ခဲ့သေးတယ်... 

နောက်နေ့ကျ ဒူးတွေချောင်တာဗျာ... ဦးလေးအရွယ်နဲ့ဆိုဘယ်လိုလုပ်မလဲလို့ ခဏလောက်တွေးမိသွားတဲ့အထိပဲ... ကျွန်တော်က လူငယ်ဆိုတော့ လူကြီးတွေရဲ့အတွေးကို မှန်းနေစရာမလိုဘူး... လူကြီးတွေ စိတ်ပူနေရမှာကိုပဲစိတ်မအေးဖြစ်မိတာ…”


........


"အဖေက နင့်ကို မသတ်လိုက်ဘူးလား" 


 ရှုလီချန်၏အကြောတင်းပုံကို ကျန်းယန်ရှန့် လက်ဖျားခါမိသည်။


" ဘယ်လိုသတ်နိုင်မှာလဲ? ဦးလေးက ငါ့ကို သဘောကျရှာပါတယ် ... ငါသူ့ကိုဖဲ့နေတာကို ​​အဆုံးထိ ဒီတိုင်းလေးပဲကြည့်နေတာ... အဲ့ဒါတွေအကုန်လုံးကို အံဆွဲထဲထည့်သိမ်းထားမှာပဲဥစ္စာ " ရှုလီချန်က ဟက်ဟက်ပတ်ပတ်ရယ်သည်။ 


သူသည် သက်ကြားအိုအမျိုးသားများ၏ လူကြားမကောင်းသော လျှို့ဝှက်ချက်များကို ကူညီပေးတတ်သည့် အလိုက်သိသော တူငယ်လေးတစ်ဦးဖြစ်သည်ဟု ရှုလီချန်ခံစားလိုက်ရ၏။


"ဒါပေမဲ့ ဦးလေးက အရမ်းကြောက်တဲ့ပုံမပေါ်ဘူး...အဲ့ဒါကြောင့် ငါ့အဖေအကြောင်း ပေါက်ပေါက်ဖောက်ပြလိုက်တာလေ.... သူ့ခမျာ ရှေ့တည့်တည့်တောင် မကြည့်နိုင်ရှာဘူး "


ကျန်းယန်ရှန့်၏နှုတ်ခမ်းစွန်းများ ကော့ချိုးသွားသည်။ ထို့နောက် သူမက အဝေးတစ်နေရာသို့ လက်ယပ်ပြသည်။


 ရှုလီချန် လှည့်ကြည့်လိုက်သောအခါ အပြေးလာနေသော ယွဲ့စုန့်ကို တွေ့လိုက်ရ၏။


 " အရမ်းအလုပ်ရှုပ်နေတာပဲ...မြန်မြန်လာ...ဒီမှာငတ်သေတော့မယ်... မုန့်တွေတောင် အကုန်စားပစ်လိုက်မိပြီ "


ရှုလီချန်က မကျေမနပ်လှမ်းအော်သည်။


" ဆောရီး " ယွဲ့စုန်က ဝင်ထိုင်၏။ ထို့နောက် စားပွဲထိုးကိုလှမ်းခေါ်ကာ အစားအသောက်မှာလိုက်သည်။


"ဘာတွေပြောနေကြတာလဲ"


 ယွဲ့စုန့် ကဖန်ခွက်ကို ကောက်ကိုင်လိုက်‌ပြီးမေး၏။


" ဦးလေးကျန်း အကြောင်း ပြောနေတာ "


ရှုလီချန်က ပြောပြောဆိုဆိုနှင့် ကျန်းယန်ရှန့်ဘက် ခေါင်းလှည့်လိုက်သည်။


 " နင် ဦးလေးကျန်းကို မိန်းမထပ်မယူစေချင်ရင်တော့ ရှင်းရှင်းလေးပဲ.... ငါပြောပြမယ်...နီရှောင်ဟန်ဆိုတဲ့တစ်ယောက် မလား ...ငါသွားအိပ်ပေးမယ်လေသူနဲ့...အဲ့လိုဆို ဦးလေးကျန်း လက်ထပ်ဖို့ကို အရမ်းရှက်သွားမယ်ထင်တယ် "


ရှုလီချန်က ယုံကြည်ချက်အပြည့်နှင့်ပြောနေချိန်၌ ယွဲ့စုန့်ခမျာ သောက်လက်စရေ သီးမတတ်ဖြစ်သွားသည်။


ကျန်းယန်ရှန့်က ရှုလီချန်ကို ဘာမှမပြောဘဲ စိုက်ကြည့်နေ၏။


" အားနာစရာမလိုဘူးနော်" ရှုလီချန်က လက်ယမ်းပြသည်။

" ဘော်ဒါချင်းတွေပဲ...ဒီလောက်ကတော့ လုပ်ပေးရမှာပေါ့ ကြီးကြီးမားမားလည်းမဟုတ်...ဟုတ် "


ယွဲ့စုန့်က ရှုလီချန်၏ပါးစပ်ပေါက်ထဲသို့ ဒင်ဆမ်းတစ်ခု ထိုးထည့်ပေးလိုက်သည်။  


" စိတ်တိုမသွားခင် ပါးစပ်ပိတ်ထားလိုက်တော့ "


ထို့နောက်ယွဲ့စုန့်က ကျန်းယန်ရှန့်ဘက်ကိုလှည့်ပြီးမေး၏။ "ဦးလေး စိတ်ပြောင်းသွားပြီလား?"


"ဘယ်သိမလဲ " ကျန်းယန်ရှန့်က ဆက်ပြောသည်။


 "သူက အဘိုးကြီးအရွယ်ဖြစ်နေပြီ....ကျွန်မဘက်ကအမြင်ကို တော့ ပြောပြပြီးပြီပဲလေ...


အဲ့အရွယ်ကြီးကို နေ့တိုင်းလိုက်ဖမ်းပြီး လက်ထပ်ချင်သေးလားလို့ လိုက်မေးနေရအောင်လည်း သူက ၃ နှစ်အရွယ် ကလေးမဟုတ်ဘူး...သူ တကယ်မိန်းမယူချင်ရင် အဘွားတောင် ထိန်းနိုင်မှာမဟုတ်ဘူး "


သို့သော်ကျန်းဟွမ်က စိတ်မဆုံးဖြတ်ရသေးပေ။ 


နီရှောင်ဟန်၏ ပျိုမျစ်လှပမှုက ကျန်းဟွမ်ကိုပျော်ရွှင်နေသော လူငယ်လေးသဖွယ် ခံစားရစေသည်။


ကျန်းဟွမ်သည် နီရှောင်ဟန်ကို အလွန်အမင်း စွဲလမ်းနေပြီဖြစ်၏။


ထိုသို့ဖြစ်သော်လည်း မကြာသေးမီကမှ စိတ်ပြောင်းချင်သလိုလိုဖြစ်လာသည်။


နီရှောင်ဟန် ဘက်မှ လက်ထပ်ချင်သည့်အကြောင်း ကွေ့ပတ်ပြောသည့်အခါတိုင်း ကျန်းယန်ရှန့်၏စကားများက ကျန်းဟွမ်၏ခေါင်းထဲသို့ ရောက်ရောက်လာသည်။


ယခုအခါတွင် ကျန်းဟွမ်သည် မျက်စိရှေ့ရှိငယ်ရွယ်လှပသော မိန်းကလေးကို ပွေ့ဖက်လိုက်သည့်အချိန်တိုင်း ချမ်းတုန်မှုကို ခံစားရ၏။


Xxxxxxx


Part 294


ကော်လဂျင်ဓာတ်ပြည့်ဝနေသော မျက်နှာအောက်တွင် သွေးသံတရဲရဲ အစွယ်များပါသော တစ္ဆေမျက်နှာတစ်ခုက ပေါ်ပေါ်လာသည်။


တရားမ၀င်ကလေးများအမေ လျန့်ယင်းယင်းက အန်တီဝမ်အား ပြောနေခဲ့သောစကားကို ကျန်းဟွမ်မှတ်မိနေသေး၏။


 “ အဲ့မိသားစုထဲက တစ်ယောက်က ဘာလို့ အသက်ရှင်နေသေးတာလဲ! မြန်မြန်သေလိုက်ပါတော့လား...သူများတက်လမ်းလာပိတ်နေတယ် အရေးကိုမပါဘူး ! "


မကောင်းသောစကားဖြစ်သော်လည်း ကျန်းဟွမ်သည် ထိုအချိန်က အထူးတလည်ဒေါသထွက်ခြင်းမျိုးမရှိခဲ့။


သူ၏ဇနီး မနာမကျန်းဖြစ်ပြီး အိပ်ရာထဲမလဲခင်အချိန်တွင် သားရတနာလည်းမထွန်းကားခဲ့‌ပေ။


ဇနီးသည် ဆုံးပါးပြီး နောက်ပိုင်း ကျန်းဟွမ်သည် သူမကို မကြာခဏ တမ်းတမိသည်။


ကောင်းမွန်သော အချိန်များကို ပြန်တွေးကာ လူရှေ့သာမက လူကွယ်ရာမှာပါငိုသည်။


သို့သော် ဇနီးသည်မဆုံးပါးမီ ကာလများတွင် ကျန်းဟွမ်သည် အိမ်ပြန်ရောက်ချိန်တိုင်း ဘီးတပ်ကုလားထိုင်ပေါ်မှ နုံးချိနေသည့် ခန္ဓာကိုယ်၊ မွဲခြောက်ခြောက်မျက်နှာ နှင့် ကတုံးပြောင်နေသော လူနာအမျိုးသမီးကိုသာ နေ့စဉ်တွေ့ခဲ့ရသည်။


တစ်ခါတစ်ရံ ထိုမွဲခြောက်ခြောက်မျက်နှာကို မြင်လိုက်ရသည့်အချိန်များ၌ ' ဘာလို့ အသက်ရှင်နေသေးတာလဲ' ဆိုသည့် အတွေးများက ကျန်းဟွမ်၏ခေါင်းထဲသို့ဝင်လာခဲ့၏။


ရင်ခွင်ထဲမှ ကောင်မလေးက ကျန်းဟွမ်ကို မော့ကြည့်သည်။သူမ၏ အသားအရည်သည် ချောမွေ့ပြီး နူးညံ့ကာ ကော်လဂျင်ဓာတ်အပြည့်ရှိ၏။


သူမ၏မျက်လုံးများမှာ တပ်မက်မှုအလင်းတန်းများဖြာထွက်မတတ်ဖြစ်နေပြီး လေသံမှာ တောင့်တမှုအပြည့်ရှိသည်။


 " ကျွန်မ ရှင်နဲ့အတူ ထာဝရရှိနေချင်တယ်...ရှင့်ကို ကလေးတွေအများကြီး မွေးပေးချင်တယ်...ကျန်းဟွမ် ရှင်သဘောတူရဲ့လား"


ကျန်းဟွမ်က သူမ၏မျက်နှာကို ခဏသာ စိုက်ကြည့်ပြီး ချက်ချင်းအကြည့်လွှဲလိုက်သည်။


"မင်းက ငယ်ပါသေးတယ် .... အိမ်ထောင်ရေးဆိုတာက အချစ်ရဲ့ သင်္ချိုင်းပဲ " ကျန်းဟွမ်က သက်ပြင်းချ၏။ 


“ကလေးပျိုးထောင်ရတယ်ဆိုတာက ဝဋ်ခံနေရသလိုပဲ "


.......


ကျန်းဟွမ်သည် ကျန်းယန်ရှန့် နှင့် လေးနက်စွာ စကားပြောဆိုခဲ့သည်။


“နောင်မှာ ဟယ်ဟယ်နဲ့ ရှို့ရှို့ ကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်လို့ အဖေ့ကိုကတိပေးရမယ်” ကျန်းဟွမ်ကဆက်ပြောသည်။


 “အစ်မအကြီးဆုံးပီပီသသနေပါ့မယ်လို့ ကတိပေး "


 


ကျန်းယန်ရှန့်က အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးနောက် ထပြော၏။ 


" အဖေက ရောဂါကျွမ်းပြီး သေတော့မှာမလို့လား "


"ဘ-ဘာ !” 


ကျန်းဟွမ်တစ်ယောက် ဂုတ်သွေးဆောင့်တက်လာသည်။


 " ကိုယ့်အဖေကိုယ် ဒီလိုကျိန်ဆဲစရာလား !


ကလေးအရွယ်ကပြောရင် ကိစ္စမရှိသေးဘူး ! "


ထိုအခါ ကျန်းယန်ရှန့်ကလည်း ဒေါသတကြီးပြန်ပက်၏။


 " ရောဂါမကျွမ်းရင် ဘာကိစ္စ နောက်ဆုံးဆန္ဒလိုမျိုး ပြောနေတာလဲ ! " 


 နှလုံးသည် တစ်ခဏမျှ ကျုံ့သွားသလိုခံစားရသည်။ 


အခိုက်အတန့်တစ်ခုစာသာရှိသော်လည်း အလွန်အမင်း စိတ်မသက်မသာဖြစ်ရသည်။


 


ကျန်းဟွမ်က စိတ်ငြိမ်စေရန်  အချိန်အနည်းငယ်ယူ၏။


ထို့နောက် စားပွဲကိုထုပြီးပြောသည်။


 "ဟယ်ဟယ်နဲ့ ရှို့ရှို့ကို နောင်မှာ ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးမယ်လို့ အာမခံရင် ငါ့ဘက်ကလည်း နောက်အိမ်ထောင်မပြုဘူးလို့ကတိပေးတယ် ....သားကြောဖြတ်ပြီး မင်းတို့သုံးယောက် အမွေကိုလုမဲ့ မောင်နှမအသစ်တွေလည်း ထပ်မမွေးတော့ဘူး "


 အခြေအနေသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။


 " ဘာလို့လဲ.... ဟို မိန်းမကို  လက်မထပ်ချင်တော့ဘူးလား "


"ဘာကိုလက်ထပ်ရမှာလဲ" 


ကျန်းဟွမ်က ပြော၏။


 "ငါစဉ်းစားပြီးပြီ... သူက အရမ်းငယ်သေးတယ်  ငါနဲ့မြဲမှာလည်းမဟုတ်ဘူး... လက်မထပ်ဘဲနေရင် သူလည်း နောင်တစ်ချိန် ယူချင်တဲ့သူနဲ့ယူလို့ရမယ်...ငါ့အတွက်လည်း အဆင်ပြေတယ် ...တွဲနေရုံပဲလေ...လက်ထပ်စရာလည်းမလိုဘူး.... ဘာတွေအံ့ဩနေတာလဲ "


ကျန်းဟွမ်သည် ယခုအချိန်တွင် အိမ်ထောင်ပြုလိုစိတ်မရှိပါ။


ကျန်းယန်ရှန့်၏စကားလုံးကြမ်းကြမ်းများကြောင့် စိတ်ပြောင်းသွားခြင်းမဟုတ်ပေ။


 ကျန်းဟွမ်သည် အသက်အရွယ်ကြီးရင့်သည်နှင့်အမျှ လူ့သဘောသဘာဝကို နားလည်ပြီး ထိုလှပသောမျက်နှာအောက်တွင် အရုပ်ဆိုးခြင်းရှိနေသည်ကို သိရှိ၏။


ထို့ကြောင့် ကျန်းယန်ရှန့်ပြောနေသည်မှာ အမှန်တရားများဖြစ်ကြောင်းခံစားမိခဲ့သည်။


နီရှောင်ဟန်သာ မစ္စကျန်းဖြစ်လာခဲ့ပါက 

ကျန်းရှန်ယန့်၏မိခင်သေဆုံးချိန်ကို လျန့်ယင်းယင်း ထိုင်စောင့်နေခဲ့သကဲ့သို့ သူမသည်လည်း မိမိဆုံးပါးမည့်အချိန်ကိုသာ လက်ချိုးရေနေတော့မည်ဖြစ်သည်။


ရှုလီချန်၏မိခင်ကဲ့သို့ပင် ပြုမူလာနိုင်သေး၏။


ထိုအကြောင်းတွေးမိသည့် ညဘက်များ၌ ကျန်းဟွမ်သည် အိပ်မက်ဆိုးများမက်လျက် နိုးလာတတ်ပြီး  လည်ပင်းအေးသလိုခံစားရသည်။


လက်ထပ်ခြင်းသည် ချုပ်နှောင်မှုနှင့် မထူးမခြားပင်။


မည်သည်မှ အထူးတလည်ကောင်းမွန်သွားခြင်းလည်းမရှိ။


ရှောင်ဟန် နှင့်ဆက်ဆံရေးကို ဤသို့လှပသည့် အနေအထား၌ ထာဝရထိန်းသိမ်းထားခြင်းက အဆပေါင်းများစွာပိုကောင်းသည်။


" ပြောတာကြားလား" 


ကျန်းဟွမ်က စားပွဲကို လက်ဖြင့် ထပ်ပုတ်၏။


" သဘောတူလားလို့ ? "


ကျန်းယန်ရှန့်သည် စကားမပြောဘဲ ကျန်းဟွမ်ကို အချိန်တစ်ခုအထိ စိုက်ကြည့်နေသည်။


ထို့ကြောင့် ကျန်းဟွမ်က စားပွဲကို ကျယ်လောင်စွာ ထပ်မံ ထုလိုက်တော့၏။


" ဟေ့ ! "


ကျန်းယန်ရှန့်က မေး ငေါ့ပြသည်။


 " ဟုတ်ပြီလေ "


ကျန်းယန်ရှန့်က မတ်တပ်ထရပ်ပြီး နောက်ဆုံးတစ်ခွန်းပြော၏။


 " သားကြောမြန်မြန်ဖြတ်ပြီး တတ်နိုင်သမျှ  ကလေးတွေထွက်မလာစေနဲ့ "


သားကြောဖြတ်ခြင်းကိစ္စက အမျိုးသားများအား စိတ်မချမ်းမသာဖြစ်စေသည်။


 ကြီးကျယ်သော စွမ်းရည်အချို့ကို ဘောင်ခတ်ထားသကဲ့သို့ အမြဲခံစားနေရမည်ဖြစ်၏။


ကျန်းဟွမ်၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းသည်။


" အရှုပ်ထုပ်တွေပဲ အကုန်လုံးက ! "


မျက်စိတစ်မှိတ်အတွင်းမှာပင် ဒီဇင်ဘာလသို့ ရောက်လာပြီဖြစ်သည်။ 


မြောက်လေတိုက်ပြီး နှင်းပွင့်များ လွင့်ပျံလာတတ်သော ကာလပင်။


ကျန်းယန်ရှန့်သည် ကောလိပ်ဒုတိယနှစ်တွင် ကျောင်းသားသမဂ္ဂခေါင်းဆောင် ဖြစ်နေပြီဖြစ်၏။


အစည်းအဝေးထိုင်ပြီးနောက်  မမျှော်လင့်ဘဲ ကျန်းရှို့ချန်ထံမှဖုန်းကို လက်ခံရရှိခဲ့သည်။


"အစ်မ အခု ပြန်လာလို့ရလား" ကျန်းရှို့ချန်၏ အသံက အလွန်တိုးညင်းနေပြီး လူမသိအောင် ဆက်နေပုံရ၏။


 "ဘာကိစ္စရှိလို့လဲ?"


ကျန်းရှို့ချန်သည် တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။


 “အစ်မလတ် အရိုက်ခံရတယ်...ဒါပေမဲ့ သူက သားကိုမပြောခိုင်းဘူး "


ကျန်းဟယ်လင်း ရိုက်နှက်ခံရသည်တဲ့။


ကျန်းယန်ရှန့် ဒေါသထောင်းခနဲထွက်သွားသည်။


"ဘယ်သူ ရိုက်တာလဲ?" ကျန်းယန်ရှန့်က ခပ်ပြတ်ပြတ်မေး၏။


ကျန်းရှို့ချန် သည် တုံ့ဆိုင်းနေရာမှ


 “အမေ...” ဟု ဖြေးဖြေးချင်းပြောသည်။


" ဘယ်မှာလဲ? အိမ်မှာလား? ခဏစောင့် ငါခုချက်ချင်းလာခဲ့မယ် " ကျန်းယန်ရှန့် ဖုန်းချလိုက်၏။


လျန့်ယင်းယင်းဆိုတဲ့အလကားဟာမကတော့ ။


Xxxxxxxx