"လောင်စန်း ငါ့ကိုချိုချဉ်ပေးဦး"
"မရဘူး။အမေကတစ်ယောက်တစ်လုံးစီပဲပေးထားတာ ညီတူညီမျှပဲ"
"မဟုတ်ဘူး။ငါကအငယ်ဆုံးမလို့ ငါ့ကိုတစ်ခု....မဟုတ်ရင်လည်းတစ်ဝက်ပိုပေးရမှာပဲ"
"အဲ့လိုသာဆိုမင်းကအငယ်မလို့ ငါ့ကိုကြည်ညိုတဲ့အနေနဲ့ပိုပေးရမှာလေ"
"ဟားဟား လောင်စန်းကဒီလောက်တောင်အသက်ကြီးနေပြီကို စကားတောင်မှန်အောင်မပြောတတ်သေးပါဘူးကွယ်။ဒီလိုအချိန်တွေဆို ကြည်ညိုတယ်လို့မပြောရဘူး လေးစားတယ်လို့ပြောရမှာကွ။လောင်စန်းကတော့ ဝက်ဦးနှောက်ကြီးပါပဲကွယ်"
"သေစမ်း လောင်စစ် မင်းငါ့ကိုထပ်ပြောရင် ငါထရိုက်တော့မှာနော်"
"ဘလာ...ဘလာ....ဘလာ"
အပြင်ဘက်ရှိဆူညံသံကြောင့် ကျားလိမှာနိုးလာခဲ့ပြီးခေတ္တမျှသူမဘယ်ရောက်နေသည်ကိုမေ့လျော့သွားခဲ့သည်။အခန်းအားမျက်လုံးဝေ့ကြည့်ပြီးမှ သူမဘယ်ရောက်နေသည်ကို ပြန်အမှတ်ရလိုက်၏။သူမအိပ်ပျော်နေစဉ်က မြင်မက်ခဲ့သည်တို့ကို ပြန်လည်တွေးတောကာ ကျားလိတစ်ယောက်သက်ပြင်းတစ်ချက်ချလိုက်သည်။အဘွားဖြစ်သူအား သူမ၏ခင်ပွန်းထံပြန်မပို့နိုင်ခဲ့ခြင်းမှာ သူမ၏နောင်တတစ်ခုဖြစ်ရာ အိပ်မက်ထဲ၌ အဘွားဖြစ်သူကသူမခင်ပွန်းနှင့်ထွက်သွားတော့မည်ဟု ဆိုခဲ့သောကြောင့် အမှန်ကိုစိတ်သက်သာရာရခဲ့ပေ၏။ယခုဆိုလျှင် သူမ၌အနာဂတ်ကာလ၏တွယ်တာရာများလည်းမရှိတော့ပြီမို့ အဘွားဆန္ဒအတိုင်းပိုပြီးပျော်ရွှင်စွာနေထိုင်ဖို့ရန်သာရှိတော့သည်။
လက်ပတ်နာရီအားကြည့်လိုက်ရာ လေးနာရီသာရှိသေးသော်ငြား ကျေးလက်များတွင်တော့ ဤအချိန်မှာနောက်တောင်ကျနေပြီဖြစ်၏။အိမ်ရှိကလေးများ၏စကားသံများကိုပင် ကြားနေရကာအအိပ်ကြီးသလိုဖြစ်သွားရသည့်အတွက် ကျားလိမှာအနည်းငယ်ရှက်ရွံ့သွားမိ၍ အိပ်ရာပေါ်ဆက်မနေတော့ဘဲ ပြင်ဆင်ပေးထားသည့်ရေနွေးဖြင့်ဆေးကြောသန့်စင်ကာ အိမ်မကြီးဘက်ထွက်လာစဉ် ရှောင်စန်းတစ်ယောက်မီးဖိုချောင်ထဲရောက်နေသည်ကိုတွေ့၍ နှုတ်ဆက်လိုက်သည်။ကြက်သွန်မြိတ်လှီးနေသောရှောင်စန်းမှာ သူမအားပြန်နှုတ်ဆက်ကာ သူလုပ်နေသည်တို့ကိုပြောလာ၏။
"ကျားလိကျဲ အိမ်ထဲဝင်ပြီးခဏစောင့်ပေးဦးနော်။အမေကဒီနေ့မနက်တော့ ကျဲအတွက်ဆန်ပြုတ်ချက်ခိုင်းထားတာ ရတော့မယ်"
ရှောင်စန်း၏စကားကြောင့် ကျားလိမှာခေတ္တမျှကြောင်အမ်းသွားသော်ငြား သူ့လက်ထဲရှိဓားအားကြည့်ကာ မေးလိုက်သည်။
"မင်းကမီးဖိုချောင်ဝင်နိုင်တယ်ပေါ့ ရှောင်စန်း။အံ့ဩစရာပဲ မင်းရဲ့အနာဂတ်မိန်းမလေးကတော့ ထီပေါက်တာပဲ"
ရှောင်စန်းမှာ ထီပေါက်သည်ကိုနားမလည်သော်လည်း မိန်းမယူရမည့်အကြောင်းတွေးမိကာ နှာခေါင်းရှုံ့လိုက်၏။သို့သော်ကျားလိကိုတော့ ဘာမှပြန်ပြောမလာခဲ့ပေ။
"ဓားကိုင်တာတို့ မီးမွှေးတာတို့ကိုသတိထားနော် အန္တရာယ်များတယ်"
ဤခေတ်၌ကလေးများမှာ အလွန်ကျွမ်းကျင်ကာ လုပ်နိုင်ကိုင်နိုင်စွမ်းရှိကြ၍ သူ့အားတားဆီးမနေတော့ချေ။သို့သော် သတိတော့ပေးရပေမည်။
"စိတ်မပူပါနဲ့ ကျားလိကျဲ။ဒီမီးဖိုချောင်က ကျွန်တော်၅နှစ်သားကတည်းက ကျွန်တော့်ရဲ့ပိုင်နက်နယ်မြေဖြစ်လာတာ ခုဆို၇နှစ်တောင်ကြာခဲ့ပြီ။ပြီးတော့ တစ်အိမ်လုံးမှာ ကျွန်တော်တစ်ယောက်ပဲ လျှာပါကိုက်မိလောက်အောင်အရသာရှိရှိချက်တတ်တာလေ"
ရှောင်စန်းမှာ ကျားလိ၏အဝါနုနုဝတ်စုံနှင့် သားရေရှူးဖိနပ်တို့အားကြည့်ကာ အထဲဝင်မလာစေရန်တားလိုက်၏။
"ကျားလိကျဲ အိမ်ထဲအမြန်ဝင်ပြီး အမေတို့နဲ့သွားစောင့်နေလိုက်ပါ။တော်ကြာကျဲအင်္ကျီတွေပေကုန်လိမ့်မယ်။ကျဲဝတ်ထားတဲ့အင်္ကျီနဲ့ဖိနပ်ဆို ဈေးကနည်းမှာမဟုတ်ဘူး။ပေပွသွားခဲ့ရင် ကျဲကမနှမြောတောင် ကျွန်တော်တော့ နှမြောတာနဲ့တင် အိပ်ပျော်တော့မှာမဟုတ်ဘူး"
သူ၏စကားကြောင့်ကျားလိလည်း ငွေနှလုံးသားပိုင်ရှင်လေး ရှောင်စန်းကိုမနှောင့်ယှက်တော့ဘဲ အိမ်မကြီးဘက်ထွက်လာလိုက်သည်။အိမ်ထဲတွင်အမေယီကအရွက်သင်နေပြီးရှောင်အာ့မှာအဝတ်များချုပ်နေကာ ရှောင်စစ်မှာတော့ သူ၏မိခင်ထံမှချိုချဉ်အား ချွဲနွဲ့ကာတောင်းနေ၏။အမေယီမှာ ကျားလိအားမြင်သည်နှင့် လက်ဝှေ့ယမ်းကာခေါ်လိုက်သည်။
"ရှောင်ကျားနိုးပြီလား။လာထိုင်လေ ရှောင်စန်းကချက်တုန်းရှိသေးတယ် ခဏစောင့်လိုက်ဦး။မနေ့ကမင်းပေးထားတဲ့ပစ္စည်းတွေကများနေတော့ သူကလက်စွမ်းပြချင်နေတာလေ။အဲ့ဒါနဲ့ပဲ ခေါက်ဆွဲမချက်တော့ဘဲ ဆန်ပြုတ်တည်နေလေရဲ့"
ရှောင်အာ့နှင့်ရှောင်စစ်တို့လည်း ကျားလိကျဲဟုခေါ်ကာ နှုတ်ဆက်လာကြ၏။ကျားလိလည်း သူတို့အားပြုံး၍ပြန်နှုတ်ဆက်လိုက်ကာ အမေယီဘက်ဝင်ထိုင်၍ သူမလုပ်သလို အရွက်လိုက်သင်လိုက်သည်။
"ရပါတယ်။ကျွန်မတောင်ရှောင်စန်းက ဟင်းချက်တတ်တယ်ဆိုတော့အံ့ဩသွားရသေးတယ်။ကျွန်မဆို ဒီအရွယ်ထိမီးဖိုချောင်မဝင်ဖူးေသးဘူး"
"အဲ့ကလေးကချက်တာပြုတ်တာ တအားဝါသနာထုံတဲ့ကလေးလေ။အစကတော့ တစ်ခုခုဖြစ်မှာစိုးလို့ မီးဖိုချောင်ထဲဝင်ခွင့်မပြုခဲ့ပေမယ့် သူကခိုး,ခိုးဝင်တော့ ပိုအန္တရာယ်များတယ်လေ။အဲ့ဒါနဲ့ပဲသူ့စိတ်တိုင်းကျလွှတ်ထားပေးလိုက်တော့တယ်။ဒါပေမယ့် မင်းမပြောနဲ့ဦး အဒေါ်ချက်တာထက်တောင် သူချက်တာကပိုကောင်းသေးတယ်။အမလေး ရှောင်ကျား အဒေါ့်ဘာသာသင်ပါ့မယ်...မင်းလက်တွေပေကုန်တော့မှာပဲ"
အမေယီမှာ ကျားလိလက်ထဲမှအရွက်များအားပြန်လုကာ ပြောလာ၏။ကျားလိလည်း အမေယီ၏လက်ကို အသာပုတ်ကာ အရွက်တို့ကိုပြန်ယူလိုက်သည်။
"ကိစ္စမရှိပါဘူး အန်တီရဲ့။မဟုတ်လည်း ဒီမှာအူတူတူကြီးထိုင်နေရမယ့်အတူတူ အလုပ်လုပ်လိုက်တော့ ပိုအကျိုးရှိတာပေါ့။ဒါနဲ့ရှောင်ဟွေ့ကဘာတွေချုပ်နေတာလဲ"
သူမမှာအမေယီအား စကားအနည်းငယ်ဖြင့် ချွေးသိပ်လိုက်ပြီးရှောင်အာ့ဘက်စကားလမ်းကြောင်းလွှဲလိုက်၏။ကျန်လူများမှာ ယီဟွေ့အားရှောင်အာ့ဟု လွယ်လွယ်ခေါ်နိုင်ကြသော်ငြား သူမမှာထိုသို့ခေါ်ဆိုရန်အားနာနေမိ၍ ရှောင်ဟွေ့ဟုသာခေါ်လိုက်သည်။ကျားလိ၏အမေးကို ရှောင်အာ့အစားရှောင်စစ်ကဝင်ဖြေလာ၏။
"လောင်အာ့ကကျွန်တော့်အင်္ကျီအပြဲတွေကို ချုပ်ပေးနေတာလေ။လောင်အာ့လက်ရာက စီရင်စုထဲက စက်ချုပ်သမားတွေထက်တောင် ပိုကောင်းတယ်။တစ်ခါကဆို စီရင်စုက စက်ချုပ်သမားတစ်ယောက်ကတောင် လောင်အာ့လက်ရာကိုအရမ်းကောင်းတယ်ဆိုပြီး ချီးကျူးခဲ့တာလေ။အဲ့တုန်းကဆို လောင်အာ့မှာတစ်လလောက်ထိ အူတူတူနဲ့ကြိတ်ပျော်နေခဲ့တာ ရယ်ချင်စရာကြီး"
ရှောင်စစ်၏စကားကြောင့် ရှောင်အာ့မျက်နှာမှာရဲလာပြီး ရှောင်စစ်အားဆူလိုက်သည်။
"ရှောင်စစ် မင်းထပ်ပြောရင်ငါနောက်တစ်ခါကျ မင်းဆော့လို့ပြဲသွားတဲ့အင်္ကျီတွေကို ချုပ်ပေးတော့မှာမဟုတ်ဘူးနော်"
ရှောင်စစ်မှာ ရှောင်အာ့စကားကိုအဖတ်မလုပ်ပဲ ကျားလိအားရှောင်အာ့မျက်နှာဘက်လက်ညိုးထိုးကာ ရယ်တော့၏။
"တွေ့လား ကျားလိကျဲ။သူ့မျက်နှာကြီးရဲနေတာ အဲ့တုန်းကလည်း ဒီလိုကြီးရဲနေတာ ဟားဟား"
အမေယီနှင့်ကျားလိလည်း ရှောင်စစ်၏သူ့အစ်ကိုအားညစ်တစ်တစ်ကျီစယ်နေပုံကြောင့်ရယ်လိုက်မိကြသည်။သို့သော် ကျားလိမှာတော့ အမြဲတည်ငြိမ်နေတတ်သောရှောင်အာ့မှာယခုအချိန်၌အလွန်တောက်ပနေပြီး သူ့ပတ်ဝန်းကျင်၌ ပန်းရောင်ပူဖောင်းလေးများဖြင့်ပြည့်နေသလို ခံစားမိလိုက်၏။သူ့အားချီးကျူးလိုက်သည့် စက်ချုပ်သမလေးမှာ သူ၏မြီးကောင်ပေါက်အရွယ်ဖြစ်လေ့ရှိသော စိတ်ကစားမှုအား လှုံ့ဆော်မိလိုက်သည့်ပုံပင်။သို့သော်ဤကိစ္စလေးများမှာလည်း အလွန်အကျွံမဟုတ်သ၍ လူငယ်ဘဝ၏ချိုမြိန်သောအမှတ်တရလေးများထဲမှ တစ်ခုဖြစ်ရာ ကျားလိလည်းမမြင်ဟန်ဆောင်နေလိုက်တော့၏။တစ်ဖက်၌ရှောင်စစ်မှာတော့ ကြွားလုံးထုတ်နေတော့သည်။
"ပြောရရင် ကျွန်တော်တို့အိမ်က ဆရာကြီးတွေပဲရှိတာနော်။အမေက စီမံညွှန်ကြားတဲ့နေရာမှာ ဆရာကြီး၊ကျားလိကျဲကကျ ဆေးပညာမှာဆရာကြီး၊သာ့ကောကကျ အုပ်ထိန်းမှုပေးတဲ့နေရာမှာ ဆရာကြီး၊လောင်အာ့ကကျ အပ်ချုပ်တဲ့နေရာမှာဆရာကြီး၊လောင်စန်းကကျ ချက်ပြုတ်တဲ့နေရာမှာဆရာကြီး"
ရှောင်စစ်သည် ကျောင်းမှသင်လာသမျှအား လက်တွေ့အသုံးချရသည်ကို နှစ်သက်သူလေးဖြစ်၍ ဆရာကြီးစာရင်းကို ထုတ်ပြန်လာတော့၏။ကျားလိလည်း သူ၏ကလေးအဆီလေးများဖြင့်ပါးဖောင်းဖောင်းလေးအား အသာဆွဲကာ စနောက်လိုက်သည်။
"ဒါဆိုရှောင်စစ်ကကျ ဘာဆရာကြီးလဲ"
"ကျွန်တော်ကကျ ချစ်စရာကောင်းလွန်းတဲ့နေရာမှာ ဆရာကြီး။ရွာထဲမှာဆို အပေါက်ဆိုးတဲ့ ဒေါ်ကြီးရှုန်းတောင် ကျွန်တော့်ကိုချစ်တယ်"
"ဖီ.....မင်းရဲ့ကြွားလုံးတွေကိုဆက်ပြောနေမယ်ဆိုရင် မနက်စာမစားနဲ့တော့။အဲ့ဒီလေလုံးတွေကိုသာ ဗိုက်ထဲအဝထည့်ထားလိုက်"
ရှောင်စစ်၏စကားကို ပန်းကန်လုံးများတင်ထားသည့်ဗန်းကိုကိုင်လာသည့်ရှောင်စန်းက ဖြတ်ပြောလိုက်သည်။ရှောင်စန်းကိုမြင်သည်နှင့် ရှောင်အာ့မှာ အပ်ချုပ်ပစ္စည်းများအားပြန်လည်သိမ်းဆည်း၍ ကူညီပေးလိုက်၏။အမေယီနှင့် စားပွဲတွင်ဝင်ထိုင်လိုက်သောရှောင်စစ်မှာ ရှောင်စန်း၏စကားအားပြန်အတွန့်တက်လိုက်သည်။
"ငါ့ကိုလာမအော်နဲ့ အနံ့ဆိုးတဲ့လောင်စန်းရဲ့။မင်းငါ့ကိုကောင်းကောင်းမဆက်ဆံရင် ဒီတစ်ခေါက်ခယ့်ရှင်းပြန်လာတာနဲ့ မင်းကိုဆက်ကူညီခိုင်းေတာ့မှာမဟုတ်ဘူး"
ရှောင်စန်းမှာထိုစကားကြောင့် နင်သွားရ၏။အမေယီမှာညီအစ်ကိုကြား စကားစစ်ထိုးပွဲလေးကိုရပ်ခိုင်းကာ ဆူလိုက်သည်။
"တော်တော့နော်။နင်တို့နှစ်ယောက်ဟာလေ တည့်တဲ့အချိန်ကိုမရှိဘူး။ရှောင်အာ့ မင်းအစ်မကိုအသားပိုထည့်ပေးလိုက်နော်"
ကျားလိမှာထိုအလေးပေးမှုအားငြင်းဆန်လိုက်၏။
"မလိုပါဘူး။အတူတူစားကြတာပေါ့ ကျွန်မကအစားနည်းတော့ ရှောင်ဟွေ့တို့ကလေးတွေပိုစားပါစေ"
သူမစကားမှာအဖြေပြန်မလာခဲ့ပေမယ့် စားပွဲပေါ်ဟင်းခွက်များ အကုန်ချပြီးသည်နှင့် သူမပန်းကန်ထဲရှိအသားမှာ အများဆုံးဖြစ်ကြောင်းတွေ့လိုက်ရသည်။ထပ်ပြောလိုက်လျှင်လည်း မကောင်းတတ်တော့၍ အသာငြိမ်နေလိုက်တော့၏။အခွင့်အရေးမယူတတ်သည့် အမေယီတို့ကိုလည်း ပို၍အမြင်ကြည်လာခဲ့သည်။ရှောင်စန်းမှာ စားပွဲတွင်ထိုင်ပြီးသည်နှင့် စတင်လေလုံးထွားတော့၏။
"ကျားလိကျဲ ဒါကကျွန်တော်ချက်ထားတဲ့အထူးဝက်သားဆန်ပြုတ်။တစ်ဇွန်းစားလိုက်တာနဲ့ ကျဲလက်မလွတ်နိုင်ဖြစ်သွားရစေ့မယ်"
ရှောင်စစ်မှာထိုစကားကိုတော့ ထောက်ခံလာ၏။
"အဲ့ဒါတော့မှန်တယ် ကျားလိကျဲ။လောင်စန်းကကျန်တဲ့နေရာမှာသာ အဖြစ်မရှိတာ ဟင်းချက်တဲ့နေရာမှာတော့ အရမ်းကောင်းပဲ"
"အရူး"
ရှောင်စန်းမှရှောင်စစ်အား လှမ်းဆဲလိုက်ရာ ရှောင်စစ်ကလျှာထုတ်ပြပြီး ဆန်ပြုတ်ခွက်ထဲခေါင်းစိုက်ေတာ့မတတ်စားတော့၏။သူတို့အဖို့ အစ်ကိုကြီးဖြစ်သူစစ်တပ်မှအားလပ်ရက်ရကာမှသာ အသားစားရသည်ဖြစ်၍ ယခုမှာမစားရသည်လည်းကြာနေပြီဖြစ်ရာအားရပါးရလွေးတော့သည်။ကျားလိလည်း ဆန်ပြုတ်အားတစ်ဇွန်းခပ်သောက်လိုက်ရာ ဆန်၏စေးပိုင်မှု၊ဝက်သား၏ချိုဆိမ့်ေသာအဆီအနှစ်အပြည့်တို့မှာ ရောယှက်နေကာ ကြက်သွန်မြိတ်၏ ရှတတအရသာတို့ကပါ တစ်လုပ်ဝါးလိုက်တိုင်း ခံတွင်းထဲပေါက်ထွက်သွားခဲ့သည်။အစားနည်းသော ကျားလိပင် တစ်ဇွန်းပြီးတစ်ဇွန်း လက်မှမချတမ်းဆက်တိုက်စားနေမိတော့၏။