အခန်း _၉
Viewers 116

    "ဒေါက်တာကျား လမုန့်ပွဲအတွက်ဝယ်ခြမ်းစရာရှိတာဝယ်ရအောင် မြို့ထဲမသွားသေးဘူးလား။ကျွန်မတောင်မနေ့ကသွားလာတာ အိုး!စီရင်စုတစ်ခုလုံးကို စည်ကားနေတာပဲ။အချို့ပစ္စည်းတွေများဆို လုယက်ပြီးတောင်ဝယ်ရတာ"


  ထုတ်လုပ်ရေးအဖွဲ့၏သူနာပြုတုန်မေ့က သူမ၏ဈေးဝယ်ထွက်ခဲ့သည့်အတွေ့အကြုံများကို ပြန်လည်ဖောက်သည်ချကာ ငြီးငြူနေတော့၏။သို့သော်သူမမှာငြူစူနေသော်ငြား ပျော်ရွှင်နေသည်ကို သူမမျက်လုံးများအားကြည့်ကာသိနိုင်လေသည်။ထို့ကြောင့်ကျားလိလည်း ဘာမှဝင်မပြောနေတော့ပဲ အသာပြုံးနေလိုက်၏။သူမဤနေရာရောက်သည်မှာသုံးလနီးပါးရှိနေပြီဖြစ်ပေမယ့် ထုတ်လုပ်ရေးအဖွဲ့ရှိလူများမှာ သူမကိုတွေ့လျှင် နှုတ်ဆက်စကားပြောရုံမှလွှဲ၍ အပိုစကားပြောမလာကြပေ။


  ဤသည်မှာ ခေါင်းဆောင်ကျိမှသတိပေးထားခြင်းဖြစ်သည်ဟုသူမအားတုန်မေ့မှပြောလာသည်။ထုတ်လုပ်ရေးအဖွဲ့ဝင်များမှာ ထိုသို့သာသတိပေးမထားပါက ကျားလိအားနေ့ရှိသ၍ဟိုအကြောင်း ဒီအကြောင်းပြကာ လာနှောင့်ယှက်နေကြမည်စိုး၍ဖြစ်၏။ကျားလိမှာလည်း ထိုသို့သတိပေးထားသည့်လုပ်ရပ်ကို အပြစ်မမြင်ပါပေ။သူမ၏ နားအေးပါးအေးနေတတ်သောအကျင့်ကို ‌အရိပ်အကဲနားလည်သောခေါင်းဆောင်ကျိမှ သိလိုက်၍ သတိပေးထားခြင်းဖြစ်ဟုသာ မြင်လေသည်။တုန်မေ့မှာသူမ၏စီရင်စုမြို့ဆီသွားသည့်အတွေ့အကြုံအားဆက်ပြောပြနေစဉ် ဒါရိုက်တာဝမ်ရှို့ရင်းက အူယားဖားယားအော်ရင်းပြေးလာ၏။


  "တုန်မေ့ ဒေါက်တာကျား အရေးပေါ် အရေးပေါ်။လယ်ကွင်းဘက်မှာ ကျန်းမိသားစုချွေးမဗိုက်နာလာလို့တဲ့"


  တုန်မေ့မှာထိုအမျိုးသမီးအားသိပုံပင်။ကျားလိအတွက် ပစ္စည်းများပြင်ဆင်ပေးနေရင်း


  "ချွေးမကျန်းရဲ့မွေးရက်ကမရောက်သေးဘူးမလား။ဘယ်လိုလုပ်ပြီး ဗိုက်ကထနာရတာတုန်း"


  "ဟုတ်တယ်ဟေ့ မုဆိုးမကျိရဲ့မြေးမတွေလေ အရင်ကဆိုငြိမ်ကုပ်နေကြတဲ့ကလေးတွေက ဒီနေ့မှလယ်ကွင်းထဲခုန်‌ေပါက်‌ေပြးလွှားပြီးပတ်ဆော့နေကြတာပဲ။အဲ့ဒါသူ့နေရာမှာလယ်အလုပ် လုပ်နေတဲ့ချွေးမကျန်းဆီတွန်းတိုက်မိသွားပါရောလား။အခုကျိမိသားစုနဲ့ကျန်းမိသားစုရန်ဖြစ်နေကြတာ ထုတ်လုပ်ရေးတစ်ဖွဲ့လုံးဆူညံပွက်လောကိုရိုက်နေတာပဲ။အခုကချွေးမကျန်းခမျာလှုပ်ကိုမလှုပ်နိုင်တော့လို့ အရင်ဆုံးအခြေအနေကြည့်ရအောင် ဒေါက်တာကျားကိုလာခေါ်တာ"


  ကျားလိလည်း တုန်မေ့အားစီစဉ်စရာရှိသည်တို့အား စီစဉ်ထားရန်မှာခဲ့ပြီး ဒါရိုက်တာဝမ်၏နောက်မှလိုက်သွားလိုက်သည်။လယ်ကွင်းများဘက်ရောက်သော် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်လုံးထွေးနေကြသောလူများအပြင် ဆဲဆိုနေကြသည့်အမျိုးသမီးများနှင့် ဝင်ရောက်တားဆီးနေကြသော ခေါင်းဆောင်ကျိတို့အဖွဲ့ကိုတွေ့လိုက်ရ၏။သို့သော်ထိုကိစ္စများမှာ သူမနှင့်မသက်ဆိုင်၍လက်ကွင်းဘေးရှိ‌သစ်ပင်ကြီးအောက်လှဲနေသောချွေးမကျန်းတို့အုပ်စုဆီကိုသာ ဦးတည်သွားလိုက်သည်။အမေကျန်းမှာ ကျားလိအားမြင်သည်နှင့် ဝမ်းသာအားရဖြစ်သွားရကာ အလျင်စလိုဟန်ဖြင့်ပြောလာ၏။


  "ဒေါက်တာကျား ကျွန်မမြေးလေးအဆင်ပြေရဲ့လား ကြည့်ပေးပါဦး။အခုအားဖန်ကဗိုက်အရမ်းနာတယ်ပဲပြောနေတယ်"


  ကျားလိမှာအမေကျန်းအား ခေါင်းငြိမ့်ပြ၍ ဘေးပတ်လည်ဝိုင်းကာ ‌ကြည့်နေကြသောလူအုပ်ကြီးကိုဖယ်ခိုင်းလိုက်သည်။


  "လူတွေအရမ်းအုံမနေပါနဲ့ လူနာကလေကောင်းလေသန့်မရရင် သတိလစ်သွားချင် လစ်သွားနိုင်တဲ့အပြင် အခြေအနေပိုဆိုးသွားနိုင်ပါတယ် ဖယ်ပေးကြပါ။ကျွန်မအရင်စစ်ကြည့်ပါဦးမယ်"


  ကျားလိစကားကြောင့် အမေကျန်းလည်းချွေးမကျန်းပတ်လည်ဝိုင်းကာစပ်စုနေကြသောလူများကို ကြိမ်းမောင်းတော့သည်။


  "နင်တို့တွေက ဘာတွေလိုက်စပ်စုနေကြတာလဲ။ဗိုက်ကြီးသည်ကိုမမြင်ဘူးကြလို့လား ဖယ်ကြစမ်းပါ ငါ့မြေးလေးတစ်ခုခုသာဖြစ်လို့ကတော့ နင်တို့ပါကောင်းကောင်းနေရမယ်မထင်နဲ့။ဘာမှလည်းအကူအညီမပေးတဲ့အပြင် ဒုက္ခရောက်အောင်လုပ်နေကြသေးတယ် သွားကြ သွားကြ"


  အမေကျန်း၏စကားကြောင့် အမျိုးသမီးအုပ်ကြီးမှာ မျက်နှာပူသွားကြသော်ငြား အချို့အရေထူသူများမှာ ပြန်ပြောလာ၏။


  "ဘာလဲ နင့်ချွေးမဗိုက်နာအောင် ငါတို့လုပ်တာမှမဟုတ်တာ။နင့်ဘာသာနင် ဆဲချင်ဆိုချင်နေရင် မုဆိုးမကျိနဲ့ရန်သွားဖြစ်လေ ငါတို့ကိုလာကြိမ်းမောင်းမနေနဲ့"


  "ဟုတ်ပါ့အေ ငါတို့ကဆရာဝန်မှမဟုတ်တာ ညည်းချွေးမကိုအကူအညီပေးလိုက်ပါပြီတဲ့။တစ်ခုခုဖြစ်ရင်လည်းငါတို့ခေါင်းပေါ်လာဦးမယ်"


အမေကျန်းမှာ ထေ့ငေါ့စကားပြောလိုက်သည့် အမျိုးသမီးနှစ်ဦးအား လက်ညိုးငေါက်ငေါက်ထိုးကာ အော်လိုက်သည်။


  "ဟဲ့နင်တို့က ဘာစကားပြောတာလဲ။ဘာတုန်း နင်တို့‌လင်တွေကမုဆိုးမကျိကို အမြင်ကြည်နေကြတော့ နင်တို့ကပါ သျှောင်နောက်ဆံထုံးပါနေကြတာလား"


  "ဟဲ့ ဝူထုန် နင်ဘာစကားပြောတာလဲ ငါတို့ယောင်္ကျားတွေက မုဆိုးမကျိနဲ့ဘာမှမပက်သက်ဘူးဟဲ့"


  အမေကျန်းမှာရယ်ချလိုက်ပြီး တင်ပါးပေါ်လက်တင်ကာပြောလိုက်၏။


  "ဟီးဟီး နင်တို့ကသာမပက်သက်ဘူးပြောနေတာ ဟိုမိန်းမ‌ဆီမှာတော့ နင်တို့တစ်သက်လုံးမရနိုင်တဲ့ နင်တို့လင်တွေပေးထားတဲ့ပစ္စည်းတွေမှတစ်ပုံကြီးနော်။နင်တို့ဘဝကလည်းသနားစရာကောင်းလိုက်တာဟယ်။ကိုယ့်လင်က အခြားမိန်းမဆီပေးထားတဲ့ပစ္စည်းကို အဲ့မိန်းမဆီကနေ အောက်ကျို့ခံပြီးပေးစာကမ်းစာယူနေရတယ်တဲ့အေ ကျွတ်ကျွတ်ကျွတ်"


  အမေကျန်း၏စကားကြောင့် လူစုခွဲသွားကြသောအမျိုးသမီးအုပ်မှာ ပြန်လည်စုဝေးလာကြပြန်ပြီး ပွစိပွစိပြောရင်း အမျိုးသမီးနှစ်ဦးအား စာနာစိတ်ဖြင့်ကြည့်လိုက်ကြသည်။ထိုအမျိုးသမီးနှစ်ဦး၏မျက်နှာမှာ ထိုအကြည့်များကြောင့် မဲမှောင်သွားသော်ငြား ပြန်ငြင်းခုန်ရန်ပြင်လိုက်စဉ် ကြည့်မနေနိုင်တော့သောကျားလိကအော်လိုက်တော့၏။


  "ကဲ တော်ကြပါတော့ ဒီမှာလူနာရှိနေတာကိုထောက်ပြီး နည်းနည်းသတိထားပေးလို့ရမလား"


  အမေကျန်းမှာထိုခါမှသူ့ချွေးမအားသတိရကာ ပျာယာခတ်လာပြန်သည်။အမေကျန်း၏ မောင်းထုတ်မှုကြောင့်လူများရှင်းလင်းသွားကာမှ ချွေးမကျန်း၏မျက်နှာလည်း သက်တောင့်သက်သာရှိသွားသည့်ပုံပေါ်လာသည်။ကျားလိလည်း ချွေးမကျန်း၏ကိုယ်အား အလျင်အမြန်စစ်ဆေးလိုက်၏။


  "သဘာဝအတိုင်းမွေးလို့မရတော့ဘူးခွဲမွေးမှရမယ်။ဒါရိုက်တာဝမ်သူမကိုဆေးပေးခန်းဆီ အမြန်ပို့ရမှာ မဟုတ်ရင် ကလေးရောမိခင်ပါအန္တရာယ်များတယ်။ကိုယ်ဝန်ကာလရင့်နေပြီကို ခိုက်မိသွားတော့ပျက်ကျမယ့်လက္ခဏာတွေပါပြနေတာ အမြန်ဆေးခန်းပြန်ကြစို့"


  ‌အမေကျန်းမှာသူမမြေးလေးပျက်ကျမည်ဟု ကြားလိုက်ရသော်သွေးများဆောင့်တက်လာသော်ငြား အရေးကြီးသည်ကိုအရင်လုပ်ရမည်ဖြစ်၍ ရန်ဖြစ်နေသေးသောသူမသားကို လှမ်းအော်လိုက်သည်။


"အားဝေ အားဝေ လှည်းမြန်မြန်သွားငှားစမ်း။အဲ့ဒီအမှိုက်သရိုက်တွေနဲ့က ဘယ်အချိန်မဆို စာရင်းရှင်းလို့ရတယ် ရန်ဖြစ်မနေနဲ့တော့"


  ကျိမိသားစုနှင့်ရန်ဖြစ်နေသောကျန်းဝေမှာ မိခင်ဖြစ်သူ၏အော်သံကြောင့် ကျိအိမ်၏သားကြီးမျက်နှာကို နောက်ဆုံးတစ်ချက်ထိုးကာ လှည်းသွားယူရန်ပြင်လိုက်သော်ငြား ကျိအိမ်၏ချွေးမကြီးက အင်္ကျီအားလှမ်းဆွဲထားရာ တုံ့နှေးသွားတော့၏။ထိုသည်ကိုမြင်သော အမေကျန်းလည်းပွဲထဲရောက်လာကာ ကျိအိမ်ချွေးမကြီး၏ မျက်နှာအား အားကုန်ဖြတ်ရိုက်ကာ ဆဲဆိုတော့သည်။


  "ဟဲ့ကောင်မ နင်ကယောင်္ကျားတကာတွေ့တိုင်းလှမ်း လှမ်းဆွဲတတ်တဲ့အကျင့်ကိုမဖျောက်နိုင်သေးဘူးလား။အဲ့ဒါကြောင့် မိန်းမကောင်းတစ်ယောက်မှရအောင်မယူနိုင်ရင် မိသားစုအေးချမ်းအောင် မိန်းမမယူနဲ့လို့ ငါပြောခဲ့တာပေါ့။နင့်အကျင့်ကဒီလိုဂဏှာမငြိမ်ဖြစ်နေလို့လဲ သားမမွေးနိုင်ဘဲမြုံနေတာလေ။မွေးထားတဲ့ကလေး‌ေတွကျတော့လည်း အကျင့်စာရိတ္တကောင်းအောင်သင်ပေးမခံရဘဲ နင့်လိုအငြိမ်မနေနိုင်တဲ့အကျင့်တွေရိုက်သွင်းခံထားရတာပဲနော်။ငါ့မြေးသာတစ်ခုခုဖြစ်ကြည့် နင်တို့တစ်အိမ်လုံးအပြင် တော်သမျှဆွေမျိုးတိုင်းရဲ့အိမ်တကာပတ်ဆဲပြမယ်"


  ထို့နောက် သူမအားကြောင်အကာကြည့်နေသောသားဖြစ်သူအားတွေ့လိုက်ရာ ဒေါသထွက်လာပြန်ပြီးကျောအားရိုက်ကာ အော်ပြန်သည်။


  "နင်ကဒီမှာဘာရပ်လုပ်နေတာလဲ။လှည်းသွားငှားပါဆို ဟိုမိန်းမကနင့်အင်္ကျီကိုဆွဲလို့ သူ့အင်္ကျီပြန်ဆွဲချင်နေတာလား"


  ထိုခါမှကျန်းဝေလည်းအသားကုန်ငြင်းကာ လှည်းသွားယူတော့သည်။တစ်ဖက်ရှိကျိအိမ်၏သားကြီးမှာတော့ သူ့မိန်းမဖြစ်သူအားစူးရဲစွာကြည့်ကာ ဆူဆဲနေတော့၏။ကျိအိမ်ချွေးမကြီးမှာတော့ အရိုက်ခံအဆူခံလိုက်ရ၍ ခေတ္တမျှကြောင်အမ်းသွားရသည်။ကျားလိမှာ ချွေးမကျန်းအားသက်သာစေရန်အနည်းငယ်နှိပ်ပေးရင်း အမေကျန်း၏ပြိုင်ဘက်ကင်းစွမ်းရည်တို့ကြောင့် သက်ပြင်းသာချမိလိုက်သည်။ကျန်းဝေမှလှည်းနှင့်ရောက်လာသည်နှင့် ချွေးမကျန်းအားလှည်းပေါ်တင်ကာ ကျားလိနှင့်ဒါရိုက်တာဝမ်လည်းလှည်း‌ေပါ်လိုက်သွားလိုက်၏။


  ကျားလိတို့ဆေးခန်းဆီသွားနေသည်မြင်လိုက်၍ အမေကျန်းလည်းရန်ဖြစ်နေသည်ကို ခဏနားကာအမြန်လိုက်လာသည်။ဆေးခန်း၌ကျန်ခဲ့သောတုန်မေ့မှာ လိုအပ်သည်တို့ကိုပြင်ဆင်ထားပြီးဖြစ်၍ နေရာတန်းချကာ ဒါရိုက်တာဝမ်ကိုလူအုပ်ကြီးအားဆေးခန်းအပြင်တွင်ထိန်းပေးထားရန်အကူအညီတောင်း၍ ခွဲစိတ်ရန်ပြင်လိုက်၏။


  ဒါရိုက်တာဝမ်လည်းလက်ခံလိုက်ကာ နောက်ကလိုက်လာသောအမေကျန်းတို့အုပ်စုအားအထဲမဝင်ရန်တားပြီး အပြင်ဘက်ရှိခုံတန်းပေါ်တွင် ထိုင်စောင့်စေလိုက်သည်။ခဏကြာသော် ခေါင်းဆောင်ကျိတို့လည်းရောက်လာကာ သူတို့နောက်မှပါလာသောကျိမိသားစုကိုတွေ့သည်နှင့် အမေကျန်း၏ငြိမ်သက်ကာစ ဒေါသမှာပြန်ထွက်လာပြန်၏။


   "ချွေ့ဖျင်ငါ့မြေးနဲ့‌ေချွးမသာတစ်ခုခုဖြစ်လို့ကတော့ နင်နဲ့ငါနဲ့မပြီးဘူးမှတ်။ဘာလဲနင့်အိမ်ကချွေးမကမြုံနေတာနဲ့ပဲ ငါ့ချွေးမကိုလာဒုက္ခပေးတာလား။နင့်စိတ်ဓာတ်ကိုက ဒီလိုမြေကြီးပေါ်ရောက်နေမှတော့ ဘယ်လိုလုပ်နင့်မျိုးဆက်ကရလာမလဲဟဲ့။ငါ့မြေးဘာမှမဖြစ်ပါစေနဲ့လို့သာ ဆုတောင်းနေလိုက် မဟုတ်လို့ကတော့ နင့်အိမ်ရှေ့ကိုနေ့တိုင်းလာပြီး ကျိန်ဆဲပြမယ်"


  အမေကျန်းမှာ အရွယ်နှင့်မမျှအောင် ပြင်ဆင်ဝတ်စားထားသည့် မုဆိုးမကျိအားကြည့်ကာ အံတစ်ကြိတ်ကြိတ်ဖြစ်နေတော့သည်။လယ်ထဲဆင်းမှာကိုတောင် ဒီမိန်းမကလှလှပပဝတ်စားပြီးဘာတွေလုပ်ပြချင်နေတယ်ဆိုတာကို ထုတ်လုပ်ရေးအဖွဲ့ထဲက ဘယ်သူမသိတာရှိလို့လဲ။