Chapter 2
Viewers 42

🐹 Chapter 2

ကျရှုံးသားရဲလူသားအက်ဂါ



ရှုရှုက သစ်ကိုင်းပေါ်တွင်ရပ်ကာ အပင်ပေါ်မှအသီးတို့ကို တစ်လုံးချင်းခူးနေလေသည်။ 


အသီးအပြင်ဘက်မှ ဆူးများကိုဖယ်ပစ်ပြီးနောက် ပင်ပေါင်ဘောလုံးအရွယ် ဝက်သစ်ချသီးက သူ့လက်ထဲရောက်လာ၏။ ရှုရှုက ၎င်းကိုပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် နောက်တစ်လုံး၊ ပြီးသွားသည်နှင့် နောက်တစ်လုံး သူ့ပါးစပ်ကလေးမှာ အဆုံးမဲ့တွင်းကြီးနှင့်တူနေသည်။ သူက မျက်စိတမှိတ်အတွင်း ဝက်သစ်ချသီးဆယ်လုံးကို ပါးစပ်ထဲသို့ ထိုးထည့်ပစ်လိုက်သည်။ 


ဤသည်မှာ ရှုရှု၏ ပင်ကိုယ်စွမ်းရည်ပင်ဖြစ်လေ၏။ 


ဟမ်းစတားများတွင်၏ပါးစောင်ထဲတွင် အစာအိတ်ရှိလေသည်။ သူ သာမန်ဟမ်းစတားလေးဖြစ်နေစဥ်က အသီးအမြောက်အများကို ထည့်သွင်းနိုင်သည်။ နောက်ပိုင်း သူကျင့်ကြံပြီးသည့်နောက်တွင် စားစရာတို့ကို ပို၍သိမ်းထည့်လာနိုင်ခဲ့၏။ ထိုအရာကို အပြင်မှမြင်တွေ့ရမည်မဟုတ်သလို သူ့အနေဖြင့် ၎င်းတို့၏အလေးချိန်ကိုလည်း မခံစားရပေ။ 


ယခုဆိုလျှင် သူ့အစာအိတ်ထဲတွင် ရာနှင့်ချီသည့်အစေ့အဆန်များကို သိုလှောင်ထားနိုင်၏။ 


ရှုရှုက ဝက်သစ်ချသီးများကို သူ့ပါးစပ်ထဲသို့ ဆက်လက်ထည့်သွင်းနေလေသည်။ လက်ရှိတွင် မှော်စွမ်းအားမသုံးနိုင်သေးသော်လည်း ပင်ကိုယ်စွမ်းရည်ကမူ ရှိနေသေးပြီး သူ့အနေဖြင့် ၎င်းအပေါ်တွင် မှီခိုနေရသည်။ နောက်ဆုံး၌ စားစရာတို့ကို အလုံအလောက်စုဆောင်းနိုင်ခဲ့၏။ 


အပေါ်တွင် ဝက်သစ်ချသီးများစွာ ကျန်နေသေးသည်။ တောက်ပနေသောမျက်လုံးများဖြင့် ရှုရှုက သစ်ကိုင်းငယ်လေးတစ်ခုအပေါ်သို့ ဖြည်းဖြည်းချင်းတက်သွားလိုက်သည်။ ဝက်သစ်ချသီးများကိုကောက်ပြီး သူ့ပါးစပ်ထဲသို့ ထည့်ပြီးရင်းထည့်နေသည်။ ရုတ်တရက်ပင် တစ်ခုခုက မမူမှန်သည်ကို ခံစားလိုက်ရလေ၏။ 


လက်ချောင်းတစ်ချောင်းစာခန့်လုံးပတ်ရှိသော ခပ်သေးသေး အစိမ်းရင့်ရောင်မြွေတစ်ကောင်က ရှုရှုအရှေ့မှ သစ်ကိုင်းတွင် ခွေနေလေသည်။ မြွေက ရှုရှုကို အေးစက်စွာကြည့်နေပြီး ဖြည်းဖြည်းချင်း ရှေ့တိုးလာလေ၏။ 


"အား အား အား အား..." 


ရှုရှု အဆက်အပြတ် အော်လိုက်မိသည်။ သူ၏ စူးခနဲအော်လိုက်သံက တောအုပ်၏ ဤအပိုင်းထဲ၌နေကြသော အကောင်ငယ်လေးများကို ရုတ်တရက်ပင် ရုန်းရင်းဆန်ခတ် ထွက်ပြေးပျောက်ကွယ်သွားစေသည်။ 


ရှုရှုက သစ်ပင်တစ်ပင်မှ နောက်တစ်ပင်ကိုခုန်ကူးလိုက်သည်။ သူက ထိုအကောင်ပေါက်လေးများကဲ့သို့ပင် မျက်စိတမှိတ်အတွင်း သူ့ဂူကို ပြန်ပြေးသွားလိုက်၏။ မထင်မှတ်ဘဲ ထိုအချိန်မှာပင် သူ့ဘေးမှချုံပုတ်က ယမ်းခါသွားကာ သူ့ခေါင်းထက်ပိုကြီးသော မြွေခေါင်းတစ်လုံးက ချုံပုတ်ကြားမှထွက်လာလေသည်။ 


ယင်းက သူတွေ့ဖူးသမျှထဲတွင် အကြီးမားဆုံးမြွေကြီးပင်။ 


ဒီကမ္ဘာပေါ်မှာ ဒီလောက်ကြီးတဲ့မြွေမျိုးရှိသေးတယ်ပေါ့လေ… ကြောက်စရာကြီး အားးးးးးး...


မြွေကြီးကိုတွေ့၍ ရှုရှုထပ်အော်လိုက်သော်လည်း အသံက ထပ်ပြီးမထွက်လာတော့ပေ။ သူက မျက်ဆံလည်လျက် မြေကြီးပေါ်မျက်နှာအပ်ကာ လဲကျသွားလေသည်။ သူ့တစ်က်ိုယ်လုံး တောင့်တင်းနေပြီး မလှုပ်တော့ပေ။ 


အက်ဂါက ရှုရှု၏မျက်နှာရှိရာသို့ ရွေ့သွားပြီး ရှုရှုကို စိုးရိမ်စွာဖြင့် စစ်ဆေးကြည့်နေသည်။ အဆင့်နိမ့်သားရဲလူသားလေးတစ်ယောက် ဤဧရိယာထဲတွင်နေထိုင်သည်ကို မမျှော်လင့်ဘဲသိရှိလိုက်ရပြီးသည့်အခါ သူ ဤဧရိယာထဲမှ အန္တရာယ်ပိုများသောတိရစ္ဆာန်များကို မောင်းထုတ်ပေးခဲ့သည်။ သူက အဆင့်နိမ့်သားရဲလူသားလေးအား ထိခိုက်ခွင့်မပေးခဲ့ပေ။ 


သူက ဘာဖြစ်သွားတာတုန်းဟ…


အဆင့်နိမ့်သားရဲလူသားလေးမှာ လုံးဝတောင့်တင်းနေပြီး အသက်မရှူတော့ပေ။ 


သူ သေသွားပြီလား…


အက်ဂါ၏ ကြီးမားသောမြွေကိုယ်ထည်ကြီးက လှုပ်ခါသွားလေသည်။ လူတစ်ကိုယ်လုံး...မဟုတ်သေးပေ၊ မြွေတစ်ကိုယ်လုံးက အေးစိမ့်သွားတော့သည်။ 


သားရဲအမြုတေပျက်စီးသွားပြီးနောက်ပိုင်း သူ လူသားပုံစံကို ထပ်မပြောင်းနိုင်တော့ပေ။ ထို့နောက် လူများထံမှ ငြင်းပယ်ခံရသော အရှုံးသမားတစ်ယောက်ဖြစ်လာခဲ့၏။ ထို့နောက် အဆင့်နိမ့်သားရဲလူသားလေးကို မတော်တဆတွေ့သွား၍ ယခုမူ မည်သည့်အခြေအနေတွင်ဖြစ်စေ ဆက်လက်ရှင်သန်ရမည့်အကြောင်းအရင်းကို ရှာတွေ့သွားလေပြီ။ အခြားသူများက အဆင့်နိမ့်သားရဲလူသားလေးကိုမတွေ့မချင်း သူ့ဘက်မှ ဤအဆင့်နိမ့်သားရဲလူသားလေးကိုကာကွယ်ပေးထားချင်ခဲ့သည်။ ယခုမူ ပေါက်စလေးက သူ့အရှေ့မှာပင် သေသွားခဲ့လေပြီ။ 


အက်ဂါ၏ကိုယ်ထည်က တဆတ်ဆတ်တုန်နေလေသည်။ သားရဲလူသားတို့၏ သဘာဝအရ အမြုတေမရှိတော့သဖြင့် ဖရိုဖရဲဖြစ်နေသောစွမ်းအင်များက ပိုမိုကစဥ့်ကလျားဖြစ်လာသည်ကို ခံစားလိုက်ရသည်။ သူ့ဒဏ်ရာက အရှင်းမပျောက်သေးဘဲ နာကျင်ကိုက်ခဲနေဆဲပင်။ သူက ဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကိုဖြေလျှော့ကာ စိတ်လျှော့လိုက်ပြီး အဆင့်နိမ့်သားရဲလေးကို သူ့ခန္ဓာကိုယ်ဖြင့်ရစ်ပတ်လိုက်သည်။ 


သူက အနားမှလေထုနှင့် အဆင့်နိမ့်သားရဲလူသားလေး၏အခြေအနေကို အာရုံခံနိုင်ရန် လျှာထုတ်လိုက်သည်။  


ဤပတ်ဝန်းကျင်က အန္တရာယ်မရှိပေ။ သက်ရှိအချို့နေထိုင်ကြသည့်တိုင် ၎င်းတို့က သေစေလောက်သောအန္တရာယ်မျိုးမပေးတတ်ပေ။ ဥပမာ သူ့ခေါင်းပေါ်မှအစိမ်းရောင်မြွေက အဆိပ်မရှိသလို ယင်းမှာ အဆင့်နိမ့်သားရဲလူသားများ၏ အကြိုက်ဆုံးအစာလည်း ဖြစ်ပေသည်။ 


ဤအဆင့်နိမ့်သားရဲလူသားလေး၏ အခြေအနေကမူ သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာဟူ၍ရှိမနေပေ။


ယခုလိုအခြေအနေမျိုးတွင် အဆင့်နိမ့်သားရဲလူသားလေးမှာ အဘယ့်ကြောင့်သေသွားရသည်ကို သူ မတွေးတတ်တော့ပေ။


အက်ဂါက သူအလွန်ပင်သဘောကျရသည့် မျက်လုံးရွဲကြီးများဖြင့် အဆင့်နိမ့်သားရဲလူသားလေးအား တောထဲတွင် ခက်ခဲပင်ပန်းစွာဖြင့် ဦးတည်ရာမဲ့လျှောက်သွားနေရင်း သေဆုံးသွားရသည့်အဖြစ်ကို မရောက်စေချင်ပါချေ။ 


အက်ဂါမှာ သူ၏ခေါင်းကြီးဖြင့် သားရဲလူသားလေးကို နှစ်ကြိမ်မျှပွတ်သပ်ကြည့်ရာ သူပတ်ထားသော အဆင့်နိမ့်သားရဲလူသားလေး ရုတ်တရက်လှုပ်သွားသည်ကို ခံစားလိုက်ရလေသည်။ 


ပေါက်စလေးက မသေသေးဘူးပဲ…

အက်ဂါက အခြေအနေကို ရုတ်တရက်သတိထားမိသွားကာ တစ်ချိန်တည်းမှာပင် အချက်တစ်ချက်ကို သတိပြုမိသွားသည်။ 


ဤအဆင့်နိမ့်သားရဲလူသားငယ်လေးက ပါးစပ်ထဲသို့ စားစရာအများအပြား ထည့်ထားနိုင်ပုံကိုကြည့်လျှင် အစာအိတ်ပါနေ၍ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ ထိုသူက ဟမ်းစတားအနွယ်ဝင် အဆင့်နိမ့်သားရဲလူသားလေး ဖြစ်လိမ့်မည်။ 


သားရဲလူသားတွေတင်မက ဒီလိုဟမ်းစတားအနွယ်ဝင် အဆင့်နိမ့်သားရဲလူသားလေးတွေက မကြာခဏဆိုသလို သေဟန်ဆောင်တတ်ကြတာလား…


ဒီအဆင့်နိမ့်သားရဲလူသားလေးက အကြောက်လွန်ပြီးသေဟန်ဆောင်နေတာလား… ဘယ်အရာကများ သူ့ကိုကြောက်အောင်လုပ်လိုက်တာလဲ… 


အက်ဂါ၏မြွေကိုယ်ထည်က နောက်တစ်ကြိမ်တောင့်တင်းသွားရပြန်သည်။ 


ဤနေရာတွင် အန္တရာယ်များသည့်အရာမရှိပေ။ အစောပိုင်း၌[အစိမ်းရောင်မြွေကိုတွေ့စဥ်က] အဆင့်နိမ့်သားရဲလူသားလေးမှာ စူးစူဝါးဝါးအော်လိုက်သော်လည်း "သေလောက်အောင်" ကြောက်သွားခြင်းမျိုးမဟုတ်ပေ။ 

ဒါဆိုရင် ငါ့ကြောင့်များလား…


ယခုမူ သူက အဆင့်နိမ့်သားရဲလူသားလေးကို မကာကွယ်နိုင်ခဲ့သည့် သားရဲလူသားဖြစ်သွားသည်။ သူ၏သားရဲအမြုတေက ကွဲအက်သွားခဲ့ပြီး ကျရှုံးသားရဲလူသား ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် သူ သားရဲလူသားဖြစ်စဥ်က အရာအားလုံးကို နည်းနည်းချင်းမေ့လာခဲ့သည်။ ထို့နောက် သူက အဆင့်နိမ့်သားရဲလူသားတို့အား  အန္တရာယ်ပေးနိုင်သည့် သားရဲကောင်ဖြစ်လာလိမ့်မည်။ 


ရှုရှုမှ သတိပြန်ရရချင်း သူ့ခန္ဓာကိုယ်ကို တစ်စုံတစ်ခုက ပတ်ထားသလို ခံစားလိုက်ရသည်။ 


ဒီအေးစက်ပြီး စေးကပ်ကပ် ချောကျိကျိခံစားချက်က မြွေကြီးများလား…

၎င်းကိုတွေးမိပြီး ရှုရှုမှာ ချက်ချင်းကြက်သီးထသွားကာ တကိုယ်လုံးမှအမွေးများ  ထောင်တက်သွားသလို ခံစားလိုက်ရသည်။ 


မြွေကြီးရှိနေတယ်… မဟုတ်ဘူး မြွေကြီးကရှိနေရုံတင်မကဘူး… ငါ့ကိုပါပတ်ထားတယ်… ငါ့ကိုစားတော့မယ်… 


နောက်ဆုံး၌ ရှုရှုမှာ မြွေထံမှအလိုက်ခံရ၍ ထွက်ပြေးခဲ့ရသော ယခင်က အတွေ့အကြုံကို ပြန်သတိရသွားတော့သည်။ သူက တကယ်ပင် ထိုသို့သော တိရစ္ဆာန်မျိုးအား ကြောက်ရွံ့လေ၏။  သူ့အတွက် ထိုမြွေများက အလွန်ကြောက်စရာကောင်းသည်ဟု တွေးမိသည့်အတွက်  စိတ်ဝိညာဥ်ဆိုင်ရာလွှမ်းမိုးမှုပေါများသော တောအုပ်ထဲတွင် စွန့်စားကာ နေထိုင်ကျင့်ကြံမည့်အစား လူတစ်ယောက်၏အိမ်တွင် အိမ်မွေးတိရစ္ဆာန်လေးအဖြစ်နေထိုင်ရန် မြို့ပေါ်သို့ ထွက်ပြေးခဲ့ခြင်းပင်။ 


သူ လူသားအဖြစ်ပြောင်းလဲပြီးနောက် မြွေများက သူ့ကို ဘာမှလုပ်နိုင်တော့မည်မဟုတ်ဟု ယုံကြည်ထားခဲ့သည်။ နောက်ဆုံးတွင် မမျှော်လင့်ဘဲ သူ့ကို တစ်ချက်တည်း မြှိုချနိုင်မည့် မြွေတစ်ကောင်နှင့် ထိပ်တိုက်တွေ့သွားရတော့သည်။ 


ဒီလောကကြီးက ဘာလို့ဒီလောက်တောင်ရက်စက်ရတာလဲ…


ရှုရှု၏ကိုယ်လုံးလေးမှာ ကျုံ့ဝင်နေလေသည်။ သူကထွက်ပြေးရန်အတွက် မှော်စွမ်းအားကို စုစည်းချင်နေသော်လည်း အနည်းငယ်ပင်စု၍မရချေ။ သူ့ခြေထောက်များက ပျော့ခွေနေကာ အားတစ်စက်မျှ မကျန်တော့ပေ။ 


သူ စိတ်ပျက်သွားမိသည်။ သူက လူသားအသွင်ကိုပြောင်းနိုင်ကာစမှာပင် အခြားသူအတွက် အစာဖြစ်ရတော့ပေမည်။ 


ရှုရှုမှာ လုံးဝမျက်လုံးမဖွင့်ရဲပေ။ မျက်လုံးပိတ်ထားလျက်ဖြင့် သေမင်းလာမည့်အချိန်ကို စောင့်နေလိုက်သည်။ သို့ရာတွင် မမျှော်လင့်ဘဲ သူ့ကိုရစ်ပတ်ထားသောမြွေကြီးက သူ့ကိုလွှတ်ပေးလာသည်။ 


အတန်ငယ်မျှကြာပြီး နောက်ဆုံးတွင်မှ ရှုရှုတစ်ယောက် မြွေကြီးထွက်သွားမသွားကို အတည်ပြုရန် မျက်လုံးဖွင့်လျက် စစ်ဆေးရဲတော့သည်။ သူက ချက်ချင်းပင် ထခုန်ကာ သူ၏ဂူလေးထံသို့ အလင်း၏အလျင်ဖြင့် ပြေးသွားလိုက်တော့သည်။ 


အက်ဂါမှာ မဝေးသောနေရာတွင်ပုန်းနေပြီး ယခုလေးတင်ဖြစ်ပျက်သွားသောအရာအားလုံးကို လေ့လာနေခဲ့သည်။ သူထွက်သွားတော့မည့်အချိန်တွင် တစ်ခုခုမှားနေသည်ကို သိလိုက်ရသည်။ 


ထွက်ပြေးသွားသော အဆင့်နိမ့်သားရဲလူသားလေးတွင် အဝတ်အစားမပါပေ။ ဖြူဖွေးလုံးဝန်းနေသောအသားစိုင်လေးနှစ်လုံးက အဆင့်နိမ့်သားရဲလေးပြေးသွားချိန်တွင် နိမ့်လိုက်မြင့်လိုက်ဖြစ်နေခဲ့သည်။ ၎င်းအပေါ်တွင် ချစ်စရာကောင်းသော တိုနန့်နန့်အမြှီးလေးတစ်ချောင်းလည်း ရှိနေခဲ့သည်။ 


အဆင့်နိမ့်သားရဲလူသားလေးပျောက်သွားမှ အက်ဂါက အသိစိတ်ဝင်လာလေသည်။ တစ်ချိန်တည်းမှာပင် သူ့အကြေးခွံများက နေရခက်သလိုခံစားရ၏။ သူလှမ်းကြည့်လိုက်သည့်အခါ မြက်ဖြင့်လုပ်ထားသောစကပ်က သူ့အကြေးခွံပေါ်တွင် တွဲလောင်းချိတ်နေခဲ့သည်။ 


နောက်ဆုံး၌ သူက ကိုယ်လုံးတီးအဆင့်နိမ့်သားရဲလူသားလေးကိုတွေ့လိုက်ရသည်။ ထိုမျှမက ထိုအဆင့်နိမ့်သားရဲလေး၏ တစ်ကိုယ်လုံးကို အကြိမ်ကြိမ်ပွတ်တိုက်ခဲ့မိသေးသည်။ အဆင့်နိမ့်သားရဲလူသားလေးက သူက သားရဲလူသားဖြစ်သည်ကို မသိသွား၍ ဝမ်းသာသင့်သည်လား မသိတော့ပေ။


မဟုတ်သေးပေ။ သူက သားရဲလူသားတစ်ဦး မဟုတ်တော့ချေ။ သူက ထိုအတိုင်းသားရဲကောင်တစ်ကောင်သာဖြစ်ကာ ထို့ထက်မပိုတော့ပေ။ 


ရှုရှုနေသောဂူက တောင်နံရံပေါ်၌ နစ်ဝင်နေသောကျောက်တုံး၏ ဘယ်ဘက်အခြမ်းမှ မဝေးသောနေရာတွင် ရှိနေလေသည်။ 


ကျောက်တုံးက ဂူ၏တစ်ဝက်မျှကိုငုံထားပြီး သူက အကာအရံအချို့ကို ထပ်ဖြည့်ထားလိုက်သည်။ လူအများစုက ဤနေရာတွင် ဂူရှိနေကြောင်း သိမည်မဟုတ်ပေ။ ဤဂူအား ရှုရှုက အချိန်တစ်လခန့်ကြာသည်အထိ အရှေ့မှအနောက်သို့ တူးခဲ့ရပေသည်။ လအစပိုင်းက သူနေထိုင်စရာအိမ်အတွက် သစ်ခေါင်းပေါက်တစ်ခုသာ ရှိခဲ့သည်။ 


ဂူထဲသို့ပြန်ပြေးသွားပြီးနောက် ရှုရှုက ဂူထဲတွင် သူစုဆောင်းထားသောကောက်ရိုးများထဲသို့ ဒိုင်ပင်ထိုးပြီးပစ်ဝင်လိုက်သည်။ 


ဂူအတွင်းပိုင်းကိုအနံ့ခံကြည့်သည့်အခါ သူ့အနံ့တစ်ခုတည်းကိုသာ ရလေသည်။ မြက်တောထဲတွင် ပွတ်သပ်ရင်း နောက်ဆုံးတွင် ရှုရှု၏နှလုံးသားလေးက ငြိမ်သက်သွားလေသည်။ 


တောင်ထဲတွင် ထိုမျှကြီးအားသော မြွေတစ်ကောင်ရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။ ရှုရှု၏ အမွေးထူထူနားရွက်လေးများက ထောင်သွားပြီး သူ့ဦးခေါင်းခွံက ကျဥ်တက်သွားတော့သည်။ 


နောက်ပိုင်းကျ ငါအဲဒီမြွေကြီးနဲ့ အပြင်မှာထပ်တွေ့ရင်ဘယ်လိုလုပ်မလဲ… ငါ ဘယ်လိုလုပ်အပြင်ထွက်ပြီး အစာရှာရတော့မလဲ…


ရှုရှုက အစာသိုလှောင်ရန်အတွက် တူးထားသောအပေါက်ငယ်လေးထဲသို့ ခေါင်းပြူကြည့်လိုက်သည်။ ထို့နောက် သူ့လက်နှင့်ပါးလေးကိုတွန်းပြီး သူ့ပါးစပ်ထဲမှဝက်သစ်ချသီးများကို တစ်လုံးပြီးတစ်လုံး ထုတ်လိုက်လေသည်။ 


ယနေ့၌ ဝက်သစ်ချသီးများကို စုဆောင်းရချိန်က အလွန်မကြာလိုက်ပေ။ ရှုရှုမှာ စုစုပေါင်း ဝက်သစ်ချသီးအလုံးနှစ်ဆယ် ရလာခဲ့သည်။ သူက ၎င်းတစ်လုံးချင်းစီကို သေချာစီပြီး အခြားရိက္ခာများကိုလည်း ပြန်စစ်ကြည့်လိုက်သည်။ 


မူလက ယနေ့နေ့လယ်တွင် အစားအစာများကို နေလှန်းရန်စီစဥ်ထားခဲ့သော်လည်း ယခုမူ အပြင်၌ မြွေကြီးရှိနေသည်။ 


သူက အကြာကြီးသိုလှောင်ထား၍မရတော့သော စားစရာအချို့ကိုထုတ်ကာ ၎င်းတို့ကို နည်းနည်းချင်းစီ စားလိုက်သည်။ အစားနင့်ကာ ပြည့်အင့်သွားသောရှုရှုက ဂူထဲတွင်ပတ်လျှောက်ကာ နောက်ဆုံး၌ မြက်သိုက်ထဲသို့ တိုက်ရိုက်ပြန်သွားလျက် အိပ်ပျော်သွားလေတော့သည်။ 


ရှုရှုက သုံးရက်လုံးအပြင်မထွက်ဖြစ်ဘဲ သူ့ရိက္ခာများက နည်းသထက်နည်းလာသည်ကို တွေ့လိုက်ရလေ၏။ သူက လေကိုအဆုတ်အပြည့်ရှူသွင်းကာ အပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ 


သို့ရာတွင် သူက ဂူအဝသို့ရောက်ရောက်ချင်း အအေးဓာတ်နှင့်ထိတွေ့မိပြီး တုန်တက်သွားလေတော့သည်။ အပြင်ဘက်၌ လေပြင်းတိုက်နေလေ၏။ 


ရှုရှုမှာ အလိုအလျောက်ပင် ဂူထဲသို့ပြန်ဝင်သွားပြီးမှ သူ၏အဝတ်မပါသောခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။


ငါ့ရဲ့အကာတွေက ဘယ်ရောက်သွားတာလဲ…


မြက်စကပ်က သူ့ကို အနွေးဓာတ်လုံးဝမပေးသော်လည်း သူ့တွင် အခြားဝတ်စရာမရှိပေ။ ရှုရှုမှာ မြက်တောထဲသို့ပြန်သွားရပြီး မည့်သည့်အချိန်မည်သည့်နေရာတွင် လေ့လာခဲ့ကြောင်း မမှတ်မိတော့သည့် ငှက်များ၏အသိုက်လုပ်ပုံအတိုင်း မြက်များကို စတင်ရက်ရလေတော့သည်။ 


ဂူအပြင်ဘက်မှ ပြင်းထန်လွန်းသောအအေးဓာတ်ကြောင့်ပေလား၊ အခြားအရာကြောင့်လားမသိသော်လည်း အက်ဂါ၏ကိုယ်ထည်က တောင့်တင်းနေလေသည်။ 


အဲဒီအဆင့်နိမ့်သားရဲလူသားလေးက အခုလေးတင် သူ့ဂူထဲကနေ ကိုယ်တုံးလုံးနဲ့ထွက်လာတယ်… သူ့ကိုယ်မှာ အဝတ်မပါဘူး…


အက်ဂါအတွက် ပုံမှန်အခြေအနေပြန်ရောက်ရန် တခဏမျှ အချိန်ယူလိုက်ရသည်။ သူက အဆင့်နိမ့်သားရဲလူသားလေး အအေးဓာတ်ကြောင့် တုန်ယင်နေရင်း ဂူထဲသို့ပြန်ဝင်သွားပုံကိုပြန်တွေးမိပြီး စိတ်မသက်မသာ ဖြစ်သွားတော့သည်။ 


အဆင့်နိမ့်သားရဲလေးကို သူ့လက်ထဲတွင် ဂရုတစိုက်စောင့်ရှောက်ပေးသင့်သည်။ အလယ်ပိုင်းကြယ်မှ သားရဲများက နေ့စဥ်နေ့တိုင်း အဝတ်အစားများ ပြောင်းဝတ်ကြသော်လည်း ဤအဆင့်နိမ့်သားရဲလေးကမူ အံ့ဩစရာကောင်းစွာဖြင့် မည်သည့်အဝတ်အစားမှမဝတ်သလို အောက်ခံဘောင်းဘီပင် မဝတ်ပေ။ 


မြွေကြီးမှာ ဖြည်းဖြည်းချင်းနောက်ဆုတ်ပြီး တိတ်တိတ်လေး ထွက်သွားလေတော့သည်။



🐹🐹🐹