အခန်း _၁၉
Viewers 121

    "စက်ဘီးဝယ်ဖို့က ပိုက်ဆံအပြင် စက်မှုထုတ်ကုန်လက်မှတ်ပါရှိမှ ဝယ်လို့ရမယ်နော်"


  အရောင်းဝန်ထမ်းမှာ အရောင်းအဝယ်ဖြစ်မဖြစ်အတည်ပြုရန် အရင်ဆုံးခြေတစ်လှမ်းတက်လိုက်ရာ ကျားလိလည်းခေါင်းငြိမ့်၍ပြန်မေးလိုက်သည်။


  "ကျွန်မတို့သိထားပါတယ်။စက်ဘီးတစ်စီးဝယ်ဖို့စီစဉ်ထားတာမလို့ အတိအကျဘယ်လောက်ကျမယ်ဆိုတာသာ ပြောပေးပါ"


  အရောင်းဝန်ထမ်းမှာ ကျားလိအပြောကြောင့် သဘောတကျရယ်ကာ ပြန်ဖြေလာ၏။


  "ယွမ်၄၀၀နဲ့စက်မှုထုတ်ကုန်လက်မှတ်ပေးရင်ရပါပြီ"


  "ဘာ!!ယွမ်၄၀၀ အဲ့လောက်တောင် ဈေးကြီးတယ်ပေါ့"


  ရှောင်စန်းမှာအရောင်းဝန်ထမ်း၏အဖြေကြောင့် စက်ဘီးအားပွတ်သပ်နေရာမှ ထိတ်လန့်တကြီးခုန်ထွက်လိုက်မိသည်။သူသာကိုင်ကြည့်နေရင်း တစ်ခုခုပျက်စီးသွားစေပါက လျော်ကြေးကြီးကြီးပေးဆောင်နေရပါမည်။


  အရောင်းဝန်ထမ်းမှာရှောင်စန်း၏စကားကြောင့် သုန်မှုန်သွားတော့၏။ထိုသည်ကိုသတိပြုမိလိုက်သော ကျားလိမှာရှောင်စန်း၏ကျောအား တစ်ချက်ပုတ်၍ပြောလိုက်သည်။


  "ဒီကလေးကတော့ အစ်မကဝယ်ပေးပါမယ်ဆို ဘာမှလျှောက်တွေးမနေတော့နဲ့ တစ်စီးသာသွားရွေးချေတော့"


  အရောင်းဝန်ထမ်းမှာ ငွေပေးချေမည့်လူက မိန်းမလှလေးဖြစ်ကြောင်းသိရသော် ရှောင်စန်းအားအဖတ်မလုပ်တော့ပေ။ရှောင်စန်းမှာတော့ မူလကစက်ဘီးတစ်စီးဝယ်ယူမည့် အပျော်ထဲနစ်မြောနေရာ ယခုတော့ ကုန်ကျမည့်ငွေပမာဏကြောင့် နှမျောတသဖြစ်နေတော့သည်။


  "ကျားလိကျဲ ကျွန်တော်တို့ လမ်း‌ေလျှာက်မပြန်ချင်တောင် ညနေခင်းရွာဘက်ပြန်မယ့် လှည်းတစ်စီးစီးနဲ့ လမ်းကြုံလိုက်ကြစို့လေ"


  ကျားလိလည်း အရောင်းဝန်ထမ်းမှရှောင်စန်းအားရိုက်မထုတ်ခင် ယွမ်၄၀၀နှင့် စက်မှုထုတ်ကုန်လက်မှတ်အားထုတ်ပေးလိုက်သည်။အရောင်းဝန်ထမ်းလည်း သူ့လက်ထဲကုန်ကျငွေရောက်လာကာမှ အပြုံးလေးဖြင့် သူမတို့အတွက် စက်ဘီးတစ်စီးရွေးပေးတော့၏။


  ရှောင်စန်းမှာလည်း ကျားလိမှငွေပင်ချေပြီးဖြစ်၍ မတားနိုင်တော့ရာ အရောင်းဝန်ထမ်းကိုဖယ်၍ သူကိုယ်တိုင်စက်ဘီးများအား အကျအနထိုင်ရွေးနေ‌ေလသည်။အရောင်းဝန်ထမ်းမှာတော့ ဘရိတ်၊တာယာမှအစ ဆေးရောင်သုတ်ထားသည်အဆုံးတစ်လက်မ မကျန်စစ်ဆေးနေသော ရှောင်စန်းအား အံ့ဩတကြီးကြည့်နေသော်လည်း ထူးဆန်းသောမြင်ကွင်းတော့ဟုတ်မနေပေ။


  စက်ဘီးကုန်ကျငွေမှာမြင့်မားသည်ဖြစ်ရာ ဝယ်ယူသူများအဖို့ ဂျီးများတတ်သည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင်။သို့သော်လည်း ဝက်အူရစ်မှအစ စစ်ဆေးနေသောဤကလေးလို လူမျိုးကိုတော့ ခုမှတွေ့ဖူးလေ၏။အရောင်းဝန်ထမ်းမှာ တစ်ခုခုပျက်စီးမည်စိုး၍ ဝင်ပြောလိုက်ချင်သော်ငြား ကိုင်ကြည့်ရုံဖြင့်ပင် စစ်ဆေးနေ၍ ပြောမထွက်ခဲ့ပေ။


  ကျားလိသည်လည်း ရှောင်စန်းအား တားရန်စိတ်မကူးထားပေ။ဤသည်မှာ စေ့စပ်သေချာတတ်သည့်အကျင့်သာဖြစ်နေ၍ပင်။နောက်ဆုံးမှာတော့ ရှောင်စန်းသည် သူ့စိတ်ကြိုက်စက်ဘီးတစ်စီးအား ရွေးထုတ်နိုင်သွားသည်။


  ရှောင်စန်းမှာ ကျားလိရှေ့စက်ဘီးအားတွန်းလာကာ နောက်ခုံတွင်ထိုင်ခိုင်းလာ၏။ကျားလိမှာသူမပုခုံးသာသာအရပ်ရှိသောရှောင်စန်းအားကြည့်ကာ ထိုအကြံအားငြင်းပယ်လိုက်သည်။ကျားလိ၏တွန့်ဆုတ်နေမှုအားကြည့်ကာ ရှောင်စန်းကရယ်မော၍အာမခံလာ၏။


  "စိတ်မပူပါနဲ့ ကျားလိကျဲ။ရွာထဲကကျန်းအိမ်မှာ စက်ဘီးဟောင်းတစ်စီးရှိတယ်လေ။သူတို့ဆီကနေ ခဏခဏငှားပြီးစီးဖြစ်လို့ ကျွန်တော်က စက်ဘီးကိုကောင်းကောင်းစီးနိုင်ပါတယ်။ပြီးတော့ ကျားလိကျဲက ပိန်ပိန်လေးကို ဘယ်လောက်လေးမှာမလို့လဲ"


  ကျားလိမှာရှောင်စန်း၏အထပ်ထပ်အာမခံမှုကြောင့် နောက်ခုံပေါ်မဝံ့မရဲထိုင်ကာပြောလိုက်သည်။


"ဒါဆိုလည်းကောင်းပြီလေ။တစ်ကယ်လို့ မင်းမနင်းနိုင်တော့ရင် ပြောနော်။ပေတေပြီးဆက်နင်းနေရင် နောက်နေ့ကျ မင်းခြေထောက်နာနေလိမ့်မယ်"


  "ကောင်းပါပြီ ကောင်းပါပြီ။မြန်မြန်တက်ပါတော့ ကျွန်တော် လောင်စစ်တို့ဆီကြွားချင်နေပြီ"


  ကျားလိလည်း ခေါင်းသာယမ်းကာသွားလို့ရပြီဖြစ်ကြောင်းပြောလိုက်ရာ ရှောင်စန်းမှာ ခြေနင်းအားကျင်လည်စွာ နင်းလိုက်သည်။ထိုသို့ဖြင့် လူတကာ၏အားကျမနာလိုသော အကြည့်များကြား ရှောင်စန်းမှာမေးကိုပင့်၍အိမ်ပြန်နင်းတော့၏။


  ကျားလိတို့ရွာပြန်ရောက်ချိန်တွင် လယ်သိမ်းချိန်ကျော်သွားပြီး ညနေစာချက်ပြုတ်နေကြချိန်ပင်ရောက်နေပြီဖြစ်၍ လူတိုင်းမှာ အိမ်ထဲစုနေချိန်ပင်။ထို့ကြောင့် သူမတို့စက်ဘီးစီး၍ အိမ်ပြန်‌လာသောအကြောင်းမှာ ဆူဆူပူပူဖြစ်မသွားခဲ့ချေ။


  အိမ်ပြန်ရောက်သော်ရှောင်စန်းမှာ စက်ဘီးအားတွန်း၍ အိမ်ထဲသွင်းလာရာ ညစာစားရန်စောင့်ရင်းဆော့ကစားနေကြသော ရှောင်စစ်နှင့်ခယ့်ရှင်းမှာ ဦးဆုံးသတိပြုမိကြသူများဖြစ်သည်။ရှောင်စစ်နှင့် ခယ့်ရှင်းမှာ တောက်ပြောင်နေသော စက်ဘီးအသစ်အားကြည့်ကာ အံ့ဩတကြီးအော်လိုက်ကြ၏။


  "စက်ဘီးကြီး   စက်ဘီးကြီး"


  "ဝါး အသစ်ကြီးပဲ။လောင်စန်း မင်းဒီစက်ဘီးကိုဘယ်ကရလာတာလဲ"


  သူလိုချင်သည့်အနေအထားရောက်သွားပြီဖြစ်သော ရှောင်စန်းမှာ ရင်ဘတ်အားလက်ဖြင့်ပုတ်ကာ ကြွားပါတော့၏။


  "ဒီစက်ဘီးကို ကျားလိကျဲက ငါ့အတွက်ဝယ်ပေးခဲ့တာ။ဆရာကြီးက ငါ့အရည်အချင်းကို စမ်းသပ်ပြီးအရမ်းသ‌ေဘာကျသွား‌ေတာ့ သူ့ကိုခေါင်းကိုင်အ‌ေဖအဖြစ်‌ လက်ခံခိုင်းတော့တာပဲ။ခုဆိုငါကအားလပ်ရက်တိုင်း ‌ငါ့ခေါင်းကိုင်အဖေဆီသွားပြီး ပညာသင်ရတော့မှာ။အဲ့တော့ ငါမြို့ထဲသွားရလာရလွယ်အောင်ဆိုပြီး ကျားလိကျဲက စက်ဘီးဝယ်ပေးလိုက်တော့တာပဲ။ဒါပေါ့ တစ်အိမ်လုံးလည်း စီးလို့ရပါတယ်"


  ခယ့်ရှင်းမှာရှောင်စန်း၏စကားကြောင့် အားကျစိတ်တို့ဖြင့်ကြည့်ကာ မေးလာသည်။


  "တစ်ကယ်လား ရှောင်စန်း။နင်ကမြို့ထဲက ဆရာကြီးကို ခေါင်းကိုင်အဖေအဖြစ် သတ်မှတ်ခဲ့တဲ့အပြင် စက်ဘီးပါရခဲ့တာပေါ့။သိပ်ကောင်းတာပဲ ဒါ...ဒါဆိုလေ ငါနောက်ပိုင်းမြို့ထဲသွားရင် ဒီစက်ဘီးကိုစီးခွင့်ပေးမှာလားဟင်.."


  ရှောင်စန်းမှာ ခယ့်ရှင်း၏တောင်းဆိုမှုအား ရင်ဘတ်ပုတ်ကာ လက်ခံကြောင်းအာမခံလိုက်သည်။


"ကိစ္စမရှိဘူး။နောက်နေ့ မင်းတို့အားတဲ့အချိန် စက်ဘီးစီးအရင်သင်လိုက်ကြပေါ့။ဒါပေမယ့် ဂရုစိုက်စီးကြ။ဒီစက်ဘီးက ပိုက်ဆံအများကြီးပေးဝယ်ခဲ့ရတာမလို့ ပျက်စီးသွားခဲ့ရင် မင်းတို့ကိုငါရိုက်မှာနော်"


  ခယ့်ရှင်းမှာရှောင်စန်းအား စကားနားထောင်မည်ဖြစ်ကြောင်းတဖွဖွပြောကာ ရှောင်စစ်လေးအားဆွဲ၍ စက်ဘီးအားပွတ်သပ်ကြည့်နေကြသည်။အိမ်ရှေ့တွင် ဆူဆူညံညံအသံများကြောင့် မီးဖို‌ေချာင်ထဲမှထွက်ကြည့်သောအမေယီမှာ စက်ဘီးအသစ်တစ်စီးအား ပွတ်သပ်ကာကြည့်နေသော ကလေးများအား တွေ့လိုက်ရ၏။ထို့ကြောင့် အပြေးလာကာ ထိုအုပ်စုထဲဝင်ပေါင်း၍ စက်ဘီးအားကြည့်ကာ မေးလာသည်။


  "အာ ရှောင်စန်း နင့်ကိစ္စကဘယ်လိုဖြစ်သွားပြီလဲ။ပြီး‌တော့ဒီစက်ဘီးကရော ဘယ်က‌ရောက်လာတာလဲ ငှားလာတာလား။ထွန်စက်ကို နင်တို့မြိုထဲရောက်တာနဲ့ ပြန်လွှတ်လိုက်တာဆို"


  ရှောင်စန်းမှာ အမေယီ့ထံ မေးကိုပင့်၍ပြန်ဖြေလိုက်သည်။


"ကျွန်တော့်ကိစ္စတွေကအားလုံးအဆင်ပြေခဲ့ပြီ။ပြီးတော့ အမေကလည်း ဒီစက်ဘီးကအသစ်ကြီးကို ဘယ်သူကရူးနေလို့ငှား‌ေပးမှာလဲ။ထွန်စက်ကတော့ ကျွန်တော်တို့ကစက်ဘီးနဲ့ပြန်လာမှာမလို့ ပြန်လွှတ်လိုက်တာပါ"


  ကျားလိလည်း ရှောင်စန်း၏ပုခုံးအားပုတ်ကာ အမေယီအားအကြောင်းစုံရှင်းပြလိုက်၏။


  "ဆရာကောင်းက ရှောင်စန်းရဲ့အရည်အချင်းကို သဘောကျသွားတော့ သူ့ကို‌ခေါင်းကိုင်အဖေအဖြစ် လက်ခံဖို့တောင်းဆိုလိုက်တယ်လေ။အဲ့အကြံက အဆင်ပြေတာမလို့ ကျွန်မလည်းလက်ခံခိုင်းခဲ့တာ။အဲ့တော့ရှောင်စန်းကသူ့ဆီကနေ ပညာသင်ရင်း သူ့ရဲ့‌ေဝယျာဝစ္စကိစ္စ‌ေလး နည်းနည်းပါးပါးကို ကူညီပေးရုံပေါ့။


  နောက်ကျရှောင်စန်းကစီရင်စုနဲ့ထုတ်လုပ်ရေးအဖွဲ့ကြား အသွားအပြန်လုပ်ရတော့မှာဆိုတော့ စက်ဘီးတစ်စီးရှိထားရင် အဆင်ပြေတယ်လေ။ပြီးတော့ ကျွန်မလည်း မြို့ထဲသွားချင်တဲ့အချိန် ထသွားလို့ရသွားပြီ။မဟုတ်ရင် ခေါင်းဆောင်ကျိက ထွန်စက်ကိုငှားပေးနေတာကို အားနာတာနဲ့တင် မြို့ထဲမသွားရဲဖြစ်နေရတယ်။နောင်ကျအိမ်က ကလေးတွေလည်းမြို့ထဲသွားလို့ လာလို့ အဆင်ပြေသွားတာပေါ့"


  အမေယီမှာ ကျားလိ၏နားချသောစကားများမှာ ကျိုးကြောင်းဆီလျော်နေရာ ဘာမှပြန်မပြောနိုင်တော့ပေ။ထို့ကြောင့် စက်ဘီးအားသဘောတကျပွတ်သပ်ရင်း ရှောင်စန်းအားသတိပေးလိုက်သည်။


  "လောင်စန်း နင်စက်ဘီးကိုသေချာဂရုစိုက်ပြီး စီးနော်။သူများတွေကိုလည်း ပတ်ငှားမနေနဲ့ ပြီးတော့ မပျက်စီးအောင်လည်းသတိထားဦး။မတော်လို့ ပျောက်သွားတာတို့ ပျက်သွားတာတို့ဆိုရင်တော့ နင်သေပြီသာမှတ်"


  "နားလည်ပါတယ် အမေရယ်။ဒီစက်ဘီးက  ဘယ်လောက်တန်ဖိုးကြီးတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ဘယ်သူ့ကိုမှငှားဖို့လည်း စိတ်ကူးမရှိပါဘူး"


  အမေယီလည်း ခေါင်းငြိမ့်ရင်းသက်ပြင်းချကာ ပြောလာသည်။


  "နင်တို့ပြန်လာတဲ့အချိန်က ညစာပြင်ချိန်ဖြစ်နေတာ တော်သေးတာပေါ့။မဟုတ်ရင် ရွာထဲကလူ‌ေတွက စပ်စပ်စုစုနဲ့ အကုန်လျှောက်ထိပြီး ဟိုငှားဒီငှားလုပ်တော့မှာ"


  ရှောင်စန်းမှာ အမေယီအားကြည့်ကာ ရယ်ရင်းပြောလိုက်သည်။


"သူတို့တွေသိသွားတောင် လာငှားဖို့သတ္တိမရှိပါဘူးအမေရယ်။ခေါင်းဆောင်ကျိက သူတို့တွေကို ကျားလိကျဲဆီ ရှုပ်ရှုပ်ယှက်ယှက်တွေမလုပ်ကြဖို့ သတိပေးထားတာကို။ဒီစက်ဘီးကကျားလိကျဲဟာလို့သာ ပြောလိုက်။ငှားဖို့နေနေသာသာ လာတောင်ကြည့်ရဲကြမှာမဟုတ်ဘူး"


  အမေယီလည်း ရှောင်စန်းစကားကိုလက်ခံကာ စိတ်သက်သာရာရသွား၏။ကျားလိမှာ ဟိုဟိုဒီဒီဝေ့ကြည့်ရင်း လူတစ်ယောက်လျော့နေသဖြင့် အမေယီအားမေးလိုက်သည်။


  "အန်တီယီ ရှောင်ဟွေ့ရောဘယ်မှာလဲ။အိမ်မှာမရှိဘူးလား"


  အမေယီလည်း ကျားလိစကားကြောင့် အိမ်မကြီးဘက်လှမ်းကြည့်ကာဖြေလာ၏။


  "အိမ်မှာရှိပါတယ်။ခုနကထိ စားပွဲမှာထိုင်ပြီးအဝတ်ချုပ်နေတာကို မြင်မိ‌ေသးတာကို အခုသူ့အခန်းထဲရောက်သွားလို့နေမှာ။ထားလိုက်ပါ ခဏနေထွက်လာလိမ့်မယ် မင်းလည်းရေချိုးချင် ချိုးချေတော့ ညစာကအဒေါ်ပြင်ထားတာမလို့ ရတော့မယ်"


  ကျားလိလည်းခေါင်းသာငြိမ့်ကာ သူမအိမ်လေးဘက်သွားကာ ရေချိူးရန်ပြင်လိုက်တော့သည်။ထိုစဉ်တက်ကြွနေသူ ရှောင်စန်းကရေပူများလာပို့ပေးလေ၏။