ကျားလိမှာရေချိုးခေါင်းလျှော်လိုက်ပြီး ဆံပင်အခြောက်ခံနေစဉ် ခယ့်ရှင်းကရောက်လာပြီး ညစာစားရန်လာခေါ်သည်။ကျားလိလည်း ဆံပင်တို့ကိုပိုးစတစ်စဖြင့်သာ လျော့ရဲရဲချည်၍ ခယ့်ရှင်းနှင့်အတူ အိမ်မကြီးဘက်ထွက်လာလိုက်၏။ထိုစဉ်ခယ့်ရှင်းမှာ သူမဆံပင်များအားကြည့်ကာ အားကျနေသောလေသံဖြင့်ပြောလာသည်။
"ကျားလိကျဲရဲ့ဆံပင်လိုကောက်ကောက်လေးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဟင်။တစ်ခါကညီမစီရင်စုသွားတုန်းအစ်မကြီးတစ်ယောက်ပြောတာတော့ သူကဆံပင်ကောက်ဖို့ပိုက်ဆံမတတ်နိုင်လို့ မီးဖိုထဲသံချောင်းထည့်ပြီးဆံပင်ကိုလိပ်လိုက်တာတဲ့။ဒါပေမယ့် အဲ့အစ်မကြီးေကာက်ထားတဲ့ဆံပင်ေတွက ကျားလိကျဲရဲ့ဆံပင်လောက်မလှဘူး"
ကျားလိမှာထိုစကားကြောင့် ကလေးမလေးအားသတိပေးလိုက်ရ၏။
"ရှောင်ရှင်းမင်းဆံပင်ကိုအဲ့လိုတွေလျှောက်မလုပ်နဲ့နော်။အဲ့လိုလုပ်တာက ဆံပင်ကိုပျက်စီးစေရုံဆိုပေမယ့် မတော်လို့လက်လွန်သွားရင် ဆံပင်တွေမီးကျွမ်းပြီးပြတ်ထွက်သွားတာတို့ ဦးရေပြားခိုက်မိတာတို့ဖြစ်တတ်တယ်။တစ်ကယ်လို့ ရှောင်ရှင်းဆံပင်ကောက်ချင်ရင် ရှောင်ဟွေ့အရွယ်လောက်မှ အလှပြင်ဆိုင်ေကာင်းကောင်းတစ်ခုဆီသွားကောက်ချေ။အခုတော့ ဒီအတိုင်းလေးပဲကောင်းပါတယ် ။အစ်မပြောတာ နားလည်လား"
ခယ့်ရှင်းမှာ ကျားလိစကားကြောင့် သူမမှာကတုံးတစ်ယောက်ဖြစ်သွားနိုင်သည်ကို သဘောပေါက်သွားရကာ သူမခေါင်းမှဆံပင်လေးများအား အုပ်ကိုင်ရင်း ကျားလိထံလေးလေးနက်နက်ခေါင်းငြိမ့်ပြလိုက်သည်။
သူမတို့နှစ်ယောက် အိမ်မကြီးဆီရောက်သော် ရှောင်စန်းနှင့်ရှောင်းစစ်တို့၏အေချအတင်ဖြစ်နေမှုကို တွေ့လိုက်ရပြီး ခယ့်ရှင်းမှာတော့မထူးဆန်းတော့သလိုအမူအယာဖြင့်စားပွဲတွင် ဝင်ထိုင်၏။စားပွဲပေါ်တွင်တော့ အစာများအပြည့်ထည့်ထားသော ဖက်ထုပ်စွပ်ပြုတ်အပြင် အရွက်ချဉ်ပန်းကန်နှင့် မန်ထိုများလည်းရှိနေသည်။ကျားလိမှာ စားပွဲတွင်ဝင်ထိုင်ရင်း များပြားလှသော စွပ်ပြုတ်ပန်းကန်ကြီးအပြင် မန်ထိုဖောင်းဖောင်းများအားကြည့်ကာ အမေယီထံပြောလိုက်၏။
"အန်တီယီ ကျွန်မထဲထည့်ထားတာတွေကများလှချည်လား။နည်းနည်းလောက်ဆိုရပါပြီ။ကျွန်မဒီလောက်အများကြီးမကုန်ဘူး"
အမေယီမှာကျားလိမှဖက်ထုပ်များကို ကလေးများဆီဝေမျှထည့်ပေးနေသည်ကြောင့် အမြန်တားကာ သူမဘာသာစားစေသည်။
"ရှောင်ကျားရေ မင်းကိုယ်ကဒီလောက်ပိန်နေတာကို များများစားစမ်းပါ။ပြီးတော့ ဒီနေ့ဟင်းပွဲတွေက အဒေါ်ချက်ထားတာမဟုတ်ဘူး။အဒေါ်က နည်းနည်းပြင်ဆင်လိုက်ရရုံတင်။ဒါတွေကို အားဝေကလာပို့ပေးသွားတာ။သူ့မိန်းမနဲ့ကေလးကို ကူညီပေးခဲ့လို့ကျေးဇူးတင်တဲ့အနေနဲ့ အဒေါ်တို့စားရအောင်လာပို့ပေးတာလို့ပြောသွားတာလေ။
အဲ့တော့အေဒါ်လည်းငြင်းမနေတော့ဘဲ ယူထားလိုက်တာ။ပြီးတော့ စေတနာနဲ့လာပေးတာဆိုတော့ သူတို့လည်းကောင်းချီးရအောင် လက်ခံထားလိုက်တယ်"
ကျားလိလည်း နားလည်သွားရာဘာမှထပ်မပြောတော့ပဲ စွပ်ပြုတ်အားတစ်ငုံသောက်လိုက်သည်။စွပ်ပြုတ်ရည်အား ဝက်ရိုးဖြင့်ချက်ထားပုံရကာ ချိုမြိန်နေပြီး မုန်လာဥဖြူဖတ်များပါထည့်ထား၏။ထိုမုန်လာဥဖြူများမှာလည်း စွပ်ပြုတ်ရည်အားအပြည့်စုပ်ယူထားပြီး နူးအိနေကာတစ်ချက်ကိုက်လိုက်သည်နှင့် အဆီဓာတ်အပြည့်နှင့်ချိုမြိန်မှုကို ခံစားရသည်။
ဖက်ထုပ်များမှာလည်း ဂျုံဖြူဖြင့်လုပ်ထား၍စေးကပ်ကာ အစာအပြည့်သိပ်ထည့်ထား၍ဝါးလို့ကောင်းနေလေ၏။ကြည့်ရသည်မှာ အဒေါ်ကျန်းသည် သူမချွေးမဖြစ်သူအား သူမစကားအတိုင်းကောင်းကောင်းမွန်မွန်ထားပုံရသည်။ဖက်ထုပ်တစ်ကိုက် ကိုက်ကာအရွက်ချဉ်တစ်ဖက်ကိုစား၍ စွပ်ပြုတ်ရည်ဖြင့်မျှောချလိုက်ရသည့် ခံစားချက်မှာ တစ်နေကုန်ပင်ပန်းခဲ့ရေသာကျားလိအား သက်တောင့်သက်သာဖြစ်သွားစေရာ သက်ပြင်းပင်ချမိသွား၏။ကျန်ေသာလူများမှာလည်း ဟင်းပွဲများကိုစိတ်တိုင်းကျပုံရသည်။
စားသောက်ပြီးသည်နှင့် မိသားစုလိုက်ဝိုင်းထိုင်ကာ နာရီဝက်ေလာက်စကားစမြည်ပြောလိုက်ကြ၏။ထို့နောက်မှာတော့ အမေယီမှာ ကျားလိအားအနားယူခိုင်းတော့သည်။ကျားလိလည်းသူမအိမ်လေးဆီပြန်လာကာ မျက်နှာသစ်သွားတိုက် ခြေလက်ေဆးပြီးချိန်တွင် တံခါးခေါက်သံကြားလိုက်ရ၏။ထို့ကြောင့်အမေယီများတစ်ခုခုလိုအပ်သည်ရှိ၍ သူမအားလာခေါ်သည်ဟုထင်ကာ တံခါးဖွင့်လိုက်ရာ တံခါးအပြင်ဘက်ရှိလူမှာ အမေယီမဟုတ်ဘဲ ရှောင်ဟွေ့ဖြစ်နေခဲ့သည်။
"ရှောင်ဟွေ့မင်းဘာလိုလို့လဲ။နေမကောင်းဖြစ်လို့လား"
ကျားလိမှာ ညစာစားချိန်တွင်လည်း ပုံမှန်နှင့်မတူငြိမ်ကုပ်နေသော ရှောင်ဟွေ့အားသတိပြုမိသည်။သို့သော် ရှောင်ဟွေ့သည်လူပျိုပေါက်အရွယ်ပင် ရောက်နေပြီဖြစ်၍ ကလေးတစ်ယောက်အား ဆက်ဆံသလိုဆက်ဆံ၍မဖြစ်တော့ပေ။
တစ်ခုခုအခက်အခဲရှိလျှင် သူကိုယ်တိုင်ဖွင့်မပြောလာသေးသ၍ စောင့်ကြည့်ရပေမည်။ဤသည်မှာ ရှောင်ဟွေ့အား ရင့်ကျက်ရန်အခွင့်အရေးပေးခြင်းပင်။ကျားလိလည်း သူမအိမ်လေးရှေ့ရှိကွပ်ပျစ်လေးပေါ်ထိုင်ခိုင်းကာ သူမကိုယ်တိုင်လည်းပုဝါတစ်ထည်ယူ၍ခြုံလိုက်ပြီး သူ့ဘေးဝင်ထိုင်ကာ ရှောင်ဟွေ့အားစကားစလာစေ၏။
"ကျားလိကျဲကျွန်တော်လည်း စက်ချုပ်သင်ချင်လို့ပါ"
"သင်လေ ဒါကအကြံကောင်းပဲကို။မဟုတ်ေတာင် မင်းလည်းအိမ်မှာပဲထိုင်နေရတာကို လှုပ်လှုပ်ရှားရှားလေးဖြစ်အောင် အကျိုးရှိမယ့်ဟာတစ်ခုခုသင်တော့ အဆင်ပြေတာပေါ့။သင့်တော်တဲ့ဆရာတစ်ယောက်ယောက်ကို အစ်မရှာပေးရမလား။မနက်ဖြန်ရှောင်စန်းမြို့ထဲသွားတဲ့အချိန် အစ်မရဲ့မိတ်ဆွေဆီစာပို့ခိုင်းလိုက်ပြီးအကူအညီတောင်းလိုက်မယ်လေ"
ရှောင်ဟွေ့မှာခေါင်းငိုက်စိုက်ဖြင့် သူ့လက်လေးများကို ပွတ်သပ်ကာဆုံးဖြတ်ချက်ချလိုက်ဟန် သက်ပြင်းတစ်ချက်ချကာ မဝံ့မရဲပြောလာသည်။
"တစ်ကယ်တော့ ကျားလိကျဲ ကျွန်တော်အစ်မဆီလာတာ စက်ချုပ်သင်ချင်တဲ့အကြောင်းေကြာင့် မဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင်တောင် ဘာတွေဖြစ်နေတယ်ဆိုတာကို နားမလည်နိုင်တော့တာပါ။အမေ့ကိုလည်း ပြောပြဖို့ရာ ပြောမထွက်သလို အခြားလူတွေသိသွားကြပြီး ကျွန်တော်တို့မိသားစုကို လက်ညှိုးလာကြမှာကိုလည်း ကြောက်နေမိတယ်။ကျားလိကျဲ ကျွန်တော်တအားမွန်းကြပ်နေလို့ တစ်ယောက်ယောက်ဆီတော့ ဖွင့်ပြောလိုက်ချင်တာ အဲ့ဒါ...အစ်မနားထောင်ပေးမလား"
ကျားလိမှာ ၁၅နှစ်အရွယ်ရှောင်ဟွေ့၏ရင်ဖွင့်လာမှုကြောင့် အံ့ဩသွားရသည်။သူမမှာ ထိုကိစ္စနဲ့ပက်သက်ပြီးအထင်မှားတာဖြစ်ရမည်ဟု အယုံသွင်းနေမိေသာ်လည်း လက်တွေ့ကြုံလိုက်ရချိန်တွင် သူမရင်ထဲဆို့နင့်သွားရ၏။
"ရှောင်ဟွေ့ မင်းကျားလိကျဲကိုယုံတယ်မလား။မင်းဘယ်လိုလုပ်လုပ် ပြောမထွက်ခဲ့ရင်တောင် ပြောထွက်လာတဲ့အချိန်ထိ အစ်မစောင့်ပေးမယ်။အရမ်းစိတ်ထဲထိန်းချုပ်မထားပါနဲ့။တစ်ခါတစ်လေ မင်းထင်နေတဲ့ကိစ္စကြီးဆိုတာ တစ်ကယ်ကျအသေးစားပြဿနာလေးဖြစ်ရင်လည်းဖြစ်နိုင်တာပဲလေ။တစ်ကယ်လို့အဲ့လိုမဖြစ်ခဲ့တောင် အစ်မကကူပြီးစဉ်းစားပေးမယ်လေ ဟုတ်ပြီလား"
ရှောင်ဟွေ့မှာ ကျားလိစကားကြောင့် တင်းထားသောစိတ်များအားလျှော့ချလိုက်ကာ တွေဝေနေသောအကြည့်များဖြင့်ပြောလာသည်။
"ကျားလိကျဲ ကျွန်တော်...ကျွန်တော့်ဆီနတ်ဆိုးတစ်ကောင်ဝင်ပူးထားတာမဟုတ်ရင် စိတ်ရောဂါတစ်ခုခုဖြစ်နေတာနေမယ်။အဲ့လိုမှမဟုတ်ရင် ကျွန်တော်ကဘယ်လိုလုပ် ယောင်္ကျားတစ်ယောက်အပေါ်သဘောကျစိတ်ဖြစ်လာရမှာလဲ။ကျားလိကျဲကျွန်တော်အစွမ်းကုန်တားဆီးပိတ်ပင်ခဲ့ပေမယ့် သူနဲ့တစ်ခါလေးပြန်တွေ့လိုက်ရင်ကို ကျွန်တော်ကာရံထားသမျှတွေက အသုံးမဝင်ဖြစ်သွားရတယ်။
ကျားလိကျဲ ကျွန်တော်တစ်ကယ်ကြောက်ေနမိတယ်။ကျွန်တော့်အကြောင်းတွေကို အမေသိသွားပြီး စိတ်ပျက်ဝမ်းနည်းသွားမှာကိုလည်းကြောက်တယ်။ကျွန်တော့်ကိုအကြောင်းပြပြီး ပတ်ဝန်းကျင်က ကျွန်တော့်မိသားစုကို လက်ညှိုးထိုးလာမှာကိုလည်းကြောက်တယ်။ပြီးေတာ့ သူကျွန်တော့်ကို ရွံ့မုန်းသွားမှာလည်းကြောက်တယ်။ကျားလိကျဲ ကျွန်တော်အဝေးမှာနေပြီး အတင်းအကျပ်ပိတ်ဆို့ထားလေ ပိုပြီးခံစားရခက်လေဖြစ်နေရတယ်။ကျားလိကျဲ ကျွန်တော်အရမ်းပင်ပန်းနေပြီ"
ကျားလိမှာ ရှောင်ဟွေ့၏စကားကြောင့် မျက်လုံးများစူးအောင့်လာတော့သည်။သူမသည်လိင်တူချစ်ကြိုက်သည်ကို လက်ခံပေးသူဖြစ်သော်လည်း ထိုလူများ၏အခက်အခဲကို ပိုသိထားသူဖြစ်ရာ သူမချစ်ရသောလူများအား ထိုကဲ့သို့စိတ်မပင်ပန်းစေချင်ပေ။သို့သော်ကံကြမ္မာဆိုသည်မှာ တားဆီးပိတ်ပင်ထား၍မရသောအရာဖြစ်ရာ လာမည့်ဘေးပြေးတွေ့ရုံသာ ရှ်ိတော့သည်။ကျားလိလည်း သူမဘေးတွင်ကျုံ့ကျုံ့လေးထိုင်နေသော ရှောင်ဟွေ့၏ပုခုံးလေးအား ကိုင်ကာမေးလိုက်သည်။
"ဒါဆို မင်းကိုယ်မင်းရော မကြောက်မိဘူးလား ရှောင်ဟွေ့။အားလုံးကိုလိုက်ပြီးစိုးရိမ်ကြောင့်ကြနေပြီး ကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားမှာကိုမကြောက်ဘူးလား။မင်းကလက်ရှိနေရာမှာတင် ကြောက်ပြီးရပ်ကြည့်နေတာလေ။မင်းထင်ထားသလိုတွေဖြစ်လာ မလာဆိုတာက အရင်ဆုံးမင်းဘက်က ခြေတစ်လှမ်းစလှမ်းပြီးမှ စဉ်းစားရမှာ။
မင်းကခြေတစ်လှမ်းတောင်မစရသေးပဲ အရှုံးပေးနှင့်နေပြီပေါ့။ရှေ့ဆက်ပြီး မင်းဘာတွေလုပ်မယ်စဉ်းစားထားလဲ။အကုန်လုံးကို မြိုသိပ်ထားပြီး ဖြည်းဖြည်းချင်းခွဲထွက်နေမလို့လား။အဲ့လိုဆို မင်းစိတ်သက်သာရာရမယ်ထင်လား။ဘာဖြစ်ေနမှန်းမသ်ိ ဘယ်လိုလုပ်ပေးရမလဲမသိနဲ့ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားနေတဲ့ မင်းကိုစောင့်ကြည့်ရုံပဲတတ်နိုင်ကြတဲ့ မင်းမိသားစုကရော မင်းထင်သလိုပျော်ရွှင်ကြမယ်ထင်လို့လား"
ရှောင်ဟွေ့မှာကျားလိစကားကြောင့် လက်များတုန်ယင်လာသော်လည်း ကိုယ့်ကိုကိုယ်ဦးနှောက်ဆေးနေသည့်အလား တွန့်ဆုတ်စွာပြောလာသည်။
"ဒါပေမယ့် ကျွန်တော်က ယောင်္ကျားတစ်ယောက်ကိုကြိုက်နေတာလေ။အဲ့အကြောင်းကိုသိသွားကြရင် သူတို့ကပိုစိတ်ဆင်းရဲသွားကြလိမ့်မယ်။ဒီတော့ အခုအတိုင်းဆက်သွားတာက ကျွန်တော်တို့အတွက်ပိုကောင်းမယ်ထင်တယ်"