အခန်း _၈
Viewers 113

    ညနေခင်းအမေယီအိမ်ပြန်ရောက်သော် ခြံဝင်းမှာပုံမှန်မဟုတ်စွာတိတ်ဆိတ်နေ၏။ထုံးစံအတိုင်းစကားစစ်ထိုးနေကျ ညီအစ်ကိုနှစ်ယောက်၏ ဆူညံပွက်လောရိုက်နေသံတို့မှာလည်း ပျောက်ရှနေသည်။‌ထို့‌ေကြာင့် ရှောင်အာ့အားမေးရန် အိမ်မကြီးဘက်ထွက်လာစဉ် စားပွဲ၌ထိုင်နေသောခယ့်ရှင်းအားတွေ့လိုက်ရာ ‌ခုနမှအတွေးများမှာ နောက်ရောက်သွားပြီး သူမကိုသာအဆင်ပြေမပြေမေးလိုက်၏။


  "ရှောင်ရှင်း ပြန်လာပြီလား။အဆင်မပြေတာတစ်ခုခုရှိရင် ထပ်မလုပ်နဲ့တော့နော်။ဘာပဲဖြစ်ဖြစ်အန္တရာယ်ကင်းနေရင်တော်ပြီပေါ့။ဘာတွေလောဘကြီးနေရဦးမှာလဲ"


  "အဆင်ပြေပါတယ်အဒေါ်ယီရဲ့။တစ်ခုခုမူမမှန်တာကို သတိထားမိတာနဲ့ သမီးကအရင်ထွက်ပြေးမှာပါ"


  အမေယီမှာသူမထိခိုက်မှုမရှိကြောင်းသိသည်နှင့်စိတ်အေးသွားရကာ ‌အဝတ်ချုပ်နေသော‌ေရှာင်အာ့အားမြင်မှ မေ့နေသည်ကိုသတိရသွား၍မေးလိုက်သည်။


  "အိမ်ကတိတ်ဆိတ်လှချည်လား။ဟိုအရှုပ်လေးနှစ်ကောင်ဘယ်ရောက်နေတာလဲ"


  ခယ့်ရှင်းမှာ အမေယီ၏စကားကြောင့်ရယ်လိုက်မိပြီး ရှောင်အာ့မှာလည်း ပြုံးလိုက်မိကာ အစောကအဖြစ်တို့ကိုပြန်ရှင်းပြလိုက်၏။ကျားလိမှရှောင်စန်းကိုချော့ရန် ရှောင်စစ်အားအကူအညီတောင်း‌လိုက်ရသည်ကိုကြားသော် အမေယီမှာရယ်ရမည်လား ငိုရမည်လားကိုတောင် မသိတော့ပါပေ။


  "ဒီလောင်စန်းကတော့ အလိုလိုက်ပေးမယ့်လူတွေ့တာနဲ့ အခွင့်အ‌ေရးကယူပြီ"


  အမေယီတို့စကားပြောနေစဉ်မှာပင် ကျားလိကအိမ်မကြီးထဲဝင်လာသည်။သူမနောက်တွင် အူကြောင်ကြောင်အပြုံးကြီးပြုံးနေသော ရှောင်စန်းနှင့် စိတ်ကုန်နေသောရုပ်ဖြင့်ရှောင်စစ်တို့ပါလာ၏။ကျားလိမှာ အမေယီအားတွေ့သော် အပြုံးလေးဖြင့်သူမဘေးဝင်ထိုင်ကာ ရေနွေးတစ်ခွက်ငှဲ့ပေးရင်းပြောလိုက်သည်။


  "အန်တီယီပြန်လာပြီလား ဒီမှာရေလေးသောက်ပြီးခဏနားလိုက်ဦး"


  အမေယီမှာကျားလိကမ်းပေးသော ရေခွက်အားကိုင်ကာ နွေးထွေးသွားရတော့၏။တစ်ကယ်ကိုမိန်းကလေးတွေက ဂွမ်းအနွေးထည်လေးတွေဆိုတာ အမှန်ပဲ။အိမ်ကနံစော်နေတဲ့ ကောင်လေးတွေနဲ့တော့ တခြားစီပါပဲနော်။


  "ရပါတယ် ရှောင်ကျားရယ်။မင်းကမှဒီနေ့ကလေးဆိုးတွေနဲ့ တစ်နေကုန်နေ,နေရတော့ ပိုပင်ပန်းမှာပေါ့"


  ထိုစဉ်ကျေနပ်ပြုံးကြီးဖြင့်ရှောင်စန်းက ကပျာကယာဖြင့်ရေနွေးငှဲ့ကာ ကျားလိအားကမ်းပေးလိုက်၏။


  "ဟုတ်တယ် ဟုတ်တယ် ကျားလိကျဲ ဒီမှာရေလေးသောက်ပြီးနားနေနော်။ကျွန်တော်ညစာအတွက်ခေါက်ဆွဲ‌ကောင်းကောင်းချက်ပေးမယ်"


  အမေယီမှာ စိတ်ဆိုးနေသည်ဆိုသောရှောင်စန်းမှာ ကျားလိအားမျက်နှာချိုသွေးနေသည်ကိုကြည့်ကာ ရှောင်အာ့နှင့်ခယ့်ရှင်းဘက် ‌သိချင်စိတ်ဖြင့်လှမ်းကြည့်လိုက်သော်ငြား သူတို့သည်လည်းခေါင်းသာယမ်းပြလာသည်။ထိုစဉ်ရှောင်စန်းက သူမသိချင်သည်တို့ကို ပြောလာ၏။


  "အမေ သိလား ကျားလိကျဲကလာမယ့် ဆောင်းဦးလယ်ပွဲအတွက် ပစ္စည်းတွေသွားဝယ်တဲ့အခါကျွန်တော့်အတွက် ဟင်းချက်သင်ပေးမယ့်ဆရာတစ်ယောက် ရှာလာပေးမယ်တဲ့။ပြီးရင်ကျွန်တော့်အတွက်စားသောက်ဆိုင်ပါဆောက်ပေးဦးမယ်တဲ့။အဲ့ဆိုင်ကလည်းတရားဝင်ဆိုင်နော် ဟိုနေရာမှာမဟုတ်ဘူး အိုးဟိုး ကျွန်တော်တော့ ညီအစ်ကိုတွေကြားထဲမှာ အရင်ဆုံးသူဌေးကြီးဖြစ်လာတော့မှာပဲနော် ဟားဟားဟားဟား"


  ရှောင်စစ်မှာတော့ သူ၏ရူးကြောင်ကြောင်ပုံစံကြောင့် မျက်လုံးလှန်မိပြီး ခယ့်ရှင်းမှာတော့ အားကျစိတ်တို့အပြည့်ဖြင့်သူ့ကိုကြည့်နေကာ ရှောင်အာ့မှာတော့အသာပြုံးနေလိုက်သည်။အမေယီမှာ ရှောင်စန်း၏စကားကြောင့် ကျားလိအားမချင့်မရဲဖြင့် ပြောလိုက်၏။


  "ရှောင်ကျားရေ အဒေါ်တို့မိသားစုကို ဆွေမျိုးရင်းချာလိုသဘောထားပေးတဲ့အတွက် တစ်ကယ်ကိုပီတိဖြစ်ရပါတယ်။ဒါ‌ေပမယ့် ဒီကိစ္စတွေထိကျတအားများလွန်းနေပြီလေ။အဒေါ်တို့မှာ အဲ့အတွက်ပြန်ပေးဆပ်စရာရယ်လို့ ဘာမှလည်းရှိတာမဟုတ်ဘူး။တစ်ကယ့်ဆွေမျိုးရင်းချာတွေတောင် မင်းလောက်ထိလုပ်ပေးကြမှာမဟုတ်ဘူး။ပြီးတော့ မင်းဘက်ကသာအစစအရာရာ ထောက်ပံ့နေရင် အဒေါ်တို့လည်း မင်းအပေါ်ကောင်းနေတာက အကျိုးလိုလို့ ဂရုစိုက်ပေးနေတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတော့မှာ"


  အမေယီပြောနေသည်မှာလည်း မလွန်ပေ။သူမတို့သိကြသည်မှာတစ်ပတ်ပင်မပြည့်သေးသော်ငြား သူမတို့နှစ်ဝက်စာမျှရှိသော စားနပ်ရိက္ခာများကို လက်ဆောင်ပေးထားသည့်အပြင် ယခုလည်းဆရာတစ်ယောက်ရှာပေး၍ တရားဝင်စားသောက်ဆိုင်ပါ ဖွင့်ကြဦးမည်ဆိုသည်မှာ ဤဘက်ခေတ်အခြေအနေအရ အလွန်မျက်နှာသာပေးလွန်းနေပြီဖြစ်၏။ခေတ်ကာလအရ ဆရာတစ်ဦး‌ရှာရသည်မှာ ပြောသလောက်လွယ်ကူခြင်းမရှိသည့်အပြင် ထင်ထားသည်ထက်လည်း ပိုကုန်ကျခံရမည်ဖြစ်သည်။


  သူမတို့မိသားစုမှာ ကျားလိအားမိသားစုလိုနွေးနွေးထွေးထွေးဆက်ဆံပေးကြသည်ဆိုသော်ငြား ထိုသည်မှာလက်ဆုပ်လက်ကိုင်ပြကာ မယ်မယ်ရရအသုံးဝင်သည့်အရာမဟုတ်ပေ။တစ်ကယ်လက်တွေ့ကုန်ကျနေသည်မှာ ကျားလိသာဖြစ်ပြီး ဤအတိုင်းသာဆက်သွားနေမည်ဆိုလျှင် သူမတို့မိသားစုမှာ တစ်ကိုယ်ကောင်းဆန်သည့်လူများ ဖြစ်သွားပေလိမ့်မည်။


  အမေယီ၏အတွေးများအား နားလည်သောကျားလိမှာ သက်ပြင်းချလိုက်မိသည်။သူမအဖို့တော့ သူမလိုအပ်နေသော မိသားစုနွေးထွေးမှုကို ယီမိသားစုလိုအပ်သောအရာဖြင့်ပြန်ဖြည့်ပေးသည်ဟုသာတွေးထား၏။ထို့ပြင်အဘွားပြောခဲ့သည့်အတိုင်းဆို ၁၉၇၇နှစ်ကုန်လောက်တွင် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ပေးသလို စီးပွားရေးလမ်းကြောင်းများလည်းပွင့်လင်းလာမည်ဖြစ်၍ ယီမိသားစုအားအခွင့်အရေးတစ်ခုရှာပေးရသည်မှာ သူမအဖို့မခက်ခဲလှပေ။ထို့ပြင်သူမမှာ ဆရာဝန်အလုပ်မှလွဲ၍ကျန်သည်ကိုသိထားသူမဟုတ်‌ေသာ်ငြား ယီအိမ်ရှိကလေးများမှာ ကိုယ်စီထူးချွန်ကြသူများဖြစ်၍ ရင်းနှီးပေးရန်မှာ ထိုက်တန်လှသည်။သို့သော်ထိုအကြောင်းများအား ပြောပြရမည်မှာမလွယ်၍ အခြားနည်းဖြင့်သာ အမေယီအား စိတ်သက်သာရာရစေမည်ဖြစ်၏။ကျားလိမှာ အမေယီ၏လက်အားဆုပ်ကိုင်ကာ ညှိုးငယ်သောမျက်နှာဖြင့်ပြောလိုက်သည်။


  "အန်တီယီ အန်တီထင်တာမှားနေပြီ။ပြီးတော့ ဒီကလေးတွေအပေါ်အထင်သေးမထားနဲ့နော်။ရှောင်စန်းက ဟင်းချက်တဲ့နေရာမှာအရမ်းတော်တာ ပြီးတော့ ခယ့်ရှင်းဆို ငွေရေးကြေးရေးစီမံတာတိကျတယ် အဲ့တော့သူတို့အရည်အချင်းကို ရှိသင့်တဲ့နေရာမှာအသုံးမချဘဲနေရင် အရမ်းနှမြောစရာကောင်းလွန်းမနေဘူးလား။ရှောင်စန်းအတွက် ဆရာရှာပေးတာနဲ့ ဆိုင်ဖွင့်ပေးလိုက်တာကို ကျွန်မကရင်းနှီးမြှပ်နှံပေးလိုက်တာလို့ တွေးကြည့်လိုက်လေ။‌သူတို့အရည်အချင်းနဲ့ဆို ပိုက်ဆံတွေအများကြီးရှာနိုင်မှာပဲ။အဲ့လိုဆို ကျွန်မကိုလတိုင်း ဝေစုတစ်ချို့ခွဲပေးပေါ့။ဒီအတိုင်းသာဆို အန်တီလည်းစိတ်မဖြောင့်ဖြစ်‌ေနစရာမလိုတော့သလို ကျွန်မလည်းနောင်အနာဂတ်ထိ ရှောင်စန်းတို့ကိုမှီခိုသွားလို့ရသွားတာပေါ့။ပြီးတော့ ရှောင်ဟွေ့တို့ ရှောင်စစ်တို့ ဝါသနာပါတာရှိလည်း ကျွန်မကအဲ့လိုလုပ်ပေးပြီး သူတို့လည်းကျွန်မကိုလတိုင်းဝေစုခွဲပေးပေါ့။အဲ့ဒါဆို အကုန်လုံးအဆင်ပြေသွားမကုန်ဘူးလား။အန်တီယီ ကျွန်မကိုခွင့်ပြုမေးမယ်မလားဟင်"


  အမေယီမှာ သူမစကားကြောင့် အနာဂတ်ထိပါတွေးမိကာ ပီတိဖြစ်သွားမိသည်။ဟုတ်ပေ၏ ဤအရှုပ်လေးများသာ ကိုယ်ပိုင်ငွေများရှာလာနိုင်လျှင် သူမတို့မိသားစုလည်း ကောင်းစားမည့်အပြင် ကျားလိကိုလည်းနောင်အနာဂတ်ထိ ကောင်း‌မွန်သောနောက်ခံအဖြစ်ရှိနေပေးနိုင်မည်ဖြစ်၏။ကျားလိမှာ အနာဂတ်အိမ်ထောင်ရက်သားကျသော် မိဘမဲ့ဖြစ်သောသူမအားခင်ပွန်းမိသားစုမှ မနှိမ့်ချနိုင်အောင် သူမတို့ဘက်ကသာလွန်သောနောက်ခံဖြစ်အောင် ကြိုးစားရမည်ဖြစ်သည်။ထို့ပြင် ငယ်ရွယ်စဥ်မှာပင် မိသားစုဝန်ထမ်းခဲ့ရသော သူမ၏သားကြီးကိုလည်း အနာဂတ်ကောင်းလေးတော့ ပေးချင်မိပါ၏။


  "ကောင်းပြီလေ ဒါဆိုဒီအကြောင်းတွေကို နားမလည်လို့အဒေါ်ထပ်ပြောမှာမဟုတ်တော့သလို ဝင်ပါမှာလည်းမဟုတ်ဘူး။မင်းတို့ကလေးတွေသာ အတူတူကြိုးစားကြည့်ကြပေါ့။ပြီးတော့ မင်းတို့အရှုပ်လေးတွေကျားလိကျဲစကားကို နားထောင်ကြနော်။ပြီးတော့ နောင်အနာဂတ်မှာ မင်းတို့တွေကျားလိကျဲကို ကူညီစောင့်ရှောက်ပေးရမယ်နော်။ကျေးဇူးမသိတတ်တဲ့ကလေးတွေ မဖြစ်စေနဲ့ကြားလား"


  ခယ့်ရှင်း၊ရှောင်အာ့နှင့် ရှောင်စစ်တို့မှာ ကျားလိမှသူတို့အတွက်ပါ စီစဉ်ပေးမည်ကိုသိကြသော် အလွန်ပျော်ရွှင်သွားကြ၏။ထို့ကြောင့် သူတို့မှာအမေယီ၏စကားကို ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်လက်ခံလိုက်ကြသည်။


  အမေယီ၏ဆုံးဖြတ်ချက်ကြောင့် ကျားလိလည်းစိတ်သက်သာရာရသွားခဲ့၏။ကျန်သည့်ကလေးများမှာ ရင့်ကျက်ကြသည်ဆိုသော်ငြား ငယ်ရွယ်ကြသည့်အတွက် သူတို့အတွက်ခင်းပေးမည့်လမ်းမှာ သာမန်လူများအဖို့ တတ်နိုင်သည့်အရာမဟုတ်သည်ကို နားမလည်ကြပေမယ့် ၁၅နှစ်အရွယ် ရှောင်အာ့မှာတော့ နားလည်နိုင်ပြီဖြစ်သည်။ထို့ကြောင့်သူသည်ကျားလိအား လေးလေးနက်နက်ကျေးဇူးတင်လိုက်၏။


  "စိတ်မပူပါနဲ့ အမေ။ကျွန်တော်တို့တွေ ကျားလိကျဲကို စောင့်ရှောက်ပေးမှာပါ။နောင်အနာဂတ်မှာ အငယ်တွေထဲကတစ်ယောက်ယောက်များ ဆိုးသွမ်းလာခဲ့သော်ရှိ ကျွန်တော်ကဆုံးမပေးလိုက်ပါ့မယ်"


  အမေယီနှင့်ကျားလိမှာ သူ၏အပြောကိုသဘောကျကာ အသာရယ်လိုက်မိကြသည်။ထိုသို့ဖြင့် ကျားလိတို့တစ်တွေမှာ ရှောင်စန်း၏လက်ရာညစာခေါက်ဆွဲအား အားပါးတရစားသောက်လိုက်ကြပြီး ကျန်ကိစ္စများကိုနောက်ပို့ထားလိုက်ကြတော့၏။နောက်ရက်များတွင် ယီမိသားစုအိမ်လေးရှိလူတိုင်းမှာ ထုံးစံအတိုင်းအလုပ်သွားသူကသွား၊ကျောင်းတက်သူကတက်ဖြင့် ကိုယ်စီအလုပ်များနေကြတော့သည်။