အမျိုးသမီးတစ်ဦးနှင့် ကလေးသုံးယောက်တို့မှာ စားပွဲခုံအားဝန်းရံ၍ အံ့ဩတကြီးကြည့်နေကြ၏။
"သေစမ်း သူမကသမဝါမယဆိုင်ကိုများ သွားပြီးဓားပြတိုက်လာတာလား"
အမေယီသည် ရှောင်စန်း(တတိယကလေး ယီကျင်း)၏ခေါင်းအား ပုတ်ကာဆူလိုက်သည်။
"အဲ့လိုမျိုးရိုင်းစိုင်းတဲ့စကားတွေ မပြောရဘူးလို့ အမေသင်ပေးမထားမိဘူးလား"
ရှောင်စန်းမှာ သူ့အမေ၏ဆူပူမှုကြောင့် တွန့်ဆုတ်သွားတော့၏။သို့သော်သူ့အကြည့်များမှာတော့ စားပွဲပေါ်ရှိ ပစ္စည်းပုံကြီးထံခွာမရအောင်ကပ်တွယ်နေတော့သည်။
"အမေ နတ်သမီးလေးကခေါင်းဆောင်ကျိထက်တောင် ချမ်းသာနေပါ့ရောလား။ခေါင်းဆောင်ကျိကြီး နွေဦးပွဲတော်တုန်းက ဝယ်လာတဲ့ပစ္စည်းတွေတောင် ဒီလောက်မရှိဘူး"
အမေယီမှာ ရှောင်အာ့(ဒုတိယကေလး ယီဟွေ့)စကားကို ခေါင်းငြိမ့်ထောက်ခံလိုက်၏။ထိုစဉ်ရှောင်စစ်(စတုတ္ထကလေး ယီဇီ)မှသူ၏လက်သေးသေးလေးအား ချိုချဉ်ထုတ်ထံ ဆန့်ထုတ်နေသည်ကိုမြင်လိုက်၍ ထိုလက်လေးအားပုတ်ကာ ဆူလိုက်ရပြန်သည်။ရှောင်စစ်မှာ မျက်နှာငယ်လေးဖြင့် ညည်းညူပြတော့၏။
"ချိုချဉ်!ချိုချဉ်စားချင်တယ် မေမေ"
အမေယီမှာ သူမသားငယ်၏အရည်လဲ့နေသောမျက်ဝန်းများအားကြည့်ကာ စိတ်မကောင်းဖြစ်သွားရသော်ငြား ဤပစ္စည်းများမှာ သူမအပိုင်ဟုတ်မနေ၍ သူလေးအားလျစ်လျူရှုထားလိုက်သည်။
ကျားလိမှာ စစ်သားကြီးထံလက်ဆောင်အချိူ့ အတင်းထည့်ပေးလိုက်ပြီး အိမ်ထဲပြန်ဝင်လာစဉ် စားပွဲကိုဝိုင်းကာတွတ်ထိုးနေကြသော လူလေးဦးကြောင့် ရယ်ချင်သွားမိ၏။ချစ်စရာကောင်းလိုက်တာ...ထို့ကြောင့်သူမမှာသူတို့အား အသိပေးရန်ချောင်းတစ်ချက်ဟန့်လိုက်သည်။
"အဟမ်း"
ခေါင်းချင်းဆိုင်နေသော လူလေးဦးမှာချောင်းဟန့်သံကြောင့် လန့်သွားကြပြီးကိုယ်ဟန်သပ်ကာ ခုံပေါ်မှထကာမတ်မတ်ရပ်လိုက်ကြ၏။သူတို့အတွက်လိုအပ်ေသာပစ္စည်းဖြစ်စေ တန်ဖိုးကြီးေသာပစ္စည်းများဖြစ်စေ ရှေ့မှောက်၌ချထားသော်ငြား သူများပိုင်ဆိုင်မှုဖြစ်၍ ကိုင်တွယ်စပ်စုခြင်းမပြုကြသည့်အပြင် အကြံအစည်များသောမျက်ဝန်းများအစား ကြည်လင်နေသောအကြည့်များရှိနေကြသော ယီမိသားစုကိုကျားလိမှာ အလွန်အကောင်းမြင်သွားလေသည်။
ထို့ပြင်သူမ၌အသန့်ရှင်းကြိုက်လွန်းသည့်ရောဂါမျိုးမရှိပေသိ ဆရာဝန်တစ်ဦးပေမို့ အနည်းငယ်တော့ ဂျီးများတတ်လေ၏။ယီအိမ်မှာချမ်းချမ်းသာသာနေကြရသည်မဟုတ်ပေမယ့် အိမ်ထဲမှစခြံပြင်အထိသပ်သပ်ရပ်ရပ်နှင့် စည်းစနစ်တကျရှင်းလင်းကာသန့်ပြန့်နေလေသည်။အမေယီမှာလည်းနွေးထွေးသိမ်မွေ့မည့်ဟန်ပေါ်သော်ငြား စည်းကမ်းကြီးသူဖြစ်မည်ကို သူမကလေးများအားကြည့်၍သိနိုင်လေ၏။ကေလးများမှာ ဝက်ဝံကလေးများလို ဆိုးပေမနေကြပဲ မိခင်စကားနားထောင်ကာ လိမ္မာကြလေသည်။အထူးသဖြင့် သူတို့ကြားတွင်ရှိေနေသာ နွေးေထွးသည့်ဆက်သွယ်ေပြာဆိုမှုများမှာ မိသားစုဟူသည့်စကားလုံးအား ဖော်ဆောင်ထားသည့်အလားပင်။ထိုခံစားချက်က မိသားစုချစ်ခြင်းကို တန်ဖိုးထားမြတ်နိုးသည့်သူမကို ပို၍နှစ်ခြိုက်သွားစေမိ၏။
နွေးထွေးကြင်နာတတ်သည့်ဤမိသားစုတွင်းဝင်ရောက်ဆက်နွှယ်ချင်ပါက တစ်ခုတည်းသောသော့ချက်မှာ သူမ၏လိုအပ်ချက်ကို သူတို့စိတ်နှလုံးတွင်းရောက်အောင် ပြုလုပ်ခြင်းဖြစ်သည်။အဘွားဖြစ်သူမှာ သူမအားစိတ်နှလုံးအကြွင်းမဲ့ချစ်ခင်ပေးခဲ့သော်ငြား ယီမိသားစုလိုမျိုး စည်စည်ကားကားအသိုက်အဝန်းထဲလည်း ဝင်ရောက်ကြည့်ချင်သေး၏။ထို့ကြောင့်သူမစိတ်ထဲရှိသမျှကို ပွင့်ပွင့်လင်းလင်းချပြလိုက်သည်။
"မင်္ဂလာပါ အန်တီယီ။ကျွန်မနာမည်က ကျားလိပါ။အန်တီအဆင်ပြေသလိုခေါ်လို့ရပါတယ်။ကျွန်မအသက်က၁၉နှစ်ပါ။မိဘတွေကတော့ ကျွန်မငယ်စဉ်တည်းကဆုံးပါးသွားကြပြီး အဘွားနဲ့နိုင်ငံရပ်ခြားမှာ နှစ်ယောက်တည်းနေခဲ့ကြတာပါ။မကြာသေးခင်ကပဲ ဒီနိုင်ငံမှာကျန်ခဲ့တဲ့အဘိုးရော ကျွန်မနဲ့ရှိနေခဲ့တဲ့အဘွားပါ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားကြတော့ တစ်ယောက်တည်းကျန်နေခဲ့တဲ့ကျွန်မကို ဦးလေးကပဲအုပ်ထိန်းသူအနေနဲ့ဒီနိုင်ငံကိုပြန်ခေါ်ခဲ့တာပါ။ကျွန်မဒီကိုမရောက်ခင်ထိ နည်းနည်းစိတ်ထင့်နေခဲ့ပေမယ့် အခုအန်တီတို့မိသားစုကိုကြည့်ပြီး အားကျစိတ်တောင်ဝင်လာမိပါတယ်"
အမေယီမှာ မူလကအိမ်စားရိတ်အနည်းငယ်ပင်ပိုရလိုရငြား ရွာ၌တာဝန်ချပေးထားသည့်သူစိမ်းတစ်ဦးကိုအိမ်တွင်ခေါ်ထားရန် လက်သင့်ခံလိုက်ပေမယ့် နုံအသောရွာသူတစ်ယောက်သာမို့ စိတ်ပူပန်နေမိသည်။သို့သော်ယခုလိုချောမောအပြစ်ကင်းသည့် မိန်းကလေးတစ်ဦးမှာ သူမတို့အားအထင်မသေးသည့်အပြင် အားကျသည်ဟုပြောလာလိမ့်မည်ကို ထင်မထားခဲ့ဘူးပေ။ထို့ပြင်သူမမှာ ကြွားချင်ဝါချင်ကာခေါင်းမာတတ်သောအရွယ်ဖြစ်သည့် ဆယ်ကျော်သက်လေးသာဖြစ်နေသေးသော်ငြား မိဘမဲ့ဘဝသို့ရောက်သွားရှာ၏။သူမခင်ပွန်းဆုံးပါးချိန်က သူမအသက်၃၀ကျော်နေလေပြီ။ထိုစဉ်ကတောင် သူမအဖို့ ကောင်းကင်ကြီးပြိုကျလာသလို ကူကယ်ရာမဲ့မှုအားခံစားခဲ့ရသည်။သားကြီး၏ဖေးမမှုနှင့် အငယ်လေးများ၏စောင့်ရှောက်မှုသာမရှိခဲ့ပါလျှင် ဤအချိန်ထိသူမတောင့်ခံထားနိုင်မည်မဟုတ်ပေ။သို့ရာတွင် သူမမျက်စိရှေ့ရှိဤကလေးမလေးမှာတော့ ၁၉နှစ်အရွယ်လေးနှင့်ပင် တစ်ကိုယ်တည်းကျန်နေခဲ့ကာ သူမလိုဖေးမစောင့်ရှောက်မည့်လူပင်မရှိပါဘဲ ထူးထူးချွန်ချွန်ထက်ထက်မြက်မြက်ကြီးပြင်းလာသည်မှာ သူမအားသနားကြင်နာစိတ်ရော အားကျလေးစားမှုပါခံစားသွားရစေ၏။အမေယီမှာကျားလိရှေ့ရပ်ကာ သူမလက်လေးများအားဆုပ်ကိုင်၍ပြောလိုက်သည်။
"ဒီနှစ်ေတွထဲ ပင်ပန်းခဲ့ရပြီပဲ။ေရှာင်ကျားသာ အဒေါ်တို့နဲ့ဆွေမျိုးတွေလိုနေလို့ အထင်သေးစရာကောင်းတယ်လို့မမြင်ရင် အဒေါ်တို့ကမင်းကိုမိသားစုချင်းဆက်ဆံသလိုဆက်ဆံပေးပါ့မယ်"
အမေယီ၏နွေးထွေးသောအသံဖြင့် ပင်ပန်းခဲ့ရပြီဆိုသည့်စကားမှာ ကျားလိအားအမှန်ကိုဆို့နင့်စေခဲ့၏။သူမအနေဖြင့်စိမ်းသက်သောကာလသို့ရောက်လာသည့်အပြင် တစ်ဦးတည်းဆက်လျှောက်ရမည့်အနာဂတ်ကိုမကြောက်လန့်ပဲနေသည်ဟုပြောလျှင် လိမ်ညာရာရောက်ပေလိမ့်မည်။ဤအချိန်ထိဟန်မပျက်နေနိုင်ခဲ့သည်မှာလည်း ရင့်ကျက်သောသူမ၏စိတ်သဘောကြောင့်သာဖြစ်သည်။သို့သော် သူမတွင်မှီခိုရန်ယုံကြည့်ရမည့်လူများသာရှိပါက တစ်ယောက်တည်းသီးခြားကွဲနေမည်မဟုတ်ပေ။ယခုလိုပြင်ဆင်ချိန်မရခဲ့ပါဘဲ ရုတ်ချည်းေနရာစိမ်းကိုရောက်လာသည့်သူမမှာ အမေယီ၏စကားများကြောင့် စိတ်တွင်းရှိဝမ်းနည်းမှုများကလှိုက်တက်လာတော့သည်။မျက်ရည်မကျမိစေရန်တောင့်ခံ၍ အမေယီ၏လက်အားပြန်လည်ဆုပ်ကိုင်ကာ
"ဘယ်လိုလုပ်ပြီး ဒီလိုအပြစ်ကင်းတဲ့ဆက်ဆံရေးကိုအထင်သေးရမှာလဲ အန်တီရဲ့။ကျွန်မအတွက် မှီခိုစရာမိသားစုဖြစ်ပေးတာကိုတောင် ကျေးဇူးတင်ရမှာကို"
အမေယီနှင့်ကျားလိတို့ပြောနေသည်အားစောင့်ကြည့်နေကြသည့် ယီညီအစ်ကိုသုံးယောက်မှာ ကျားလိအားဂရုဏာသက်သွားကြတော့သည်။သူတို့ဖခင်ကွယ်လွန်ချိန်က ခံစားချက်ကိုမှတ်မိကြပါသေး၏။ယခုတော့ဤနတ်သမီးမမမှာမိဘနှစ်ပါးအပြင် အဘိုးအဘွားပါမရှိကြတော့၍ ပို၍သနားစရာကောင်းလှပါသည်။အငယ်ဆုံးလေးယီဇီမှာ ကျားလိ၏အင်္ကျီစအားဆွဲ၍ မော့ကြည့်ကာပြောလိုက်၏။
"ကျားလိကျဲကျဲ ကျွန်တော့်နာမည်က ယီဇီပါ။ကိုးနှစ်ရှိပါပြီ။ကျဲကျဲသာကျွန်ေတာ့်ကို မောင်လေးအဖြစ်လက်ခံရင် ကျွန်တော်ရှာလို့ရသမျှချိုချဉ်တွေကို ကျဲကျဲဆီပေးပါ့မယ်"
ရှောင်စန်းမှာရှောင်စစ်၏ကျောအားပုတ်ကာ
"အရူး ကျဲကျဲကလူကြီးဖြစ်နေပြီကို မင်းလိုချိုချဉ်ပေးရင်ချော့လို့ရမယ်ထင်နေလား။ကျားလိကျဲကျဲ ကျွန်တော့်နာမည်ကယီကျင်းပါ။တစ်ဆယ့်နှစ်နှစ်ရှိပါပြီ။ကျဲသာကျွန်တော့်ကိုမောင်လေးလိုသဘောထားရင် ဟင်းကောင်းကောင်းစားရမယ့်အပြင် မုန့်ဖိုးပါပေးဦးမှာနော်"
"ဟမ့် မင်းကဟင်းချက်ကျွေးမယ် မုန့်ဖိုးပေးမယ်ပြောရအောင် အခုမင်းကဘယ်လောက်ရှာနိုင်နေလို့လဲ။ခုတောင်မင်းလောင်အာ့ပိုက်ဆံနဲ့ချိုချဉ်ဝယ်စားနေရတာမလား"
ရှောင်စန်းမှာသစ္စာဖောက်ခံလိုက်ရသည့်အလား ရှောင်အာ့အားကြည့်ကာပြောလိုက်သည်။
"လောင်အာ့မင်းသူ့ကိုဘာလို့ပြောလိုက်တာလဲ။နောင်ငါစားသောက်ဆိုင်ဖွင့်ရင် မင်းကိုစားပွဲထိုးမလုပ်ခိုင်းတော့ဘူး"
တိတ်ဆိတ်စွာစောင့်ကြည့်နေသော ရှောင်အာ့မှာသူ့အားဆွဲထည့်လာ၍ ပြန်ပြောလိုက်၏။
"ငါ့ကိုစားပွဲထိုးဆိုပြီး မစနောက်ဖို့ပြောထားတယ်မလား။ပြီးတော့ရှောင်စစ်ကို ငါဘာမှပြောမထားဘူး။သူဘယ်ကသိလာလဲမှမသိတာ"
"မဖြစ်နိုင်ဘူး မင်းသာမပြောရင်အဲ့ကလေးစုတ်ကဘယ်လိုလုပ်သိမှာလဲ။ပြီးတော့မင်းကို ငါ့အရင်မွေးလာဖို့ဘယ်သူပြောလဲ ရှောင်အာ့ကရှောင်အာ့လိုနေပေါ့"
ထိုစဉ်အကုန်ပတ်ရမ်းနေသောရှောင်စန်းအား ရှောင်စစ်မှပြန်ဖြေပေးလိုက်သည်။
"အရူး အဲ့ဒါကြောင့်မင်းစာမေးပွဲဖြေရင်အမှတ်မကောင်းတာ။ဟိုနေ့က မင်းခြံထောင့်မှာပုန်းပြီးချိုချဉ်စားနေတာငါတွေ့လိုက်တယ်ကွ။ပုံမှန်ဆို မင်းကမင်းဆီဘာရှိရှိ မင်းပိုက်ဆံနဲ့ဘယ်လိုထုတ်ဝယ်ရေကြာင်း ပတ်ကြွားနေကျကို ပုန်းပြီးစားတယ်ဆိုမှတော့ မင်းပိုက်ဆံနဲ့မဟုတ်ပဲ လောင်အာ့ပိုက်ဆံနဲ့မလို့ပေါ့ကွ"
အမေယီနှင့်ကျားလိမှာကလေးသုံးယောက်ရန်ဖြစ်နေသည်ကိုကြည့်ကာ ရယ်မောမိလိုက်ကြ၏။ကျားလိမှာကလေးများက သူတို့အားသူမမှဘာပေးနိုင်မလဲဟုမေးလာခြင်းထက် သူတို့ကသာဘာပေးနိုင်မည်ကိုပြောလာကြသောကြောင့် ပို၍အမြင်ကြည်လာခဲ့သည်။ကလေးများအားလူစုခွဲလိုက်ပြီး ကျားလိမှာလက်ဆောင်ပစ္စည်းများအားခွဲပေးလိုက်၏။မူလကလူ့သဘာဝအရ လောဘတက်ကြမည်စိုး၍ အနည်းငယ်သာပေးမည်ဟုတွေးထားသော်ငြား ယခုသူမမှာသူတို့အပေါ်အလွန်အမြင်ကြည်နေ၍ ပိုပိုသာသာခွဲပေးလိုက်သည်။အမေယီမှာ ပစ္စည်းများအားလက်ခံရန်ငြင်းဆန်ခဲ့သော်ငြား ကျားလိမှချော့တစ်လှည့်ခြောက်တစ်လှည့်ပြောလိုက်မှသာ လက်ခံခဲ့၏။ထို့နောက်ညစာအတူစားရန်ပြောလာပေမယ့် ယနေ့အဖို့သူမမှာအလွန်ပင်ပန်းနေပြီဖြစ်၍ လှဲအိပ်ချင်နေပြီဖြစ်ရာ သူတို့ကိုငြင်းခဲ့ပြီး သူမအခန်းဆီထွက်သွားလိုက်တော့သည်။
အထုတ်အပိုးများအား ယာယီနေရာချလိုက်ပြီးရေသွက်သွက်ချိုးကာ အိပ်ရာပေါ်လှဲချလိုက်တော့၏။မူလကနေရာစိမ်းဖြစ်၍ ကောင်းကောင်းအိပ်ပျော်နိုင်မည်ဟု မထင်ခဲ့သော်ငြား နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတော့သည်။
"လိလိ"
ကျားလိမှာအိပ်ပျော်နေရာမှရင်းနှီးနေသောအသံကြောင့် ဆတ်ကနဲနိုးသွားရသည်။စကားပြောရန်ပြင်လိုက်သော်ငြား အသံမှာလည်ချောင်းတွင်းဆို့နင့်ကာ ထွက်မလာပေ။ကျားလိရှေ့တွင် လှလှပပဝတ်စားထားသောအဘွားဖြစ်သူကကြင်နာစွာကြည့်ရင်းပြောလာ၏။
"လိလိမကြောက်နဲ့နော်။အခုဘွားဘွားက လိလိနဲ့အတူရှိမနေနိုင်တော့ပေမယ့် လိလိကသန်မာပြီးကြင်နာတတ်တဲ့ကလေးမလို့ နွေးထွေးမှုေတွပေးလာကြမယ့်လူကောင်းတွေနဲ့ဆုံတွေ့ရမှာပါ။ဘွားဘွားနဲ့ပက်သတ်ပြီး ဘာမှစိတ်မကောင်းဖြစ်မနေပါနဲ့တော့။အခုဘွားဘွားလည်းသူ့ကိုအကြာကြီးမစောင့်စေချင်တော့ဘူး။ဒါကြောင့်ဘွားဘွားမရှိတော့တောင် လိလိကပျော်ရွှင်တဲ့ကလေးလေးဖြစ်နေရမယ်နော် ဟုတ်ပြီလား"
ကျားလိမှာမျက်ရည်များဖြင့်သာ ခေါင်းတွင်တွင်ငြိမ့်ပြလိုက်၏။အဘွားဖြစ်သူမှာ သူမခေါင်းအားအသာပွတ်သပ်ကာ
"လိမ္မာလိုက်တဲ့ ကောင်မလေး"
"ဘွားဘွား ဘွားဘွား ဘွားဘွား!!"
ကျားလိမှာ အိပ်နေရာမှမျက်ရည်များဖြင့်နိုးလာကာမှသာ အိပ်မက်မှန်းသိလိုက်ရသည်။သို့သော် အဘွားဖြစ်သူမှနောက်ဆုံးလာနှုတ်ဆက်သွားသည်ကိုတော့ သဘောပေါက်လိုက်၏။ထို့ကြောင့် မျက်ရည်များဖြင့်သာတီးတိုးရေရွတ်ကတိပေးလိုက်သည်။
"စိတ်မပူပါနဲ့ ဘွားဘွား။လိလိကျိန်းသေပျော်ရွှင်နေမှာပါ"