အခန်း _၂၁
Viewers 140

     ကျားလိမှာရှောင်‌ေဟွ့၏စကားကြောင့် သက်ပြင်းတစ်ချက်ချကာ သူ့ကိုခဏစောင့်ခိုင်းပြီး သူမ၏ခရီးဆောင်အိတ်ထဲမှစာအုပ်၂အုပ်အားထုတ်ကာ ရှောင်ဟွေ့အားပေးလိုက်သည်။


  "ဒီမှာ ဒါတွေကမင်းလိုအခြေအနေနဲ့ကလေးတွေအတွက် ထုတ်ဝေထားတဲ့ စိတ်ပညာအသိ‌ေပးစာအုပ်တွေလေ။အနည်းဆုံးတော့ ဒီထဲကအချက်အလက်တွေက မင်းကိုစိတ်ခွန်အားနည်းနည်းတော့ပေးနိုင်မှာပါ"


  ရှောင်ဟွေ့မှာ ထိုစာအုပ်များကြည့်ကာ လက်ခံလိုက်သည်။ရှောင်ဟွေ့၏နားမလည်ဖြစ်နေပုံကြောင့် ကျားလိမှာဆက်ပြောလိုက်၏။


  "လိင်တူချင်းကြိုက်နှစ်သက်တာက စိတ်ရောဂါမဟုတ်သလို နတ်ဆိုးဝင်ပူးတာလည်းမဟုတ်ပါဘူး။ဒါပေမယ့် ခုနကမင်းတွေးနေခဲ့သလို ဆက်တွေးနေမယ်ဆိုရင်တော့ စိတ်ရောဂါဖြစ်သွားနိုင်တယ်။အစ်မပညာသင်ခဲ့တဲ့နိုင်ငံမှာဆို မင်းလိုကလေးတွေအများကြီးရှိတယ်။သူတို့ရဲ့ရွေးချယ်မှုကိုလက်ခံပေးတဲ့ မိသားစုတွေရှိသလို လက်မခံနိုင်ကြတဲ့မိသားစုတွေလည်းရှိတာပဲ။


  ဒါ့အပြင် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် လမ်းတစ်ဝက်မှာတင် အရှုံးပေးလိုက်ကြတဲ့လူတွေရှိသလို အဲ့ဒါကခက်ခဲတဲ့လမ်းဖြစ်နေတာတောင်အဆုံးထိဆက်လျှောက်သွားတဲ့လူတွေလည်းရှိတယ်။အဓိက,ကတော့ ကိုယ့်ကိုကိုယ်လက်မလျှော့လိုက်ဖို့ပဲ။ဒီကိစ္စမှမကဘူး ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ် ကြောက်စရာအ‌ေကာင်းဆုံးက ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်သရော်မှုတွေလည်းမဟုတ်သလို ယုံကြည်ပေးမယ့်လူတွေမရှိမှာလည်းမဟုတ်ဘူး။ကိုယ့်ကိုကိုယ်အရှုံးပေးလက်လျှော့လိုက်တာပဲ။


  ကိုယ့်ကိုကိုယ်လက်လျှော့လိုက်ပြီဆိုတာနဲ့ မင်းဘဝရဲ့အဓိပ္ပာယ်ဆိုတာ ရှိလာမှမဟုတ်တော့ဘူး။ရှောင်ဟွေ့ မင်းလုပ်ရမှာက မင်းရဲ့ရွေးချယ်မှုကို လက်မခံကြတောင် လက်ခံလာနိုင်မယ့် နည်းလမ်းကိုရှာရမှာလေ။အန်တီယီရဲ့ စိတ်သဘောထားကို အတူနေတာ တစ်နှစ်မပြည့်သေးတဲ့အစ်မတောင် နားလည်နေပြီကို ငယ်ငယ်ကတည်းက တစ်မိုးအောက်နေခဲ့ကြတဲ့မင်းက ပိုပြီးနားလည်မှာပေါ့။


  မင်းတို့ကမိသားစုတွေလေ ရှောင်ဟွေ့ရဲ့။မိသားစုဆိုတဲ့ အဓိပ္ပာယ်ကို မင်းသိတယ်မလား။မင်းတို့အဖေဆုံးပါးသွားကြတုန်းကတောင် မင်းတို့တွေဥမကွဲသိုက်မပျက် အတူရှိခဲ့ကြတာလေ။ဒီကိစ္စလေးအတွက်နဲ့တင် မင်းကမင်းမိသားစုအနေနဲ့မင်းကိုနားလည်ပေးမှာ မဟုတ်ဘူးဆိုတဲ့အတွေးကြောင့် စည်းခြားပစ်လိုက်မှာပေါ့။


  ရှောင်ဟွေ့အမှန်အတိုင်းပြောရရင် အန်တီယီတို့ကိုမပြောနဲ့ဦး အစ်မတောင်မင်းကိစ္စနဲ့ပက်သက်ပြီးနားလည်မပေးနိုင်သေးဘူး။ဒီလိုကိစ္စတွေနဲ့ စိမ်းသက်မနေတဲ့အပြင် အရာရာကိုခွဲခြားနားလည်ထားတဲ့ အစ်မတောင်မင်းကိုအဲ့ဒီလမ်းဆီမ‌ေရွးချယ်‌ေစချင်ခဲ့ဘူး။မင်းကိုဒီလို‌ေရွးချယ်မှုမျိုး မရွေး‌ေစချင်တာက အတ္တကြီးတာ တစ်ကိုယ်ကောင်းဆန်တာ တစ်ဖက်ပိတ်အမြင်တွေပါလို့ လွယ်လွယ်လေးပြောလိုက်လို့ရပေမယ့် ကိုယ်ချစ်ရတဲ့လူတွေကို အခြားလူတွေရဲ့လက်ညှိုးထိုးစရာတော့ ဘယ်သူကဖြစ်စေချင်မှာလဲ။


  ဒီလမ်းရဲ့ခက်ခဲကြမ်းတမ်းမှုတွေကိုကောင်းကောင်းကြီး နားလည်ထားလို့တားမိကြတာလေ။မင်းတို့တွေအတွက်ယူကျုံးမရဖြစ်မိသွားတာကြောင့်ပါ။ကိုယ်ကျိုးအတွက် သားသမီးကိုထိန်းချုပ်ချင်တဲ့မိဘအချို့ရှိကောင်းရှိပေမယ့် သေချာတာကတော့ မင်းမိသားစုကအဲ့အမျိုးအစားထဲကမဟုတ်ဘူးဆိုတာတော့ အစ်မပြောရဲသလို မင်းကိုချစ်ခင်ပေးတဲ့လူတွေကလည်း နောက်ဆုံးမှာ မင်းကိုပဲရွေးချယ်မှာပဲဆိုတာ အစ်မကတိပေးနိုင်တယ်။


  အစ်မအနေနဲ့ကတော့ မင်းရဲ့ရွေးချယ်မှုတွေကို ပိတ်ပင်နေမှာမဟုတ်သလို လွှတ်ထားမှာလဲမဟုတ်ဘူး။အစ်မတတ်နိုင်သလောက်တော့ ကူညီပေးသွားမှာ ဒါပေမယ့်မင်းကလည်း လေးလေးနက်နက်ရှိဖို့လိုလိမ့်မယ်။မင်းကိုယုံကြည်ပေးထားတဲ့လူတွေကို စိတ်ပျက်သွားအောင်မလုပ်လိုက်နဲ့။


  အစ်မကမင်းကိုဖိအားပေးနေတာမဟုတ်ဘူး။မင်းကို ပံ့ပိုး‌ေပးမယ့်လူရှိ‌ေနတာမလို့ တစ်နေရာတည်းမှာရပ်မနေပဲ ရှေ့ကိုဆက်လျှောက်ဖို့ပြောနေတာ။မင်းကိုယ်မင်းယုံကြည်ထားရမယ်‌ေနာ်။ဒီတော့မင်းအနေနဲ့ ပထမဆုံးခြေလှမ်းကို ရဲရဲဝံ့ဝံ့နဲ့စလှမ်းရဲပြီလား ရှောင်ဟွေ့"


  ရှောင်ဟွေ့မှာ သူ့စိတ်ထဲအချိန်အကြာကြီးချုပ်တည်းထားသမျှအား ဖွင့်ပြောလိုက်ရ၍ စိတ်ထဲပေါ့ပါးသွားပုံပင်။ကျားလိအားအပြုံး‌ေလးဖြင့်ကြည့်ကာ ကတိပေးလာသည်။


  "ကောင်းပါပြီ ကျားလိကျဲ ကျွန်တော်သတ္တိရှိရှိနဲ့ ဆက်သွားဖို့ဆုံးဖြတ်လိုက်ပါပြီ။အမေတို့ကိုလည်း ကျွန်တော့်ကိုနားလည်ပေးလာအောင် ကြိုးစားမှာပါ။ပြီးတော့ ကျားလိကျဲရဲ့ယုံကြည်မှုကို အလဟဿမဖြစ်စေရအောင် လမ်းတစ်ဝက်မှာတင် အရှုံးမပေးပါဘူး"


  ရှောင်ဟွေ့မှာ စိတ်အေးသွား၍ဖြစ်မည်။ကျားလိအား သူ့ခံစားချက်တိုင်းကို ဖွင့်ဟပြောလာ၏။


  "အစ်ကိုကြီးစစ်ထဲဝင်သွားပြီးသိပ်မကြာခင်မှာ ကျွန်တော်အထည်တွေစချုပ်ခဲ့တာလေ။အမေကလည်း ကျွန်တော်တို့ကိုကျောင်းဆက်တက်စေချင်ပြီး လယ်ထဲမဆင်းခိုင်းဘူး။တစ်အိမ်လုံးကို သူမတစ်ယောက်တည်းတာဝန်ယူခဲ့တာလေ။အိမ်က ကလေးတွေကလိမ္မာကြတာ ကံကောင်းတယ်ပြောရမယ်။ရှောင်စန်းက မီးဖိုချောင် ဝင်တတ်အောင်လုပ်ပြီး ရှောင်စစ်လေးကလည်း သူလုပ်နိုင်သမျှအိမ်သန့်ရှင်းရေးကို တာဝန်ယူခဲ့တယ်လေ။


  အစ်ကိုကြီးရဲ့လစာနဲ့ အမေ့ရဲ့ရမှတ်နဲ့တင် စားဖို့သောက်ဖို့ကပူစရာမလိုတော့ပေမယ့် အိမ်အသုံးစရိတ်ကလိုသေးတာပေါ့။အဲ့တော့ကျွန်တော်လည်း ကျောင်းအားတာနဲ့ အထည်လေးတွေချုပ်ပြီး မှောင်ခိုဈေးမှာသွားရောင်းဖို့ဆုံးဖြတ်လိုက်တယ်။


  သူနဲ့စတွေ့တာကကျွန်တော်ဒုတိယအကြိမ်မှောင်ခိုဈေးသွားတုန်းကလေ။လမ်းကြားတစ်ခုထဲမှာ သူကလူငယ်လေးတစ်ယောက်နဲ့ရန်ဖြစ်နေတာ။အဲ့လူငယ်လေးကလည်း ကျွန်တော့်အရွယ်လေးဆိုတော့ အနိုင်ကျင့်ခံနေရတယ်မှတ်လို့ သူ့ကိုဝင်ထိုးခဲ့တာလေ။သူ့ကိုအားရပါးရထိုးကြိတ်လည်းပြီးရော အနိုင်ကျင့်ခံရတဲ့ကလေးက ဘယ်ရောက်လို့ရောက်သွားမှန်းကိုမသိတော့ဘူး"


  ရှောင်ဟွေ့မှာ ထိုအဖြစ်အပျက်အား ပြန်သတိရသွားပုံရ၏။သူ့နှုတ်ခမ်းထောင့်လေးမှာ ပင့်တက်သွားကာ ဆက်ပြောလာသည်။


  "ဖူးယောင်နေတဲ့မျက်နှာနဲ့သူကရှင်းပြလာမှ ကျွန်တော်မှားသွားမှန်းသိခဲ့ရတာ။သူကသမဝါယမဆီချုပ်ထည်တွေလာပို့တဲ့အချိန် လူငယ်လေးကဝင်လုရင်းရန်ဖြစ်ကြတာတဲ့လေ။ကျွန်တော်လည်း အားနာသွားပြီးကျွန်တော်ယူလာတဲ့အဝတ်တွေကိုပေးဖို့လုပ်လိုက်ရော။သူအလုခံလိုက်ရတဲ့အဝတ်တွေက ကျွန်တော့်အဝတ်တွေထက်ပိုကောင်းမှန်းသိပေမယ့် ကျွန်တော့်အမှားလည်းပါတာမလို့ တတ်နိုင်သလောက်တာဝန်ယူပေးချင်ခဲ့တာလေ။


  ဒါပေမယ့် သူကကျွန်တော့်အဝတ်တွေကို ကြည့်ပြီးသဘောကျသွားတော့ အလကားမယူနိုင်ဘူးဆိုပြီး ပိုက်ဆံဇွတ်ပေးလာတယ်လေ။နောက်ပိုင်းကျလည်း သူ့ဆီလာရောင်းလို့ရတယ်ဆိုပြီးဆုံမယ့်နေရာနဲ့အချိန်ကို ပြောခဲ့တာ။ကျွန်တော်ကသူ့ကို တစ်ခုခုလျော်ပေးချင်တယ်လို့ပြောတော့ အ,အလေးဆိုပြီးရယ်ပြလာတယ်။ဖူးယောင်နေတဲ့သူ့ရုပ်ကြီးက တအားရုပ်ဆိုးနေပေမယ့် အဲ့ကတည်းကကျွန်တော့်စိတ်ထဲသူရောက်လာတယ်ထင်ပါရဲ့။


  နောက်ပိုင်းခဏခဏတွေ့ဖြစ်ခဲ့ကြတယ်။သူကကျွန်တော့်ကို အထည်ချုပ်နည်းတွေ၊အဝတ်စရွေးနည်းတွေဒီဇိုင်းတွေအကြောင်း ကြုံတိုင်းလမ်းညွှန်ပေးပြီး ကျွန်တော်တိုးတက်လာတာမြင်တိုင်း ပျော်နေတတ်တာ။အဲ့အချိန်ထိကျွန်တော်သူ့အပေါ်ဘယ်လိုခံစားချက်ရှိနေခဲ့တယ်ဆိုတာကို မဝေခွဲနိုင်သေးဘူး။


  ဒါပေမယ့်တစ်နေ့ကျ အထည်စဝယ်ဖို့မြို့ပေါ်သွားတဲ့အချိန် သူကမိန်းကလေးတစ်ယောက်နဲ့ ရယ်ရယ်ပြုံးပြုံးစကားပြောရင်း လမ်းလျှောက်နေကြတာကို တွေ့လိုက်မှ ကျွန်တော်သူ့အပေါ်ဘယ်လိုခံစားချက်တွေရှိနေခဲ့တယ်ဆိုတာကို သတိထားမိလိုက်တာပဲ။အဲ့နောက်ပိုင်းကျ ကျွန်တော်လည်းအထည်ရောင်းတာကိုရပ်လိုက်ပြီး တတ်နိုင်သမျှမြို့ထဲသွားဖို့ကိုရှောင်နေလိုက်တော့တယ်"


  ကျားလိမှာရှောင်‌ေဟွ့၏စကားကြောင့် အချက်အလက်အလုံးစုံအားသိလိုက်ရရာ ထိုကလေး၏နဖူးအားအသာတောက်ကာ ရယ်လိုက်မိသည်။


  "အရူးလေး အဲ့တော့ မင်းကသူ့အကြောင်းဘာမှမသိသလို သူကလည်းမင်းဘာတွေခံစားနေရတယ်ဆိုတာကို မသိသေးဘူးပေါ့။အဲ့တာတောင် မင်းကဘာလို့အရှုံးသမားကြီးလိုပြောနေရတာလဲ။မင်းကသူဘာတွေလုပ်တတ်လဲ ဘယ်သူတွေနဲ့ရင်းနှီးလဲ မိသားစုကဘယ်နှယောက်လဲဆိုတာမသိပဲနဲ့ ကောင်မလေးတစ်ယောက်နဲ့ ရယ်ရယ်မောမောစကားပြောရင်း လမ်းလျှောက်နေတာ တွေ့တာနဲ့တင် တစ်ဆုံးတွေးပစ်လိုက်တာပေါ့။


  အဲ့ကောင်မလေးက သူ့ရဲ့ညီမ၊အစ်မ၊ဝမ်းကွဲ၊သူငယ်ချင်းတို့ဖြစ်နေရင်ဘယ်လိုလုပ်မလဲ။ရှောင်ဟွေ့ မင်းကမင်းရဲ့ခံယူချက်ကိုကြောက်နေတာမဟုတ်ပဲ စွန့်ပစ်ခံရမှာကိုကြောက်နေတာပဲ။တစ်ကယ်တော့ မင်းမြို့ထဲမသွားဖြစ်တာက အဲ့ကောင်မလေးနဲ့သူ့ကိုမနာလိုဖြစ်နေလို့မလား။ဒါပေမယ့် မင်းကသူ့ကိုစိတ်ဆိုးနေတယ်သာပြောရတာ သူနဲ့လည်းတွေ့ရော အပျိုလေးလိုရှက်ပြနေတာနဲ့ပဲ ဘာမှရှင်းပြခိုင်းချိန်တောင်မရလိုက်ဘူးမလား"


  ရှောင်ဟွေ့မှာသူမစကားကြောင့်ထိတ်လန့်သွားကာ အံ့ဩတကြီးမေးလာသည်။


  "ကျားလိကျဲ ကျွန်တော်ပြောနေတဲ့လူကဘယ်သူလဲဆိုတာကို သိနေတာလား"


  ကျားလိမှာလက်အားပိုက်လိုက်ရင်း ရှောင်ဟွေ့အားမျက်စောင်းထိုးလိုက်ကာ ပြန်ဖြေလိုက်၏။


  "ဘာလဲမင်းရဲ့ကျားလိကျဲကို ဘာမှအရိပ်အကဲမသိတဲ့ ရှောင်စန်းလိုငဒူလေးများထင်နေလား။အစ်မတို့မြို့ထဲသွားတဲ့နေ့မှာ မင်းကျွမ်းဟူဆိုတဲ့ မြေခွေးထီးလေးကို ငမ်းနေတာများ သွားရည်တွေမကျရုံတမယ်ပဲ။ပြီးတော့ ရေခဲတုံးကြီးလိုအေးစက်နေတဲ့ မင်းက သူနဲ့စကားပြောတဲ့အချိန်မှ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတာလေ။အဲ့လောက်သိသာနေတာကိုတောင် မသိရအောင် အစ်မကနှစ်နှစ် သုံးနှစ်ကလေးမှမဟုတ်တော့တာ"


  ရှောင်ဟွေ့မှာ ကျားလိအားရူးကြောင်ကြောင်အပြုံးကြီးဖြင့် တောင်းပန်လာသည်။


  "မှားသွားပါတယ် ကျားလိကျဲ။အစ်မကသာ အထက်မြက်ဆုံးပါပဲ။ငယ်ရွယ်သေးတဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"