ကျားလိမှဆန်ပြုတ်အား အရသာရှိရှိသောက်နေသည်ကိုတွေ့သော် ရှောင်စန်းမှာဘဝင်ခိုက်သွားတော့၏။အမေယီမှာလည်း သူမတို့နှင့်အတူထိုင်ကာ အားပါးတရစားသောက်နေသည့်ကျားလိမှာ ပို၍နှစ်လိုဖွယ်ကောင်းလာသလို ခံစားနေရသည်။ထို့ကြောင့် အရွက်ကြော်ပန်းကန်လေးကိုသူမရှေ့တွန်းပို့ပေးကာ တိုက်တွန်းလိုက်၏။
"ဆန်ပြုတ်ချည်းသောက်မနေနဲ့လေ။အရွက်ကြော်လေးပါစားကြည့် ဒါကတောင်ပေါ်ကထွက်တဲ့အရွက်တွေဆိုပေမယ့် လတ်လတ်ဆတ်ဆတ်လေးဆိုတော့ ခံတွင်းတွေ့မှာပါ"
ကျားလိလည်းငြင်းမနေတော့ဘဲ အရွက်ကြော်အားလှမ်းယူကာ မြည်းစမ်းလိုက်ရာ တောတောင်၏လတ်ဆတ်သောအရသာတို့မှာ ခံတွင်းထဲစိမ့်ဝင်လာ၏။ထို့ကြောင့် အမေယီနှင့်ကလေးသုံးယောက်၏ပန်းကန်များထဲပါ အရွက်ကြော်များထည့်ပေးလိုက်ပြီး ကိုယ်တိုင်လည်းဆန်ပြုတ်နှင့်အရွက်ကြော်ကို ဗိုက်ပြည့်သည်ထိအဝစားသောက်လိုက်သည်။အငယ်ဆုံးလေးယီဇီမှာ သူ၏ပန်းကန်ထဲရှိကျားလိထည့်ေပးထားေသာ အရွက်များအားကြည့်ကာ အသားသာစားချင်သည့်သူ့စိတ်ကိုချွန်းအုပ်ကာအကုန်အစင်စားပစ်လိုက်၏။ကျန်လူများမှာလည်း ကျားလိမှာသူတို့အားဟင်းထည့်ပေးလာ၍ အံ့ဩသွားကြသော်ငြား ကုန်စင်အောင်စားသောက်လိုက်ကြသည်။ဤထမင်းဝိုင်းလေးအပြီးတွင် သူတို့ကြား၌ စိမ်းသက်မှုမှန်သမျှပျောက်ရှကာ ပို၍နီးစပ်လာတော့၏။
ရှောင်စစ်လေးမှာ ပြည့်အင့်နေသောဗိုက်လုံးလေးအားပွတ်ရင်း ငြီးငြူနေတော့သည်။
"အား!ဒီလိုပြည့်အင့်နေတဲ့ခံစားချက်ကို မခံစားရတာဘယ်လောက်တောင်ကြာနေပြီလဲ။အသားကတော့ အသားပါပဲ အရသာကိုရှိနေရောပဲ"
အမေယီမှာ သူမသားငယ်၏ညီးတွားမှုကြောင့် သူမ၏မပြည့်စုံမှုအားစိတ်မကောင်းဖြစ်သွားရသော်ငြား သူမသည်လည်းဤထမင်းဝိုင်းကိုလွန်စွာကျေနပ်နေသည်မှာ သေချာလေ၏။ကျားလိလည်း သူတို့လေးတွေ၏ ပိန်ပိန်ပါးပါးပုံစံလေးများအားကြည့်ကာ အားမရနေသူဖြစ်၍ အာမခံပေးလိုက်သည်။
"စိတ်မပူပါနဲ့ အခုမင်းတို့မှာကျဲရှိနေပြီပဲ။ဆိုတော့နောက်ရက်တွေမှာ မင်းတို့တွေဗိုက်ပေါက်မတတ်စားရစေရမယ်"
အမေယီမှာကျားလိအား ကမန်းကတန်းငြင်းလာ၏။
"မဟုတ်တာ အခုမင်းပေးထားတာတွေကတောင်များလှပြီ။နေ့တိုင်းအသားနဲ့စားရအောင် အဒေါ်တို့ကအရင်းရှင်တွေလည်းမဟုတ်ပဲ ဒီကောင်လေးတွေက ကလေးသဘာဝလောဘကြီးနေကြတာကို သွားအလိုလိုက်မနေနဲ့"
"အန်တီယီ မနေ့ကပဲကျွန်မကိုမိသားစုဝင်တစ်ယောက်လို သဘောထားမယ်လို့ပြောခဲ့တာလေ။အဲ့တော့ကျွန်မမောင်တွေကို ဗိုက်ပြည့်အောင်ကျွေးတာဘာမှားလို့လဲ။ပြီးတော့ သူတို့ကကြီးထွားစအရွယ်တွေဆိုတော့ အာဟာရပြည့်အောင်စားမှ အရပ်ရှည်ရှည် သန်သန်မာမာနဲ့ထက်မြက်လာမှာလေ။အဲ့လိုမှသာ ကျွန်မတို့ကိုလည်း သူတို့ကပြန်ပြီးကောင်းကောင်းဂရုစိုက်ပေးနိုင်မှာပေါ့။အဓိက,က ကျွန်မကအဒေါ်ယီတို့ကို ချက်ပြုတ်ခိုင်းရတာလေ။ကျွန်မကကောင်းကောင်းစားတတ်တဲ့လူဆိုတော့ အဒေါ်ယီတို့မစားရတဲ့ အစားကောင်းတွေကို တစ်ယောက်တည်းကွဲပြီး စားမနေချင်လို့ပါ။ပြီးတော့ အစားကောင်းကောင်းစားတောင် ကျွန်မမှာ နောင်ရေးအတွက် စုထားပြီးသားမလို့ စိတ်မပူပါနဲ့"
အမေယီမှာကျားလိ၏ စည်းရုံးစကားကြောင့် လိုက်လျောရုံသာရှိတော့သည်။သို့သော်သူမသားများကိုတော့ သတိပေးလိုက်၏။
"မင်းတို့တွေ ကျားလိကျဲကေဆွမျိုးရင်းချာမဟုတ်တာေတာင် ဘယ်လောက်ကောင်းပေးလဲသိကြတယ်နော်။သူမစကားနားမထောင်တဲ့လူရှိလို့ကတော့ ဘောင်းဘီချွတ်ရိုက်ခံရမယ်မှတ်။အခုမင်းတို့ကျားလိကျဲကို ကျေးဇူးတင်လိုက်ကြလေ"
ယီအိမ်မှကလေးများမှာ ခံစားချက်များအပေါ်သိလွယ်သူများဖြစ်၍ ကျားလိမှာသူတို့အပေါ် စိတ်ရင်းဖြင့်ကောင်းပေးမှန်းသိကြလေ၏။အမေယီ၏ခြိမ်းခြောက်စကားမပြောလျှင်တောင် သူတို့ကနာခံကြမည်ဖြစ်သည်။ထို့ကြောင့်သုံးဦးသားမှာနှောင့်နှေးမနေကြပဲ ကျေးဇူးတင်လိုက်ကြ၏။
"ကျေးဇူးတင်ပါတယ် ကျားလိကျဲ"
"ယေး ခုကစပြီးအသားစားရတော့မယ်"
"လောင်စန်းဦးနှောက်ကတော့ အသားစားရင်တောင် ထက်မြက်လာမယ်မထင်ဘူး"
"နံစော်နေတဲ့လောင်စစ် ငါခယ့်ရှင်းဆီကနေ ငွေရလာလို့ကတော့ မင်းကိုချိုချဉ်ဝယ်မကျွေးတော့ဘူး"
"အရူးလောင်စန်းရဲ့ မင်းဝယ်မကျွေးတောင် ငါ့မှာဝယ်ကျွေးမယ့်ခယ့်ရှင်းေရာ ကျားလိကျဲရောရှိတယ်ကွ ဘလာ....ဘလာ..."
"မင်းတို့ကောင်တွေ ရန်မဖြစ်ပဲနေလို့မရဘူးလား"
"ပါးစပ်ပိတ်ထား" "ပါးစပ်ပိတ်ထား"
"......."
လောင်စန်းမှာ ကျားလိနားကပ်ကာ မျက်နှာချိုသွေးလေ၏။
"ကျားလိကျဲကျွန်တော့်မှာပိုက်ဆံရှိလာရင် ကျဲလိုချင်တာတွေဝယ်ပေးမယ်နော်"
ထိုစကားပြောပြီးနောက် ကျားလိ၏အသုံးအဆောင်ပစ္စည်းများ၏ကုန်ကျစရိတ်ကို ပြန်တွေးမိကာ အလောတကြီးထပ်ဖြည့်ပြောလိုက်သည်။
"၂၀ဆင့်အတွင်းဆို လိုချင်တာဝယ်လို့ရတယ်"
ကျားလိမှာ ငွေချစ်သူလေးရှောင်စန်းထံမှ နှစ်ဆယ်ဆင့်ရယူနိုင်လိုက်သည့်အပေါ် သဘောတွေ့သွားတော့၏။သို့သော် သိချင်စိတ်ဖြင့်မေးလိုက်သည်။
"ဒါဆိုရှောင်စန်းက ဘယ်ကပိုက်ဆံရမှာမလို့လဲ"
အမေယီသည် ရှောင်စန်းနဖူးအား အသာတောက်ရင်းကျားလိကို ရှင်းပြလာ၏။
"ဒီကလေးက မုန့်တွေလုပ်ပြီး ဟိုနေရာမှာရောင်းတာလေ။သူကလုပ်ပေးပြီး ခယ့်ရှင်းက ကျောင်းဆင်းတာနဲ့ သွားရောင်းပေးတာ။ငွေကိုကျ တစ်ဝက်ဆီခွဲယူကြတာပေါ့"
အမေယီ၏ရှင်းပြချက်အသေးစိတ်ကြောင့် ကျားလိလည်းရှောင်စန်းကို ချီးကျူးလိုဟန်ဖြင့်ကြည့်လိုက်သည်။သူမတို့ခေတ်တွင် ၁၂နှစ်ဆိုသည်မှာ ကလေးလုပ်လို့ကောင်းတုန်းအရွယ်ဆိုပေမယ့် ဤခေတ်ကာလတွင်တော့ ကလေးလုပ်ချိန်မရှိဘဲ မြန်မြန်ရင့်ကျက်လာကြကာ မိသားစုဝန်အားကူထမ်းပေးကြရ၏။အစကရှောင်စန်းမှာ တောရိုင်းဟင်းရွက်များသာရောင်းခဲ့ပြီး ထိုမှနေ ငွေစုရင်း မုန့်များလုပ်ကာရောင်းခဲ့သည်။ခဏခဏမရောင်းဖြစ်သော်ငြား တစ်လတစ်ခါတော့ ရောင်းဝယ်ကြလေ၏။အမေယီမှာလည်း ထိုအလုပ်မှာ အန္တရာယ်များမှန်းနားလည်ပေသိ တစ်ခါရောင်းလျှင် နှစ်ယွမ်ဝန်းကျင်မျှရနေရာ သူမတို့မိသားစုလည်း စားဝတ်နေရေးချောင်ချိလာသဖြင့် သတိထားရန်သာအထပ်ထပ်ပြော၍ မျက်နှာလွှဲပေးထားလိုက်သည်။
"ကျွန်မကသွားတိုင်မှာမကြောက်ဘူးလား"
သူစိမ်းဖြစ်သောသူမအား ဤကိစ္စကိုတည့်ပြောလာ၍ ကျားလိမှာခံစားသွားရသော်ငြား ဤကိစ္စမှာအသက်အန္တရာယ်ပင်များ၍ မေးလိုက်၏။အမေယီမှာ သူမအားနွေးထွေးစွာကြည့်၍ ဟာသနှောကာပြောလာသည်။
"မင်းပဲသူတို့ရဲ့အစ်မကြီးဖြစ်ချင်တယ်ဆို။အဲ့လိုဆိုမှတော့ သူတို့ကိုဘယ်လိုလုပ်အန္တရာယ်ပေးပါ့မလဲ"
ကျားလိမှာအမေယီ၏လက်မောင်းအားဖက်ကာ ရယ်လိုက်သည်။သို့သော် ရှောင်စန်းကိုတော့ လေးလေးနက်နက်သတိပေးလိုက်၏။
"ဒီကိစ္စကယုံကြည်ရတဲ့လူ ဟုတ်ဟုတ်မဟုတ်ဟုတ် လူသိနည်းလေကောင်းလေပဲနော်။နောက်မှ ကျဲစီရင်စုမြို့ဘက်ရောက်ရင် အချက်အပြုတ်ကျွမ်းတဲ့လူတစ်ယောက်လောက်ရှာပြီး မင်းကိုသင်ခိုင်းလိုက်မယ်။လာမယ့်နှစ်တွေမှာ စီးပွားရေးလုပ်ဖို့ပိုပွင့်လင်းလာမှာဆိုတော့ မင်းလည်းအတည်တကျစားသောက်ဆိုင်လေးဖွင့်ပေါ့"
ရှောင်စန်းမှာကျားလိအား ကျေးဇူးတင်လိုက်ပြီး ထိုနေ့ကိုစောင့်နေမည်ဟုပြောလာသည်။ခဏတာမျှစကားဝိုင်းလေးဖွဲ့ပြီးသော် အမေယီလည်း အလုပ်လုပ်ရန်သွားတော့မည်ဖြစ်၍ ကျားလိလည်းပစ္စည်းအနည်းငယ်ရွေးထုတ်ကာ ရှောင်စစ်အားခေါ်၍ ခေါင်းဆောင်ကျိအိမ်ဆီထွက်လာလိုက်၏။
ခေါင်းဆောင်ကျိ၏အိမ်မှာ ပုံမှန်ကျေးလက်အိမ်များကဲ့သို့ မြေစိုက်ရွှံ့အိမ်သာဖြစ်သည်။ခြံတံခါးအားဖွင့်ထား၍ လှမ်းခေါ်လိုက်ရာ ခေါင်းဆောင်ကျိ၏ ဇနီးအမျိုးသမီးကျိကထွက်လာပြီး ကျားလိမှန်းသိသွား၍ အိမ်ထဲဝင်လာရန်ပြောလိုက်သည်။ကျားလိမှာ ရှောင်စစ်တစ်ယောက် ခြေတကြွကြွဖြစ်နေသည်ကိုတွေ့၍ ချိုချဉ်တစ်ချို့ သူ့အိတ်ကပ်လေးထဲထည့်ပေးလိုက်ကာ သွားကစားခိုင်းလိုက်၏။ထိုခါမှ ရှောင်စစ်မှာ ဝမ်းသာအားရကျေးဇူးတင်လိုက်ပြီး ဆော့နေကြသော ကလေးတစ်စုထံပြေးကာ သူ့ချိုချဉ်များကို ထုတ်ကြွားနေတော့သည်။
ကျားလိလည်း ထိုမြင်ကွင်းအားကြည့်ကာ ခေါင်းသာယမ်းမိလိုက်၏။ထို့နောက် ပါလာသောပစ္စည်းများအား အမျိုးသမီးကျိအားပေးလိုက်သည်။
"မနေ့ကအရမ်းမိုးချုပ်နေပြီမလို့ မလာဖြစ်တာလေ။အခုမှလာနှုတ်ဆက်လိုက်တဲ့အတွက် အန်တီကပဲနားလည်ပေးပါနော်"
အမျိုးသမီးကျိမှာ သူမေပးလာသည့်များပြားလှေသာပစ္စည်းများအားကြည့်ကာ အပြုံးများကပိုပြီးချိုမြိန်လာကာ သူမအားစိတ်ပါလက်ပါစကားပြောလာတော့၏။
"ဟေး အချင်းချင်းကြားဒီလိုသူစိမ်းဆန်မနေပါနဲ့။မင်းဦးကြီးကအထဲမှာ ဒါရိုက်တာဝမ်တို့နဲ့စကားပြောနေတာ ဝင်သွားချည်။ဒါနဲ့မနက်စာ စားခဲ့ပြီလား။မစားရသေးရင် အဒေါ်တို့အိမ်က စားသွားလေ"
"မလိုတော့ပါဘူး အန်တီ။ကျွန်မစားခဲ့ပါပြီ"
အမျိုးသမီးယီမှာ ကျားလိအပေါ်ပို၍အမြင်ကြည်လာကာ အိမ်ထဲသို့လိုက်ပို့လာသည်။အိမ်ထဲရှိစားပွဲတွင် ခေါင်းဆောင်ကျိနှင့်ဒါရိုက်တာဝမ်အပြင် သူမ မသိသောလူငယ်တစ်ယောက်ကိုပါ တွေ့လိုက်ရ၏။ခေါင်းဆောင်ကျိမှာကျားလိအားတွေ့သည်နှင့် ထနှုတ်ဆက်လာသည်။
"ဘာအရေးကြီးကိစ္စရှိေနလို့လဲ ဒေါက်တာကျား။မနေ့ညက အဆင်မပြေတာတစ်ခုခုရှိလို့များလား"
"မဟုတ်ပါဘူး ခေါင်းဆောင်ကျိရဲ့။အားလုံးအဆင်ပြေပါတယ်။အခုလာရင်းကိစ္စကလက်ဆောင်လေးတွေပေးရင်း ဘယ်အချိန်အလုပ်ဆင်းရမလဲ လာမေးတာပါ"
ကျားလိမှာစကားလည်းပြောရင်း ဒါရိုက်တာဝမ်အားကျန်သည့်ပစ္စည်းများပေးလိုက်သည်။ဒါရိုက်တာဝမ်မှာ ဂျုံမှုန့်ဖြူနှင့်သကြားအပြင် စီးကရက်နှင့်အရက်ကဲ့သို့ ဈေးကြီးပစ္စည်းများအားကြည့်ကာ ကျားလိအားငြင်းဆန်ချင်ေသာ်ငြား ကျားလိမှအတင်းပြန်ပေးလိုက်ရ၏။ဝမ်ရှို့ရင်းမှာ လက်ဆောင်ပစ္စည်းများအား ဝမ်းပန်းတသာလက်ခံလိုက်ပြီး ကျားလိကိုနွေးထွေးစွာပြန်ဖြေလိုက်သည်။
"အဒေါ်တို့လည်း မင်းဆီလာပြောတော့မလို့ပဲ။အဆင်ပြေရင် မနက်ဖြန် သဘက်ခါလောက်စလိုက်တော့လေ"
ကျားလိလည်းလက်ခံလိုက်ကာ ပြန်ရန်ပြင်လိုက်စဉ် ထိုင်နေသောလူငယ်မှာထ၍ချောင်းဟန့်လာ၏။ထိုခါမှ ခေါင်းဆောင်ကျိလည်း မပြောချင်ပြောချင်ဖြင့် မိတ်ဆက်ပေးလိုက်သည်။
"ဪ ဒါနဲ့ဒီလူငယ်က ပညာတတ်လူငယ်ခေါင်းဆောင် လီချောင်တဲ့"
လီချောင်မှာ ဤရွာ၌တာဝန်ကျလာသည့်ဆရာဝန်မလေးမှာ ချောမောလှပကာ နောက်ခံကောင်းသည်ဟု သတင်းကြားမိသော်ငြား လက်တွေ့မြင်မှသာ အင်မတန်ချောမောလှသူဖြစ်သည်ဟု ယုံကြည်မိတော့သည်။သူ့လိုအနာဂတ်မရှိတော့သည့်လူအဖို့ သူမနှင့်သာရင်းနှီးပါလျှင် တက်လမ်းပေါ်လာမည်မှာအမှန်ပင်ဖြစ်၍ မျက်နှာချိုသွေးလိုက်၏။
"တွေ့ရတာဝမ်းသာပါတယ် ဒေါက်တာကျားလိ။ကျွန်တော်က ပညာတတ်လူငယ်ခေါင်းဆောင် လီချောင်ပါ။နောက်များအကူအညီလိုတာရှိရင် အားမနာတမ်းလာပြောလို့ရပါတယ်"
ကျားလိလည်း ထိုလူ့မျက်နှာပေါ်ရှိတွက်ချက်မှုများကို မြင်နေရသည့်အပြင် ခေါင်းဆောင်ကျိမှာလည်း သေချာမိတ်ဆက်ပေးသူမဟုတ်၍ အရေးတယူလုပ်မနေတော့ပဲ ခေါင်းသာငြိမ့်ပြလိုက်ပြီး ခေါင်းဆောင်ကျိတို့ကို နှုတ်ဆက်ကာ အိမ်ပြန်သွားတော့၏။