အခန်း _၁၇
Viewers 112

   "ပါဝင်ပစ္စည်းထည့်တာ မျှတတယ်။ငရုတ်ကောင်းထည့်လိုက်တာက အကြံကောင်းပဲ။သူ့အနံ့နဲ့အရသာ‌ေကြာင့် အစာသွပ်ထားတဲ့အမယ်တွေရဲ့ထူးကဲမှုကပိုပြီးပေါ်လွင်သွားစေတယ်။ဂျုံနှပ်ထားတာကလည်း လုံးဝနပ်နေပြီး အစာရွက်ကိုလည်းပါးနေအောင်လှိမ့်ထားတော့ အပေါ်ယံဂျုံနဲ့အစာပလာတွေရဲ့အရသာတွေက လုံးဝကိုလိုက်ဖက်အောင်ပေါင်းစည်းသွားတာပဲ"


  ကျားလိမှာ ပါးစပ်ထဲကျန်သည်တို့ကိုမျိုချကာ ရေဖြင့်ပလုတ်ကျင်း၍သက်သာသွားပြီးဖြစ်ရာ ကောင်းယုံ၏အကဲဖြတ်မှုကိုနားထောင်ပေးနေ၏။သို့သော်ကောင်းယုံ၏ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများဖြင့် ဖြီးဖြန်းနေသည်ကို နားထောင်နေရင်း မနေနိုင်တော့ပဲဖြတ်ပြောလိုက်တော့သည်။


  "ဆရာကောင်းရေ ရှင်လုပ်ထားတဲ့မုန့်ထက်ပိုကောင်းတယ်လို့သာ ပြောလိုက်ပါတော့။ကျွန်မလည်းစားကြည့်ထားတာမလို့ ရှောင်စန်းရဲ့မုန့်ကပိုကောင်းတာ အသိသာကြီးပါနော်"


  ကောင်းယုံမှာကျားလိစကားကြောင့် စိတ်ပျက်နေဟန်ဖြင့် မျက်လုံးလှန်လိုက်ကာ ‌ပြန်ပြောလိုက်၏။


  "အဲ့ဒါကပါဝင်ပစ္စည်းအရည်အသွေးကြောင့်လေ။မင်းတို့ယူလာခဲ့တဲ့ အသီးအရွက်တွေက လတ်လတ်ဆတ်ဆတ်တွေမလို့ မုန့်ရဲ့အရသာကပိုပြီးပေါ်လွင်လာတာပေါ့"


  ကျားလိမှာတော့ အရှုံးမပေးဟန်ဖြင့် အတွန့်တက်လာသည်။


  "အဲ့တော့ရော ဘာပဲဖြစ်ဖြစ်ရှင်လုပ်ထားတာထက်တော့ အရသာပိုကောင်းတာပဲလေ"


  ကောင်းယုံမှာကျားလိအားလျစ်လျူရှုလိုက်ကာ ရှောင်စန်းကိုကြည့်၍လေးလေးနက်နက်ပြောလိုက်သည်။


  "ငါမင်းကိုတပည့်အဖြစ်လက်ခံမပေးနိုင်ဘူး"


  ကျားလိနှင့်ကောင်းယုံ၏စကားအချေအတင်ပြောဆိုနေကြသည်ကို ပျော်ပျော်ကြီးစောင့်ကြည့်နေသောရှောင်စန်းမှာ ကောင်းယုံ၏စကားကြောင့် မျက်နှာထက်မှ အပြုံးတို့ပျောက်ကွယ်သွားသလို ကျားလိသည်လည်း မျက်မှောင်ကြုတ်သွားရ၏။ကျားလိသည် ကောင်းယုံအား တည်တင်းသောမျက်နှာထားဖြင့် ငုံ့ကြည့်ကာပြောလိုက်သည်။


"ဘာလဲ ဆရာကောင်း ရှင်ပဲခုနကကျမုန့်လုပ်ပြီးရင် ဆုံးဖြတ်ချက်ချမယ်ဆို။ရှောင်စန်းလုပ်လိုက်တဲ့မုန့်က ရှင့်ထက်သာနေတော့ ရုတ်တရက်ကြီးမနာလိုဖြစ်သွားတာလား။ဒါဆိုရင်တော့ ရှင်လူမှားသွားပြီလို့ပဲပြောရလိမ့်မယ်။ကျွန်မတို့ဒီဝင်းထဲကခြေတစ်လှမ်းထွက်ပြီးတာနဲ့ ရှင့်အနာဂတ်အတွက် အကြောင်းပြချက်‌ကောင်းတစ်ခုရှာထားရလိမ့်မယ်နော်"


  ကျားလိမှာအမှန်တစ်ကယ်ဒေါသထွက်သွားခြင်းပင်။ရှောင်စန်းမှာသူ၏စစ်ဆေးမှုအားအောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့သည်မှာသေချာပါသော်ငြား ရလဒ်ကိုမျက်စိရှေ့တင် ဖျောက်ဖျက်ခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။သူမတို့အား ကောင်းယုံမှအကြောင်းပြချက်ကောင်းကောင်းထုတ်မပေးနိုင်ပါက သူ့အားအနည်းငယ်ခက်ခဲသည့်အချိန်များရသွားစေရန် လုပ်ဖို့ဆိုသည်မှာ အလွယ်လေးပင်။ရှောင်စန်းမှာ ကျားလိ၏စကားကြောင့် မကျေမနပ်ဖြင့် ကောင်းယုံကိုမေးခွန်းထုတ်လိုက်သည်။


  "ဆရာကြီး ကျွန်တော်ကခေါင်းမာတတ်တဲ့လူမဟုတ်ပေမယ့် ခေါင်းခံနေမယ့်လူလည်းမဟုတ်ပါဘူး။အခုကျွန်တော့်အသက်က၁၂နှစ်ရှိနေပြီမလို့ အရာရာကိုနားလည်နိုင်နေပါပြီ။ဒါကြောင့် ကျွန်တော့်ကိုဘာလို့ငြင်းရတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပြပေးပါ"


  ကောင်းယုံမှာ ကျားလိ၏စကားကြောင့် ကျောရိုးတစ်လျှောက်အေးစိမ့်သွားရသည်။သူမနှင့်တွေ့စမှစ၍ ယခုမှသာသူမသည်အန္တရာယ်ရှိသည်ဟူ‌ေသာ ခံစားချက်အားရခြင်းပင်။သူ့လိုအသက်၄၀နီးပါးလူကြီးတစ်ယောက်က ဆယ်ကျော်သက်ကလေးမလေးတစ်ယောက်ကို ပထမဆုံးထိတ်လန့်ဖူးခြင်းပေ။ထို့ကြောင့်သူသည်ရှောင်စန်းမှဆက်ပြောရန်လုပ်နေသည်ကို တားကာအမြန်ဖြတ်ပြောလိုက်တော့၏။


  "မင်းတို့နှစ်ယောက် ငါ့စကားကိုဆုံးအောင်နားထောင်ပြီးမှကောက်ချက်ချလိုက်လို့မရဘူးလား။ငါ့ကိုပြီးအောင်ပြောခွင့်ပေးကြပါဦး"


  ကျားလိမှာ ကောင်းယုံစကားကြောင့် ‌သူမမှအ‌ေလာတကြီးနိုင်သွားမိသည်ကို သတိပြုမိကာ ဆကျ‌မ‌ပွော‌တော့ပဲ ငွိမျ၍နား‌ထောငျ‌နေစဥျ ရှောင်စန်းမှာ လက်သီးအားတင်းတင်းဆုပ်၍ ပြောလာသည်။


  "ပြောပါ ဆရာကြီး။ကျွန်တော်တို့နားထောင်နေပါတယ်"


  ကောင်းယုံမှာကျားလိအားကြည့်ကာမေးလိုက်၏။


  "ရုံအိမ်က ကလေးမဆီကနေငါ့အကြောင်းတွေကြားခဲ့ပြီမဟုတ်လား"


  ကျားလိလည်းဘာကြောင့်ထိုသည်ကိုမေးလာမှန်းမသိပေမယ့် ခေါင်းငြိမ့်ကာပြန်ဖြေလိုက်သည်။


  "အင်း ရှင့်ကိုခုချိန်ထိယူမယ့်အမျိုးသမီးမရှိလို့ လူပျိုကြီးဘဝနဲ့ရှေ့ဆက်ရတော့မယ်ဆိုတဲ့အကြောင်းရယ် ရှင်ရဲ့ဘိုး‌ေဘး‌ေတွက ချင်မင်းဆက်ရဲ့ တော်ဝင်စားဖိုမှူးမျိုးရိုးဆိုတာရယ်တော့ ပြောပြထားတယ်"


  ကောင်းယုံမှာကျားလိ၏အဖြေကြောင့် ဆို့နင့်သွားရသော်လည်း ဆက်ပြောလာ၏။


  "မင်းပြောတာလည်းဟုတ်ပါတယ်။ငါ့ကိုလက်ဆက်ချင်တဲ့အမျိုးသမီးမရှိခဲ့လို့ ငါကတစ်ယောက်တည်းဖြစ်နေရတာပါ။ထားလိုက်ပါတော့ ငါပြောတာသာနားထောင်‌ကြ။ငါ့ရဲ့ဘိုးဘေးတွေကတော်ဝင်စားဖိုမှူးတွေလေ။သူတို့တစ်ဘဝလုံးချက်ပြုတ်ခြင်းအပေါ်မှာပဲ စိတ်နှစ်ခဲ့ကြတာ။


  ဒီလိုနဲ့မျိုးဆက်တစ်ဆက်စီ ချက်ပြုတ်နည်းလမ်းတွေလက်ဆင့်ကမ်းလာကြတာ  ငါ့မိဘတွေလက်ထက်‌ေရာက်လာတယ်။ဒါ‌ေပမယ့်မတည်မငြိမ်ကာလတွင်းမှာသူတို့တွေကအမွေအနှစ်တွေကို ကာကွယ်ဖို့ကြိုးစားကြရင်း မတော်တဆတစ်ခုဖြစ်သွားခဲ့ပြီး သန္ဓေသားဖြစ်နေသေးတဲ့ငါ့ကိုလာထိသွားတယ်လေ။ငါမွေးတုန်းကတအားချူချာခဲ့ပြီး တခြားရွယ်တူတွေထက်ဖွံ့ဖြိုးမှုနောက်ကျခဲ့တယ်။


  အခုငါ့ကိုကြည့်လိုက် ဒီကလေးနဲ့ဆို အရပ်အမောင်းကမကွာသလောက်ပဲလေ။ထားပါတော့ တစ်နေ့ကျငါအပြင်းဖျား,ဖျားခဲ့ပြီး အခြေအနေအရဆေးမြီးတိုတွေနဲ့ပဲကုသခဲ့ရတယ်။‌ေနာက်ပိုင်းငါ့ကို‌ေဆးရုံဆီ‌ေရာက်‌ေအာင်ပို့နိုင်တဲ့အချိန်ကျ လူကနေကောင်းသွားခဲ့ပေမယ့် ဆေးဒဏ်ပိပြီးအသက်ကြီးလာ‌ေလမျိုးဆက်ရဖို့ခက်လေဖြစ်သွားနိုင်တယ်လို့ ဆရာဝန်ကဆေးစစ်ချက်ထုတ်ခဲ့တယ်။


  ငါ့မိဘတွေသေဆုံးသွားတဲ့ထိရှိခဲ့တဲ့နောင်တဆိုလို့ ငါတို့မျိုးရိုးပြတ်မှာထက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဟင်းချက်နည်းတွေ တိမ်ကောသွားမှာပဲရှိတယ်။ငါလည်းအရွယ်‌ေကာင်းတုန်းက အမျိုးသမီးတစ်ယောက်နဲ့လက်ဆက်ပြီး မျိုးဆက်ရှိဖို့မျှော်လင့်ခဲ့တာပေါ့။ဒါပေမယ့် ငါ့ရဲ့ချို့ယွင်းချက်ကြောင့် အိမ်ထောင်မပြုနိုင်ခဲ့ဘူး။‌ေနာက်ကျ ငါ့အခြေအနေကိုငါသိနေတော့ အခြားအမျိုးသမီးတစ်ယောက်ကို လက်ဆက်ဖို့စိတ်ကူးလည်းမရှိတော့ဘူး‌ေလ။အခုတော့ငါလည်းဒီစိတ်နဲ့ပဲအသက်ဆက်နေရတာပဲ။တစ်နေ့ငါများသေဆုံးသွားခဲ့ရင် ငါ့ရဲ့အမွေအနှစ်တွေကို ထိုက်တန်တဲ့သူဆီမပေးနိုင်ခဲ့မှာကို စိုးရိမ်နေရတယ်"


  ထို့နောက်ကောင်းယုံမှာရှောင်စန်းအားကြည့်ကာ ရှန်းပင်းမုန့်ပန်းကန်အားညွှန်ပြ၍


  "ဒါပေမယ့်ဒီနေ့တော့ ငါ့ရဲ့မျှော်လင့်ချက်တွေအသစ်ပြန်လည်မွေးဖွားလာတဲ့နေ့ပဲ။အရင်ကငါ့ဆီမင်းအစ်မမင်းကို တပည့်အဖြစ်လက်ခံပေးဖို့လာပြောတုန်းက ငါကဒီအတိုင်းချက်ပြုတ်နည်းတစ်ချို့သင်ပေးပြီး အိုစာမင်းစာလေးရအောင်စုထားလိုက်မယ်လို့တွေးထားခဲ့တာ။ဒီမုန့်ကိုစားကြည့်ပြီးမှသာ မင်းကဒီထက်ပိုဝေးဝေးသွားနိုင်သေးမှန်း သိလိုက်ရတယ်။မင်းလုပ်ထားတဲ့မုန့်ကနေမင်းရဲ့ကိုယ်ပိုင်ခံစားချက်ဝိညာဉ်ကိုငါခံစားမိတယ်"


  ကောင်းယုံ၏ရင်နှင့်ခံစား၍ပြောနေသည့်စကားများကို နားထောင်နေသောရှောင်စန်းမှာ ခေါင်းအားကုတ်ကာရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်သည်။


  "အာ!ဆရာကြီး ကျွန်တော်နားလည်အောင်တရုတ်စကားနဲ့ပြောပြပေးလို့ရမလား"


  ဘေးမှရပ်ကြည့်နေသော ကျားလိမှာ စိမ်းဖန့်လာသည်ထိဒေါသထွက်လာသော ကောင်းယုံ၏မျက်နှာကြောင့် 'ဖူး'ကနဲရယ်မိလိုက်ရာ ကောင်းယုံကမျက်လုံးများအားမှေးကျဉ်းကာ သတိပေးသလိုကြည့်လာ၏။ထို့နောက်အူလည်လည်ဖြစ်နေသော ရုပ်ဖြင့် ရှောင်စန်းအားကြည့်ကာသက်ပြင်းချ၍လိုတိုရှင်းပြောလိုက်သည်။


  "မင်းလုပ်တဲ့မုန့်ကငါလုပ်တဲ့မုန့်နဲ့တူပေမယ့် မင်းရဲ့မုန့်အရသာကမင်းရဲ့ကိုယ်ပိုင်အရသာရှိပြီး ငါလုပ်ထားတဲ့မုန့်အရသာနဲ့ကွဲပြားနေတယ်လို့ပြောတာ နားလည်လား"


  ရှောင်စန်းမှာကောင်းယုံ၏စကားကို နားမလည်နိုင်သေးသော်လည်း ခုနကလောက်ဒေါသလည်းမဖြစ်တော့ပေ။သူသည်ငယ်သေးသည်ဖြစ်ရာ အနာဂတ်၌ဆရာတစ်ယောက်ရှာမတွေ့ဟု မယုံကြည်ပေ။ထို့ကြောင့်ဤနေရာတွင် ခေါင်းရှုပ်ခံကာ နားမလည်သည့်စကားများအား နားထောင်နေရမည့်အစား ထွက်သွားချင်လေပြီဖြစ်၏။


  "အဲ့တော့ ကျွန်တော်ကဆက်နားထောင်ပေးရဦးမှာလား။တပည့်မဖြစ်နိုင်ဘူးဆိုမှတော့ မမှောင်ခင်အိမ်ပြန်ရောက်အောင် ကျွန်တော်တို့ပြန်တော့မယ်လေ"


  ကျားလိမှာတော့ ကောင်းယုံ၏စကားအသွားအလာကို ခုနကတည်းမှသဘောပေါက်သွားပြီဖြစ်ရာ ရှောင်စန်း၏စကားကြောင့် မထိန်းနိုင်တော့ပဲအော်ရယ်မိသွားတော့၏။


  "ဟားဟားဟား...."


  ကောင်းယုံမှာတော့ ရှောင်စန်း၏စကားနှင့် ကျားလိ၏ရယ်သံကြောင့် သွေးအန်မတတ်ဖြစ်သွားရ၏။ထို့ကြောင့်ရှောင်စန်းအားကြည့်ကာ ငေါက်လိုက်တော့သည်။


  "မင်းဦးနှောက်က ပုံမှန်ဆိုလည်း အဲ့လောက်ပိန်းတာပဲလား"


  ရှောင်စန်းမှာ ကောင်းယုံ၏အကြောင်းအရင်းမရှိ ဆူငေါက်လာမှုကြောင့်ကြောင်အမ်းသွားရပြီး နားမလည်ဖြစ်ကာကျားလိအားအကူအညီတောင်းသလို ကြည့်လိုက်၏။ကျားလိလည်းအရယ်ရပ်ကာ ကောင်းယုံကိုပြောလိုက်သည်။


  "ဆရာကောင်း ရှောင်စန်းကိုစကားပြောရင်လိုရင်းကိုပဲတန်းပြောလိုက်ပါ။ကွေ့ဝိုက်နေရင် သူကသိမှာမဟုတ်ဘူး"


  ကောင်းယုံလည်းကျားလိစကားကြောင့် သက်ပြင်းအသာချကာ ရှောင်စန်းအားကြည့်၍လေးလေးနက်နက်မေးလိုက်၏။


  "မင်းငါ့ကိုခေါင်းကိုင်အဖေအဖြစ်အသိအမှတ်ပြုမလား။ငါ့ကိုခေါင်းကိုင်အဖေအဖြစ်လက်ခံရင် မင်းအတွက်မနစ်နာစေရဘူး"