Chapter 1
Viewers 41

🐹 Chapter 1

ဟမ်းစတားဝိညာဥ်လေး ရှုရှု



သားရဲလူသားအင်ပါယာတွင် ဂါးစ်ဂြိုဟ်မှာ သေးငယ်ပြီး ဝေးလံခေါင်ဖျားသည့်အရပ်တွင် ရှိလေသည်။ ၎င်းက နည်းပညာပိုင်းတွင် အလွန်နောက်ကျနေသော်လည်း ဂြိုဟ်၏ပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်ပြီး သဘာဝပေါက်ပင်နှုန်းထားမှာလည်း ကိုးဆယ်ရာခိုင်နှုန်းအထိ ရှိပေသည်။ ယင်းကြောင့် မြို့ပြစနစ်ကို မနှစ်သက်ကြသော သားရဲလူသားအမြောက်အများက ဤနေရာတွင်နေထိုင်ရန်ရွေးချယ်ကြလေသည်။ တိုင်းပြည်တစ်ခုလုံးတွင် အကြီးမားဆုံးလူအိုရုံလည်းရှိပြီး အိမ်ထောင်မပြုဖြစ်ခဲ့ကြသော သားရဲလူသားအိုကြီးများက အစဥ်အဆက် နေထိုင်လာခဲ့ကြလေသည်။


သားရဲလူသားများ ဂါးစ်ဂြိုဟ်ကို ပြောင်းရွှေ့နေထိုင်လာချိန်မှ စတင်ရေတွက်လျှင် တစ်နှစ်ထက်ပိုကြာခဲ့ပြီ ဖြစ်လေ၏။ သို့ရာတွင် ဂြိုဟ်၏တည်နေရာမှာ အလွန်ဝေးကွာလွန်းလှသည်။ စုစုပေါင်းနေထိုင်သူအရေအတွက်မှာ တစ်သန်းထက်မပိုပေ။ အကြောင်းမှာ သူတို့က ဂါးစ်ဂြိုဟ်၏ အစိတ်အပိုင်းငယ်လေးတစ်ခု၌သာ နေထိုင်ကြ၍ဖြစ်လေသည်။


အခြေချနေထိုင်နေကြသည့်နေရာမှလွဲ၍ ဂါးစ်ဂြိုဟ်၏ကျန်ရှိသောနေရာများကို သဘာဝပေါက်ပင်များက ဖုံးလွှမ်းထားခဲ့သည်။ စိမ်းစိုပြီး ရှေးကျသောတောအုပ်များနှင့် သမုဒ္ဓရာကြီးက ဤဂြိုဟ်ငယ်လေးကို ဝန်းရံထားသည်။ ကောင်းကင်မှတစ်ဆင့် ငုံ့ကြည့်လိုက်မည်ဆိုပါက ဂြိုဟ်တစ်ခုလုံးမှာ စိမ်းလန်းပြီး အပြာရောင်ဖြစ်နေသည်ကိုတွေ့ရပေလိမ့်မည်။ ၎င်းအလှတရားက အသက်ရှူမှားရလောက်၏။


ယင်းက လှပပြီး အရောင်အသွေးစုံသော နေရာတစ်ခုဖြစ်လေသည်။ ယနေ့တွင် ဂါးစ်ဂြိုဟ်၏ စိမ်းလန်းသောတောအုပ်အပိုင်းအခြားအထက်မှ အာကာသမှာ ရုတ်တရက် တွန့်လိမ်သွားခဲ့သည်။ အစပိုင်းတွင် ဧရိယာငယ်လေးတစ်ခုသာ ပေါ်လာခြင်းဖြစ်ပြီး နောက်ပိုင်း၌ ၎င်းက ကြီးထွားပြီးရင်း ကြီးထွားလာလေ၏။ တဖြည်းဖြည်းနှင့် ကီလိုမီတာများစွာအကွာ၌ အာကာသဝဲတစ်ခုပေါ်လာပြီး ပျက်စီးယိုယွင်းနေသော ယာဥ်တစ်ခုက ၎င်းအထဲမှရုတ်တရက်ထွက်ကျလာကာ ရေကန်ထဲသို့ပြုတ်ကျလာလေသည်။


ခဏအကြာ၌ ထိုအာကာသအက်ကြောင်းကြားမှ လျှပ်စီးကြောင်းတစ်ခု ရုတ်ချည်းထွက်လာသည်။ ၎င်းနှင့်အတူ လူတစ်ယောက်၏လက်ဖဝါးအရွယ်မျှသာရှိမည့် ဟမ်းစတားလေးတစ်ကောင်သည်လည်း ပြုတ်ကျလာလေသည်။


အထူးဆန်းဆုံးဖြစ်ရပ်မှာ ဟမ်းစတားလေးက မြေကြီးပေါ်ကျလာပြီးသည်နှင့် ကိုယ်လုံးတီးလူသားတစ်ယောက်ပုံစံသို့ ပြောင်းသွားခြင်းပင် ဖြစ်လေသည်။


မကြာမီမှာပင် ကောင်းကင်က ပြန်လည်တည်ငြိမ်သွားခဲ့သည်။ သစ်ကိုင်းတစ်ခုပေါ်တွင်နားနေသောငှက်လေးက တည်ငြိမ်သွားသောကောင်းကင်ကိုကြည့်ကာ ကျယ်လောင်စွာ မြည်ကျူးတော့သည်။ သို့သော်လည်း လေထုထဲ၌ လေကင်းမဲ့နေသည်ကို သတိပြုမိသွားသည့်အခါ ၎င်းမှာထိတ်လန့်သွားရရှာသည်။ ၎င်းက ချက်ချင်းပင် အတောင်ပံတို့ကိုဖြန့်ကားကာ ပျံတက်သွားခဲ့သည်။ ၎င်းက ကောင်းကင်ယံတွင် ပျံသန်းရ၍ ပျော်ရွှင်နေလေ၏။


အရာအားလုံးက ယခင်ကနှင့်မတူတော့ချေ။


*****


နှစ်လကြာခဲ့ပြီဖြစ်သည်။


သစ်ပင်ကြီးများဖြင့်အုပ်ဆိုင်းနေသော တောအုပ်လေးမှာ အဆုံးမရှိသည့်အတိုင်းပင်။ အမျိုးအမည်သိသည့်ပန်းများသာမက မသိသည့်ပန်းများပါ မြေပြင်ထက်၌ ပျံ့နှံ့ပေါက်ရောက်နေကြသည်မှာ ခြေချစရာနေရာမရှိလုနီးပါးပင်။


ဤစိမ်းစိုသောတောအုပ်လေးတွင် နေထိုင်သူမရှိခဲ့ဖူးသော်လည်း ယနေ့တွင်မူ လူတစ်ယောက်က တောအုပ်ထဲတွင် ဖြည်းဖြည်းချင်းလမ်းလျှောက်နေလေသည်။


ထိုသူမှာ အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်ရှိပုံရသည့် မျက်နှာဝိုင်းလေးဖြင့် ဆယ်ကျော်သက်လေးတစ်ယောက်ပင်ဖြစ်လေ၏။ အနက်ရောင်ဆံပင်တိုတို၊ ကြည်လင်တောက်ပနေသည့် မဟူရာမျက်ဝန်းတစ်စုံနှင့်အတူ ကလေးဆန်သောမျက်နှာမျိုး ရှိလေသည်။ ထိုသူကအလွန်ချစ်စရာကောင်းသော်ငြား ခေါင်းပေါ်မှဆံပင်များကြားတွင် ထူးဆန်းသောအရာအချို့ ရှိနေလေသည်။ အမွေးထူထူနားရွက်နှစ်ဖက်က ၎င်းတို့ကြားမှပေါ်ထွက်နေလေ၏။ ယင်းကိုကြည့်ခြင်းအားဖြင့် ထိုသူမှာ လူသားမဟုတ်ကြောင်း ရှင်းလင်းစွာသိနိုင်ပေသည်။


ရှုရှုက သစ်ရွက်အလွှာအများအပြားကို ခြေထောက်တွင်ပတ်ထားပြီး ခါးတွင်လည်း မြက်များဖြင့် ရိုးရိုးရှင်းရှင်း ပြုလုပ်ထားသော ခပ်တိုတိုစကတ်တစ်ထည်ကို ပတ်ထားလေသည်။ သူက တောအုပ်ထဲသို့ တစ်လှမ်းချင်း နက်သထက်နက်အောင် တိုးဝင်သွားခဲ့သည်။ သူ၏မျက်လုံးဝိုင်းကြီးများက ဘေးဘီကိုဆက်လက်ကြည့်ရှုနေကာ အချိန်မရွေး ခုန်ပြီးထွက်ပြေးနိုင်ရန် အသင့်ပြင်ထား၏။


သူ ဤနေရာသို့ရောက်လာခဲ့သည်မှာ နှစ်လကြာသွားပြီဆိုသော်လည်း မည်သည့်နေရာဒေသဖြစ်သည်ကိုမူ ယခုထိမသိသေးပေ။ ထို့အပြင် သူ၏ပထဝီရေးရာဗဟုသုတမှာ မကောင်းလှပေ။ ဤအနီးအနားတဝိုက်၌ လူအချို့နေထိုင်ကြောင်းသာသိထားခဲ့လေသည်။


သူက လွန်ခဲ့သောနှစ်လအတွင်း မည်သူ့ကိုမှမတွေ့ခဲ့ရသေးသော်လည်း ကောင်းကင်ယံတွင် လေယာဥ်တစ်စင်း တည့်တည့်ပျံသွားသည်ကိုမူ တွေ့ဖူးလေသည်။ ထိုလေယာဥ်မှာ ထူးဆန်းသည့်ပုံသဏ္ဌာန်ရှိ၏။


လေယာဥ်ကိုတွေ့သည့်အချိန်တွင် ရှုရှုက မသိစိတ်အလျောက် အကူအညီတောင်းချင်သော်လည်း မကြာမီမှာပင် သူထိုအကြံကို လက်လျှော့လိုက်သည်။


သူ့အနေဖြင့် အခြားသူများမှ သူ့အားမြင်သွားမည်ကိုမလိုလားပေ။ သူ၏လက်ရှိပုံစံက အလွန်ထူးဆန်းနေရာ လူမြင်တွေ့ခံရရန် မဖြစ်နိုင်ချေ။


ရှုရှု သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ သူ့လက်နှင့်ခြေထောက်တို့က လူသားတို့နှင့်တူသော်ငြား ခေါင်းပေါ်မှ အမွေးထူသောနားရွက်တို့ကို ထိကြည့်လိုက်ပြီးနောက် သူ့တင်ပါးတွင်လည်း အမြှီးတိုလေးရှိနေသည်ကို တွေးမိသည့်အခါ ရှုရှုမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။


မိုးကြိုးသွားအတိဒုက္ခမှာ အသက်ရှင်နေသရွေ့ လူပုံစံပြောင်းနိုင်တယ်လို့များထင်လား…


ဤနေ့ရောက်လာရန်အတွက် သူ အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရသည်။ လူသားတစ်ယောက်ဖြစ်လာရန် အမြဲမျှော်လင့်နေခဲ့ရသည်။ ထိုအခါမှ သူ့သခင်နှင့်အတူ နေထိုင်နိုင်မည်။ အလုပ်လုပ်ပြီး ပိုက်ဆံရှာနိုင်မည်ဖြစ်ကာ သူစားချင်သမျှကို စားနိုင်ပေမည်။ 


ယခုမူ...


မည်သို့မည်ပုံဖြစ်သွားခဲ့သည်ကိုပင် မသိလိုက်ပေ။ ထိုကြောက်စရာကောင်းသော မိုးကြိုးသွားအတိဒုက္ခက သူ့ကိုထိမှန်ပြီးနောက် မည်သည့်ရှင်းပြချက်မှမရှိပါဘဲ မည်သည့်နေရာဖြစ်ကြောင်းမသိနိုင်သည့် တောအုပ်တစ်ခုထဲသို့ ရောက်လာခဲ့ရသည်။ ၎င်းက သူ့ကို လူတစ်ဝက်ကြွက်တစ်ဝက်ဖြစ်အောင်ပင် ပြောင်းပေးလိုက်သေးသည်။ 


ယခုမူ သူ့ပုံစံက ဤအတိုင်းဖြစ်နေပေပြီ။ အခြားသူများသာမြင်သွားပါက သူ့အား မိစ္ဆာဝိညာဥ်ဟုထင်မြင်သွားနိုင်၏။

ငါ ဘယ်လိုလုပ်အကူအညီတောင်းနိုင်ပါ့မလဲ…


သူသာ လူများထံ၌ အဖမ်းခံရပါမူ သေချာပေါက်ပင် သုသေသနဌာနသို့ အပို့ခံရပေလိမ့်မည်။ ထိုနေရာကြီးက သေလောက်အောင် ကြောက်စရာကောင်းကြောင်း ကြားဖူး၏။


သူ့ခမျာ လူသားတစ်ယောက်အဖြစ် မပြောင်းနိုင်တော့သလို သူ့အကြောင်းသူလည်း မရှင်းပြတတ်တော့ပေ။ ပိုပြီးဝမ်းနည်းစရာကောင်းသည်မှာ ဖြစ်ပျက်နေသည်တို့အား မသိရခြင်းပင်ဖြစ်လေ၏။ သူဘာကိုမှမလုပ်နိုင်သည့်အပြင် အံ့ဩစရာကောင်းစွာဖြင့် မိစ္ဆာစွမ်းအားကို မသုံးနိုင်သလို ဟမ်းစတားအဖြစ်လည်း မပြောင်းနိုင်တော့ပေ။


သခင်တစ်ယောက်ကိုရှာပြီး သူ့ကို အိမ်မွေးတိရစ္ဆာန်လေးအဖြစ်မွေးစားရန် တောင်းဆိုမည်ဟူသောအတွေးမှာလည်းမဖြစ်နိုင်တော့၍ ရှုရှုမှာ ဝမ်းနည်းသွားရတော့သည်။


မှန်၏။ ရှုရှုက ဟမ်းစတားမိစ္ဆာဝိညာဥ်လေးဖြစ်သည်။


သူ မည်သို့မည်ပုံဖြင့် မိစ္ဆာဝိညာဥ်ဖြစ်လာကြောင်းကိုလည်း မသိပေ။ ထိုအချိန်၌ သူက တောရိုင်းဟမ်းစတားလေးတစ်ကောင်သာ ဖြစ်သည်။ တစ်နေ့တွင် အစာလိုက်ရှာရင်းဖြင့် အနီရောင်ပုတီးတစ်လုံးကို မတော်တဆစားမိသွားကာ ရုတ်တရက် မှတ်ဉာဏ်များရလာခဲ့သည်။


ထိုစဥ်က သူမွေးဖွားလာသည်မှာ တစ်လပင်မရှိသေးသော်လည်း ကိုယ့်အားကိုယ်ကိုးလျက် နေထိုင်နိုင်နေပြီဖြစ်သည်။ တစ်နေ့လုံးတွင် သူအဓိကဦးစားပေးသည့်အလုပ်နှစ်ခုမှာ အစားနှင့်အအိပ်သာ ဖြစ်လေသည်။ သူ့ညီအစ်ကိုမောင်နှမများကို မတိုက်ခိုက်ခဲ့ခြင်းမှာလည်း သူနှင့်အနံ့တူနေ၍ပင်။ ထိုအချက်တစ်ချက်တည်းနှင့်ပင် သူရုတ်တရက် အများအပြားနားလည်သွားခဲ့သည်။ သူကိုယ်တိုင်က အလွန်အရာမရောက်ဖြစ်နေသည်ကိုသတိထားမိလာခဲ့သည်။ သူ့စိတ်ထဲတွင် ကျင့်ကြံခြင်းနည်းလမ်းက ရုတ်ချည်းပေါ်လာခဲ့လေ၏။


မှန်သည်။ နောက်ဆုံးတွင် သူက ဟမ်းစတားလေးတစ်ကောင်သာဖြစ်နေ၍ ထိုလမ်းစဥ်အတိုင်းလိုက်ခဲ့ပြီးနောက် သူ့ဘဝက အခြားဟမ်းစတားများနှင့် မကွဲပြားခဲ့ပေ။ သူက စားသောက်ရန်အတွက် သစ်စေ့များကိုစုဆောင်းပြီး မြေကြီးထဲမှ ပိုးမွှားများနှင့်တီကောင်များကို တူးဆွခဲ့ရသည်။ နှစ်လကြာပြီးနောက် သူ ဟမ်းစတားအမလေးတစ်ကောင်ကို စတင်လိုက်ရှာကြည့်လေသည်။


သို့သော်လည်း ထိုအခိုက်အတန့်တွင် တစ်စုံတစ်ရာကဖြစ်ပျက်သွားခဲ့သည်။


သူ့ကိုမွေးဖွားပေးခဲ့ကာ ပျိုးထောင်ပေးခဲ့သည့်၊ မွေးချင်းဆယ့်နှစ်ယောက်အား အသိုက်နှစ်ခုစာမွေးပေးခဲ့သော သူ့မိခင်မှာ ဆုံးပါးသွားလေတော့၏။


ဟမ်းစတားများက သားပေါက်နှုန်းမြန်ဆန်ကြသည်။ ရံဖန်ရံခါတွင် သားပေါက်ပြီးနှစ်ပတ်တည်းနှင့်ပင် ဟမ်းစတားအမများမှာ အသိုက်ကို ပြန်လည်ပြင်ဆင်ရသည်။ ဤမျိုးပွားပုံက ဟမ်းစတားအမများ၏ခန္ဓာကိုယ်ကို အလွန်တရာမှ ထိခိုက်စေလေ၏။ ယင်းကြောင့်ပင် သူ့မိခင်က အစောကြီးဆုံးပါးသွားခဲ့ရခြင်း ဖြစ်လေသည်။


အခြားဟမ်းစတားများအားလုံးကလည်း တူညီသောဘဝတွင်ပင်နေထိုင်ကြသည်။ မကြာမီမှာပင် သူ့ညီလေးနှင့်ညီမလေးတို့က အမှီအခိုကင်းသွားကြသည်။ သူ့ဖခင်က သူ့ကိုအစွယ်ဖြဲပြပြီး သူ့မိခင်အနားမှ မောင်းထုတ်ခဲ့သည်။ထိုအခိုက်အတန့်လေးတွင် သူ ယခုလိုဆက်နေ၍မဖြစ်တော့ကြောင်း ရုတ်ချည်းသဘောပေါက်လာခဲ့သည်။


ထိုအချိန်မှာပင် သူက ဟမ်းစတားအမတစ်ကောင်ကိုရှာပြီး ဘေဘီဟမ်းစတားလေးတစ်ကောင်မွေးရန် ကြိုးစားမည့်အစား စတင်ကျင့်ကြံခဲ့သည်။


ဟမ်းစတားများ၏သက်တမ်းက နှစ်အနည်းငယ်ကြာပေသည်။ သူကျင့်ကြံပြီးချိန်တွင် သူ့ဘေးမှဟမ်းစတားငယ်လေးများက တစ်စုပြီးတစ်စု ပြောင်းသွားကြလေသည်။ တစ်ခါတစ်ရံ သူ ဆင်တူသောဟမ်းစတားကိုတွေ့ချိန်၌ နှုတ်ဆက်ချင်သော်လည်း အနံ့ခံကြည့်လိုက်ချိန်တွင် မှားယွင်းနေခဲ့သည်။ ထို့နောက် သူကအချိန်ကို တွက်ချက်ကြည့်လိုက်လေ၏။ ထိုသူက သူ၏ မြစ်ဖြစ်ပေလိမ့်မည်။


ဤကြွက်မျိုးရိုးမှာ နှင်းများနှယ် အထီးကျန်နေရရှာပေသည်။


ဟမ်းစတား၏နေ့စဥ်ဘဝက မလွယ်ကူပေ။ သူတို့ထုတ်နိုင်သည့် လက်သည်းလေးနှစ်ခုမှာ အများဆုံးအနေဖြင့် ပိုးမွှားနှင့်တီကောင်များကို ဖမ်းနိုင်ရုံမျှသာဖြဖြစ်သည်။ ကြောင် ၊လင်းယုန်၊ ဇီးကွက် စသောအခြားတိရစ္ဆာန်များအတွက်မူ သူတို့က ဗိုက်တင်းစေမည့်ညစာနှင့် ပိုတူပေသည်။


အဆိုးဆုံးကမူ မြွေပင်။


အခြားအရာများထံမှလွတ်အောင်ပြေးနိုင်လျှင်ပင် မြွေကမူ...၎င်းတို့က တွင်းများထဲသို့ လျှောတိုက်ပြီးဝင်နိုင်ကြသည်။


သူ အန္တရာယ်ကိုအာရုံခံမိသည့်အချိန်တိုင်း မြွေက ပါးစပ်ကိုဖြဲပြီး သူ့ကိုမြိုချတော့မည်ဆိုသောအတွေးဖြင့်ပင် လန့်နိုးလာရသည်။ ၎င်းက သူအမုန်းဆုံးတိရစ္ဆာန်ပင် ဖြစ်လေ၏။


ဟမ်းစတားများက တရုတ်စားစရာများတွင် အမြဲဟင်းပွဲဖြစ်တတ်သော်လည်း ကျင့်ကြံလေလေ သတိကပ်မိလာလေဖြစ်သည်ကို သူသတိထားမိသွားခဲ့သည်။ သားရဲများထံမှ ပုန်းနေရချိန်တွင် အနားမှဟမ်းစတားများကိုလည်း ကျင့်ကြံခိုင်းရန် တွေးကြည့်ဖူးသည်။ ထိုအခါမှ အနာဂတ်တွင် သူနှင့်ပုံစံတူမည့်တစ်ကောင်က သူ့ကိုအဖော်လုပ်ပေးနိုင်လိမ့်မည်။


ကံဆိုးသည်မှာ သူအချိန်အကြာကြီးကြိုးစားထားသမျှက လုံးဝအသုံးမဝင်တော့ပေ။ သူဘအနားကပ်သွားလိုက်တိုင်း သူက သူတို့တို့၏ပိုင်နက်ကိုရယူလို၍ တိုက်ခိုက်ချင်နေသည်ဟုထင်သွားကြသည်။ ပြောရလျှင် မိတ်လိုက်ချိန်ရောက်နေသော ဟမ်းစတားအမတစ်ကောင်က သူ့အနားကိုကပ်လာဖူးသော်လည်း သူတို့ကအလွန် "ကြောက်စရာကောင်းနေ၍" ယင်းတို့ကို ထားခဲ့ပြီးထွက်ပြေးလာရတော့သည်။


ကျင့်ကြံနိုင်ရန် နေနှင့်လ၏ စွမ်းအင်ကို စုပ်ယူရသည့် မိစ္ဆာဝိညာဥ်တို့မှာ ယန်စွမ်းအင် ကမောက်ကမဖြစ်စေရန်နှင့် အနာဂတ်တွင် အခက်အခဲများမကြုံရစေရန် ကျင့်ကြံမှုမပြီးမြောက်မီ ကြင်ဖော်မရှာခြင်းက ပိုကောင်းလေသည်။ 


ဟမ်းစတားလေး၏ ကျင့်ကြံခြင်းစွမ်းရည်မှာ အမှန်ပင်ဆိုးရွားလှသဖြင့် ယင်းနှင့်ပတ်သက်ပြီး ဘာမှမတတ်နိုင်ခဲ့ပေ။


သူက ကျင့်ကြံရေးလမ်းစဥ်ပေါ်တွင် လျှောက်ချင်နေသော သက်တမ်းတိုကာအ ရွယ်အစားသေးသည့် ဟမ်းစတားလေးတစ်ကောင်ဖြစ်လေသည်။ ၎င်းမှာ လူသားများနှင့်ယှဥ်လျှင် အဆသန်းချီ၍ ပိုမိုခက်ခဲလေ၏။ ကမ္ဘာကြီး၏ဝိညာဥ်ရေးရာလွှမ်းမိုးမှုက အလွန်တရာမှ ပါးလျလွန်းသည်။ သူရွှေလက်ချောင်းရသွားလျှင်ပင် အနည်းငယ်မျှအာရုံမစိုက်မိသည်နှင့် အချိန်မကျမီ သေသွားရမည့်ကံကြမ္မာသို့ရောက်မည်ကို ကြောက်မိလေသည်။


မှန်ပေသည်။ သူသာ အာရုံစိုက်ထားလိုက်လျှင် ကံကောင်းနိုင်သေးသည်။


ရှုရှုမှာ သက်ပြင်းချကာ ယခင်ကဖြစ်ခဲ့သမျှတို့ကို ပြန်လည်စဥ်းစားကြည့်လိုက်သည်။


ထိုစဥ်က သူ သူ့သခင်၏အိမ်တွင် တစ်နှစ်ခွဲခန့်နေထိုင်ခဲ့သည်။ သူသေသွားသလိုဟန်ဆောင်ပြီးနောက် ပိုင်ရှင်ကိုစွန့်ပစ်ကာ အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်ထဲသို့ ခိုးဝင်ဖို့လျက် သခင်အသစ်ရှာဖွေနိုင်ရန် ကြံစည်ခဲ့သည်။


သူ့အနေဖြင့် နှစ်ပေါင်းများစွာကျင့်ကြံပြီးဖြစ်၏။ သူ၏မှော်စွမ်းအားမှာ မလုံလောက်သေးသော်လည်း ယင်းကိုမူ အောင်မြင်နိုင်သေး၏။


ပိုင်ရှင်က သူ၏ တောင့်နေသောဟမ်းစတားလေးကို လှောင်အိမ်ထဲတွင် တွေ့လိုက်ရသည်နှင့် လှောင်ချိုင့်ထဲမှထုတ်လိုက်ကာ ကတ်ထူသေတ္တာလေးတစ်လုံးထဲသို့ ထည့်ပြီး သေတ္တာကိုလွှင့်ပစ်လိုက်လေသည်။ နောက်ဆုံး၌ သူ ကတ်ထူသေတ္တာထဲမှထွက်ကာ သူ့ကိုယ်သူသန့်ရှင်းလိုက်ပြီး အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်ကိုသွားရန်ပြင်ဆင်နေစဥ် အချိန်အတန်ကြာစောင့်မျှော်နေခဲ့ရသော မိုးကြိုးသွားအတိဒုက္ခက နောက်ဆုံး၌ရောက်လာခဲ့ပြီဖြစ်ကြောင်း ရုတ်တရက်သိလိုက်ရတော့သည်။


ဤမိုးကြိုးသွားအတိဒုက္ခမှာ မသေမျိုးလူသားဖြစ်အောင်မပြောင်းလဲပေးနိုင်ပေ။ သူ့ကို လူသားတစ်ယောက်အဖြစ်သာ ပြောင်းပေးနိုင်လိမ့်မည်။ သူ့အနေနှင့် လူသားတစ်ယောက်ဖြစ်လာရုံဖြင့်ပင် ကျေနပ်နေမည်ဖြစ်ပြီး မသေမျိုးတစ်ယောက်ဖြစ်လာရန် မမျှော်လင့်ထားပေ။


သူ လူသားတို့၏အစားအသောက်များကို အမှန်တကယ်ပင် စားချင်နေမိသည်။


သူ မြို့အပြင်ဧရိယာသို့ပြေးထွက်သွားပြီး မိုးကြိုးသွားအတိဒုက္ခကို အပြည့်အဝအာရုံစိုက်ကာ ပြီးမြောက်စေခဲ့သည်။ မိုးကြိုးအပစ်ခံရပြီးနောက် ခေါင်းအစခြေအဆုံးရှိသူ့အမွေးများပြောင်သွားကာ ညှော်နံ့ပင်ထွက်နေခဲ့သည်။ ပြီးသည့်နောက် သူဘာကိုမှ မသိတောချေ။


ဘေးပတ်လည်မှအပင်များကိုကြည့်ရင်း ရှုရှုသက်ပြင်းချလိုက်သည်။


ငါ မြို့အပြင်ဂူထဲမှာနေတာ သေချာပါတယ်… ဘာလို့ရုတ်တရက်ကြီး တောအုပ်ထဲကိုရောက်လာတာလဲ… တောတွင်းအသက်ရှင်နည်း အတွေ့အကြုံတွေကို လေ့လာထားပြီး အစေ့အဆန်တွေကို အမြန်ရှာနိုင်တဲ့ အာရုံခံကောင်းတဲ့ငါ့ရဲ့ နှာခေါင်းကြောင့်သာမဟုတ်ရင် ငါ ငတ်သေနေလောက်ပြီ…


သူက လူသားတစ်ယောက်ဖြစ်လာပြီဖြစ်ရာ ပြန်ပြင်ဆင်၍လည်းမရတော့ပေ။ သူ့အနေဖြင့် စားစရာအများအပြားကို နေ့တိုင်းစားပစ်မည်သာ။


ကောက်ပင်တို့ကိုရှောင်ရန်ကမူ... ယခု သူ့တွင် မှော်စွမ်းအားပင်မရှိလေရာ ထိုရှောင်ကျဥ်ခြင်းအကြောင်းကို ပြောရန်မတတ်နိုင်ပေ။


ရှုရှုက အနည်းငယ်ဝေးသည်အထိလျှောက်သွားလိုက်ပြီး သူလမ်းလျှောက်နေသောဘက်မှ သစ်ပင်ကိုကြည့်ကာ ကျွမ်းကျင်စွာဖြင့် သစ်ပင်ပေါ်သို့ တက်သွားလေတော့၏။


ဤသစ်ပင်မျိုးမှာ တွေ့ရများလေသည်။ ၎င်းက ဝက်သစ်ချသီးနှင့်တူသော အသီးမျိုးသီးတတ်သည်။ ရှုရှု မကြာခင်ရက်များက ၎င်းတို့ကိုကောက်ပြီးစုဆောင်းခဲ့သည်။ သူက သူ၏ဂူထဲတွင် ၎င်းအစေ့အဆန်အမြောက်အများကို သိုလှောင်ထားရန် စီစဥ်ထား၏။


ဝက်သစ်ချသီးများ ပြွတ်သိပ်နေသောအပင်ကိုကြည့်ပြီး ရှုရှုက ပြုံးလိုက်သည်။ သူ့မျက်လုံးတို့က ပြည့်ဝန်းနေသောလမင်းပမာတောက်ပနေခဲ့သည်။ စားစရာတို့ကိုတွေ့နေသရွေ့ သူပျော်နေမည်သာ။


ယခုလိုသာ ဆက်လက်စုဆောင်းသွားလျှင် စားစရာအများအပြားကို သိုလှောင်ထားနိုင်မည်မှာ အတိအကျပင်ဖြစ်လေသည်။ ဆောင်းရာသီရောက်လျှင်ပင် သူစိုးရိမ်နေရန်မလိုတော့ပေ။


သူ၏မြက်စကတ်မှ မြက်ရိုင်းတစ်ရွက်ကို ဆွဲထုတ်ကာ ပျော့ပျောင်းသောခါးတွင်ပတ်လိုက်ပြီး ရှုရှုက သစ်ပင်ပေါ်သို့ ဆရာကျစွာစတင်တက်လေသည်။


သစ်ပင်အောက်မှချုံထဲတွင် ရှုရှု၏ခါးထက်ပိုတုတ်သော ရှည်မြောမြောခန္ဓာကိုယ်ဖြင့် ဆယ်မီတာကျော်မျှအရှည်ရှိသည့် မြွေတစ်ကောင်က ချဥ်းကပ်လာလေသည်။ သူက နောက်ဆုံး၌ မုတ်ဆိတ်ပျားဆွဲပြီး သစ်ပင်ပေါ်တက်နေသော ဟမ်းစတားဝိညာဥ်တစ်ကောင်ကိုတွေ့ရပေပြီ။ 


ယင်းအပြင် စကပ်အောက်မှမြင်ကွင်း…


၎င်းမြွေမှာ ချက်ချင်းဆိုသလိုပင် သူ့ခေါင်းပေါ်တည့်တည့်ကို မော့ကြည့်ရန် မစောင့်နိုင်တော့ပေ။



🐹🐹🐹