လီချောင်မှာ ကျားလိ၏အေးစက်စက်အပြုအမူကြောင့် မအီမလည်ဖြစ်သွားသော်ငြား သူ့တွင်အတွန့်တက်ရန်အခွင့်အရေးမရှိသ၍ အောင့်အီးထားလိုက်ရတော့သည်။ခေါင်းဆောင်ကျိမှာ ကျားလိ၏အပြုအမူကြောင့် လွန်စွာကျေနပ်သွားရ၏။ဤပညာတတ်လူငယ်များမှာ မည်မည်ရရမလုပ်တတ်မကိုင်တတ်ကြသော်ငြား သူတို့ကိုယ်သူတို့ပညာတတ်ဆိုသည့်ဂုဏ်ပုဒ်ကို ဦးတင်ကာသူတို့လိုရွာသားများထက် မြင့်မြတ်နေသလို ပြုမူတတ်ကြသည်။ယခင်က သူသည်ထိုပညာတတ်များထိုသို့ပြုမူကြသည်မှာ ပုံမှန်ဟုထင်ခဲ့၏။သို့သော် ဒေါက်တာကျားလိမှာ သူတို့ထက်ပညာပိုတတ်သည့်အပြင် နောက်ခံပါကောင်းနေပေမယ့် သူတို့အားအထင်မသေးသည့်အပြင် ရင်းရင်းနှီးနှီးပင် ပြောဆိုဆက်ဆံသောကြောင့် ကျိဝေမှာ အောက်ခြေလွတ်ပြုမူတတ်သည့် ပညာတတ်လူငယ်များအားပို၍အမြင်မကြည်ဖြစ်လာလေရာ သူ့အားခဏခဏရပိုင်ခွင့်အကြောင်းပြောကာ ဆရာလာ,လာလုပ်သည့် လီချောင့်အားအမြင်မကြည်ဆုံးဖြစ်၏။
ခေါင်းဆောင်ကျိနှင့်စကားပြောပြီး နှုတ်ဆက်ပြန်ထွက်လာသည့်ကျားလိမှာ အစောကအခြားကလေးများနှင့်သွားကစားသည့် ရှောင်စစ်ကသူမထံပြေးလာသည်ကို တွေ့လိုက်ရသည်။ကျားလိထံရောက်သည်နှင့် သူမလက်အားဆွဲကာ အိမ်ကိုအတူပြန်လာခဲ့ကြ၏။အိမ်ပြန်ရောက်သော် ရှောင်စန်းနှင့်ကလေးမလေးတစ်ဦးတို့ ဝေစုခွဲနေကြသည့်မြင်ကွင်းအား တွေ့လိုက်ရသည်။ကလေးမလေးမှာ သူမအားမြင်ချိန်တွင်ေခတ္တမှင်တက်သွားသော်ငြား ရှောင်စန်းမှမိတ်ဆက်ပေးလာချိန်တွင်တော့ ပြန်လည်တည်ငြိမ်သွားလေ၏။
"ခယ့်ရှင်း ဒါကငါတို့ရဲ့ကျားလိကျဲကျဲလေ။ကျားလိကျဲ သူကကျွန်ေတာ်ေပြာတဲ့ ခယ့်ရှင်းလေ။သူကလောင်စစ်ထက်တစ်နှစ်ကြီးတယ်"
ကျားလိလည်းခယ့်ရှင်းအားအပြုံးလေးဖြင့် နှုတ်ဆက်လိုက်ရာ ခယ့်ရှင်း၏မျက်နှာလေးမှာ ရှက်ရွံ့မှုကြောင့်နီရဲသွားရသည်။သူမစီရင်စုထဲတွေ့ခဲ့ရသည့် မိန်းကလေးများထက်ပင် ဤမမကလှပနေ၏။သူမရောက်ခါစက ရှောင်စန်းမှာ သူ၏ကျားလိကျဲသည် အလွန်သဘောကောင်းကာ ရက်ရောသည်ဟုပြောခဲ့သည်။သူမသည်လည်း ဤမမကသူမအပေါ် အထင်သေးကာရွံ့ရှာသလိုဆက်ဆံကြသည့် အခြားလူများနှင့်မတူမှန်း ခံစားနေမိ၏။ရှောင်စန်းမှာတော့ အခွင့်ရတုန်းကြွားလုံးထုတ်နေပါတော့သည်။
"ကျားလိကျဲကပြောတယ် သူမစီရင်စုမြို့ရောက်ရင် ဟင်းချက်ကျွမ်းတဲ့လူကိုရှာပေးပြီး ငါ့ကိုသင်ခိုင်းမှာတဲ့။ပြီးရင် စားသောက်ဆိုင်ပါဖွင့်ကြမှာနော်"
ခယ့်ရှင်းမှာရှောင်စန်း၏ကြွားဝါမှုကို မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်နေ၏။သူမမျက်ဝန်းများထဲတွင်တော့ အားကျမှုများပြည့်နှက်နေသည်။ကျားလိမှာထိုသည်ကိုမြင်မိလိုက်၍ ကလေးမလေး၏ခေါင်းအားပုတ်ကာ ခဏစောင့်ခိုင်းပြီး သူမအခန်းထဲမှ မုန့်များယူလာကာ ပေးလိုက်၏။
"ရှောင်ရှင်းအိမ်မှာ လူဘယ်နှယောက်ရှိတာလဲ။ကျဲက မင်းအိမ်ပြန်ရင်ယူသွားရအောင် နည်းနည်းထည့်ပေးလိုက်မယ်လေ"
သူမမြင်ဖူးသည့်မုန့်များအပြင် များပြားလှသည့်မုန့်ထုပ်များအားစိတ်လှုပ်ရှားစွာ ကြည့်နေသော ခယ့်ရှင်းမှာ ထိုအမေးကြောင့် ခဏတာမျှတိတ်ဆိတ်သွားခဲ့ပြီးပြန်ဖြေလာသည်။
"ညီမရဲ့မိဘတွေကမရှိကြတော့ပါဘူး။အိမ်မှာ ညီမတစ်ယောက်ပဲရှိတာပါ"
ထိုစဉ်ရှောင်စန်းမှဖြတ်ပြောလာ၏။
"ခယ့်ရှင်းမိဘတွေက အာဇာနည်တွေလေ။သူကသူ့မိဘတွေရဲ့ပင်စင်ကြေးနဲ့ ရွာစွန်မှာတစ်ယောက်တည်းနေတာ။အမေကသူမကိုသနားလို့ အတူခေါ်ထားပြီးကျွေးမွေးစောင့်ရှောက်ပေးထားတာ။ရွာထဲမှာဆို အမေကသူ့အိမ်ကိုလောဘတက်လို့ မျက်နှာလုပ်တာဆိုပြီး ကောလဟလတွေတောင် ထွက်လာသေးတယ်။ခေါင်းဆောင်ကျိသာ သေချာရှင်းလင်းချက်ထုတ်မပြနိုင်ခဲ့ရင် ကျွန်တော်တို့တော့ အဆူဆဲခံရတာနဲ့တင် အိမ်ပြင်ထွက်ရဲကြတော့မှာမဟုတ်ဘူး"
ခယ့်ရှင်းမှာ ထိုစကားအားကြားသော် သူမမျက်ဝန်းများထဲတွင် အားနာဝန်လေးစိတ်တို့ပေါ်လာသည်။ထိုသည်ကိုသတိပြုမိသော ကျားလိမှာ သူမလေး၏ခေါင်းအားအသာပွတ်ကာ နှစ်သိမ့်လိုက်၏။
"ဘာမှစိတ်မကောင်းမဖြစ်နဲ့နော်။အခုမင်းေဘးမှာ အန်တီယီရော ရှောင်စန်းတို့တွေရောရှိနေတာပဲ။အခုချိန်မှာ မင်းကငယ်သေးတော့ သူတို့အရိပ်အောက်မှာ ခဏခိုလှုံတယ်လို့တွေးထားလိုက်ချေ။နောင်အနာဂတ်ကျ မင်းကသူတို့ရဲ့ကျေးဇူးကို ဆယ်ဆပြန်ဆပ်လိုက်ပေါ့။ခုတောင် မင်းမှာအရည်အချင်းတွေရှိနေတာ နောင်ကျပိုပြီးတောင်ထွန်းပေါက်လာမှာပဲ။အဲ့ကျတော့မှ သူတို့ကိုပြန်လက်ကမ်းေပးလိုက်လေ ဟုတ်ပြီလား"
ကျားယိ၏စကားကြောင့် ခယ့်ရှင်းမျက်လုံးလေးများမှာ တောက်ပလာတော့သည်။ဟုတ်ပေ၏။သူမ၌အနာဂတ်ရှိသေးပေရာ သူမမှာပိုလို့တိုးတက်လာမည်ဖြစ်၍ ထိုခါမှအဒေါ်ယီတို့အား ပြန်လည်ပေးဆပ်၍လည်း ရပေသည်။ထိုအချိန်ကျ ဆယ်ဆတင်မက အဆတစ်ရာပေးဆပ်မည်ဖြစ်၏။တစ်ဖက်မှ ရှောင်စစ်မှာတော့ ရှောင်စန်းအားဆူနေတော့သည်။
"ဒီလိုစကားတွေခယ့်ရှင်းရှေ့မပြောဖို့ ငါပြောမထားဘူးလား။မင်းအဆင့်တွေဒီလောက်နောက်ရောက်ေနတာ မထူးဆန်းတော့ပါဘူး။မင်းဦးနှောက်က ဝက်ဦးနှောက်ပဲ။ခယ့်ရှင်း စိတ်မပူနဲ့နော် မင်းအကြောင်းမကောင်းပြောတဲ့လူတိုင်းကို ငါကအကုန်ရိုက်ထုတ်ပစ်ပေးမယ်"
ခယ့်ရှင်းမှာ ရင်ဘတ်အားပုတ်ကာအာမခံပေးနေသည့် ရှောင်စစ်လေးအားကြည့်ကာ ပြုံးလိုက်မိသည်။
"ကောင်းပြီလေ။ဒါဆိုငါကနင့်ကိုဒီချိုချဉ်တွေပေးမယ်နော်။နင်ကငါ့အပေါ်တစ်ကယ်ကောင်းတာပဲ"
"မင်းဘာသာသိမ်းထားပြီးဖြည်းဖြည်းချင်းစားပါ။ငါ့ဆီမှာလည်း ရှိပါသေးတယ်။ဒီအရွယ်လေးနဲ့အစားကျမစားပဲ အလုပ်တွေတွန်းလုပ်နေတော့ ကိုယ့်ကိုကိုယ်လည်းပြန်ကြည့်လိုက်ဦး ပိန်ကပ်ေနတာပဲ။မင်းသာနေမကောင်းဖြစ်ရင် ငါကစိတ်မကောင်းဖြစ်မှာကို သိရဲ့သားနဲ့"
"စိတ်မဆိုးပါနဲ့ ရှောင်စစ်။ငါကနင်စိတ်မကောင်းဖြစ်အောင် မလုပ်ပါဘူး။ငါအစားတွေအများကြီးစားမှာပါ"
သူတို့အားကြည့်ရင်း ရှောင်စန်းမှာ ဘာကြောင့်ရယ်မသိ ကိုယ့်ကိုကိုယ်လူပိုကြီးလိုခံစားလိုက်ရ၍ ကျားလိအားလှမ်းကြည့်လိုက်ရာသူမမျက်ဝန်းများမှာ တလက်လက်တောက်ပနေသည်ကို တွေ့လိုက်ရ၏။ရှောင်စန်းမှာ ကျားလိဘေးသွားထိုင်ကာ ရှောင်စစ်တို့ဘက်နှာခေါင်းရှုံ့လိုက်ကာ ပြောလာသည်။
"ခယ့်ရှင်းက ကျွန်တော်တို့နဲ့အတူစားအတူသောက်တာလေ ပြီးတော့ အမေကလည်းသူမကိုဆိုအငတ်မထားပါဘူး။ကျွန်တော်တို့သာဗိုက်မပြည့်တဲ့ရက်ရှိတာ ခယ့်ရှင်းကိုတော့မိန်းကလေးဆိုပြီး အမြဲဗိုက်ပြည့်အောင်အဝကျွေးတာကို ကျွန်တော်တို့မျက်စိရှေ့တင်ေတွ့မြင်ေနရတာပဲလေ။ဒါတောင် လောင်စစ်ကဘာတွေလိုက်စိတ်ပူပြနေတာလဲ။ဟမ့် အဲ့ဒါကြောင့်ဒီကောင့်ကို ဖော်လံဖားလို့ပြောတာ။မသိရင်ခယ့်ရှင်းက သူမွေးထားတဲ့သမီးကျနေတာပဲ"
ကျားလိမှာသူမဘေးထိုင်ကာ ပွစိပွစိရွတ်နေသောရှောင်စန်းအား လျစ်လျူရှုကာတီးတိုးဆိုလိုက်သည်။
"ဟူး ငယ်ရွယ်တဲ့ဘဝနဲ့ လတ်ဆတ်တဲ့ငယ်ချစ်လေးတွေပေါ့လေ။ငယ်တာကတစ်ကယ်ကိုကောင်းတာပဲ"
"ငယ်တာကဘာမှမကောင်းပါဘူး ကျားလိကျဲ။အသက်ကြီးမှကောင်းတာလေ အသက်ကြီးမှသာ စိတ်တိုင်းကျလွတ်လွတ်လပ်လပ်ငွေရှာပြီးသုံးနိုင်မှာလေ။အခုကျကျွန်တော်ဆို ငယ်သေးတယ်ဆိုပြီး အမေကအိမ်မှာပဲနေခိုင်းနေတာ"
ကျားလိမှာရှောင်စန်းအားကြည့်ကာ ခေါင်းယမ်းလိုက်၏။
"ပိုက်ဆံ ပိုက်ဆံနဲ့ ရှောင်စန်းရေ။မင်းကြီးလာလည်းပိုက်ဆံနဲ့ပဲနေမှာလား။မိန်းမရလာလို့ မင်းရဲ့အချိုးကဒီအတိုင်းပဲဆိုလို့ကတော့ မလွယ်ဘူးနော်"
ရှောင်စန်းမှာခေါင်းကုတ်ရင်းပြန်ဖြေလိုက်သည်။
"မိန်းမကဘာလို့ယူရမှာလဲ။ကျွန်တော့်ဘာသာတောင်သုံးဖို့ပိုက်ဆံအများကြီးမရှာရသေးဘူး။မိန်းမသာယူလိုက်ရင် ကျွန်တော်ရှာသမျှပိုက်ဆံအကုန် သူ့ပဲပေးလိုက်ရတော့မှာပေါ့။အဲ့ကျကျွန်တော်ငွေရှာတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ပိုက်ဆံကဒီလောက်ကောင်းတာ ကျွန်တော့်ဘာသာပဲ သိမ်းထားတော့မှာပေါ့"
"ရှောင်စန်းရေ"
"ဟုတ် ဘာလဲကျားလိကျဲ"
"ငါအခုဝက်ဦးနှောက်ကိုတအားစားပစ်ချင်နေပြီ"
"ဒါပေမယ့် ကျွန်တော်တို့ဆီမှာဝက်ဦးနှောက်မှမရှိတာ"
"မဟုတ်ဘူး ရှိတယ်"
"ဘယ်မှာလဲ ကျဲ"
"ငါ့ဘေးမှာလေ"
"ဟမ်...."
"ငါ့ဘေးမှာဝက်ဦးနှောက်ကြီးထိုင်နေတယ်လို့"
"ကျဲ!!"