ကျားလိမှာကောင်းယုံ၏စကားကြောင့် မနေနိုင်ဘဲဝင်ပြောလိုက်မိသည်။
"ဆရာကောင်း ဒီလိုလုပ်တာကတော့မဟုတ်သေးဘူးလေ။မုန့်လေးတစ်ခုစားပြီး အဲ့မုန့်ကိုဘယ်လိုလုပ်ထားတယ် ဘာတွေထည့်ထားတယ်ဆိုတာမသိရပါဘဲ သူကလုပ်ကြည့်ရမှာလား။ဆရာကောင်းရေ ရှင်ကဆရာဝန်တစ်ယောက်ဖြစ်မလာတာကို ကျေးဇူးတင်ရမလိုပဲ"
ကောင်းယုံမှာ ကျားလိအား မျက်ထောင့်ကပ်ကြည့်၍ ပြန်လည်ချေပလာ၏။
"အဲ့ဒါကြောင့်လည်း ငါကစားဖိုမှူးလုပ်နေတာလေ။ပြီးတော့ ငါ့ကိုဆရာတင်ဖို့ကြံစည်နေတဲ့လူတွေတောင် ရှိနေသေးရဲ့"
ကျားလိမှာကောင်းယုံ၏စကားကြောင့် နင်သွားတော့သည်။ထို့ပြင်နောက်ထပ်ပြောလာသော ကောင်းယုံ၏စကားမှာ သွေးအန်မတတ်ခံစားသွားရစေ၏။
"ပြီးတော့ ဒီမုန့်ဆိုတာဘာမှသိပ်ထူးခြားမှုရှိမနေပါဘူး။ပါဝင်ပစ္စည်းဆိုတာကလည်း အရမ်းရိုးရှင်းလွန်းလို့ အိမ်ရာဝင်းထဲကလမ်းလျှောက်တတ်ခါစကလေးတစ်ယောက်တောင် မြည်းကြည့်တာနဲ့သိနေတဲ့အရာတွေပဲလေ။ဒါတွေကိုတောင် မင်းကမသိသေးဘူးဆိုတော့ မင်းဒီအရွယ်ထိဘာတွေစားလာတာလဲ"
ကျားလိမှာရုတ်တရက်ပင် ထုတ်လုပ်ရေးအဖွဲ့မှ အဒေါ်ကျန်းကိုပင် ပြေးခေါ်ချင်စိတ်ဖြစ်လာတော့သည်။
*ကောင်းပြီလေ ရှောင်စန်းကိုရှင့်တပည့်ဖြစ်အောင်လုပ်ပေးပြီး ရှင့်မှာရှိသမျှသွေးတွေကို အကုန်စုပ်ထုတ်ခိုင်းပစ်မယ် ဟမ့်....*
ကောင်းယုံမှာ ကျားလိအားအဖတ်မလုပ်တော့ဘဲ ရှောင်စန်းအားမေးလိုက်၏။
"ဘယ်လိုလဲ မင်းကြိုးစားကြည့်မှာလား"
ရှောင်စန်းမှာ ကောင်းယုံအားမကျေမနပ်ကြည့်နေသော ကျားလိထံတစ်ချက်ကြည့်လိုက်ပြီးမှ ဆုံးဖြတ်ချက်ချကာဖြေခဲ့သည်။
"ကောင်းပါပြီ ကျွန်တော်ကြိုးစားကြည့်ပါ့မယ်"
ကောင်းယုံမှာရှောင်စန်း၏မျက်လုံးများထဲမှ ပြတ်သားမှုကိုတွေ့ရှိကာ ကျေနပ်ဟန်ဖြင့် ခေါင်းငြိမ့်၍ပြောလာ၏။
"ငါ့နောက်လိုက်ခဲ့"
ရှောင်စန်းမှာ ကောင်းယုံနောက်လိုက်သွားရာ ကျားလိလည်း ကျန်မနေခဲ့ချင်၍ သူတို့နောက်မှလိုက်သွားခဲ့သည်။
ရှောင်စန်းအားကောင်းယုံကသူ၏မီးဖိုချောင်ထဲခေါ်လာကာ ဘယ်ပစ္စည်းကဘယ်မှာရှိကြောင်းပြောပြ၍ ဘေးတွင်လက်ပိုက်ကာ ရပ်ကြည့်နေ၏။ကျားလိလည်း ကောင်းယုံဘေးအသာရပ်ကာ ရှောင်စန်းအား စောင့်ကြည့်ပေးလိုက်သည်။ရှောင်စန်းလည်း သူစားခဲ့သည့်မုန့်အားသေချာပြန်ဆန်းစစ်ကာ ခေါင်းထဲပေါ်လာသောလုပ်နည်းအတိုင်းစတင်၏။
အရင်ဆုံးမီးမွှေးကာ လက်ဆေးသည်။အမေယီထည့်ပေးလိုက်သောပစ္စည်းများထဲမှ ကြက်သွန်မြိတ်၊ကြက်ဥအပါအဝင် အခြားအသီးအရွက်အချို့ပါထုတ်ယူလိုက်၏။ပထမဆုံးအနေဖြင့် စီချွမ်းငရုတ်ကောင်းတို့အားယူကာ မီးဖိုပေါ်ဒယ်အိုးတင်၍အပူချိန်အသင့်အတင့်ရောက်ချိန်တွင် ထည့်၍လှော်လိုက်၏။
လှော်ပြီးသွားသောငရုတ်ကောင်းတို့ကို ငရုတ်ဆုံထဲထည့်ကာ အမှုန့်ဖြစ်သည်ထိ ထောင်းချလိုက်ပြီး ပန်းကန်လုံးတစ်လုံးထဲထည့်ထားလိုက်သည်။ချင်း၊ကြက်သွန်မြိတ်၊ကြက်သွန်နီတို့ကို နှုတ်နှုတ်စဉ်းကာရော၍အသာေထာင်းပြီး ပန်းကန်လုံးကြီးတစ်ခုထဲထည့်ကာထားလိုက်၏။တစ်ဖန် ဒယ်အိုးထဲဆီထည့်ကာ မီးဖိုပေါ်တင်လိုက်သည်။ဆီပွက်ပွက်ဆူလာသည်နှင့် ရောထောင်းထားသော ချင်း၊ကြက်သွန်မြိတ်နှင့် ကြက်သွန်နီအရောတို့ပေါ် လောင်းချကာ မွှေးပျံ့သောရနံ့တို့ ထွက်ပေါ်လာစေ၏။
ထို့နောက် ပန်းကန်လုံးကြီးနှစ်လုံးကိုယူကာ တစ်လုံးထဲတွင် ပါလာသောဟင်းသီးဟင်းရွက်အချို့ကို လှီးချွတ်ပြင်ဆင်ကာထည့်၍ နောက်တစ်လုံး၌ နှုတ်နှုတ်စဉ်းထားသောဝက်သားတို့ကိုထည့်လိုက်သည်။ထိုပန်းကန်လုံးကြီးနှစ်လုံးထဲသို့ ခုနကဆီပူဖြင့်လောင်းချထားသော အရောအနှောတို့ကို အညီအမျှခွဲထည့်လိုက်ပြီး ပဲဆော့စ်၊ပဲငံပြာရည် အကြည်၊ပဲငံပြာရည်၊နှမ်းဆီ၊ေထာင်းထားေသာ ငရုတ်ေကာင်းမှုန့်တို့ထည့်၍ လက်ဖြင့်သမေအာင်ေမွှေပးထား၏။
ပြီးနောက် ကြက်ဥအားခွဲကာ အနှစ်ချည်းယူ၍ ရောထည့်ပေးလိုက်သည်။ဝက်သားအနှစ်ဘက်တွင်တော့ ဇလုံထဲရေနည်းနည်းရောထည့်ကာ စေးကပ်လာသည်အထိ လက်ဖြင့်စဉ်းတီပြားပေါ် ပေါက်ပြီးနယ်ကာခဏဘေးဖယ်ထား၏။နောက်တစ်ဆင့်မှာ ဂျုံနယ်ရမည့်အပိုင်းပင်။
ပန်းကန်လုံးလေးတစ်ခုအတွင်း ရေနွေး၊ဆီ၊ဆားတို့အားထည့်ကာ မွှေပေးထားသည်။တစ်ဖန် ဂျုံဖြူများအားဇလုံတစ်လုံးထဲထည့်ကာ သေချာမွှေထားသော ရေနွေးအရောအစပ်ပမာဏအသင့်အတင့်ကို ထည့်၍ သမအောင်နယ်ပေး၏။သမအောင်နယ်ပြီးသော် စဉ့်တီပြားပေါ် ဂျုံမှုန့်ဖြူး၍ နယ်ထားသောဂျုံကိုတင်ကာလှိမ့်ပြီးထပ်နယ်သည်။လိုချင်သောမုန့်ညက်အနေအထားရောက်သော် ဇလုံထဲဆီပါးပါးပွတ်ကာ ထိုမုန့်ညက်အား ငါးမိနစ်ခန့်နှပ်ထား၏။
ငါးမိနစ်ခန့်နှပ်ထားပြီးနောက် စဉ့်တီပြားပေါ်ဂျုံမှုန့်ဖြူးကာ မုန့်ညက်အား ခေါက်ဆွဲမျှင်အကြီးစားတစ်ခုဖြစ်အောင် လှိမ့်၍ဓားဖြင့်အစိတ်အသေးလေးများစိတ်ပိုင်းလိုက်သည်။ထို့နောက် ဂျုံလုံးလေးအားလက်ဖြင့်ထိန်းကာ လှည့်ပြီး စဉ့်တီပြားပေါ်ဂျုံမှုန့်ထပ်ဖြူးကာ ဂျုံတုံးအား ဒလိမ့်ဖြင့်ပြား၍ မုန့်သားအလယ်ကို လက်ခလယ်ဖြင့်ထိန်းပြီး ဖက်ရွက်ပုံစံပေါ်လာသည်အထိ လှည့်၍လှိမ့်နေလိုက်၏။
ပြီးသော်ထိုဖက်ရွက်များထဲ အစာသွပ်ကာဖက်ထုပ်သဖွယ်တွန့်ပိတ်၍အလယ်တွင်စုရှုံ့ထားသည်။ထို့နောက်စဥ့်တီပြားပေါ်တင်ကာ လုံးလုံးလေးဖြစ်အောင်လှိမ့်၍ တန်းစီချထားလိုက်၏။သူ့အထင်တော့ ဤမုန့်မှာပန်ကိတ်ပုံစံသာဖြစ်၍ ထိုအတိုင်းသာဆက်သွားခဲ့သည်။
တစ်ဖန်ဒယ်အိုးထဲဆီထည့်ကာ အပူချိန်အသင့်အတင့်ရောက်သည်နှင့် အိုးထဲသို့တစ်ခုချင်းထည့်ကာ ဂျုံလုံးလေးတစ်ခုထည့်လျှင်ထိုအပေါ်ပြားသွားအောင် ဖိလိုက် ထည့်လိုက်လုပ်နေ၏။ကျားလိလို အသင့်ထိုင်စားတတ်သည့် သခင်မလေးမှာတော့ ရှောင်စန်း၏စီးဆင်းနေသော ရေလိုချောချောမွေ့မွေ့ဖြင့် အစီအစဉ်တကျလုပ်ကိုင်သွားပုံကို အံ့ဩနေမိတော့သည်။
"ဝါးး ရှောင်စန်း မင်းကအရမ်းတော်တာပဲ။ဘာမှမသင်ရသေးတာတောင် ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်နေပြီ"
မုန့်များအားတစ်ဖက်သို့လှန်နေသော ရှောင်စန်းမှာကျားလိ၏ ချီးကျူးစကားကြောင့် ရှက်ရွံ့သွားရကာ အရူးလေးလိုရယ်နေတော့၏။ကောင်းယုံမှာတော့ မိန်းမလှလေးအားကြည့်ကာ ခေါင်းသာယမ်းလိုက်တော့သည်။ဤမိန်းကလေးမှာ အမှန်ပင် ချက်ပြုတ်တတ်ခြင်းရှိပုံမရချေ။မုန့်လေးတစ်ခုလုပ်ပြသည်ကိုတောင် သူ့ခမျာအလွန်အံ့ဩစရာေကာင်းနေဟန်ပေါ်၏။ထို့ကြောင့် ကောင်းယုံမှာဝင်ပြောလာသည်။
"ဒီလောက်လွယ်ကူတဲ့နည်းလမ်းလေးကတော့...."
"အိမ်ရာဝင်းထဲက လမ်းလျှောက်တတ်ခါစ ကလေးတောင်လုပ်တတ်တယ်လေ ဟုတ်တယ်မလား။ဒါပေမယ့်လည်း ကျွန်မအတွက်တော့ အရမ်းအံ့ဩစရာကောင်းနေတယ်လေ အဲ့တော့ဘာဖြစ်လဲ"
ကျားလိမှာ ဤတစ်ခါတွင်တော့ ကောင်းယုံ၏နှပ်ချခြင်းအား မခံတော့ပေ။ထို့ပြင်ရှောင်စန်း၏ လုပ်ဆောင်ချက်မှာသူမအားအမှန်တစ်ကယ် ချီးကျူးမိစေသည်မဟုတ်ပါလော။ကောင်းယုံမှာလည်း ကျားလိအားအရှုံးမပေးချင်သူဖြစ်ကာ အထအနကောက်ကာပြန်ချေပလိုက်၏။
"ဒီမုန့်လုပ်နည်းကလွယ်ပေမယ့် လမ်းလျှောက်တတ်ခါစ ကလေးကဘယ်လိုလုပ်သိမှာလဲ။မီးဖိုချောင်ဝင်ဖူးတဲ့ကလေးမှသိမှာပေါ့။မုန့်လုပ်နည်းက ဖက်ထုပ်တို့ပေါက်စီကြော်တို့နဲ့ သိပ်ထူးခြားပြီးကွာဟနေတာမရှိဘူးလေ"
ကျားလိမှာလည်း ချက်ချင်းငြင်းဆန်လာသည်။
"ဘာပဲဖြစ်ဖြစ် ရှောင်စန်းလုပ်ကိုင်သွားတာကို ကြည့်လိုက်လေ။တစ်ဆင့်ချင်းစီကိုက အထစ်အငေါ့မရှိဘဲ ချောချောမွေ့မွေ့ဖြစ်နေတော့ ကြည့်ရတာ ဆွဲဆောင်မှုရှိမနေဘူးလား။ချက်တာပြုတ်တာ ဝါသနာမပါတဲ့ကျွန်မတောင် အကြည့်မလွှဲနိုင်အောင် ဖမ်းစားခံလိုက်ရတယ်လေ"
ထိုစကားများကိုတော့ ကောင်းယုံကပြန်ငြင်းမလာတော့ပေ။ကျားလိမှာ အောင်နိုင်သူအပြုံးဖြင့် ကောင်းယုံအားကြည့်လိုက်ရာ ကောင်းယုံကနှာခေါင်းရှုံ့လိုက်သည်။သူ့အနေနဲ့ကျားလိအား အနိုင်ပိုင်းချင်သော်လည်း ရှောင်စန်း၏အရည်အချင်းမှာ အမှန်တစ်ကယ်ကောင်းမွန်လေရာ မကျေနပ်မှုတို့အား မျိုသိပ်ထားလိုက်ရတော့၏။
ရှောင်စန်းမှာတော့ ကျားလိ၏ချီးမွမ်းစကားများကြောင့် အနေခက်လာရပြီး ရွှေဝါရောင်ထွက်လာပြီဖြစ်သောမုန့်များအားဆယ်ကာ ပြောလာသည်။
"ကျားလိကျဲ ဆက်ပြီးကျွန်တော့်ကိုချီးကျူးမနေပါနဲ့တော့။ဆရာကြီးပြောတာလည်း ဟုတ်ပါတယ်။ဖက်ထုပ်တို့ ပန်ကိတ်တို့လုပ်နေကျ ကျွန်တော်တို့အတွက် ရှန်းပင်းကတစ်ကယ်မခက်ခဲပါဘူး"
မုန့်များကို ပန်းကန်ပြားတစ်ချပ်ထဲထည့်ကာ ကောင်းယုံအား ကမ်းပေးလိုက်၏။
"ဆရာကြီး ရှန်းပင်းမုန့်ရပါပြီ။အဆင်ပြေမပြေ မြည်းပေးပါဦး"
ကောင်းယုံမှာတူအားကောက်ကိုင်ကာ မုန့်တစ်ခုယူလိုက်စဉ် ကျားလိလည်း မုန့်တစ်ခုအားလှမ်းယူလိုက်သည်။သို့သော် ကျားလိမှာအနည်းငယ်လောဘကြီးသွားပြီး သတိလက်လွတ်ဖြင့်အကိုက်ကြီးကိုက်ချလိုက်ရာ အတွင်းရှိပူလောင်သော အစာသွပ်အရည်များက ပါးစပ်ထဲစီးဝင်ကာ အပူလောင်သွားစေတော့သည်။ကျားလိမှာပူလောင်သောခံစားချက်ကြောင့် ကျယ်လောင်စွာညည်းညူမိလိုက်၏။
"အမ်းးးးး"
ရှောင်စန်းမှာ ထိုအဖြစ်အပျက်အားတားချိန်မရလိုက်၍ ကျားလိအပူလောင်သွားသည်ကိုသာကြည့်နေရတော့သည်။သူသည် ရေတစ်ခွက်ပြေးခပ်ကာ ကျားလိအားပေးလိုက်၏။
"ကျားလိကျဲထွေးထုတ်ပစ်လိုက်။ပူနေတာကို နည်းနည်းချင်းမစားပဲ တအားကိုက်လိုက်တာကို ဒီမှာရေ ပလုတ်ကျင်းလိုက်ဦး"
ကျားလိမှာ စားလက်စမုန့်အားချကာ ရှောင်စန်းပေးလာသောရေခွက်ကိုယူလိုက်သော်လည်း ထွေးထုတ်ဖို့ကိုတော့ ငြင်းဆန်လိုက်သည်။အစာသွပ်ထားသောအသား၏အချိုရည်မှာ ကောင်းယုံလုပ်ထားသည်ထက် အရသာရှိနေသောကြောင့် ပါးစပ်သာဖွင့်ပြီး ဟူးဟူးဟဲဟဲလုပ်နေရ၏။
တစ်ဖက်ရှိကောင်းယုံမှာတော့ ဂရုမထားတတ်သော ကျားလိအားခေါင်းတယမ်းယမ်းဖြင့် ကြည့်ကာလက်ထဲရှိမုန့်ကိုအကိုက်ေသးေသးကိုက်လိုက်သည်။ရှန်းပင်း၏အရသာကိုသေချာခံစားလိုက်ပြီး မျက်လုံးပင့်မိသွား၏။ထိုကလေးမအပူလောင်သည်ကိုတောင် ဘာကြောင့်ထွေးမထုတ်နိုင်သည်ကို သိလိုက်ရချေပြီ။ကောင်းယုံမှတူအားပြန်ချလိုက်စဉ် သူ့ကိုစိုက်ကြည့်နေသော မျက်လုံးနှစ်စုံကြောင့် ချောင်းတစ်ချက်ဟန့်ကာ သူ၏ထင်မြင်ချက်အားပြောလာ၏။