Chapter 3
Viewers 170

🐹 Chapter 3

တစ်ယောက်ယောက် သားကောင်ပို့ပေးလိုက်တယ်



ရာသီဥတုက အေးလာပြီဖြစ်သောကြောင့် ဤတစ်ခေါက်တွင် ရှုရှုက စကတ်ကို အနည်းငယ်မျှပိုပြီးရှည်အောင်ရက်လိုက်သည်။ နောက်ဆုံးတွင် အလျားနှင့်အနံတစ်မီတာရှည်သောမြက်စောင်တစ်စောင်ကို ရက်နိုင်ခဲ့သည်။


မြက်စောင်ကို သူ့ကိုယ်ပေါ်တွင်ပတ်ပြီး လုံခြုံအောင် ကြိုးတစ်ချောင်းဖြင့်စည်းလိုက်သည်။ ဤတစ်ကြိမ်တွင် ရှုရှုက မြက်စကတ်ကိုသူ့ရင်ဘတ်တွင်လည်း ပတ်ထားရန်အကြံရသွားလေသည်။ ၎င်းကို တစ်ကိုယ်လုံး၌ပတ်ထားလိုက်လျှင် လေဒဏ်မှကာကွယ်နိုင်လိမ့်မည်။ ဤမြက်စောင်တွင်လည်း ပြစ်ချက်အနည်းငယ်ရှိလေသည်။ အသိုက်၏အတွင်းဘက်ထဲ၌ထည့်ပြီးချုပ်ထားသည့် နေလှန်းထားသောမြက်က ကိုင်ကြည့်လျှင်အလွန်ပျော့ပျောင်းသော်လည်း ပတ်လိုက်သည့်အခါ စူးလာလေသည်။


ယခင်က ရှုရှုတွင် ကိုယ်ပေါ်၌အမွေးများရှိနေ၍ စူးမည်ကိုမကြောက်ခဲ့ပေ။ သို့ရာတွင် ယခုမူ မြက်စကတ်က သူ့ခန္ဓာကိုယ်ပေါ်တွင် အပေါက်ငယ်အများအပြားကို ဖြစ်ပေါ်စေသည်။ ကံကောင်း၍ သူက ထိုမျှ မနူးညံ့သောကြောင့် သည်းခံနိုင်လေ၏။


မြက်စကတ်ကိုချုပ်ပြီးသွားသည့်အခါ နေ့လယ်ရောက်နေပြီလားဟုသိချင်၍ ရှုရှုက ဂူအဝမှကျောက်တုံးကို ပြန်ဖယ်ပြီး အပြင်ထွက်ရန်ပြင်လေသည်။ သို့ရာတွင် အပြင်၌ မိုးရွာနေသည်ကို မမျှော်လင့်ဘဲတွေ့လိုက်ရလေ၏။ မိုးက တဖျောက်ဖျောက်ရွာနေရာမှ ပိုများလာခဲ့သည်။


မိုးရွာနေတာပဲ…


လွန်ခဲ့သောနှစ်လက ရှုရှုမှာ အကြိမ်ပေါင်းများစွာ မိုးရွာသည့်အချိန်နှင့် ကြုံတွေ့ခဲ့ရသည်။ သူက အပြင်မထွက်တော့ဘဲ အပြင်မှအခြေအနေကြည့်နေရင်း ဂူအဝတွင် အပေါက်လေးတစ်ပေါက် တူးနေလေသည်။


မိုးက တစိမ့်စိမ့်ရွာနေခဲ့သည်။ တစ်စက်ချင်းစီကျနေပြီး တစ်ခါတစ်ရံတွင် ပိုများလာတတ်သည်။ တစ်ခါတစ်လေ၌မူ ဖြည်းဖြည်းသာရွာခြင်းဖြစ်သော်လည်း မရပ်သွားပေ။ လေထုထဲမှ ကြီးမားသောစိုထိုင်းမှုကိုခံစားရင်း ရှုရှုမှာ အလွန်စိတ်ပူလာမိလေသည်။


မိုးက တခဏမျှပင် မရပ်သွားခဲ့ပေ။ ဤအတိုင်းသာဆက်ရွာနေမည်ဆိုပါက သူ အစာရှာထွက်၍ရတော့မည်မဟုတ်ချေ။


ဆောင်းရာသီရောက်ရန်လိုနေသေးသည့်တိုင် သူကမူ သိုလှောင်ထားသောအစာများကို နှစ်သက်နေဆဲပင်။ အစာမလုံလောက်လျှင် သူ့အတွက်ခက်ခဲလာလိမ့်မည်။


ရှုရှုတူးထားသောတွင်းက မကြီးပေ။ သူက ဂူထဲတွင် ဖြောင့်မတ်စွာဖြင့်ရပ်နေသည့်တိုင် စိတ်ထဲမှ သောကအပူမီးကို မောင်းထုတ်၍မရချေ။ အဆုံး၌ စိုးရိမ်စိတ်ဖြင့်ပတ်ချာလည်နေပြီး ဂူအဝကို အချိန်တိုင်းထွက်ကြည့်နေမိတော့သည်။


ပြေးလို့ရတဲ့ ရစ်လုံးလေးတစ်လုံးသာရှိရင်…

[ဟမ်းစတားလေးတွေကစားတဲ့ ဘီးလေးပါ]


အချိန်ကုန်လာသည်နှင့်အမျှ ကောင်းကင်က တဖြည်းဖြည်းမှောင်လာလေသည်။ မိုးက ရွာနေဆဲပင်။ ရှုရှုမှာ သူ့နှုတ်ခမ်းကိုကိုက်ပြီး ဂူအဝကိုပြန်ပိတ်လိုက်ရကာ မြက်သိုက်လေးထဲသို့ ပြန်ဝင်လိုက်ရသည်။


နောက်တစ်နေ့ကူးသွား၍ ရှုရှုက တံခါးဝကိုပြေးသွားပြီး အပေါက်ငယ်လေးကိုအမြန်ဖွင့်ကာ အပြင်ဘက်ကိုလှမ်းကြည့်လိုက်သည်။ သူက ကြည်လင်ပြီး မိုးသားတိမ်တိုက်ကင်းစင်သော ကောင်းကင်ကိုတွေ့ရရန် မျှော်လင့်ထားမိသော်လည်း အပြင်တွင် မိုးရွာနေဆဲဖြစ်သည်။


ရှုရှု၏နားရွက်လေးများက အနည်းငယ်မျှကုပ်ကျသွားခဲ့သည်။ တစ်ကိုယ်လုံးအားမရှိတော့သလိုပင်ဖြစ်နေလေ၏။ တခဏကြာပြီးနောက် အပေါက်မှတဆင့် အပြင်ဘက်သို့ သတိဖြင့်လှမ်းကြည့်လိုက်သည်။


သူ့အနံ့နှင့်မတူသော အနံ့တစ်မျိုးကို ရနေလေ၏။


ငါ့ဂူအဝကို ဘာကောင်ရောက်လာတာလဲ… 


ရှုရှု ခေါင်းလေးပြူကြည့်လိုက်သည်။ မဝေးသောချုံပုတ်ထဲတွင် ရေစိုပြီး မှောက်ခုံဖြစ်နေသည်မှာ ကြက်လား ရစ်ငှက်လားမသိပေ။ ၎င်းက အရောင်အသွေးစုံကာ လူသားတို့မွေးသည့် ကြက်များထက်ပင် ပိုကြီးပေသည်။


ရှုရှုမှာ ငှက်ကိုကြည့်ပြီး သွားရည်ကျလာသည်။ သူ၏သခင်ဟောင်းက သူ့ကို ကြက်ရင်အုံကင်ကျွေးခဲ့ဖူးသည်။ ၎င်းက အလွန်တရာမှ အနံ့မွှေးလေ၏။ အနံ့အမွှေးဆုံးမှာ သူ့သခင်စားနေကျ ကြက်ကြော်ဖြစ်သော်လည်း သူ့သခင်က သူ့ကို လုံးဝမကျွေးပေ။


ဒီမှာ ဘယ်လိုလုပ်ပြီး ငှက်တစ်ကောင်က ကောက်ကာငင်ကာပေါ်လာရတာလဲ…


ရှုရှုက ငှက်ကိုခဏမျှကြည့်နေပြီးမှ နောက်ဆုံးတွင် ထိုရစ်ငှက်က မည်သည့်နေရာမှ ရောက်လာသည်ကို ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်လေသည်။ ၎င်းကို အရင်ဆုံး သွားယူပြီးစားရပေမည်။


ရှုရှုက ခုန်ပေါက်ရင်းထွက်လာပြီး ငှက်ကိုကြည့်လိုက်သည့်အခါ မလှုပ်နိုင်တော့အောင်လုပ်ထားပုံဖြင့် အတောင်ပံနှင့်ခြေထောက်တို့က ကျိုးနေသည်ကိုတွေ့လိုက်ရလေသည်။ ထို့အပြင် တောင်ပံနှင့်ခြေထောက်တို့မှာ တမင်အချိုးခံထားပုံရလေ၏။


တောရိုင်းထဲတွင် ရာစုနှစ်အနည်းခန့် ရှင်သန်ကျင်လည်ဖူးသည့် ဟမ်းစတားတစ်ကောင်အနေဖြင့် ဤရစ်ငှက်က ယခုလိုဖြစ်သွားရလောက်သည်အထိ မတုံးအကြောင်း ရှုရှုအတပ်သိလေသည်။


ထို့အပြင် ငှက်ကိုယ်ပေါ်မှအနံ့က ငှက်၏ပင်ကိုယ်အနံ့မဟုတ်ပေ။


လူတစ်ယောက်က ဒီငှက်ကိုဖမ်းပြီး ထိခိုက်အောင် လုပ်ခဲ့ပေမယ့် အဆုံးမှာတော့ လွတ်သွားတယ်လား… ဒါမှမဟုတ် အဲဒီလူက ငါ့ဂူရဲ့အပြင်ဘက်မှာ ဒီငှက်ကို လက်ဆောင်အဖြစ် တမင်ထားခဲ့ပေးတာလား…

ရှုရှုက မျက်လုံးလှိမ့်လိုက်ကာ ငှက်ကိုသူ့ဂူထဲသို့ သယ်သွားလေတော့သည်။


ရှုရှု၏ပန်းတိုင်မှာ ကျင့်ကြံပြီး လူသားအဖြစ်ပြောင်းလဲနိုင်ရန်သာဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့ကိုယ်သူ လူတစ်ယောက်နှင့်တူသည်အထိ ကျင့်ယူရပေမည်။ အခြားကိစ္စများကိုမဆိုထားနှင့်၊ အနည်းဆုံးတော့ စားနေကျ အင်းဆက်နှင့်တီကောင်များကိုပင် မစားတော့ပေ။


အင်းဆက်နှင့်တီကောင်များကိုမစားတော့လျှင် ဤငှက်ကိုလည်း မစားခင်ချက်ပြုတ်ရတော့မည်။ ကံဆိုးသည်မှာ သူတစ်ခါမှ အစားအသောက်များကို မချက်ခဲ့ဖူးပေ။


ရှုရှုမှာ တောအုပ်ထဲသို့ရောက်ကတည်းက အသီးမျိုးစုံကိုစားခဲ့သည်။ သူက အစေ့အဆံစိမ်းများကိုစားနေကျဖြစ်ပြီး ၎င်းတို့၏အနံ့က ကျပ်တိုက်ထားသောအစေ့များလောက် အနံ့မကောင်းပေ။ အဓိကအချက်အနေဖြင့် သူလက်ခံရမည်မှာ ယခုအချိန်အထိ မီးမမွှေးဖူးကြောင်းကိုပင်။


ရှုရှုမှာ ကနဦးနည်းလမ်းအဖြစ် ကျောက်ခတ်ပြီးမီးမွှေးခြင်းကို စမ်းသပ်ကြည့်ရန်တွေးလိုက်သည်။ သူ့ထံတွင် တောတွင်း၌ အသက်ရှင်အောင်နေရသောအစီအစဥ်များအား ကြည့်ရသည်ကို သဘောကျတတ်သောသခင်တစ်ယောက်ရှိခဲ့ဖူးသည်။ သူလည်း မီးမွှေးမည့်နည်းလမ်းကို တီဗွီမှတစ်ဆင့်သိရှိခဲ့ရသည်။


လက်ရှိတွင် ရှုရှုက မှော်စွမ်းအားမသုံးနိုင်သေးသော်ငြား သူက မိစ္ဆာဝိညာဥ်ဖြစ်သည်။ သူ့ထံတွင်အခြားစွမ်းရည်မရှိသော်လည်း ဝှက်ထားသောလက်သည်းများရှိ၏။ သူ့လက်ကိုဖြန့်ထုတ်လိုက်သည်နှင့် လက်သည်းများက သူ၏လက်ချောင်းများကြားမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ရှုရှုက မြေကြီးပေါ်တွင် သစ်ရွက်များကိုပုံလိုက်ပြီး ငှက်ကင်ရန် လုပ်ငန်းစလိုက်သည်။


သူက ငှက်လည်ပင်းကိုလိမ်လိုက်ပြီး အရေခွံဆုတ်လိုက်သည်။ ထို့နောက် ဗိုက်ကိုခွဲကာ ကလီစာများကိုထုတ်လိုက်သည်။ ပြီးသွားသည့်အခါ မြေကြီးပေါ်မှသစ်ရွက်များကိုသုံးကာ အရေခွံ၊ ငှက်မွေးနှင့်အခြားကလီစာများကို ထုပ်လိုက်သည်။ ထို့နောက် မြက်စကတ်ကိုချွတ်ပစ်ပြီး ကိုယ်လုံးတီးဖြင့် မိုးရေထဲသို့ ပြေးထွက်သွားတော့သည်။


အပြင်ဘက်တွင် လေထန်ပြီး မိုးရွာနေသည်။ အလွန်အေးနေသော်လည်း ကံကောင်း၍ ရှုရှုက မိစ္ဆာဝိညာဥ်ဖြစ်နေသည့်အတွက် သည်းခံနိုင်လေသည်။


ရှုရှုက မြစ်ကမ်းဘေးသို့အမြန်ပြေးသွားကာ ငှက်ကိုဆေးကြောလိုက်ပြီး ငှက်၏အရေပြား၊ အမွေးနှင့် အခြားအရာများကိုလွှင့်ပစ်လိုက်သည်။ ၎င်းတို့က အနံ့မကောင်းပေ။ ဂူထဲတွင်ထားလျှင် အချို့သားရိုင်းကောင်များကို ဆွဲဆောင်မိနိုင်၍ လွှင့်ပစ်လိုက်ခြင်းက ပိုကောင်းလေသည်။


ညနက်သန်းခေါင်ကြီးတွင် နိုးလာသည့်အခါ အစာအနံ့ရ၍ ရောက်လာသော မြွေကြီးတစ်ကောင် သူ့ဘေးတွင် တွားသွားနေသည်ကို မမြင်ချင်ပေ။


ရှုရှုမှာ မြစ်ရှိရာသို့ အမြန်ပြေးသွားပြီး အမြန်ပြန်လာခဲ့သည်။ သို့တစေ သူ့ခန္ဓာကိုယ်က စိုရွှဲသွားခဲ့သည်။ သူက ဂရုစိုက်မနေပေ။ အက်ဂါကမူ အဝေးမှနေပြီး သားရဲလူသားငယ်လေးက ကိုယ်တုံးလုံးဖြင့် မြစ်ကမ်းဘေးသို့ပြေးသွားကာ ငှက်အားဆေးကြောနေသည်ကို မြင်လိုက်ရသည်မှာ သူ့အား မိုးကြိုးဖြင့် ပစ်ချခံလိုက်ရသလိုပင်။


သားရဲအမြုတေ ပျက်စီးသွားခဲ့ပြီးနောက် သူ မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သားကောင်ကိုဖြတ်တောက်ရသည်မှာ အဆင်မပြေဖြစ်သော်လည်း အဆင့်နိမ့်သားရဲလေး စားရမည်ကိုကြောက်နေမည်စိုး၍ သားကောင်ကို အသေမထားခဲ့ရဲပေ။ ထို့ကြောင့် သူက ငှက်ကိုအရှင်ပို့ပေးလိုက်ရန် ရွေးချယ်ခဲ့သည်။ ငှက်အရှင်ကြောင့် ယခုလိုမြင်ကွင်းမျိုးကိုမြင်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။


အဆင့်နိမ့်သားရဲလူသားလေး၏ ခန္ဓာကိုယ်လေးက ဖြူဖွေးအိစက်နေပြီး တိုနန့်နန့်အမြှီးလေးက ပို၍ပင်ချစ်စရာကောင်းသေးသည်။


အက်ဂါက သူ၏မြွေကိုယ်လုံးကြီးကိုခွေလိုက်ပြီး ပြန်ဆန့်ထုတ်လိုက်သည်။ ၎င်းကိုသာ ကြိမ်ဖန်များစွာလုပ်နေခဲ့ပြီး ခဏအကြာတွင် သူ ထွက်သွား၏။ မကြာခင်မှာပင် ရှုရှု၏ဂူဝကိုပြန်ရောက်လာပြီး သူ့ပါးစပ်ဖြင့်ကိုက်ပြီးချီလာခဲ့သည့် သေးငယ်သည့်လေးထောင့်ဘူးလေးကို ချလိုက်သည်။


သူက တာဝန်ပြီးသည်နှင့် အမြန်ပြန်ထွက်လာခဲ့သည်။ သားရဲလူသားငယ်လေးက သူ့ကိုအလွန်ကြောက်ရွံ့နေရာ ပေါက်စလေး သူ့အားတွေ့သွားမည်ကို မလိုလားပေ။


ရှုရှုကမူ မီးမွှေးရန် ထင်းချောင်းများကို ကြိုးစားပြီးစီနေလေသည်။


တီဗွီပေါ်တွင် လူများက ထင်းဖြင့်မီးမွှေးနေသည်ကိုကြည့်ရသည့်အချိန်တွင် အလွန်လွယ်ကူသလိုထင်ရသည်။ သို့ပေသိ သူကိုယ်တိုင်လုပ်ရသည့်အခါတွင်မူ အချိန်အတန်ကြာအောင် ထင်းချောင်းကိုမီးစွဲအောင်လုပ်နေသော်လည်း မီးမစွဲသေးပေ။


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…


ရှုရှုမှာ စိတ်ထိခိုက်သွားရ၏။ သူ၏မီးမွှေးမည့်ရည်ရွယ်ချက်က မအောင်မြင်ပေ။ ဤနည်းလမ်းက မအောင်မြင်သည့်အတွက် သူ့ခမျာ စိတ်ဓာတ်ကျသွားရသည်။ သူ အချိန်တစ်ခုမျှကြာပြီးနောက် မီးမွှေးနေသည်ကိုရပ်လိုက်ပြီး အပြင်ကိုနောက်တစ်ကြိမ်ကြည့်ရန် ဂူအဝသို့သွားလိုက်သည်။


ဂူအဝတွင် သတ္တုဘူးလေးတစ်ဘူးက ထပ်ရောက်နေပြန်သည်။


ယခင်က ဤသို့သောပစ္စည်းမျိုးမရှိပေ။ တစ်ယောက်ယောက်က ဤသတ္တုဘူးကို ပို့လိုက်ပုံရသည်။ရှုရှုက ဝေ့ကြည့်လိုက်သော်လည်း မည်သူ့ကိုမှ မတွေ့ရပေ။ သူက ချီတုံချတုံဖြစ်နေပြီး နောက်ဆုံးတွင် သတ္တုဘူးလေးကိုကောက်လိုက်သည်။


သတ္တုဘူးလေးပေါ်တွင် ငှက်၏ကိုယ်ပေါ်တွင်ရခဲ့သောအနံ့နှင့်တူသည့် အနံ့မျိုးရှိနေလေသည်။ လူတစ်ယောက်တည်းကသာ ပို့လိုက်ခြင်းမျိုးဖြစ်နိုင်သည်။ 


ဒါပေမဲ့ ဘယ်သူက ငါ့ကို ဒီလိုလက်ဆောင်မျိုးပေးမှာလဲ… ဒီတောအုပ်ထဲမှာ တခြားလူတွေရှိသေးလို့လား…


ထိုပုဂ္ဂိုလ်က သူ့အပေါ်တွင် မကောင်းသည့်ရည်ရွယ်ချက်မျိုးမရှိလောက်ပေ။ မဟုတ်လျှင် ယခုလိုလက်ဆောင်မျိုးပေးနေမည်မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ ငှက်က စားရန်အတွက်ဆိုလျှင် ဤသတ္တုဘူးလေးက မည်သည့်အတွက်ဆိုသည်ကို သူ တွေးနေမိသည်။


ပြီးတော့ ဒီသတ္တုဘူးလေးက လူတွေသုံးလေ့ရှိတဲ့ အသေးစားကိရိယာလေး မလား… ဒီပစ္စည်းနှစ်ခုလုံးကို ပေးတဲ့သူက တကယ်ပဲ ငါ့လိုလူသားလား…


ဒါမှမဟုတ် ငါ့ကိုတွေ့လိုက်တဲ့လူက ငါနဲ့မျိုးနွယ်တူဖြစ်ပြီး ငါ့ကိုသဘောကျနေလို့ လက်ဆောင်တွေပို့နေတာများလား…


ရှုရှုက ပါးချိုင့်လေးနှစ်လုံးပေါ်သည်အထိရယ်လိုက်၏။ ဖန်သားပြင်ထက်တွင် သူ့လို မိစ္ဆာဝိညာဥ်နှင့် တူသောလူအများအပြားရှိရာ ယခု သူ့အား တစ်စုံတစ်ယောက်မှ သဘောကျနေလျှင် မထူးဆန်းချေ။ ယင်းက ရှုရှုတစ်ယောက် အချစ်ခံရသည်ကို ပြသ၍နေသည်။ သူ၏ ယခင်ပိုင်ရှင်ကလည်း သူ့ကိုအလွန်ပင် နှစ်သက်လေသည်။


ရှုရှုက ဘယ်ညာကြည့်လိုက်သော်လည်း မည်သူ့ကိုမှမတွေ့ရပေ။ သူ အလွန်စိတ်ပျက်မိသွားသော်လည်း သတ္တုဘူးလေးကိုမူ ဂူထဲသို့ ပျော်ရွှင်စွာဖြင့် ပြန်ယူလာခဲ့လေသည်။


မီးမွှေးရန်ပြင်ထားသော ထင်းပုံဘေးတွင်ထိုင်ရင်း ရှုရှု လက်ထဲမှသတ္တုဘူးလေးကို စတင်ကလိနေလေ၏။ သူ့ခမျာ မည်သည့်နေရာကို နှိပ်ရမှန်းမသိသော်လည်း လက်ထဲမှသတ္တုဘူးလေးက ရုတ်တရက် မီးထတောက်လာလေသည်။


ရှုရှုက လန့်ပြီးခုန်လိုက်ကာ သတ္တုဘူးလေးကို ခပ်ဝေးဝေးသို့လွှင့်ပစ်လိုက်သည်။ လွှင့်ပစ်ပြီးမှ ၎င်းက မီးခြစ်ဖြစ်နေသည်ကို ရုတ်တရက်သိလိုက်ရလေ၏။


ထိုပုဂ္ဂိုလ်က သူ့တွင် စားစရာမရှိတော့ကြောင်းသိနေ၍ ငှက်တစ်ကောင်လာပေးခဲ့သည်။ သူ မီးမမွှေးတတ်မှန်းသိနေ၍ မီးခြစ်ယူလာပေးသည်။ ထိုသူက အမှန်တကယ်ပင် လူကောင်းတစ်ယောက်ဖြစ်ရမည်။


မီးခြစ်မှမီးက ငြိမ်းသွားခဲ့၏။ ရှုရှုက မီးခြစ်ကိုကောက်ကာ သူ့အရှေ့မှထင်းချောင်းကိုမီးညှိလိုက်ပြီး သူတူးထားသောအပေါက်လေးထဲမှ ထင်းပုံထဲသို့ ပစ်ထည့်လိုက်သည်။


မီးခြစ်က အလွန့်အလွန်အသုံးဝင်လေသည်။ ခဏလောက်မီးညှိလိုက်သည်နှင့် ထင်းချောင်းကို ချက်ချင်းမီးစွဲသွားစေသည်။ ရှုရှုက စိတ်ကျေနပ်သွားပြီး မီးခြစ်ကိုတစ်နေရာတွင်ထားကာ ငှက်ကိုယူလိုက်သည်။


သူက ငှက်၏ဗိုက်ထဲသို့ အခွံခွာထားသောဝက်သစ်ချသီးများကိုထည့်လိုက်သည်။ တစ်ကောင်လုံးကို သစ်ရွက်ဖြင့်အုပ်ကာ အပြင်ဘက်ကို ရွှံဖြင့်အုပ်လိုက်သည်။ ပြီးသည့်နောက် ရွှံ့အုပ်ထားသောငှက်ကို မီးပုံထဲသို့ထည့်လိုက်လေ၏။ သူ ငှက်သူဖုန်းစားကင်ကို စားရတော့မည်။


ငှက်ကိုချက်ရန် ဒယ်အိုးမရှိလျှင် ငှက်ကင်အဖြစ် ကင်လိုက်၍ရ၏။ ငှက်သူဖုန်းစားကင်ကလည်း အရသာရှိသည်ပင်။ ယင်းကို ရွှံ့ဖြင့်ထုပ်ထားရကား တူးသွားမည်တော့မဟုတ်ချေ။ ရှုရှုက မီးစွဲနေသည့်ရွှံ့တုံးကိုကြည့်ပြီး တံတွေးမြိုချလိုက်မိသည်။


အခြားတစ်ဖက်၌ မြွေတစ်ကောင်က ယခုလေးတင် တောဝက်ရိုင်းလေးတစ်ကောင်ကို ဖမ်းမိလာခဲ့သည်။ သူ့ခမျာ တောရိုင်းဝက်ဝံလေးကို ခက်ခက်ခဲခဲ ဖမ်းကိုက်ထားရ၏။


အဆင့်နိမ့်သားရိုင်းလေးအနေဖြင့် သားကောင်တို့အား ကျွမ်းကျင်စွာကိုင်တွယ်နိုင်လျှင်ပင် ထိုသွေးထွက်သံယိုကိစ္စများအား[အမဲဖျက်ခြင်း] မလုပ်သင့်ပေ။ ထို့အပြင် မြွေသားရဲမျိုးနွယ်များတွင် လက်သည်းမရှိသောကြောင့် သားကောင်ကို အမဲဖျက်ရန်မှာ အလွန်ပင် ဒုက္ခများလေသည်။


အက်ဂါမှာ တောဝက်ရိုင်းလေးကို အမဲဖျက်နိုင်ရန် အားအင်အမြောက်အများကို ထုတ်သုံးခဲ့ရသည်။ နောက်ဆုံးတွင် ၎င်းကို မြစ်ကမ်းဘေးတလျှောက်၌ ဆွဲလာနိုင်ခဲ့ပြီး ရေဖြင့်ပက်ကာ ဆေးကြောလိုက်သည်။ ထို့နောက် ရှုရှု၏ဂူဝသို့ တွန့်လိမ်ရင်းရောက်လာလေသည်။



🐹🐹🐹