Chapter 4
Viewers 171

🐹 Chapter 4

အရမ်းကောင်းတဲ့လူတစ်ယောက်ရှိတယ်



ရှုရှုမှာ ငှက်ကို အချိန်ကြာကြာယူပြီး ချက်ပြုတ်ရန်လိုအပ်မည်ကို စိုးရိမ်နေလေသည်။ သူက နှစ်နာရီနီးပါးမျှစောင့်ပြီးနောက် မီးထဲလက်လှမ်းကာ ရွှံ့တုံးကိုဆွဲထုတ်လိုက်သည်။ ထို့နောက် ရွှံများကွာကျသည်အထိ အချိန်အနည်းငယ်မျှထပ်စောင့်လိုက်လေသည်။


ရွှံ့များကွာကျသွားသည့်အခါ စားချင့်စဖွယ်အနံ့လေးကထွက်ပေါ်လာပြီး ဂူထဲ၌ပျံ့နှံ့သွားခဲ့သည်။ ငှက်၏အသားနံ့နှင့် ဝက်သစ်ချသီး၏အချိုနံ့တို့က လူများကို ငှက်တစ်ကောင်လုံးအားစားချင်လာသည်အထိ ဆွဲဆောင်နေလေသည်။ ရှုရှုက သူ့အရှေ့မှငှက်အသားပေါ်တွင်သာ မျက်စိရောက်နေပြီး မျက်ရည်များပင် ကျလာလေသည်။


သူ အသားမစားခဲ့ရသည်မှာ အလွန်ကြာခဲ့ပြီဖြစ်လေ၏။


ယခင်ကဆိုလျှင် သူက လိမ္မာပြီး သူ၏သခင်ဖြစ်သူနှင့် အလွန်ရင်းနှီးခဲ့သည်။ သူက သန့်စင်ခန်းကိုသန့်ရှင်းရေးလုပ်ရသည်မှာ ရွံစရာကောင်းကြောင်း သိသဖြင့် သတ်မှတ်ထားသောဧရိယာကိုသာ သုံးခဲ့သည်။ ထို့ကြောင့် သူ၏သခင်များအားလုံးက ပုံမှန်အားဖြင့် သူ့အပေါ် အလွန်ကောင်းပေးခဲ့ကြသည်။ အစေ့အဆံများအပြင် ပေါ့ပေါ့ပါးပါးချက်ပြုတ်ထားသောအသားများနှင့် ကြက်ဥပြုတ်များကိုလည်း ကျွေးကြသည်။ သို့ရာတွင် ဤနေရာသို့ရောက်လာပြီးသည့်နောက်ပိုင်း သူ့ခမျာ တစ်ခါလေးပင် အသားမစားရတော့ပေ။


ရှုရှုမှာ လျှာကိုအပူလောင်သွားမည်ကိုစိုးရိမ်၍ ငှက်သားကို အေးသွားသည်အထိ ခဏစောင့်ပြီးမှ အပိုင်းသေးသေးလေးကိုဖဲ့ကာ ပါးစပ်ထဲသို့ထည့်လိုက်လေသည်။ စားကြည့်ပြီးနောက် သူ့မျက်လုံးတို့က ခဏတွင်းချင်းအရောင်တောက်လာလေတော့သည်။


တကယ်ကောင်းပြီး အရသာရှိတာပဲ…


ရှုရှုမှာ အနည်းငယ်မျှထပ်မံစားပြီးနောက် ဂူအဝမှ အသံတစ်သံကို ရုတ်တရက်ကြားလိုက်ရလေ၏။


သူက ဂူအဝသို့ နောက်တစ်ကြိမ် ပြေးသွားလိုက်ပြန်သည်။ ထိုနေရာတွင် အရေခွံချွတ်ပြီးသန့်စင်ထားပြီသား တောရိုင်းငယ်လေးတစ်ကောင် ရှိနေသည်ကို တွေ့လိုက်ရလေသည်။ ထို့အပြင် တူညီသောအနံ့တစ်မျိုးကိုလည်း ရလိုက်ပြန်သည်။


အဲဒီ သဘောကောင်းတဲ့လူက အမဲကောင်တစ်ကောင် ထပ်ပေးသွားပြန်ပြီ… အသားတွေလည်းများပြီး အကြီးကြီးပဲ…


တစ်ခုတည်းသော အချက်မှာ တောဝက်ရိုင်းကိုယ်ပေါ်မှ ယောင်ကိုင်းနေသည့် ဒဏ်ရာများနှင့် ကိုက်ရာများအပြင် အူထွက်ကျသည်အထိ ဗိုက်ကိုဖြဲခံထားရ၏။ ထိုကြင်နာတတ်သူက အမဲဖျက်နည်းကို တစ်ကြိမ်လေးပင် မလေ့လာဖူးသည်လားဟု သူ ထင်လိုက်မိသည်။


ရှုရှု အပြင်ကိုလှမ်းကြည့်သည်။ မိုးက ရွာနေဆဲဖြစ်ပြီး ရပ်မည့်ပုံမရှိပေ။ ယခုလိုရာသီဥတုမျိုးတွင် ထိုပုဂ္ဂိုလ်က အမဲကောင်တစ်ကောင်ကို ဖမ်းလာပေးပြီး သူ့ထံသို့ပို့လာသည့်အတွက် သူပိုပြီး စိတ်လှုပ်ရှားသွားခဲ့သည်။ ထိုသူက အရေခွံချွတ်ပြီး သန့်ပင်သန့်စင်ထားပေးသေးသည်။ ဤလူက တကယ်ပင် အကောင်းတကာ့အကောင်းဆုံးလူတစ်ယောက်ပင်ဖြစ်လေသည်။


ရှုရှုမှာ ယခင်က နှစ်များစွာကြာသည်အထိ လူများ၏ ပျိုးထောင်ပေးမှုကို ခံလာခဲ့ရကား အခြားသူများက သူ့အား ပေးလာသမျှကို မှားနေသည်ဟုမထင်ခဲ့ပေ။ ရှည်ရှည်ဝေးဝေးမတွေးနေဘဲ သူက ဝမ်းသာအားရဖြင့် တောဝက်ရိုင်းလေးကို ဂူထဲသို့ဆွဲသွင်းလိုက်လေသည်။ ထို့နောက် သူ စတင်ပြီးစဥ်းစားတော့သည်။


အရသာရှိသောငှက်ကို စားပြီးသည့်နောက် သူ့ဘက်မှ ကျေးဇူးတင်ကြောင်းကို ပြသရပေမည်။ ထိုသို့ပြလိုက်လျှင် နောက်တစ်ခေါက်တွင် သခင်က သူ့ကို ပိုပြီးများများပေးတတ်သည်။ သူ ကျေးဇူးတင်ကြောင်းမပြလိုက်လျှင် သူ့သခင်က သူ မကြိုက်ဟုထင်သွားကာ သူလည်း နောက်တစ်ကြိမ် ထပ်မရတော့ပေ။


ထိုလက်ဆောင်တို့ကို မည်သူက ပို့ပေးလာကြောင်းမသိသော်လည်း သူ့အနေဖြင့် အခြားသူများထံမှ လက်ဆောင်ကို အလကားမယူချင်ပေ။ သူ့ဘက်မှ ကျေးဇူးတင်ကြောင်းပြသရမည်။


ရှုရှုက အလေးအနက်စဥ်းစားပြီးနောက် ဂူထဲသို့ပြန်ပြေးလာပြီး ဝက်သစ်ချသီးတို့နှင့်အတူ ငှက်သူဖုန်းစားကင်ကို တစ်ခြမ်းခွဲလိုက်သည်။ သစ်ရွက်အချို့ကိုသုံးလျက် ၎င်းကိုအသေအချာပတ်လိုက်ကာ မိုးမပက်အောင်ကာထားသော ဂူအဝရှိကျောက်တုံးအနားမှ ချိုင့်ခွက်ကလေးထဲသို့ထည့်ထားလိုက်သည်။


ငှက်ကင်က အတော်လေးကြီးသည်။ သူ့အတွက်မူ တစ်ဝက်မျှစားရရုံဖြင့် ဗိုက်ပြည့်လေ၏။ ကျန်တစ်ဝက်ကို ထိုသဘောကောင်းသောပုဂ္ဂိုလ်ထံ ပေးလိုက်၍ရသည်။


ရှုရှုက ဂူအဝတွင် အချိန်အနည်းငယ်မျှစောင့်နေလိုက်သည်။ သူ့အနေဖြင့် ထိုကြင်နာတတ်သူရောက်လာသည်အထိ စောင့်နေချင်ခဲ့သည်။ သူ အတန်ကြာသည်အထိစောင့်နေခဲ့သော်လည်း ထိုပုဂ္ဂိုလ်က ရောက်မလာပေ။


အဲဒီလူ ထွက်သွားပြီလား… ဒါမှမဟုတ် ငါ့ကိုမတွေ့ချင်လို့လား…


ရှုရှုက နားမလည်တော့ပေ။ သူက ငှက်အသားကို ချန်ထားခဲ့ပြီး ဂူထဲသို့ပြန်သွားလိုက်သည်။


ရှုရှု ဂူထဲသို့ပြန်ဝင်သွားသည်နှင့် မြွေတစ်ကောင်က ခပ်မြန်မြန်ရောက်လာကာ ရှုရှုချပေးခဲ့သော သစ်ရွက်များနှင့်ထုပ်ထားသည့်အထုပ်ကို ယူသွားလေသည်။


အက်ဂါက အနီးအနားမှသူ့ဂူကို ခပ်မြန်မြန်ပြန်လာခဲ့သည်။ သူဒဏ်ရာအပြင်းအထန်ရပြီး ဤနေရာတွင်သောင်တင်နေကတည်းက ချက်ပြုတ်ထားသည်တို့အား မစားရတော့ပေ။ ယခုမူ သူက ငှက်အသားကို အချိန်အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ ဖြည်းဖြည်းချင်းစားလိုက်သည်။


သို့ရာတွင် သူကသားရဲကောင်အဖြစ်သို့ ပြောင်းပြီးဖြစ်ရကား အံ့အားသင့်စရာကောင်းစွာဖြင့် ချက်ပြုတ်ထားသည့်အသားတို့ကို စားရသည်မှာ အတော်လေး ကျင့်သားမရဖြစ်နေခဲ့သည်။


အက်ဂါက ငှက်အသားကို ကုန်အောင်စားလိုက်ပြီး ဂူထဲတွင်ပင် ခွေနေလိုက်သည်။


ရှုရှုက ဂူဝသို့ပြန်လာပြီး ခဏအကြာတွင် သူထားခဲ့သောငှက်သားမရှိတော့သည်ကို တွေ့လိုက်ရသည်။ သူက ဂူထဲသို့ ပျော်ရွှင်စွာပြန်လာပြီး တောဝက်ရိုင်းကို သေချာသန့်ရှင်းလိုက်သည်။


တောဝက်ရိုင်း၏အပြင်ပန်းပုံသဏ္ဌာန်မှာ အကိုက်ခံထားရ၍ အလွန်ကြည့်ရဆိုးသော်လည်း ရှုရှုက ဂရုမစိုက်ပေ။


သူ ယခင်က ဟင်းမချက်ခဲ့ဖူးသလို သူ့တွင် အိုးနှင့်ဒယ်ပြားများလည်း မရှိခဲ့ဖူးပေ။ ထိုသို့ အတွေ့အကြုံမရှိသူအနေဖြင့် တောဝက်ရိုင်းကို မည်သို့သေချာစွာ ကိုင်တွယ်ရမည်အား မသိပေ။


ခဏမျှတွေးပြီး နောက်ဆုံး၌ ရှုရှုက ကျောက်ပြားတစ်ချပ်ယူလိုက်ကာ ကျောက်ပြားကိုခံထားနိုင်ရန် ကျောက်တုံးနှစ်တုံးကို မီးပုံထဲတွင် စိုက်လိုက်သည်။ ထို့နောက် သူ့လက်သည်းလေးများဖြင့် တောဝက်ရိုင်း၏အသားများကို အလွှာလေးများဖြစ်အောင်လွှာကာ အသားလွှာများကို ကျောက်ပြားပေါ်တွင်တင်လိုက်သည်။ ထို့နောက် ကျန်အသားများကိုတံစို့ထိုးကာ မီးပုံ၏အခြားတဖက်တွင်တင်ထားလိုက်သည်။ သူက မီးပုံ၏အပူဓာတ်ကိုသုံးပြီး အသားလွှာများကို အခြောက်ခံရန်[အသားခြောက်လုပ်ရန်] ကြိုးစားနေလေသည်။


ထိုအခိုက်အတန့်လေးတွင် ရှုရှုက ဤသို့သောပစ္စည်းများအားစုဆောင်းပြီး သူ့ဂူလေးကို ကောင်းမွန်စွာထိန်းသိမ်းနိုင်သည့်အတွက် တကယ်ပင်ဝမ်းသာနေလေသည်။ မဟုတ်ပါက အချိန်တိုလေးအတွင်း တောဝက်ရိုင်းငယ်လေး၏အသားများကို အခြောက်ခံနိုင်မည်မဟုတ်ပေ။ အနည်းငယ်မျှကျန်နေသည့် တောဝက်သားများကိုမူ သူက ငှက်သူဖုန်းစားကင်လုပ်ခဲ့သည့်အတိုင်း တောဝက်ရိုင်းသူဖုန်စားကင်လုပ်ရန် စီစဥ်လိုက်သည်။


တောဝက်ရိုင်းသားကို အတုံးကလေးများဖြတ်ကာ ဝက်သစ်ချသီးတို့နှင့်အတူ သစ်ရွက်ထဲတွင် ပတ်ထားလိုက်သည်။ ထို့နောက် ၎င်းကိုရွှံဖြင့်ဖုံးကာ မီးပုံထဲသို့ပစ်ထည့်ပြီး ဖြည်းဖြည်းချင်းကင်ထားလိုက်သည်။ နာရီအနည်းငယ်ကြာသည့်အခါ အထဲမှ အသားကျက်သွားလေသည်။


အသားနှင့်ဟင်းခတ်အမွှေးအကြိုင်များမထည့်ခြင်းကို ဆိုရလျှင် ရှုရှုမှာ အစားအစာများကို အမြဲလိုလိုဆားမပါဘဲစားခဲ့ရသည်သာ။ သဘာဝအရသာက သူ့ကို စိတ်ကျေနပ်မှုအပြည့်ပေးပြီး ဖြစ်နေလေ၏။


ဂူထဲတွင် မီးပုံနှစ်ခုရှိသည်။ ၎င်းတို့၏မူလရည်ရွယ်ချက်မှာ အအေးဓာတ်များသောဂူထဲတွင် အနွေးဓာတ်ရရန်အတွက်သာဖြစ်ပြီး ကင်ရန်အတွက်မဟုတ်ပေ။ ကောက်ရိုးပုံထဲတွင် ရှုရှုတစ်ယောက် အေးချမ်းစွာဖြင့် အိပ်ပျော်သွားခဲ့လေ၏။


ယင်းမှာ သူအသားစားခဲ့ရ၍မဟုတ်ဘဲ တောအုပ်၏ ဤအခြမ်းတွင် သူတစ်ယောက်တည်းမဟုတ်တော့၍ပင် ဖြစ်လေသည်။ ထိုပုဂ္ဂိုလ်က မျက်နှာမပြသော်လည်း သူ့ကို ပစ္စည်းများပို့ပေးနေလိမ့်မည်။


နောက်တစ်နေ့ နေ့လယ်ခင်းတွင် ရှုရှု ဂူဝသို့ထွက်လာသည်နှင့် အရေဆုတ်ပြီးဖြစ်သည့် အပေါက်များစွာဖြင့် အမဲကောင်တစ်ကောင်ကို တွေ့လိုက်ရပြန်သည်။ ထို့နောက် သူက ထိုသဘောကောင်းသောပုဂ္ဂိုလ်အတွက် တမင်ဖယ်ထားခဲ့သော သူချက်ပြုတ်ထားသည့်စားစရာတစ်ဝက်ကို ဂူအဝတွင် ချန်ထားခဲ့လိုက်သည်။


ထိုသဘောကောင်းသောပုဂ္ဂိုလ်က သူ့ကိုမျက်နှာမပြချင်ပေ။ အမှန်တကယ်ပင် သူထွက်သွားသည်နှင့် ဝက်သစ်ချသီးတောဝက်ရိုင်းကင်က အမြန်ပျောက်သွားတော့သည်။ ကံဆိုးသည်မှာ ထိုပုဂ္ဂိုလ်က မည်သည့်ခြေရာလက်ရာမှမချန်ခဲ့သလို မည်သည့်အနံ့အသက်ပြင်းပြင်းကိုမှ မထားခဲ့သောကြောင့် ရှုရှုမှာ လုံးဝရှာမတွေ့နိုင်ဘဲ ဖြစ်နေလေသည်။


လေးရက်ကြာမိုးရွာသွန်းပြီးသည့်နောက် ရာသီဥတုကရုတ်တရက်ကြီး အလွန်အကျွံအေးလာပြန်သည်။ သို့သော်လည်း နောက်ဆုံး၌ ရာသီဥတုက ကြည်လင်သွားပြီဖြစ်ကာ ရှုရှုသည်လည်း အသားခြောက်အများအပြားရလိုက်လေသည်။


အဓိကအားဖြင့် သူလုပ်ထားသောအသားခြောက်များမှာ အသားခြောက်ဟူသောစကားလုံးနှင့် အတိအကျတူလေသည်။ ၎င်းက အလွန်မာပြီး အလွန်ကိုက်ရခက်လေသည်။ သို့သော် ရှုရှုဆိုသည်မှာ သစ်ချောင်းပေါ်တွင် သွားကိုသွေးတတ်သည့် ဟမ်းစတားမိစ္ဆာဝိညာဥ်လေးတစ်ကောင်ပင်။ ယခုလိုအသားခြောက်မျိုးကို မည်သူကမှ မကြိုက်လောက်သော်လည်း သူကမူ အလွန်နှစ်သက်လေသည်။


သူက အသားခြောက်များကို သူ့သိုလှောင်ခန်းလေးထဲတွင် ထည့်သိမ်းထားလိုက်သည်။ သူ၏သိုလှောင်ထားသောရိက္ခာများကို စစ်ဆေးကြည့်ပြီးသည့်အခါ ရှုရှု နောက်တစ်ကြိမ် ဂူထဲမှထွက်ကာ အစာထပ်ရှာရန် ဆုံးဖြတ်လိုက်သည်။


ယခင်ရက်များ၌ ထိုပုဂ္ဂိုလ်မှ နေ့တိုင်း သူ့ကိုအမဲကောင်များပေးခဲ့သော်လည်း သူ့အနေဖြင့် အခြားသူများအပေါ်တွင်သာ မမှီခိုနေသင့်ပေ။


ရှုရှုက သူ့ခန္ဓာကိုယ်ပေါ်ကို မြက်စကတ်ပတ်လိုက်ပြီး ဂူထဲမှထွက်လိုက်သည်။ သူက ဝက်သစ်ချသီးများကို ဆက်လက်စုဆောင်းရန် စီစဥ်ထားလေသည်။


ဝက်သစ်ချသီးများက အလွန်ကြီးပြီး အစိမ်းစားကြည့်လျှင် ချိုမြကာ တမူထူးခြားသောအရသာမျိုး ရှိလေသည်။ အသေအချာချက်ပြုတ်ပြီးစားလျှင်လည်း အရသာရှိသည်။ ထပ်လောင်းပြောရပါက သူ့အတွက်စားရလွယ်သောကြောင့် ဝက်သစ်ချသီးကို အလွန်တရာမှ ကြိုက်နှစ်သက်လေသည်။


ရှုရှုသွားနေကျ ဝက်သစ်ချသီးတောအုပ်ထဲသို့ရောက်လာသည့်အခါ မျောက်အုပ်တစ်အုပ်က ဝက်သစ်ချသီးများကို စားနေကြလေ၏။


ယခင်ရက်များက လေထန်ပြီးမိုးရွာခဲ့လေရာ ဝက်သစ်ချသီးအားလုံးက သစ်ပင်ပေါ်မှ ကြွေကျထားလေသည်။ ရှုရှုက အလွန်ဂရုစိုက်နေ၍သာ ဆူးများဖြင့်ဝက်သစ်ချသီးအခွံပေါ် တက်မနင်းမိခြင်းဖြစ်လေ၏။ ထိုမျောက်များကမူ အမွှေးထူသောကြောင့် တက်နင်းမိမည်ကို ကြောက်စရာမလိုကြပေ။ ၎င်းတို့က ကြမ်းပြင်ပေါ်တွင် လှိမ့်နေလျှင်ပင်အဆင်ပြေလေသည်။


သူ့တွင် အမွေးများရှိနေစဥ်က ဆောင်းရာသီဆိုလျှင် အေးစိမ့်မှုကိုအနည်းငယ်သာခံစားရသည်။ ယခုမူ အမွေးမရှိတော့လေရာ ဆောင်းရာသီကို မည်သို့များကျော်ဖြတ်ရမည်ဟု တွေးနေမိသည်။


မျောက်များက ဝက်သစ်ချသီးများကို ပျော်ပျော်ရွှင်ရွှင်စားနေကြပြီး ရှုရှုကို အာရုံစိုက်နေရန် အချိန်မရှိကြပေ။ ရှုရှုက သူတို့နှင့်မလှမ်းမကမ်းတွင် ဝက်သစ်ချသီးများကို ကောက်နေလေသည်။


မြေကြီးပေါ်သို့ကြွေကျထားပြီးသော ဝက်သစ်ချသီးများ၏အပြင်အခွံက ကွဲနေပြီးဖြစ်၍ ရှုရှုအနေဖြင့် အားမသုံးရဘဲ အလွယ်တကူခွဲနိုင်လေသည်။ ဝက်သစ်ချသီးကိုခွဲပြီးသည်နှင့် သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။ သူ၏အစာအိတ်ထဲတွင် အစာများ ပို၍များလာပြီး သူ့စိတ်အခြေအနေကလည်း ပိုကောင်းလာခဲ့သည်။ မျက်နှာပေါ်တွင် အပြုံးလေးပင်ပေါ်လာလေ၏။


သို့သော်လည်း ထိုအချိန်မှာပင် သူ့ခန္ဓာကိုယ်က ရုတ်ချည်းအေးစက်လာခဲ့သည်။ မသိလိုက်မီမှာပင် ဝက်သစ်ချသီးအမြောက်အများက သူ့ပါးစပ်ထဲမှထွက်ကျလာလေတော့၏။


ရှုရှုက ခေါင်းမော့ကာ အသည်းအသန်အော်လိုက်သည်။ သူခေါင်းမော့လိုက်သည်နှင့် မျောက်တစ်ကောင်က သူ့အထက်ရှိသစ်ကိုင်းအပေါ်တွင် ခုန်ပေါက်နေသည်ကို မြင်လိုက်ရလေ၏။ လွန်ခဲ့သောရက်အနည်းငယ်ကမိုးရွာထားလေရာ မျောက်၏လှုပ်ရှားမှုကြောင့် မိုးရေများသာမက ဝက်သစ်ချသီးများကပါ သူ့အပေါ်သို့ပြုတ်ကျလာလေသည်။ သူ့ခေါင်းမှအစမျက်နှာတစ်ခုလုံးအပေါ် ပြုတ်ကျလာခဲ့ကြသည်။


ဝက်သစ်ချသီးအပြင်ဘက်တွင် ဆူးများရှိနေပြီး ၎င်းတို့က ရှုရှု၏ကိုယ်ပေါ်ကိုစိုက်သွားကြကာ ပြတ်ရှရာအများအပြားကို ရသွားစေခဲ့သည်။ သူ အလွန်အမင်း မနာကျင်သွားသော်လည်း အနှီမျောက်က သူကိုယ်သူဂုဏ်ယူနေသည့်နှယ် သစ်ကိုင်းများအပေါ်တွင် ထပ်မံခုန်ပေါက်နေလေသည်။


ရှုရှုမှာစိတ်ဆိုးလွန်း၍ ဝက်သစ်ချသီးတစ်လုံးကိုကောက်ယူပြီး ထိုမျောက်ကို လှမ်းပစ်လိုက်သည်။ ရလဒ်မှာ ထိုမျောက်က ဝက်သစ်ချသီးကိုဖမ်းပြီး သူ့ထံပြန်ပစ်လိုက်ခြင်းပင်။ ဘေးမှမျောက်ကလည်း တထပ်တည်းလိုက်လုပ်တော့သည်။


ရှုရှုမှာ ဤမျောက်အုပ်စုနှင့်မယှဥ်နိုင်ပေ။ သူသာလျှင် ထိခိုက်မိပြီးဒဏ်ရာရသွားခဲ့သည်။ သူ့ခမျာ ခေါင်းကိုလက်ဖြင့်အုပ်ရင်း အမြန်ထွက်ပြေးလာရလေ၏။ လွတ်မြောက်ရန် အချိန်သိပ်မယူလိုက်ရပေ။


မျောက်များက ထူးဆန်းပြီးပုံမကျသောသတ္တဝါကို နှင်ထုတ်ပြီးနောက် ဝက်သစ်ချသီးများကိုခွာကာ ဆက်လက်စားသောက်နေကြလေ၏။ ရုတ်တရက် သူတို့ဘေးမှ တစ်ခုခုရွေ့လာသည့်အသံကြားရပြီး မြွေကြီးတစ်ကောင်က သူတို့အရှေ့တွင် ပေါ်လာလေသည်။


ဤမြွေက အလွန့်အလွန်ပင်ကြီးမားသည်။ သူ့အမြှီးက ဘေးမှအခွံမာသီးအပင်တစ်ပင်ကို ရစ်ပတ်ကာ ဆွဲနှုတ်လိုက်သည်။ သစ်ပင်က အပြင်းအထန်ယမ်းခါသွားကာ ခုန်ချချင်နေသောမျောက်က အပင်ပေါ်မှတိုက်ရိုက်ပြုတ်ကျသွားလေသည်။ ထို့နောက် မြေကြီးပေါ်သို့ပင်မရောက်သေးမီမှာပင် မြွေအမြှီးက ဆတ်ခနဲရောက်လာပြီး ၎င်းကိုဖမ်းဆွဲလိုက်သည်။


မျောက်အုပ်မှာ ဗြုန်းစားကြီး ဖရိုဖရဲအခြေအနေအောက်သို့ ကျသွားလေသည်။ အချို့မျောက်များက လွတ်ရာပြေးသွားကြသော်လည်း အချို့မျောက်များက ပြေးရာတွင်နှေးကွေးလွန်း၍ မြွေကြီးထံတွင်အမိခံလိုက်ရပြီး ထီပေါက်သွားကြလေသည်။


အက်ဂါက မျောက်အုပ်ကို သင်ခန်းစာပေးပြီး ရိုက်နှက်ကာ မောင်းထုတ်လိုက်သည်။ ထို့နောက် လျှောတိုက်သွားပြီး အဆင့်နိမ့်သားရဲလေး၏အနံ့နောက်မှ လိုက်လာလေသည်။ မကြာမီမှာပင် သားရဲပေါက်လေးက သူ၏လက်သည်းများဖြင့် အချို့အပင်များ၏အမြစ်များအား တူးဆွနေသည်ကိုတွေ့လိုက်ရတော့သည်။


အဆင့်နိမ့်သားရဲလူသားလေးမှာ ထိုမျောက်များထံမှတိုက်ခိုက်ခံလိုက်ရသောကြောင့် သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးစို့နေသော ပြတ်ရှရာများရှိနေလေသည်။ ရေစက်များကြောင့် သူ့ဆံပင်နှင့်မြက်စကတ်ကလည်း ရေစိုနေလေပြီ။ သူ့ပုံစံလေးက အလွန်သနားစရာကောင်းနေသော်လည်း အစာစုလိုက်ရ၍ ကျေနပ်နေဟန်ဖြင့် မျက်နှာပေါ်တွင်အပြုံးတစ်ပွင့်ရှိနေသည်။


အက်ဂါမှာ ချုံပုတ်ထဲတွင် မှောက်လျက်လှဲလိုက်ပြီး သူ့ပုံစံက အလွန်ပင် စိတ်ဓာတ်ကျနေဟန်ရှိလေသည်။


သူ ကလေးအရွယ်ကတည်းက အဆင့်နိမ့်သားရဲလူသားတို့ကို ကာကွယ်ပေးရန် သင်ပြခံထားရသည်။ မြို့တော်ကြယ်မှ အဆင့်နိမ့်သားရဲလူသားများက အလွန်အကျွံ အလိုလိုက်ခံထားကြရသည်။ သားရဲလူသားများထက် အားမနည်းသောသူများတွင်ပင် အလုပ်အကိုင်ရှိကြသည်။ သို့တိုင် သူတို့က ယခုလို အနာခံပြီး ကိုယ့်အစာကိုယ်လိုက်မရှာကြပေ။


ဤသို့သောအပင်များက အလွန်ဆေးဖက်ဝင်ပြီး အဆင့်နိမ့်သားရဲလူသားလေး ကြာကြာမတူးလိုက်ရဘဲ သစ်ဥအတွဲလိုက်ကို ရလိုက်သည်။ အက်ဂါမှာ သားရဲပေါက်လေးက သစ်ဥများအားရလိုက်ပုံကို စူးစမ်းချင်သွားခဲ့သည်။ ထို့နောက် သားရဲပေါက်လေးက သူ၏မြက်စကတ်ကို အေးအေးဆေးဆေးချွတ်ကာ သစ်ဥများကိုထည့်လိုက်ပြီး ဂူထဲသို့ပြန်သွားလေတော့သည်။


အက်ဂါ: "..."


နောက်တစ်ကြိမ် အဆင့်နိမ့်သားရဲလေး၏ဖင်လေးနှစ်လုံးနှစ်လုံးနှင့် ၎င်းအပေါ်မှ အမြှီးတိုလေးကိုတွေ့လိုက်ရပြန်သည်။ မှန်သည် နောက်ဆုံး၌ သူ သားရဲလူသားပေါက်စလေး၏ နူးညံ့ပြီး ပန်းရောင်သန်းနေသော အမြစ်ကလေးကို တွေ့လိုက်ရချေပြီ။

'အဟွတ် အဟွတ်'


ဟမ်းစတားမိစ္ဆာဝိညာဥ်တစ်ယောက်အနေဖြင့် ရှုရှုမှာ သူ့ကိုယ်သူ သေချာပြင်ဆင် ဆင်ယင်သင့်ကြောင်းသိသော်လည်း ယခုလို ကိုယ်တုံးလုံးဖြစ်နေခြင်းနှင့်ပတ်သက်၍ သိပ်အလေးအနက်မထားပေ။ ထို့အပြင် သူ့အနေဖြင့် လွန်ခဲ့သောရာစုနှစ်များကလည်း တစ်ကြိမ်လေးပင် အဝတ်မဝတ်ခဲ့ဖူးပေ။


သူဝတ်ထားသောမြက်စကတ်က အဓိကအားဖြင့် သူ့ကို အအေးဒဏ်အပြင် အရေးကြီးသော အချို့အစိတ်အပိုင်းများကိုလည်း ကာကွယ်ပေးလေသည်။ ယခုမူ မြက်စကတ်က စိုရွှဲသွားပြီဖြစ်ရာ သူ့ကိုနွေးသွားအောင် မလုပ်ပေးနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူ့ဂူထဲသို့ပြန်ရောက်သွားပြီဖြစ်ပြီး မည်သည့်အရာမှ မဝတ်ထားလည်းပြဿနာမရှိပေ။


ရှုရှုက သစ်သီးသစ်ဖုအများအပြားကိုရလိုက်သည်။ ကျောပေါ်မှအထုပ်အပိုးကြီးက အလွန်လေးလံနေပြီး လမ်းလျှောက်တိုင်း တရွတ်ဆွဲနေသည်မှာ ငြင်းစရာမရှိပေ။ လျှောက်လာရင်းမှ သစ်ဥအိတ်ကိုချလိုက်ကာ အနားမှပန်းခိုင်လေးတစ်ခက်ကို ကြည့်လိုက်သည်။


ပြီးခဲ့သည့်လေးရက်တွင် ထိုပုဂ္ဂိုလ်က သူအသားခြောက်လုပ်ရန်အတွက် အမဲကောင်များကိုဖမ်းလာပေးခဲ့သော်လည်း သူ့ဘက်မှ ထိုသူပေးထားခဲ့သော ကုန်ကြမ်းတို့ကိုသုံးကာ ချက်ပြုတ်ထားသည့်စားစရာများကိုသာ ပေးနိုင်ခဲ့သည်။ ရှုရှုတစ်ယောက် သေချာစဥ်းစားပြီးနောက် ထိုလူကို လက်ဆောင်ပေးရန် ဆုံးဖြတ်လိုက်၏။


လူအများစုက ပန်းကြိုက်ကြသည်။ သူ ထိုသူအား လတ်ဆတ်သည့်ပန်းတစ်စည်းမျှ ပေးသင့်ပေသည်။



🐹🐹🐹