အခန်း _၁၅
Viewers 115

  ကျားလိလည်း အမေယီ၏စကားကို ချက်ချင်းလက်ခံလိုက်ကာ ခြင်းကိုယူ၍ နွယ်ပင်များအားစင်ထိုးထားသည့်ဘက်ထွက်လာခဲ့သည်။ထို့နောက် ဓားဖြင့်အရွယ်အစားကြီးသော အသီးများကိုဖြတ်တောက်ကာ ခြင်းထဲထည့်၏။ခြင်းအပြည့်ခူးပြီး၍ အမေယီဘက်ပြန်လာစဉ် ရှောင်စန်းတို့မှာလည်း အာလူးများရိတ်သိမ်းပြီးဖြစ်၍ အမေယီမှာ လုပ်ငန်းသိမ်းကာပြန်ရန်ဆော်ဩလိုက်သည်။


ဝန်အပြည့်ဖြင့်ပြန်လာသောသူတို့၏ မျက်နှာလေးများမှာ ပြုံးရွှင်နေကြ၏။အပြန်တွင် အသီး သီးနေပြီဖြစ်‌ေသာသစ်တော်ပင်များအားတွေ့၍ ခူးလာခဲ့ကြသေးသည်။ညနေ နေမဝင်ခင်လေးမှာပင် အိမ်ပြန်ရောက်ကြပြီး ပါလာသောဟင်းသီးဟင်းရွက်များကို လှီးစရာရှိတာလှီး၊သင်စရာရှိတာသင်၊ဆေးစရာရှိတာဆေးဖြင့် အလုပ်များပြီးသော် နေဝင်ချိန်ပင်ရောက်သွားလေပြီ။


နေ့လည်ကကျန်‌ေန‌ေသာလမုန့်များကို အဆာပြေစားလိုက်ကြ၍ ရှောင်စန်းမှာညစာပြင်ရန်လုပ်လိုက်၏။အမေယီလည်း ဟင်းသီးဟင်းရွက်အချို့ကောက်ယူကာ အရံဟင်းပွဲများ ကူချက်ပေးသည်။ယနေ့ညစာမှာတော့ အလျှံအပယ်ပင်။တစ်‌ေနကုန်ပင်ပန်းထား‌ေသာ ကျားလိမှာ ရှောင်စန်း၏လက်ရာ ခေါက်ဆွဲပန်းကန်ကြီးနှင့် အမေယီ၏လက်ရာအရံဟင်းများကို စိတ်တိုင်းကျပြည့်အင့်အောင် စားလိုက်မိတော့သည်။


မနက်ခင်းစီရင်စုဆီသွားရာ လမ်းတစ်လျှောက်တွင် ရှောင်စန်းမှာထွန်စက်စီးရသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ဖင်တကြွကြွဖြင့်စိတ်လှုပ်ရှားနေတော့၏။ပစ္စည်းအပြည့်ပါသောခြင်းအား ထိန်းကိုင်ထားရသောကျားလိမှာ ကြည့်မနေနိုင်တော့၍ ရှောင်စန်းအားအငြိမ်ထိုင်နေရန်ပြောရတော့သည်။


"ရှောင်စန်း ထွန်စက်ပေါ်ကပြုတ်ကျမယ်လေ။ငြိမ်ငြိမ်လေးထိုင်နေစမ်းပါ မင်းလှုပ်ရွနေလို့လည်း ဘာမှထူးခြားမလာဘူး"


ရှောင်စန်းမှာကျားလိစကားကြောင့် အငြိမ်နေလိုက်သော်လည်း စိတ်လှုပ်ရှားမှုက ပိုကဲလာရာ ကျားလိကိုပြောလိုက်၏။


"ကျွန်တော်သိပါတယ် ကျားလိကျဲ။အဲ့လိုမှလှုပ်မနေရရင် ကျွန်တော်စိတ်လှုပ်ရှားပြီးအသက်ရှူမဝတော့လို့ပါ"


ကျားလိလည်း ဘာမှထပ်ပြောမနေတော့ဘဲ သူမကသာ သူ့အပေါ်အာရုံပိုစိုက်ထားလိုက်ကာ သူ့စိတ်တိုင်းကျနေစေတော့သည်။ဤတစ်ခေါက်တွင်တော့ ကျားလိမှာကောင်းယုံတို့အိမ်ရာဝင်းနားထိ ထွန်စက်ဖြင့်သွားလိုက်၏။အိမ်ရာဝင်းနားရောက်သော် ထွန်စက်မောင်းသူအား သူမတို့အားစောင့်စရာမလိုပဲ ပြန်လို့ရကြောင်းပြောကာ ကောင်းယုံ၏အိမ်ဆီရှောင်စန်းအားခေါ်သွားသည်။ရှောင်စန်းမှာတော့ ကျားလိမှထွန်စက်အားပြန်သွားစေသည့်အပေါ် ဇဝေဇဝါဖြင့်မေးလာ၏။


"ကျားလိကျဲ ထွန်စက်မောင်းတဲ့ ဦးလေးကိုပြန်ခိုင်းလိုက်‌ေတာ့ ကျွန်တော်တို့ကအိမ်ကိုလမ်းလျှောက်ပြန်ရတော့မှာလား။အဲ့လိုဆို မိုးချုပ်သွားပြီးမှ အိမ်ပြန်ရောက်တော့မှာ။ကျားလိကျဲကလမ်းလျှောက်နိုင်လို့လား။ကျွန်တော်ငယ်ငယ်က တစ်ခါလမ်းလျှောက်ဖူးပေမယ့် နောက်ရက်ကျခြေထောက်နှစ်ဖက်လုံးနာနေတာနော်"


ကျားလိလည်းရှောင်စန်း၏ သူလမ်းမလျှောက်ချင်ကြောင်းအရိပ်အမြွက်ပြနေသည်ကိုသိကာ သူ၏နဖူးလေးအားအသာပုတ်၍ သူမစိတ်ကူးတို့ကိုပြောပြလိုက်သည်။


"အရူးလေး တို့တွေလမ်းလျှောက်ပြန်မယ်လို့ပြောလိုက်လို့လား။အစ်မအိမ်ကနေမထွက်ခင်တုန်းက စက်မှုလက်မှတ်နဲ့ငွေတွေယူလာတယ်။နောင်ကျ မင်းကစီရင်စုနဲ့အိမ်ကိုအသွားအပြန်လုပ်ရတော့မှာဆိုတော့ သက်တောင့်သက်သာသွားနိုင်အောင် အစ်မကစက်ဘီးတစ်စီးဝယ်ပေးမယ်လေ"


ရှောင်စန်းမှာကျားလိ၏စကားကြောင့် အံ့ဩမင်သက်ကာ တစ်ခဏမျှကြောင်အမ်းသွားရ‌ေသာ်လည်း တစ်လက်လက်တောက်ပနေသော မျက်လုံးလေးများဖြင့်ကျားလိအား အတည်ပြုရန်မေးလာသည်။


"တစ်ကယ်လား ကျားလိကျဲ။အစ်မကကျွန်တော့်ဖို့ စက်ဘီးတစ်စီးတစ်ကယ်ဝယ်ပေးမှာလား။ဒါပေမယ့် စက်ဘီးကအရမ်းဈေးကြီးတာနော်။အမေသိရင်ဆူနေပါဦးမယ်"


"ကိစ္စမရှိပါဘူး။အန်တီကဆူတောင် အစ်မတို့ကဝယ်လာခဲ့ပြီမလို့ ပြန်သွားပေးလို့မရတော့ဘူးလေ။ပြီးတော့လိုအပ်လို့ဝယ်ခဲ့တာဆိုတော့ ဘာမှပြောမှာမဟုတ်ပါဘူး။တစ်ကယ်လို့ အန်တီကဆူလာရင်တောင် စက်ဘီးကအစ်မစီးဖို့ဝယ်လာတာလို့ပြောလိုက်ရင် ဆူမှာမဟုတ်တော့ဘူးလေ"


ရှောင်စန်းလည်း သူ့အမေမှာ ကျားလိကျဲအပေါ်တွင်တော့သဘောကောင်းကြောင်းသိထားရာ ထိုအကြံကဖြစ်နိုင်သည်ဟုထင်လာ၏။ထို့ပြင်သူသည်လည်း မြို့ကိုလှည်းဖြင့်သွားရန်မဖြစ်နိုင်ပေ။ကြာလျှင် လူများကသံသယဝင်လာနိုင်သည်။ကျားလိလည်း အတွေးလွန်နေသောရှောင်စန်းအား ထပ်ဖြည့်ပြောလိုက်၏။


"ပြီးတော့ အစ်မစက်ဘီးဝယ်ရတာ အဓိက,ကမင်းအတွက်ဆိုပေမယ့် တစ်အိမ်လုံးလိုအပ်ရင်စီးရအောင်လေ။အစ်မလည်းစီရင်စုဆီသွားချင်တိုင်း ခေါင်းဆောင်ကျိကထွန်စက်ကို ထုတ်ပြီးငှားနေတော့ အားနာရလို့ပါ။အိမ်မှာစက်ဘီးရှိနေတော့ ကိုယ့်စိတ်တိုင်းကျ သွားလို့လာလို့ရမသွားဘူးလား"


ရှောင်စန်းမှာ ထိုစကားအားလက်ခံလိုက်၍ စက်ဘီးရတော့မည်ဟုတွေးကာ ပျော်ရွှင်နေရာ အစောမှစိတ်လှုပ်ရှားနေမှုတို့က ပပျောက်သွားတော့၏။သို့သော်ကောင်းယုံ၏အိမ်ရှေ့ရောက်ချိန်မှာတော့ တုန်တုန်ယင်ယင်ဖြစ်သွားပြန်သော ရှောင်စန်းကြောင့် ကျားလိလည်းသက်ပြင်းသာချမိတော့သည်။


ကောင်းယုံအားအိမ်အပြင်မှလှမ်းခေါ်လိုက်ရာ သူသည်လည်းသူမတို့အားစောင့်နေပုံရ၏။တံခါးတန်းဖွင့်ပေးကာအထဲဝင်ရန်ပြောလာသည်။ရှောင်စန်းမှာ ယခင်ကစိတ်လှုပ်ရှားနေသော်လည်း သူနှင့်ရွယ်တူဖြစ်နေသောလူကြီးကြောင့် အူလည်လည်ဖြင့်ကျားလိအား ကြည့်လိုက်၏။


ကျားလိလည်းသူ့ဆရာဖြစ်ကြောင်း ခေါင်းငြိမ့်ပြလိုက်ရာ ရှောင်စန်းမှာ‌ေကာင်းယုံအားလေးလေးနက်နက် နှုတ်ဆက်လိုက်သည်။သူနှင့်မတိမ်းတယိမ်းဖြစ်နေသော ကောင်းယုံ၏အရပ်ကြောင့်လားတော့မသိပေမယ့် ရှောင်စန်းမှာ တည်ငြိမ်သွားလေ၏။ကောင်းယုံလည်း ရှောင်စန်းအားကြည့်ကာ ခေါင်းငြိမ့်ပြ၍ အိမ်ထဲဝင်ခိုင်းလိုက်သည်။


ယနေ့တွင်တော့ စားပွဲပေါ်၌လမုန့်များရှိမနေပဲ ရွှေဝါရောင်ခပ်ဝိုင်းဝိုင်းပေါင်မုန့်ကြော်လိုမုန့်များတင်ထား၏။ကောင်းယုံမှာကျားလိမှထိုမုန့်များအား စူးစမ်းသလိုကြည့်နေသည်အား မမြင်ချင်ယောင်ဆောင်ကာ ရှောင်စန်းထိုင်ချပြီးသည်ထိစောင့်နေသည်။ရှောင်စန်းထိုင်လိုက်သည်နှင့် စားပွဲပေါ်မှမုန့်များအားလက်ညှိုးထိုးကာ မေးလိုက်၏။


"ဒါကဘာမုန့်လဲဆိုတာ မင်းသိလား"


ရှောင်စန်းမှာထိုခပ်ဝိုင်းဝိုင်းမုန့်များအားကြည့်ကာ တွေဝေသွားသော်လည်း ပြန်ဖြေလိုက်သည်။


"ပန်ကိတ်ကြော်လား ပေါင်မုန့်ကြော်လား ကျွန်တော်မကွဲပြားဘူးဖြစ်နေတယ်"


ကောင်းယုံမှာရှောင်စန်းမှ ထိုမုန့်အားမသိသည်မှာသေချာပါမှ သူမတို့ကို မြည်းစမ်းကြည့်ရန်လက်ဖြင့်အမူအယာပြလာ၏။


"ဒါကပေကျင်းကနာမည်ကြီးတဲ့မုန့်ပဲသရေစာလို့ပြောရမယ်။သူ့ကို ရှန်းပင်းလို့ခေါ်ကြတယ်။ပန်ကိတ်ကြော်လိုအလွှာပုံစံမျိုးပါပဲ"


ကျားလိနှင့်ရှောင်စန်းလည်း တူကိုကောက်ကိုင်ကာတစ်ခုစီယူ၍ မြည်းကြည့်လိုက်သည်။ပထမဆုံးခံစားရသည်မှာ ကြွပ်ရွမှုဖြစ်ပြီး အားဖြင့်ကိုက်လိုက်သည်နှင့် ကြွပ်ရွသောအပေါ်ယံလွှာကိုဖြတ်ကာ နူးညံ့သောဂျုံသားကိုကိုက်မိပြီး ဂျုံအကာအား‌ကွဲသွားစေသည်နှင့် အထဲရှိအစာသွပ်ထားသည့် အစာပလာများမှာ ထိန်းချုပ်ခံရသည်တို့မှ လွတ်မြောက်သွားသည့်အလား ပေါက်ကွဲထွက်လာ၏။


အသား၏ချိုမြိန်‌ေသာ‌အရည်နှင့် ကြက်သွန်မြိတ် ကြက်သွန်နီတို့၏ချိုရှရှအရသာတို့မှာရောစပ်၍ ခံတွင်းအနှံ့ပျံ့လွင့်ကုန်သည်။အစာပလာများ၏ ချိုမြိန်သောအရသာအရည်အပြင် ဂျုံအကာနှင့် အစာသွပ်ထားသည်တို့အား ပေါင်းစည်း၍ဝါးစားရသောခံစားချက်မှာ စား‌သုံးနေသူတို့အား တစ်ကိုက်ပြီးတစ်ကိုက် ပါးစပ်ထဲမရပ်မနားထည့်နေမိစေ၏။


ကျားလိတို့လည်း အားပါးတရစားသောက်လိုက်ကြပြီး နောက်ဆုံးတစ်ကိုက်ကုန်သွားကာမှ သတိပြန်ကပ်တော့သည်။အစားအသောက်သမားလေးရှောင်စန်းမှာတော့ ကောင်းယုံအားသူ၏မျက်လုံးလေးများထဲ လေးစားမှုအပြည့်တို့ဖြင့် အံ့ဩတကြီးကြည့်နေလေ၏။ကျားလိအထင်တော့ ဤကလေးသည်ကောင်းယုံအား လက်ခံလိုက်ပြီထင်သည်။


"ဆရာကြီး ဒီမုန့်တွေကိုဆရာကြီးလုပ်ထားတာလား"


ကောင်းယုံမှာ ရှောင်စန်းအားခေါင်းငြိမ့်ပြလိုက်ပြီး မေးလာ၏။


"အမှန်ပဲ။မင်းဒီမုန့်ကိုစားလိုက်ချိန်မှာ ဘာတွေခံစားမိလိုက်လဲပြောပြပါဦး"


ရှောင်စန်းလည်း ခုနမှအရသာတို့ကိုပြန်လည်တွေးတောကာ ဖြေလိုက်သည်။


"ကြွပ်ရွတယ်၊ဝါးလို့ကောင်းတယ်၊အစာသွပ်ထားတာတွေရဲ့အချိုဓာတ်က ပျောက်ကွယ်မသွားဘဲ အရည်ရွှမ်းနေပြီး တစ်ကိုက်ကိုက်လိုက်တိုင်းမှာ ပါးစပ်ထဲပေါက်ကွဲထွက်သွားပြီး ပါဝင်ပစ္စည်းတိုင်းရဲ့အရသာကိုခံစားမိတယ်။အဓိက,က ဗိုက်ပြည့်ပြီး ပေါ့ပေါ့ပါးပါးစားလို့ကောင်းတဲ့အစားအစာပဲ။ဒါကိုသာ ဟိုနေရာမှာသွား....အ!!...ကျားလိကျဲ ဘာလုပ်တာလဲ"


ကျားလိမှာ ဤကလေးစုတ်လေးရှောင်စန်းကြောင့် ဒေါသထွက်သွားတော့သည်။ဆရာလာရှာသည့်ကိစ္စကို သင်းကမည်သည့်နေရာဘက် ကျွံထွက်ရန်စဉ်းစားနေသည်ကိုနားမလည်နိုင်တော့ချေ။ရှောင်စန်းလည်း ကျားလိဆိတ်ဆွဲလိုက်သော ပေါင်အားပွတ်ကာ သူ့ရှေ့မှကောင်းယုံအားကြည့်၍ သတိပြန်ကပ်လိုက်သည်။


သူသာဆက်ပြောမိလိုက်လျှင် ရိုက်ထုတ်ခံရတော့မည်ဟု အာရုံရလိုက်ကာ ကျားလိအားစိတ်ထဲမှနေ ကျေးဇူးတင်မိ၏။သူသာဤဆရာနှင့်သေချာသင်ယူနိုင်ပါက အနာဂတ်တွင်လက်ယမ်းပြနေသော ငွေထုတ်ကြီးများမှာ ကျိန်းသေသူ့ဟာပင်ဖြစ်ရပေမည်။ထို့ကြောင့်တံထွေးမျိုချကာ ကျားလိနှင့်ကောင်းယုံ၏ စူးရှသောအကြည့်များအောက် စကားအားအဆုံးသတ်လိုက်၏။


"ဒါကတစ်ကယ်ကောင်းမွန်တဲ့ အစားအစာပါပဲ။ဆရာကြီးက အံ့ဩစရာကောင်းလိုက်တာ"


ကောင်းယုံမှာထိုကလေး၏ မချိုမချဉ်မျက်နှာပေးကြောင့် အနည်းငယ်ပညာစမ်းရန်ဆုံးဖြတ်ချက်ချပစ်သည်။သူသည်လည်း ထိုကလေး၏ဆက်ပြောမည့်စကားကို ခန့်မှန်းနိုင်၏။သို့သော် မဆိုလောက်သော အားနည်းချက်လေးကြောင့် တပည့်အဖြစ်လက်မခံနိုင်ဟု မပြောနိုင်၍ စမ်းသပ်ရပေမည်။ဤကောင်လေးသာ အောင်မြင်ပါက သူလည်း ထိုလောဘသေးသေး‌ေလးကို မျက်ကွယ်ပြုထားပေးနိုင်၏။


"ဒါဆိုငါမင်းကို အခုချက်ချင်းဒီမုန့်လုပ်ကြည့်ခိုင်းမယ်လေ။လုပ်နိုင်မလား"


ရှောင်စန်းလည်း ကောင်းယုံအားမ‌ေရမရာဟန်ဖြင့်ကြည့်ကာ သေချာအတည်ပြုလိုက်သည်။


"ကျွန်တော့်ကိုမုန့်လုပ်နည်းမပြောပြဘဲ လုပ်ခိုင်းနေတာလား"


"အေး မင်းလုပ်နိုင် မလုပ်နိုင်ဆိုတဲ့ရလဒ်က ဒီနေ့မင်းတို့ရဲ့လာရင်းကိစ္စအဖြေ‌ေပါ်မူတည်သွားမှာနော်"